Friday, November 28, 2008

အိန္ဒိယအထူးတပ်ဖွဲ့များက တာ့ဂ်ျမဟာဟိုတယ်ကို ၀င်ရောက်စီးနင်း
Posted on Nov 27 08 - 04:22 PM Hits : 292 Save as PDF

မွမ်ဘိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း လက်နက်ကိုင်တိုက်ခိုက်ရေးသမားများက ဓားစာခံများကို ထိန်းသိမ်းထားသည့် ဟိုတယ်နှစ်ခုအနက်မှ တစ်ခုကို အိန္ဒိယအစိုးရက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရှိရသည်။ နိုဝင်ဘာလ (၂၇)ရက်နေ့က တာ့ဂ်ျမဟာ ဟိုတယ်ကြီးအား ၀င်ရောက်စီးနင်းခဲ့ရာ အိန္ဒိယစစ်တပ်မှ အထူးတိုက်ခိုက်ရေး အဖွဲ့များက ဟိုတယ်အတွင်းသို့ ထိုးဖောက်ခဲ့သည်။ ပတ်ဝန်းကျင် အဆောက်အအုံများတွင် Sniperလက်ဖြောင့်တပ်သားများကို အစောင့်ချထားကြောင်းလည်း မျက်မြင်များကဆိုသည်။ အိန္ဒိယအထူးတပ်များက တာ့ဂ်ျမဟာကို စီးနင်းခဲ့ရာတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၄)ဦးသေဆုံးပြီး (၉)ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ရဲဌာနအကြီးအကဲ အန်ရွိုင်က ဟိုတယ်အတွင်းမှ ဓားစာခံများအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီဟု ပြောကြားခဲ့သော်လည်း ကယ်ဆယ်နိုင်ခဲ့သည့် ဓားစာခံ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင် အထူးတပ်ဖွဲ့များ ထိခိုက်မှုရှိ၊ မရှိကိုလည်း မသိရသေးချေ။ မျက်မြင်သက်သေများ၏ အဆိုအရ ဓားစာခံများ ဟိုတယ်အတွင်းမှ ပြေးထွက်လာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အချို့မှာ လက်ကိုင်အိတ်များ သယ်ယူလာကြောင်း၊ ဟိုတယ်အောက်တွင် လူနာတင်ယာဉ်များ အသင့်စောင့်ဆိုင်းနေကြကြောင်း ပြောကြားသွားကြသည်။ အိန္ဒိယအစိုးရက ကျန်ရှိနေသေးသော အိုဘာရီယိုဟိုတယ်အား ပြန်လည်ရရှိရန် စီစဉ်နေကြောင်း ပြောကြားသွားသည်။ ထိုဟိုတယ်ရှိ ဓားစာခံများအတွက် စိုးရိမ်စရာဖြစ်နေကြောင်း အာဏာပိုင်များက ၀န်ခံခဲ့ပြီး မျက်မြင်များ၏ အဆိုအရ ထိုဟိုတယ်တွင် အနည်းဆုံး ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လူဦးရေ (၁၀၁)ဦးထိ သေဆုံးကြောင်းနှင့် (၂၈၇)ဦးမှာ ဆေးရုံတင်ထားရပြီး သေဆုံးသူများအနက် ရဲအရာရှိ (၁၄)ဦး၊ အိန္ဒိယနိုင်ငံသား (၈၁)ဦးနှင့် နိုင်ငံခြားသား (၆)ဦးတို့ ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေသူများအနက် တစ်ဦးမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသွားသည်။ ယခုအကြမ်းဖက်မှုအား ကြိုးကိုင်ခဲ့သည်မှာ အယ်လ်ကေးဒါးနှင့် ဆက်စပ်နေသော မူဂျာဟစ်ဒင်များဖြစ်ကြောင်းလည်း သတင်းရရှိသည်။