Friday, April 30, 2010

ဖတ်ဖူးကြားဖူးသမျှ ဟာသများ

ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။


ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။


စိတ်မှန်နေသောအရူး

အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။
‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’

ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု နှုတ်ဆက်လေသည်။

ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက
‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’


ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’


ကျေးဇူးပါ

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။


နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’


ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’


ကြိုက်ရာလမ်းရွေး

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

ကိုထူး

အထက်ဖော်ပြပါ ဟာသများသည် ကျွန်တော်၏ ကိုယ်ပိုင် အတွေးဖြင့် ရေးထားသည်များ မဟုတ်ဘဲ
ကျွန်တော် ဖတ်ဖူးကြားဖူးသမျှဟာသများထဲမှ ကောင်းနိုးရာရာများကို စုစည်း၍ ပြန်လည်ဝေမျှထားခြင်းသာ ဖြစ်ပါသည်။

အရက်သောက်တတ်သည့် အမျိုးသမီးများ ရင်သားဆိုင်ရာရောဂါ ဖြစ်နိုင်ခြေမြင့်



ဆယ်ကျော်သက် အရွယ်တွင် အရက်သောက်သည့် အလေ့အထ ရှိခဲ့သော အမျိုးသမီးများအနေနှင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် ရင်သား၌ ရောဂါများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာလေ့ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အထူးသဖြင့် အသက်(၂၀)၀န်းကျင်တွင် အရက်သေစာ သောက်စားမှုကို စွဲမြဲပြုလုပ်ခဲ့ပါက ရင်သားကင်ဆာ မဟုတ်သော အခြားရောဂါများ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ ကင်ဆာမဟုတ်သော ရင်သားရောဂါများ (BBD)တွင် ကင်ဆာကြိတ် မဟုတ်သော အကြိတ်အဖုများ ထွက်ပေါ်လာတတ်သည့် Fibroadenoma ကဲ့သို့ အခြေအနေမျိုးလည်း ပါဝင်ကြောင်း ဟားဗက်တက္ကသိုလ် ဆေးကျောင်းမှ ဒေါက်တာကက်သရင်း ဘာကီက ပြောကြားခဲ့သည်။ "ကျွန်မတို့ လေ့လာတွေ့ရှိမှုတွေအရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့ မိန်းကလေးတွေ အသက်ကြီးလာတဲ့အခါ BBDရောဂါတွေ ဖြစ်နိုင်ခြေ တိုးလာတာ လက်တွေ့သိလာရပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာနဲ့ရော ဆက်စပ်မှု ရှိမလားဆိုတာတော့ အချိန်ယူ လေ့လာရဦးမှာပါ"ဟု ဒေါက်တာကက်သရင်းကဆိုသည်။ ယခုစစ်တမ်းအတွက် အမျိုးသမီး (၆၈၉၉)ဦး၏ ငယ်ဘ၀ အလေ့အကျင့်များနှင့် ကျန်းမာရေး ဆက်စပ်မှုကို စနစ်တကျ သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က အရက်အလွန်အကျွံ သောက်ခဲ့ကြောင်း ၀န်ခံခဲ့သော အမျိုးသမီး (၁၄၇)ဦးတို့တွင် ရင်သားဆိုင်ရာ ရောဂါများ ဖြစ်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့ပြီး (၆၇)ဦးမှာ ကင်ဆာကြိတ် ဟုတ်မဟုတ် Biopsy စစ်ဆေးခဲ့ရသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာပက်ထရစ်ရှာဂျန့်ခ်ကလည်း အမျိုးသမီးများအနေနှင့် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးပါက ရင်သားရောဂါများ ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် တစ်ဆခွဲမျှ ပိုမိုမြင့်တက်လာတတ်ကြောင်း သတိပေး ပြောကြားထားသည်။

Source: USA Today

ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာ့စီးပွားရေးဘဏ်များ၏ ဘဏ်စာရင်းလက်ကျန်ငွေကို ၁၀၀၀၀ ကျပ်အဖြစ်သတ်မှတ်ပြီး ကျပ် ၁၀၀၀၀ အောက်ကို အတိုးမပေးတော့ကြောင်း သိရ

၂၀၁၀ပြည့်နှစ် ဧပြီလ (၁)ရက် မှစ၍ မြန်မာ့စီးပွားရေးဘဏ်များရှိ ဘဏ်စာရင်းလက်ကျန်ငွေကို ကျပ် ၁၀၀၀၀အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ မူလက ဘဏ်စာရင်းလက်ကျန်ငွေကိုကျပ် ၁၀၀၀ ဟုသာ သတ်မှတ်ထားရာမှ ၂၀၁၀ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀၀ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက်မရှိသေးပါဘူး။ အရင်က သတ်မှတ်ထားတဲ့အတိုင်း ဘဏ်စာရင်းလက်ကျန်ငွေကို အနည်းဆုံး ရာဂဏန်းဖြစ်စေ၊ ဒါမှမဟုတ်ကျပ် ၁၀၀၀ ထားရှိရင်ရပါတယ်"ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ်ပြုလုပ်ရာတွင်လည်း တစ်ဦးတည်းငွေစာရင်းတစ်ခုနှင့် တွဲဖက်ငွေစာရင်း တစ်ခု၊ စုစုပေါင်းငွေစာရင်းနှစ်ခုသာ ပြုလုပ်ခွင့်ရှိပြီး ငွေစာရင်းနှစ်ခုထက် ပိုမိုအပ်နှံထားသောငွေစာရင်းများအား အတိုးငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရှိရသည်။ ထို့ပြင် ဘဏ်စာရင်းစာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေ ထုတ်ပြုလုပ်ခြင်းမရှိပါက ၂၀၀၉/၂၀၁၀ ဘဏ္ဍာရေးနှစ်မှစ၍ စာရင်းသေအပ်ငွေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေစုဘဏ်စာရင်းတွင် လက်ကျန်ငွေ ကျပ်ငွေတစ်သောင်းအောက်ကို ၂၀၁၀၊ ဧပြီလ ၁ ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စုံစမ်းသိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံးကျန်ငွေကိုလည်း ဧပြီ လ ၁ ရက်နေ့မှစ၍ အနည်းဆုံး ကျန်ငွေတစ်သောင်းထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်း ထုတ်ပြန် ချက်များအရ သိရှိရသည်။

"ငွေစုဘဏ်စာရင်းမှာ အနည်းဆုံးကျန်ငွေကို ကျပ်တစ်သောင်းထား ရှိဖို့ ၂၀၁၀၊ဧပြီလ ၁ ရက်နေ့ကစပြီး သတ်မှတ်လိုက်ပါတယ်၊ အဲဒီ့ လက်ကျန်ငွေကျပ်တစ်သောင်းအောက်ကိုလည်း အတိုးလုံးဝမပေးတော့ပါဘူး၊ ကျပ်တစ်သောင်းအောက် စာရင်းများကိုလည်း မတ်လ ၃၁ ရက်နေ့ကစပြီး စာရင်းသေစာရင်းကို ထည့်သွင်းသွားမှာဖြစ်ပါတယ်"ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ဦးလျှင် တစ်ဦးချင်းစာရင်းတစ်ခုနှင့်တွဲဖက်စာရင်းတစ်ခုသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ်စာရင်းဦးရေထက် ပိုမိုသည့်စာရင်းများအား ဧပြီလ ၁ ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း သိရသည်။

ကြေးမုံသတင်းစာ အယ်ဒီတာချုပ်(ငြိမ်း)ဆရာသာဂဒိုး ကွယ်လွန်


ကြေးမုံသတင်းစာအယ်ဒီတာ ချုပ်ဦးတင်စိုး(ခ)ဆရာသာဂဒိုးသည် ၂၄-၄-၂၀၁၀ နေ့က ကွယ်လွန် သွားခဲ့ကြောင်း သိရှိရသည်။


ကွယ်လွန်ချိန်တွင် ဆရာသာ ဂဒိုးမှာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး သားသမီးသုံးယောက်၊ မြေးခြောက် ယောက်နှင့် မြစ်နှစ်ယောက် ကျန်ရစ်ခဲ့ကြောင်းသိရှိရသည်။ သတင်းစာ ဆရာဖြစ်သော ဆရာသာဂဒိုးမှာ သတင်းဆရာဘ၀မှ အနားယူပြီး နောက်ပိုင်းတွင် စာအုပ်များစွာကို ရေးသားခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် မော်ကွန်းဝင်(ဒုတိယဆင့်)ကို ချီးမြှင့် ခံခဲ့ရသူလည်းဖြစ်သည်။


ဆရာသာဂဒိုး၏ ဈာ ပနကို ဧပြီ လ ၂၆ ရက်နေ့ (တနင်္လာ)နေ့တွင် ရေဝေး သုသာန်၌ကျင်းပမည်ဖြစ် သည်ဟု သိရသည်။

Gizmodo နည်းပညာဝက်ဘ်ဆိုက်၏ အယ်ဒီတာနေအိမ် ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖေ


ယခုလလယ်က Apple၏ မိုဘိုင်းလ်ဖုန်း မျိုးဆက်သစ် iPhone 4G Prototypeအား ဖော်ပြခဲ့သော Gizmodo နည်းပညာဝက်ဘ်ဆိုက် အယ်ဒီတာနေအိမ်အား ရဲများက ၀င်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သိရသည်။ အယ်ဒီတာ ဂျေဆန်ချန်းသည် ဧပြီလ (၂၆)ရက်နေ့က နေအိမ်သို့ ညစာစားပွဲ တစ်ခုမှ ပြန်လာစဉ် အိမ်ရှေ့တံခါးကို ဖျက်ဆီးကာ ရဲများက အိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက်တွင်တော့ ရဲများသည် ကွန်ပျူတာ(၄)လုံး၊ Serverနှစ်လုံးနှင့် Appleထုတ် Tabletကွန်ပျူတာ iPad(၁)လုံးတို့ကို သိမ်းဆည်းသွားသည်။

Gawkerမီဒီယာမှ ပိုင်ဆိုင်သော Gizmodoသည် ဘီယာဘားတစ်ခုအတွင်း Apple၏ အင်ဂျင်နီယာတစ်ဦး ကျန်ခဲ့သည့် တရားဝင် ထုတ်လုပ်ရောင်းချခြင်း မရှိသေးသော မျိုးဆက်သစ် iPhoneအား ကောက်ရသူ တစ်ဦးထံမှ ဒေါ်လာ(၅၀၀၀)ပေး ၀ယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင်တော့ ယင်းဖုန်းကို Appleထံ ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။ Apple၏ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ အသက်(၂၇)နှစ်ရှိ ဂရေးပိုဝဲလ်က ဖုန်းသည် ၎င်း၏ဖုန်းဖြစ်ကြောင်း ၀န်ခံအတည်ပြုခဲ့သည်။ ယင်းဖုန်းမှာ ကျပျောက်ခြင်း (သို့မဟုတ်) အခိုးခံရခြင်းကိုမူ အတည်မပြုနိုင်သေးပေ။ လူကြိုက်များလှသော iPhone၏ အမှန်တကယ် မရောင်းချသေးသော သတင်းကို Gizmodoက ဖော်ပြလိုက်ပြီးနောက် (၁၂)နာရီအတွင်း လူဦးရေ (၃)သန်းက ၀င်ရောက်ကြည့်ရှုခဲ့ကြသည်။ Gizmodoသည် iPhone 4G၏ စွမ်းဆောင်ရည်များနှင့် ဓာတ်ပုံများကို အသေးစိတ် တိကျစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ Apple၏ iPhoneပရောဂျက်ကို တာဝန်ယူရသည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သော ပိုဝဲလ်ကိုယ်တိုင်က ၎င်း၏ဖုန်းသည် အထားမှားကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၀န်ခံထားသည့်တိုင် ကယ်လီဖိုးနီးယား ဥပဒေအရ ပျောက်ဆုံးသွားသော ပစ္စည်းအား ငွေကြေးဖြင့် ၀ယ်ယူခြင်းအား ခွင့်မပြုပေ။ ထို့အပြင် ဖုန်းအားကောက်ရသည်ဟုဆိုကာ Gizmodoထံ ဒေါ်လာ(၅၀၀၀)ဖြင့် ရောင်းစားခဲ့သူကိုလည်း ရဲတပ်ဖွဲ့က သိရှိထားသော်လည်း ယင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

Source: DailyMail

 အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ လေဖြတ်ခြင်းအပါအ၀င် ရုတ်တရက် အသက်သေဆုံးမှုများ ရှိလာ


လက်ရှိအချိန်တွင် လူအများသည်ပူပြင်းသော ရာသီဥတုနှင့်ကြုံတွေ့နေရပြီး အပူဒဏ်၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ် သည့် ရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိနေကြောင်း အများပြည်သူများထံမှ စုံစမ်းသိရှိ ရပါသည်။



ရာသီဥတုပူပြင်းလာသည့် အချိန် တွင် ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးစေနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေး ခြောက်ပြီးကိုယ်အပူချိန် အလွန် အကျွံမြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ မိတ်ကဲ့သို့ ယားနာများနှင့် အပူဖုများ ထွက်ရှိခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။



''အပူချိန်မြင့်တဲ့အတွက် ချွေး ထွက်များတယ်၊ ရေငတ်တယ်။ ရေ သောက်ပေမယ့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတာ ရေချည်းမဟုတ်ဘဲ ဓာတ်ဆားတွေပါတဲ့အတွက် ရေသောက်ပေမယ့် ဓာတ်ဆားဆုံးရှုံးမှုများလာရင် လူကနုံးချည့်လာတယ်၊ မူးဝေလာတယ်၊ ကြွက်တက်ချင်လာတယ်။ ဒါ့ပြင် ဦးနှောက်မှာရှိတဲ့ ကိုယ်တွင်းကိုယ်ပအပူချိန် ထိန်းပေးတဲ့ အစိတ်အပိုင်းကလည်း အတိုးအလျော့လုပ်ပြီး ထိန်းညှိပေးနေရလွန်းတာကြောင့် ကြာတော့အစွမ်းအစနည်းလာတယ်။ အဲဒီအချိန် တစ်ကိုယ်လုံးခြစ်ခြစ် တောက်ပူပြီး သတိလစ်တယ်၊ လူမှန်းသူမှန်းမသိလောက်အောင် မေ့မျောတတ်တယ်၊အသက်ဆုံးရှုံးတတ်တယ်။ တချို့ကအပူရှပ်ပြီး လေသင်တုန်း ဖြတ်တယ်၊ တချို့ကျတော့ အပူချိန်မြင့်တဲ့အချိန် အရက်သောက်တဲ့ အတွက် ဦးနှောက်သွေးကြောပြတ်ပြီး သေတာမျိုးရှိပါတယ်'' ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြခဲ့ပါသည်။



''ရာသီဥတုက အရမ်းပူလာတယ်။ ရန်ကုန်မှာ ၄၀-၄၁ ဒီဂရီ စင်တီဂရိတ်လောက် ပူပြင်းနေသလို နယ်ဘက်တွေမှာလည်း ၄၃-၄၄ ဒီ ဂရီစင်တီဂရိတ်ဝန်းကျင်လောက် ပူနေတယ်လို့ သိရတယ်။ ရာသီဥတုပူလာတာနဲ့ အမျလူတွေက အပူဒဏ်ကနေ သက်သာချင်တဲ့အတွက် လုပ်မိ လုပ်ရာလုပ်တတ်ကြတယ်။ ဒီလိုလုပ် ရင်းကနေရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်တာမျိုးကြုံရ တာအဖြစ်များလာတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါတို့လို ရောဂါအခံရှိသူတွေဆို အပူဒဏ်ကိုပြင်းပြင်းထန်ထန်ကိုခံစား နေကြရတယ်''ဟု အိမ်ထောင်ရှင် တစ်ဦးက ပြောကြားပါသည်။


အပူဒဏ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတဲ့အတွက် အခုလိုပူပြင်းတဲ့ နွေအခါမှာ သတိပြုသွားဖို့ လိုပါတယ်။ အခုလိုအပူရှိန်ပြင်းတဲ့ အချိန် အလုပ်သမားတွေအနေနဲ့ အမိုးအကာမဲ့နေရာမှာ အလုပ်ချိန်ပြည့် တောက် လျောက် အလုပ်မလုပ်သင့်ပါဘူး။ အပူဒဏ်နဲ့ နာရီဝက်ဝန်းကျင် ထိတွေ့ပြီးတိုင်း အပူဒဏ်နဲ့ဝေးရာ အရိပ်ရတဲ့နေရာမှာ ၁၀မိနစ်ဝန်းကျင် အနားယူဖို့ လိုတယ် . . .



ယခုအချိန်တွင် အပူရှိန်ကို လူ တိုင်းနီးပါးခံစားရလျက်ရှိပြီး အမိုး အကာမဲ့နေရာတွင် အလုပ်လုပ်ရသူ များ၊လယ်ယာနှင့် ဥယျာဉ်ခြံမြေလုပ်သားများ၊လမ်းလုပ်သားများ၊ဆောက် လုပ်ရေးလုပ်သားများ၊ အုတ်ဖုတ်၊ သံ၊ သတ္တုကျိုလုပ်သားများ၊ ဘွိုင် လာအိုး၊ ပေါင်းအိုး၊ ပေါင်းဖိုအစရှိ သည့်တို့နှင့် အလုပ်လုပ်နေရသည့် လုပ်သားများ၊ စားဖိုဆောင်၊ မီးဖို ဆောင်လုပ်သားများစသည်တို့မှာ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသကဲ့ သို့ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများကိုအများဆုံးတွေ့ ကြုံနေသူများဖြစ်ကြောင်းသိရသည်။



''အပူဒဏ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်ရတဲ့အတွက် အခုလို ပူပြင်းတဲ့နွေအခါမှာ သတိပြုသွား ဖို့ လိုပါတယ်။ အခုလိုအပူရှိန်ပြင်းတဲ့အချိန် အလုပ်သမားတွေအနေနဲ့ အမိုးအကာမဲ့နေရာမှာ အလုပ်ချိန် ပြည့်တောက်လျောက်အလုပ်မလုပ် သင့်ပါဘူး။ အပူဒဏ်နဲ့ နာရီဝက်ဝန်းကျင် ထိတွေ့ပြီးတိုင်း အပူဒဏ်နဲ့ ဝေးရာ အရိပ်ရတဲ့နေရာမှာ ၁၀မိနစ်ဝန်း ကျင်အနားယူဖို့ လိုတယ်။ အချိုရည်၊ ဓာတ်ဆားရည်၊ ဆားနည်းနည်းခပ် ထားတဲ့ရေးနွေးကြမ်းတို့လို အရည်မျိုး သောက်သုံးသင့်ပါတယ်။ အရမ်းပူ တဲ့နေရာကနေ အပူချိန်ကွာဟချက် များတဲ့နေရာကို ရုတ်တရက်မ၀င် ရောက်သင့်ပါဘူး။ အပူချိန်မြင့်နေတဲ့ အချိန်မှာ ရေလုံးဝမချိုးသင့်ဘူး၊ ဘွိုင် လာအိုး၊ ပေါင်းအိုးတို့လိုနေရာ မျိုးနားကထွက်လာရင် လေအေးပေးစက်တပ်ထားတဲ့နေရာမျိုးကို တန်းဝင်သွားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါမှခန္ဓာကိုယ်ရဲ့အပူထိန်းအစိတ်အပိုင်း က အပြင်မှာဖြစ်နေတဲ့ အပူချိန်နဲ့ ကိုယ်တွင်းအပူချိန်ကွာဟချက်ကျဉ်း မြောင်းအောင်ထိန်းညှိပေးနိုင်မှာဖြစ် ပြီးအပူရှပ်တာနဲ့ လေဖြတ်တဲ့အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်''ဟု လုပ်ငန်းခွင်ကျန်း မာရေးပညာရှင်တစ်ဦးကပြောကြား ခဲ့ပါသည်။



လူတွင် ကိုယ်တွင်းအပူချိန် ၉၈ ဒသမ ၄ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ရှိနေ စေရန်ကိုယ်တွင်းအပူချိန်ထိန်းသိမ်း မှုအစိတ်အပိုင်းကထိန်းညှိပေးထား ပြီး ပြင်ပအပူချိန်ကိုခံနိုင်ရန် အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးနိုင်သော်လည်း အပူချိန်မြင့်မားလွန်းပါ ကစွမ်းဆောင်နိုင်စွမ်းနိမ့်ကျတတ် ကြောင်း၊ ထို့ကြောင့် အပူချိန်မြင့်မားချိန်တွင် ရေချိုးခြင်းမှရှောင်ကြဉ်ရန်၊ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမပြုလုပ်ရန်၊ အရက်သေ စာသောက်စားခြင်းမပြုရန်၊ နေ့ခင်းဘက် အပြင်ထွက်လျင်အမိုးအကာ ရစေသည့် ထီး၊ ဦးထုပ်များအသုံး ပြုရန်၊ အပူဒဏ်သက်သာစေသည့် အဖြူရောင်အပါအ၀င် အရောင် ဖျော့သည့် အ၀တ်အစားများ ၀တ်ဆင်ရန်၊ ချည်ထည်များ ပိုမိုဝတ်ဆင်ရန်၊ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန်မြင့်ပါက ရေအေးဖတ်တိုက်ရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့်နာတာရှည် ဝေဒနာရှင်များ အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသော နေရာများတွင် နားနေရန်၊ မိတ်ဖု၊ ယားနာများထွက် ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်း ပြုလုပ်ရန်စသည့် သတိပေးကြေညာချက်ကို သက်ဆိုင်ရာမှလည်း အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

iPhone 4Gအား Appleမှ အင်ဂျင်နီယာတစ်ဦး မေ့ကျန်ရစ်ခဲ့

Appleကုမ္ပဏီ၏ အင်ဂျင်နီယာ တစ်ဦးက မေ့ကျန်ခဲ့သည်ဟု ယူဆရသော မျိုးဆက်သစ် iPhone 4G Prototypeအား ဘီယာဘားတစ်ခုတွင် တွေ့ရှိခဲ့ရကြောင်း နည်းပညာဝက်ဘ်ဆိုက် Gizmodoက ဧပြီလ၂၀ရက်နေ့တွင် ဖော်ပြလိုက်သည်။ ယင်းiPhone 4Gအား အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ရက်ဝုဒ်စီးတီးမှ ဂျာမန်ဘီယာဆိုင် တစ်ခုတွင် တွေ့ရှိရခြင်းဖြစ်သည်။ Appleမှ အင်ဂျင်နီယာဖြစ်သူ ဂရေးပါဝဲလ်ဆိုသူမှာ ကုမ္ပဏီက တရားဝင် ကြေညာခြင်းပင် မရှိသေးသည့် iPhone 4Gအား ၎င်း၏ အသက်၂၇နှစ်ပြည့်မွေးနေ့ပွဲအဖြစ် ဘီယာဘားတွင် စားသောက်ပြီးနောက် မတော်တဆ မေ့ကျန်ခဲ့ခြင်း ဖြစ်နိုင်ပြီး ယင်း၏အနီး ဘီယာသောက်နေသူက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းက အနီးဝန်းကျင်ရှိ လူများအား ပိုင်ရှင်စုံစမ်းခဲ့သော်လည်း မည်သူကမျှ မသိသဖြင့် ဖုန်းအားစစ်ဆေးကြည့်ရမှာ Appleက ရောင်းချခြင်း မရှိသေးသည့် Verisonသစ် ဖုန်းတစ်လုံးမှန်း သိရှိသွားခြင်းဖြစ်သည်။

iPhone၏ စတုတ္ထမျိုးဆက် ဖြစ်လာမည့် ယင်းဖုန်းအား ကောက်ရသူထံမှ ဒေါ်လာ(၅၀၀၀)ဖြင့် ၀ယ်ယူပြီးနောက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်အခါ Gizmodoက ယင်းဖုန်းသည် iPhone 4Gဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖုန်းပိုင်ရှင်အား ပြန်ပေးလိုကြောင်း ကြေညာခဲ့သည်။


ထိုနေ့တွင်ပင် ပိုင်ရှင်ဖြစ်သူက ဆက်သွယ်လာပြီး ကျေနပ်လောက်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် iPhoneအား ပြန်လည်လက်လွှဲပေးလိုက်ကြောင်း Gizmodoက ရေးသားဖော်ပြထားသည်။ Appleမှလည်း ထိုကိစ္စနှင့် ပတ်သက်၍ Gizmodoသို့ ဆက်သွယ်အကြောင်းကြားသည့်စာ ပေးပို့ခဲ့သည်။
အဆိုပါ iPhoneသည် လက်ရှိသုံးစွဲနေသော iPhoneများနှင့် ပုံသဏ္ဍန်ချင်း ဆင်တူသော်လည်း ထောင့်စွန်းများတွင် ပိုချွန်အောင် ဒီဇိုင်းထွင်ထားပြီး ပါးလည်းပိုပါးကြောင်း သိရသည်။


ထို့အပြင် Volumeနှင့် Powerခလုတ်များမှာ ဒီဇိုင်းဟောင်းနှင့် ကွာခြားပြီး ဖုန်းအနောက်ပိုင်းကို ကြွေထည်ဖြင့် အလှဆင်ထားပြီး ကိုင်တွယ်အသုံးပြုရန် ပိုမိုကောင်းမွန်အောင် ဖန်တီးထားကြောင်း Gizmodoကဆိုသည်။ Appleသည် နည်းပညာပိုင်းနှင့် ပတ်သက်ပြီး အလွန်သိုသိပ် ထိန်းသိမ်းလေ့ရှိပြီး ယင်း၏ ထုတ်ကုန်သစ်များနှင့် ပတ်သက်ပြီး တရားဝင် မကြေညာမီ အလွန်လျှို့ဝှက်လေ့ရှိကြောင်း နာမည်ကြီးသည့် ကုမ္ပဏီလည်းဖြစ်သည်။

Source: XinhuaNet
planet မှကူးယူဖေါ်ပြသည်။

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ နှလုံးသား သန့်သန့် အလိုရှိသည်။


ကမ္ဘာ့တောင်ဝင်ရိုးစွန်း Antarctica အန္တာတိက တိုက်ဟာ စတုရန်း ကီလိုမီတာ ၁၄ သန်း ကျယ်ဝန်းပါတယ်။ အန္တာတိကတိုက်ကြီးရဲ့ ၉၈ ရာခိုင်နှုန်းကို ရေခဲတွေ ဖုံးလွှမ်းနေပါတယ်။ အန္တာတိက တိုက်ကြီးဆီကို နှစ်စဉ် ကမ္ဘာ့နိုင်ငံပေါင်း ၂၇နိုင်ငံက သိပ္ပံပညာရှင်တွေ သုတေသန လုပ်ဖို့ရောက်လာကြပါတယ်။ ခုလို နိုင်ငံစုံက သိပ္ပံပညာရှင်များ၊ စုဝေး ရောက်လာ သုတေသနပြုကြတာ အန္တာတိကတိုက်သာ ရှိပါတယ်။ ရောက်လာတဲ့ ပညာရှင်တွေက စုံပါပေ့။ ဇီဝဗေဒပညာရှင်တွေ၊ နက္ခတ္တ ဗေဒပညာရှင်တွေ၊ ရူပဗေဒပညာရှင်တွေ၊ ဘူမိဗေဒပညာရှင်တွေ...စုံလို့။ အန္တာတိကတိုက်ကြီးဟာ သိပ္ပံပညာရှင်တွေအဖို့ အမြဲတမ်းစိတ်လှုပ်ရှား စရာ ရှာဖွေ တွေ့ရှိတတ်တဲ့ သဘာဝ ဓာတ်ခွဲခန်းကြီးပါပဲ။
မကြာလှသေးမီကပဲ အန္တာတိက တိုက်ကြီးမှာ သေးငယ်တဲ့ သက်ရှိ အုပ်စုတစ်စုကို ရေခဲပြင်အောက်မှာ သိပ္ပံပညာရှင်တွေ တွေ့ခဲ့ကြပါတယ်။ ဒီသက်ရှိကလေးတွေဟာ ရေခဲပြင်အောက်မှာ နှစ်သန်းပေါင်းများစွာ အသက်ရှင်နေကြတာတဲ့။ သူတို့ အသက်ရှင်နေတဲ့ ရေခဲပြင်အောက်က ရေဟာ ဆားပျော်ဝင်နေလို့ ငန်တူးနေပြီး သံဓာတ်အပါအဝင် သတ္တု ဓာတ်အမျိုးမျိုးလဲ ပျော်ဝင်နေတာပါ။ ဘက်တီးရီးယားတွေက သူတို့ရှင်သန် နေဖို့ ရေထဲပျော်ဝင်နေတဲ့ သတ္တု ဓာတ်တွေကို အသုံးချနေကြတာ Taylor Glacier ခေါ်တဲ့ ရေခဲပြင်ကြီး အောက်ရှိဧရိယာကို အရောက်သွားပြီး သုတေသနလုပ်ဖို့ အဖွဲ့ကို Jill Mikucki ဆိုတဲ့ ပညာရှင်က ခေါင်းဆောင်ခဲ့ပါတယ်။
''ဒီလို ရုပ်ပတ်ဝန်းကျင်မျိုးတွေ နဲ့ ဒီလောက်တောင်အေးပြီး စွမ်းအား စနစ် နိမ့်ကျလှတဲ့နေရာမှာ အသက် ရှင်နေတဲ့ မျက်စိရိုးရိုးနဲ့မမြင်နိုင်အောင် သေးငယ်တဲ့ပိုးမွှား - Microbes ကလေးတွေဆီမှာ ကျွန်တော်တို့ လေ့ လာစရာတွေရှိနေပါတယ်'' လို့ သု တေသနအဖွဲ့ခေါင်းဆောင် Jill Mikucki က ပြောတဲ့စကား။
Taylor Glacier နဲ့ မနီးမဝေးမှာ တော့အမေရိကန် အာကာသ အေဂျင်စီက ရေခဲကန် Lake Bonney မှာ ရေအောက်စက်ရုပ်ယာဉ်သုံးကာ စမ်းသပ်မှုတွေ လုပ်ကြပါတယ်။ ရေခဲပြင် အောက်ရေထဲသွား စက်ရုပ်ယာဉ်နဲ့မှ မဟုတ်ရင် ကျယ်ပြောလှတဲ့ ဧရိယာကြီးမှာ လူကိုယ်တိုင် သွားလေ့လာ စူးစမ်းဖို့ မဖြစ်နိုင်ဘူးလေ။ ခုတော့ စက်ရုပ်ယာဉ်ကြောင့် ရေခဲပြင်ကြီးအောက် ရေဧရိယာ အကျယ်ပြောကြီးကို လေ့လာစူးစမ်း သိမြင်ရတာပါ။ ဒီစက်ရုပ် ယာဉ်အမျိုးအစား ဖော်ဆောင်နိုင်မှုဟာ အနာဂတ်အာကာသ စူးစမ်းရေးအဖို့ အသုံးဝင်မှာပါ။ ဒီစက်ရုပ်ယာဉ်ဟာ တစ်နေ့သောအခါမှာတော့ ကြာသပတေးဂြိုဟ်ရဲ့ အရန်လဖြစ်တဲ့ Europa ပေါ်ရှိ ရေခဲသမုဒ္ဒရာကို လေ့လာစူးစမ်းရာမှာ အခွင့်သာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေ မျှော်လင့်ထား ကြပါတယ်။
လေ့လာစူးစမ်းရမယ့် အကြောင်း အရာတွေထဲမှာ အရေးကြီးဆုံးတစ်ခုက အန္တာတိကတိုက်ရဲ့ ရာသီဥတု ပြောင်းလဲမှုပါပဲ။ အန္တာတိကပေါ်က ပါးလွှာတဲ့ အိုဇုန်းလွှာက အန္တာတိကရဲ့ ရာသီဥတုပြောင်းလဲမှုကို တခြားဒေသတွေထက် ပိုမြန်စေတယ် လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ အန္တာတိကရဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အဲဒီဒေသမှာ နှစ် ၅ဝ အတွင်း အပူချိန် Celsius ဒီဂရီ နှစ်၊ သုံး ဒီဂရီတိုးလာတယ်လို့ သိပ္ပံ ပညာရှင်တွေ ခန့်မှန်းကြပါတယ်လို့ ပြင်သစ်နိုင်ငံ ဝင်ရိုးစွန်းလေ့လာရေး အဖွဲ့ French PolarInstitue ဒုတိယ ညွှန်ကြားရေးမှူး Yves Frenat က ဆိုပါတယ်။ ဒါဟာဖြင့် အတိတ် ကာလက ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် အပူချိန်အကြီးအကျယ် တိုးလာတာလို့ လဲ သူကပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုရဲ့ လက္ခဏာတွေက နှင်းသာကျရမယ့်အခါ မှာ မိုးပိုရွာတာ၊ အပင်တွေရဲ့ဖြစ်စဉ် ရှင်သန်မှုအသစ်တွေနဲ့ ရေခဲတွေ အရည်ပျော်တာတွေပါပဲ။ ရာသီဥတု ပြောင်းလို့ ရေခဲတွေ အရည်ပျော်တဲ့ အကျိုးဆက်က ကမ္ဘာတစ်ဝန်း ပင်လယ်ကမ်းရိုးတန်း ဒေသတွေကို ထိခိုက်တာပါ။ အန္တာတိကက ရေခဲတွေ ဒီလိုသာ ဆက်ပြီးအရည်ပျော်နေရင် ပင်လယ်ရေမျက်နှာပြင် ဘယ်လောက်မြင့်တက်လာမယ် ဆိုတာကတော့ သိပ္ပံပညာရှင်တွေ သဘော ကွဲလွဲနေကြပါတယ်။
အင်္ဂလန်နိုင်ငံ Bristol Glaciology Center ရေခဲမြစ်ဗေဒအဖွဲ့က Jonathan Bember ခေါင်းဆောင်တဲ့ သုတေသနအဖွဲ့ တွေ့ရှိချက်တွေကို ၂ဝဝ၈ ခုနှစ် မေလထုတ် Science Magazine မှာ ရေးခဲ့ပါတယ်။ သူတို့ အဖွဲ့က ပင်လယ်ရေမျက်နှာပြင်၊ သုံးမီတာ မြင့်တက်လာမယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ တခြားလေ့ လာသူတွေကတော့ သုံးမီတာထက် နည်းမယ်ခန့်မှန်းပါတယ်။ သိပ္ပံ ပညာရှင်အများစုသဘောတူတာက တော့ ဥတုဝိပလ္လာသဟာ ကမ္ဘာတစ် ဝန်းက အစိုးရတွေ ပြည်သူတွေ အထူး အလေးအနက် သတိထားရ လောက်အောင် ဆိုးရွားတဲ့ ပြဿနာ ဖြစ်တယ်ဆိုတာပါပဲ။
ကမ္ဘာ့အကြီးဆုံး ဓာတ်ခွဲခန်းကြီး အန္တာတိကတိုက်ကို ဘယ်သူ စတင်တွေ့ခဲ့တယ်ဆိုတာ တရားဝင် သဘောတူ သတ်မှတ်ထားတာ မရှိပါဘူး။ ရှေးရှေးကာလတုန်းကတည်းက၊ ဂရိနက္ခတ်ဗေဒပညာသည် Ptolemy အပါအဝင် စဉ်းစားတွေး ခေါ်သူတွေက ကမ္ဘာ့တောင်ဝင်ရိုးစွန်းမှာ ကျယ်ပြောတဲ့ တိုက်ကြီးရှိတယ်လို့ ယုံကြည်ခဲ့ကြသတဲ့။ သူတို့ အတွေးစိတ်ကူးထဲက သိရခက်ခဲ နက်နဲရာအရပ်ကို Terra Australis Gneognita မသိရတဲ့ တောင်ပိုင်း ကုန်းမြေလို့ နာမည်ပေး ခဲ့ကြတယ်။
၁၇၇ဝ ပြည့်နှစ်တစ်ဝိုက်မှာ အင်္ဂလိပ်လူမျိုး စွန့်စားရှာဖွေသူ James Cook က မတွေ့ရသေးတဲ့ ဒီတိုက်ကြီးကို ရှာဖွေခဲ့သေးတယ်။ သူက စိတ်ကူးပုံရိပ်အရ ဒီထက်အပုံကြီး ကြီးတဲ့ တိုက်ကြီးကိုရှာနေတာ။ သူ့ရဲ့ တတိယအခေါက် ရေကြောင်းခရီး မှာတော့ သူနဲ့ သူ့အဖွဲ့ အန္တာတိကကို လှည့်ပတ်သွားခဲ့တယ်။ သူ့ရွက် လှေကြီးတွေက အန္တာတိတ်စက်ဝိုင်း ကို သုံးနေရာ ဖြတ်သန်းသွားခဲ့တယ်။ အကြောင်းမဟန်ချင်လေတော့ ကုန်းမြေကို သူမတွေ့ခဲ့ဘူး။ အဲဒီကာလက ဝေးသီခေါင်လှတဲ့ ကမ္ဘာ့တောင် ဖျားကို ဘယ်သူမှ သွားခဲ့ကြတာ မဟုတ်ပါဘူး။

၁၈၂ဝ ပြည့်တစ်ဝိုက်မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် သီးခြားသွားကြတဲ့ ရွက်လှေကြီး သုံးစင်းက အန္တာတိကကို တွေ့ခဲ့ကြတယ်။ တစ်ဖွဲ့က အမေရိကန်အဖွဲ့။ အဲဒီအဖွဲ့ကို ခေါင်းဆောင်သူက Nathaniel Palmer တဲ့။ ကပ္ပတိန် Fabian Bellingshausen က ရုရှားအဖွဲ့ကို ခေါင်းဆောင်ပြီး သွားတွေ့ခဲ့တယ်။ ဗြိတိသျှ ရွက်လှေကြီး ကို ကပ္ပတိန် Edward Bransfield ခေါင်းဆောင်တယ်။ အဲဒါ အန္တာတိကကို အပြိုင်ရှာဖွေတွေ့ခဲ့တဲ့ နိုင်ငံ သုံးနိုင်ငံပါပဲ။
ဒီနေ့ရှိတဲ့ အန္တာတိက မြေပုံကို ကြည့်လိုက်ရင် အန္တာတိကကို ရှေးဦးမဆွ တွေ့ရှိခဲ့ကြသူတွေရဲ့ သဲလွန်စတွေ တွေ့ရပါလိမ့်မယ်။ ၁၈၃၉ ခုနှစ်မှာ အမေရိကန် ရေကြောင်းအရာရှိ Charles Wilkes ခေါင်းဆောင်တဲ့ အမေရိကန် ရေကြောင်း အဖွဲ့က အန္တာတိက တိုက်ဆီ လေ့လာရေး ခရီးသွားခဲ့တယ်။ Charles Wilkes က အန္တာတိကရဲ့ ပင်လယ်ကမ်းရိုးတန်းကီလိုမီတာ ၂ဝဝဝ ကျော်ကို မြေပုံထုတ်ခဲ့တယ်။ ဒီနေ့ အန္တာတိက မြေပုံမှာ Wilkes Land လို့ နာမည် ပေးထားတဲ့နေရာဟာ သူရောက်ရှိ မြေပုံထုတ်ခဲ့တဲ့ နေရာ ပေါ့။
၁၈၄၁ ခုနှစ်မှာတော့ ဗြိတိသျှ ရေကြောင်းအရာရှိ James Rose ရှာဖွေတွေ့ရှိ မြေပုံထုတ်ခဲ့တဲ့နေရာကို ခုအခါ Ross Sea Ross Ice Shelf လို့ ခေါ်ပါတယ်။ အန္တာတိကကို ၂ဝ ရာစုမှာ သွားရောက်ရှာဖွေလေ့လာ စူး စမ်းခဲ့သူတွေက Ernest Shackleton Roald Amundsen နဲ့ Richard Evelyn Byrd တို့ပါပဲ။
တိုက်ကြီးတစ်ခုလုံးရဲ့ ၉၈ ရာခိုင်နှုန်း ရေခဲဖုံးနေတဲ့ အန္တာတိက တိုက်ကြီးကို သတ်မှတ်ပိုင်းခြား ပြဋ္ဌာန်းဖို့ နိုင်ငံလေးဆယ် ပါဝင် လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်တစ်စောင် ပြုလုပ်ခဲ့ကြပါတယ်။ အန္တာတိကဒေသကို အန္တာတိက သဘောတူညီချက်များ ပေါင်းစု ပြဋ္ဌာန်းပေးတဲ့ Antarctic Treaty System အန္တာတိက စာချုပ်စနစ်နဲ့ အုပ်ထိန်းပါတယ်။ ဒီသဘောတူစာ ချုပ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ၁၉၅၉ ခုနှစ်မှာ လက်မှတ်ရေးထိုး ကြပြီး နောက်နှစ်နှစ်အကြာ ၁၉၆၁ ခုနှစ်မှာ စာချုပ်အသက်ဝင် အကျိုး သက်ရောက်မှု စတင်ပါတယ်။
အဓိကသဘောတူစာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြတဲ့ နိုင်ငံတွေထဲက ခုနစ်နိုင်ငံတို့က အန္တာတိက နယ်မြေပိုင်းခြားမှု ကြေညာတာကို အမေရိကန်ပြည်ထောင်စုက ဒီကြေညာချက်ကို အသိအမှတ်မပြုပါဘူး။ ကြေညာချက်ထုတ်တဲ့ နိုင်ငံတွေကတော့ အာဂျင်တီးနား၊ သြစတြေးလျ၊ ချီလီ၊ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေနဲ့ ဗြိတိန်နိုင်ငံတို့ပါပဲ။ လက်မှတ်ရေးထိုးရာ ပါဝင်တဲ့ကျန် ငါးနိုင်ငံက ဘယ်လ်ဂျီယံ၊ ဂျပန်၊ တောင်အာဖရိက၊ ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့ ဖြစ်ကြပါတယ်။
အန္တာတိက နယ်မြေကြေညာတဲ့ အဓိက ရည်မှန်းချက်က အန္တာတိကမှာ သိပ္ပံဆိုင်ရာ သုတေသနတွေ လုပ်ရာ ပံ့ပိုးဖို့နဲ့ သတင်းတွေ ဖလှယ်ဖို့ပါ။ အန္တာတိက သဘောတူစာချုပ်မှာ အန္တာတိက တိုက်ကြီးကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက်သာ အသုံးပြုဖို့နဲ့ နိုင်ငံတကာ အငြင်းပွား ပဋိပက္ခတွေ ဖြစ်ပွားရာက ကင်းလွတ်စေဖို့ အာမခံထားပါတယ်။ ဒီစာချုပ်က ညူကလီးယား ဖောက်ခွဲစမ်း သပ်မှုတွေ၊ ညူကလီးယားဘေးထွက် စွန့်ပစ္စည်းတွေနဲ့ လက်နက်စမ်းသပ် မှုလို၊ ဘယ်လို စစ်ရေး လှုပ်ရှား ဆောင်ရွက်မှုကိုမဆို တားမြစ်ထားပါတယ်။ အန္တာတိကတိုက်ကြီးမှာ နိုင်ငံ တစ်နိုင်ငံက နယ်မြေဆိုင်ရာ အပိုင် ကြေညာတာ၊ နယ်မြေအငြင်း ပွားတာတွေကို စာချုပ်က အသိ အမှတ်မပြုဘူးလို့ ဆိုထားပါတယ်။
၁၉၅၉ခုနှစ်မှာတော့ မူလစာချုပ် တုန်းက မပါဝင်ခဲ့တဲ့နိုင်ငံ ၃၅ နိုင်ငံက ပူးပေါင်းပါဝင် လက်မှတ်ရေး ထိုးလာကြပါတယ်။

စာချုပ်မှာ ပူးပေါင်းပါဝင်လက်မှတ် ရေးထိုးကြတဲ့ နိုင်ငံတွေထဲမှာ တချို့က မဲဆန္ဒပေးပိုင်ခွင့်ရှိပြီး တချို့က မဲဆန္ဒ ပေးပိုင်ခွင့် မရှိပါဘူး။
သိပ္ပံပညာရဲ့ အကျိုးကို အန္တာတိကကို ခွဲဝေပေးဖို့ပါပဲ။ ပတ်ဝန်း ကျင်အမျိုးမျိုးမှာ အတူပူးတွဲလုပ် ကိုင်တာဟာ အချိန်နဲ့ ငွေကုန်သက် သာစေတယ်ဆိုတာ သုတေသန သမားတွေ တွေ့မြင်လာကြပါတယ်။ National Antarctic Program အမေရိကန်အမျိုးသား အန္တာတိက အစီအစဉ်မှာ ပါဝင်လုပ်ကိုင်နေတဲ့ Antoine Guichard က ဒီအချက်ကို သဘောတူပါတယ်တဲ့။
ဒါကို သုတေသနလုပ်ငန်း အပြန်အလှန် ရိုင်းပင်းကူညီမှု မလုပ်ကြရင် ကုန်ကျစရိတ်ကြီးလှတာ၊ ကိုယ်ချည်းလဲ စီမံနိုင်တာမဟုတ်ဘူးလို့ Antoine Guichard ပြောတာပါ။ သူကပဲ ဆက်ပြောပါသေးတယ်။ ''အခုအခါ အန္တာတိက သိပ္ပံစူးစမ်းမှုဟာ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံစူးစမ်းမှုဖြစ် နေတဲ့အပြင် ကမ္ဘာကြီး ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့ နားလည်မှုရဲ့ အစိတ်အပိုင်းလဲ ဖြစ်ပါတယ်။ ဒါဟာ လဲ လူတိုင်းပါဝင်လုပ်ဆောင်ဖို့ သေရေး ရှင်ရေးတမျှ အရေးပါလာနေပါပြီ''
အန္တာတိက သဘောတူစာ ချုပ်မှာ Antarctic Treaty Consulative Meetings အန္တာတိက စာချုပ်အကြံ ပြုရေး အစည်းအဝေးများကို နိုင်ငံတွေ အတူကျင်းပရေး ခေါ်ယူဖို့ ဖော်ပြထားပါတယ်။ ဒီလို အစည်းအဝေးတွေကို နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ ရှိပါတယ်။ ခုမှာတော့ တစ်နှစ်တစ် ကြိမ်ပြောင်းလဲ ကျင်းပနေပါပြီ။ ၂ဝဝ၈ ခုနှစ် ဧပြီလမှာ အမေရိကန် နိုင်ငံ၊ မေရီလန်းပြည်နယ်၊ Baltimore မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို သံတမန်တွေ၊ သိပ္ပံပညာရှင်တွေ၊ နိုင်ငံ ပေါင်း ၄၇ နိုင်ငံက အန္တာတိက အစီအစဉ်ကြီးကြပ်သူတွေ၊ အားလုံး စုစုပေါင်း တက်ရောက်သူ ၄ဝဝ တို့လဲ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါတယ်။ ဒီအစည်းအဝေးကြီးမှာ ပတ်ဝန်းကျင်ကာကွယ်ရေး၊ သိပ္ပံစူးစမ်းမှု အထောက်အပံ့ပေးရေးနဲ့ အန္တာတိက ဒေသကို ခရီးသွားလာမှု ထိန်းချုပ်ရေးတွေ ဆွေးနွေးခဲ့ကြပါ တယ်။
အန္တာတိကတိုက်ကြီးဟာ စွန့်စားခရီး သွားလာသူတွေအကြိုက် နေရာတစ်ခုဖြစ်လာတာကြောင့် အန္တာတိက စာချုပ်အကြံပြု အစည်းအဝေးကြီးမှာ အန္တာတိကဒေသ ခရီးသွားလာရေးဟာ အရေးကြီးတဲ့အကြောင်း အရာတစ်ရပ် ဖြစ်လာပါတယ်။ ၂ဝဝ၈ ခုနှစ်မှာတုန်းက ခရီးသည် ၄၅ဝဝဝ တို့ဟာ အန္တာတိကတိုက်ဆီ ခရီးသွားခဲ့ကြပါတယ်။ ဒါဟာ ၁၅နှစ်အတွင်း ခရီးသွားဦးရေ ဆယ်ဆတိုး များလာတာတဲ့။ ခရီးသည်တင် သင်္ဘောကြီးတွေဟာ ရံဖန်ရံခါ မတော်တဆ ချွတ်ချော်တာကြောင့် ရေနံ၊ ဓာတ်ဆီစတဲ့ စက်မောင်းဆီ ယိုဖိတ်တတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက အန္တာတိက ရေပြင်ထဲက အစားအစာနဲ့ ဆက်နွယ်မှုရဲ့ အရေးပါတဲ့ အပြောင်းအလဲ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ ပင်လယ်ရေနေ သတ္တဝါတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်။
အန္တာတိက စာချုပ်ဝင်နိုင်ငံတွေက ခရီးသည် ၅ဝဝ ထက်ပိုတင်ဆောင်တဲ့ သင်္ဘောတွေ အန္တာတိက ကို မလာရ တားမြစ်စည်းမျဉ်း ပြဋ္ဌာန်းဖို့ သဘောတူခဲ့ကြပါတယ်။ သင်္ဘောပေါ်ပါ ခရီးသည်တွေကိုလဲ တစ်ကြိမ်ကို လူ ၁ဝဝ ထက်ပိုပြီး ကုန်းပေါ်တင်မပေးရလို့လဲ သတ်မှတ်ကန့်သတ်ပါတယ်။ ခရီးသည်တင် သင်္ဘောကြီးတွေပါလာတဲ့ သက်ကယ်လှေတွေနဲ့ ပတ်သက်လို့လဲ စည်းမျဉ်းက တင်ကြိုတားဆီး မိန့်ထုတ်ထားပါတယ်။ နို့ပေမယ့်လဲ ခရီးသွားတွေက မဆိုင်သလို လုပ်နေကြပါတယ်။
တိုးများသထက် တိုးများလာတဲ့ သိပ္ပံသုတေသန စခန်းတွေကလဲ ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ သိပ္ပံသုတေသနစခန်း ၆ဝ ရှိနေပါပြီ။
''ခင်ဗျားမြင်နေရတဲ့ အဆောက် အအုံတွေရဲ့ ထက်ဝက်ဟာ လွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကမှ ရောက် လာတာတွေပါ'' Chilean Antarctic Institue ချီလီအမျိုးသား အန္တာတိက အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Jose Retanales က ပြောပါတယ်။ သူဆက်ပြောတာက-
''တရုတ် အဆောက်အအုံ၊ ကိုရီးယား အဆောက်အအုံတွေဟာ အသစ်ဝင်လာတာတွေလေ။ အန္တာတိကမှာ သိပ္ပံစခန်းတွေ သိပ်များများကြီး မလိုဘူးလို့ ကျွန်တော်ထင်တယ်ဗျာ''
သုတေသန စခန်းတွေက ပတ်ဝန်းကျင် ကာကွယ်ရေး ခြေလှမ်း စလှမ်းနေပါပြီ။ ပမာဆိုရရင် သုံးပြီး ပစ္စည်းတွေ အန္တာတိကမှာ မစွန့်ပစ်ဘဲ ပြန်သုံးတာနဲ့ အဆောက်အအုံ အပူပေးတာမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတနည်းလမ်း ပိုရှာကြံတာတွေမျိုးပေါ့။ လူ့အပြုအမူနဲ့ တစ်စုံတစ်ယောက်ကြောင့် လေထုညစ်ညမ်း ထိခိုက်တာတွေ၊ ကမ္ဘာ့အရေးကြီး ရတနာ အန္တာတိကတိုက်ကြီးမှာ ဖြစ် ရတာ သိပ္ပံပညာရှင်တွေ သိတာ ပိုကောင်းပါတယ်။
အိုဇုန်းလွှာပေါက်ရာက ကမ္ဘာကြီး ကိုယ်ပူလာတာမို့ အန္တာတိက ရေခဲပြင် ရေခဲမြစ်တွေ အရည်ပျော်ပြီး ကမ္ဘာ့ရာသီဥတုက ဝိပ္ပလ္လာသ ဖြစ်ရတယ်။ အကျိုးဆက်က ကမ္ဘာကြီး ပြင်းထန်တဲ့ ဒဏ်ရာအနာတရနဲ့ မကျန်းမမာဖြစ်လာတာ စိုးရိမ်စရာ ဖြစ်လာပါပြီ။ မကျန်းမာတဲ့ ဂြိုဟ်ပြာ ကြီးကို ကုသဖေးမပေးဖို့ အရေးတ ကြီး လုပ်ကြရပါတော့မယ်။ သိပ္ပံပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ အစည်းတွေ၊ တတ်သိစေတနာရှင်တွေက ကျိုက်လတ်ဦးပြုံးချိုရေးတဲ့ ဇာတိအာဏာ သီချင်းထဲက ကမ္ဘာပျက်မှာ ကြိုတင်နှိုးဆော်သတိပေးကြတဲ့ အနီဝတ် နတ်သားတွေလို သတိပေးသံချောင်းခေါက်နေကြပါ ပြီ။ ငမောင်ထိတ်လန့်တကြား ထရံ ပေါက်အနားသွားတော့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အတွက်ကိုပင် ဟေဂင်မှာကျင်းပမယ့် ညီလာခံနဲ့ ပတ်သက်တဲ့ အသံတွေ ကြားနေရပါတယ်။
ကိုယ်ကျိုးစီးပွား အဓိကထားပြီး ကမ္ဘာကြီးကို ကာကွယ်ရေး လက်နှေးနေကြတာ ကြားရပါတယ်။ လက်နှေးလို့သာနှေးရော့။ သူတို့မှာ တာဝန်အရှိဆုံး။ နော့-ကမ္ဘာကြီး ဘေးထိုးရင်ကျပ်ဖြစ်စေတဲ့ ကာဘွန်ဓာတ်ငွေ့တွေ ထုတ်လွှတ်တာ ခုလက်နှေးသူတွေသာ အများဆုံးလေ။ ပြည်ဖုံးကားမှ မဖွင့်ရသေးဘူး၊ ကိုပင် ဟေဂင်အတွက် ငြင်းသံက ဆူနှင့် ပြီ။ ဘဒ္ဒကမ္ဘာ ဒီဂြိုဟ်ပြာကိုချစ်တဲ့ ငမောင်ဝမ်းနည်းမိပါတယ်။ အောင်ပင်လယ်လူမှုဝန်းကျင် မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်ရဲ့ ဗျူးတစ်ခုမှာ ဖြေတဲ့စကားပြန်ကြား မိလာပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဖို့ရာ မေတ္တာ စေတနာပြည့်ဝတဲ့ နှလုံးသား လှလှလိုတာပေါ့။ ငမောင်လည်ချောင်းထဲက အော်လိုက်ချင်တာက-
အနာဂတ်မှာ လုပ်ကြဦးမယ့် ကိုပင်ဟေဂင်လို ထိပ်သီးဖိုရမ်ကြီးတွေမှာ မေတ္တာစေတနာ ပြည့်ဝတဲ့ နှလုံးသားလှလှတွေ သယ်ဆောင်လာခဲ့ ကြပါခင်ဗျား။ ဒီနေ့ ကမ္ဘာကြီးအတွက် သံတမန် စကားလုံးလှလှတွေထက် နှလုံးသားလှလှတွေ လိုအပ်နေပါတယ် ခင်ဗျား။
ဝန်ခံစကား။ ။ Dana Demange ရဲ့ A Scicentific Laboratory Like No Other in the World ကို အခြေခံပါတယ်။
ထူးရွှေမောင်(အလင်းသစ်

ဘရာဇီးနိုင်ငံမှ ထူးထူးဆန်းဆန်း သွေးတိုးရောဂါ ကာကွယ်ရေးနည်းလမ်း


ကျန်းမာရေးနှင့် ညီညွတ်ရန်အတွက် ထူးထူးဆန်းဆန်း ကုထုံးတစ်ခုအား ဘရာဇီးလ် အာဏာပိုင်များက တရားဝင် ကြေညာခဲ့သည်။ ကျန်းမာရေး ၀န်ကြီးဌာနက သွေးတိုးမှုကို တားဆီးရန် ဘရာဇီးလ် နိုင်ငံသားများအား အကြိမ်များများ လိင်မှုကိစ္စ မှီဝဲရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီး ဂျို့စ်တမ်ပိုရာအိုက အသက်အရွယ် ကြီးရင့်လာသော လူအများစုသည် သွေးတိုးမှုကို ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ခြင်းဖြင့် လျှော့ချနိုင်ကြောင်း၊ လိင်မှုမှီဝဲခြင်းသည် နှလုံးသွေးကြောများကို လှုံ့ဆော်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုအတွက် အလေ့အကျင့်လည်း ဖြစ်စေကြောင်း၊ ထို့ကြောင့်လည်း သွေးတိုးခြင်းကို တားဆီးရာရောက်ကြောင်း ကြေညာခဲ့သည်။ လိင်မှုကိစ္စအပြင် ကခုန်ခြင်းသည်လည်း ဆီးချိုကို တားဆီးရန် သင့်တော်ပြီး ပုံမှန်သွေးဖိအား တိုင်းတာခြင်း၊ ကျန်းမာရေးနှင့် သင့်တော်စွာ စားသောက်ခြင်းတို့ကိုလည်း ပြုလုပ်သင့်ကြောင်း ၀န်ကြီးက အကြံပြုခဲ့သည်။ ဧပြီလ (၂၆)ရက်နေ့က ဘရာဇီးလ်မြို့တော်၊ ဘရာဆီးလီးယားတွင် ပြုလုပ်သည့် အမျိုးသားအဆင့် သွေးတိုးရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ၀န်ကြီးက ယခုအကြံပြုချက်များအား ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။ ဘရာဇီးလ် ကျန်းမာရေး ၀န်ကြီးဌာန၏ အဆိုအရ (၂၀၀၉)ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသား အားလုံး၏ (၂၄.၄)ရာခိုင်နှုန်းသည် သွေးတိုးနှင့် ဆက်စပ်သော ရောဂါများ ခံစားနေရကြောင်း သိရသည်။ (၂၀၀၆)ခုနှစ် စာရင်းတွင်မူ နိုင်ငံသား စုစုပေါင်း၏ (၂၁.၅)ရာခိုင်နှုန်းသာ ယင်းအခြေအနေ ရှိခဲ့ရာ သိသိသာသာ တိုးပွားလာခြင်းဟု ၀န်ကြီးတမ်ပိုရာအိုက ထောက်ပြသွားသည်။

Source: Yahoo

Thursday, April 29, 2010

 အိန္ဒိယက ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ကို ပြင်ဆင်လိုက်သောကြောင့် ဆင်းရဲသူသန်း ၁၀၀ ခန့်ထပ်တိုးလာ

အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှုအဆင့်အတန်းသတ်မှတ်ချက်ကို ပြင်ဆင်လိုက်ရာ အိန္ဒိယတွင် ဆင်းရဲ မွဲတေသူ သန်း ၁၀၀ ကျော်ထပ်မံ တိုးလာခဲ့ကြောင်း သိရသည်။
အိန္ဒိယအမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့က လူဦးရေ၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေနေကြောင်း သတ်မှတ်ထားမှုကို ၃၇ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်များကို တိုးချဲ့နိုင်ရေးအတွက် တိုးတက်မှုတစ်ရပ် ဖြစ်ခဲ့သည်။တစ်နေ့တာလိုအပ်သော အာဟာရကို ၀ယ်ယူနိုင်စွမ်းကို တွက်ချက်မှုအရ အိန္ဒိယလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ရောက်နေပြီး အစိုးရက အစားအစာထောက်ပံ့ပေး မှုကို တိုးချဲ့သွားမည်ဖြစ်သည်။ ယခင်ခန့်မှန်းမှုအရ အိန္ဒိယလူဦးရေ ၁ ဒသမ ၁၅ ဘီလျံအနက် ၂၇၅ သန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသူများဖြစ်သည်။

ယခုပြင်ဆင်တွက်ချက်မှုအရ အိန္ဒိယ ၃၇၂ သန်းခန့်သည် ဆင်းရဲမွဲတေသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အစိုးရ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။ အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည့် မိသားစုများကို တစ်လလျင် ဂျုံနှင့်ဆန် ၂၅ ကီလိုဂရမ်ထောက်ပံ့ပေးမည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေးအတွက် ၀န်ကြီးချုပ်မန်မိုဟန်ဆင်းန်၏ အစိုးရက ကြိုးပမ်းနေသည်။ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်တွင် နေထိုင်နေရသူများ သည် အစားအစာတစ်ကီလိုဂရမ်အတွက် ၇ ဆင့်ခန့်နှုန်းဖြင့် ပေးချေရမည်ဖြစ်သည်။ မကြာသေးမီလများက စားသောက်ကုန်ဈေးနှုန်းများ ၁၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အတွင်း တိုးတက်ခဲ့ပြီး ဆင်းရဲသော အိန္ဒိယနိုင်ငံသားများအတွက် ပိုမို ကျပ်တည်းစေခဲ့သည်။
weeklyeleven

 အတိုက်အခံများ သပိတ်မှောက်ထားသည့် ဆူဒန်ရွေးကောက်ပွဲတွင် နိုင်ငံကို ၂၁ နှစ်ကြာ ဦးဆောင်ခဲ့သည့် ဆူဒန်သမ္မတပင် မျော်လင့်ထားသည့်အတိုင်း အနိုင်ရ


အဓိကအတိုက်အခံများ သပိတ်မှောက်ထားသည့် ဆူဒန်သမ္မတ ရွေးကောက်ပွဲတွင် နိုင်ငံကို ၂၁ နှစ်ကြာ ဦးဆောင်ခဲ့သူ လက်ရှိသမ္မတအိုမာ အယ်လ်ဘာရှားက မျော်လင့်ထားကြသည့်အတိုင်း အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။


အာဖရိကတိုက်၏ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို အဆုံးသတ်စေခဲ့သော တောင်ပိုင်းသူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အလေးထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘာရှားကပြောကြား ခဲ့သည်။ ၂၄ နှစ်အတွင်း ပထမ ဆုံးအကြိမ်ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲနှင့် အထွေထွေရွေး ကောက်ပွဲများမှာ အတိုက်အခံတို့က သပိတ်မှောက်ခဲ့ခြင်း၊ ဥရောပ လေ့လာစောင့်ကြည့်သူများက မဲလိမ်လည်မှုများနှင့်ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့ကြခြင်းတို့ကြောင့် ရွေးကောက်ပွဲ၏ တရားမျတမှုမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်။ ဘာရှား သည် မဲအားလုံး၏ ၆၈ ရာခိုင်နှုန်း (မဲ ၆၉၀၁၆၉၄) မျ ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဘဲလ်အလီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။


ဆူဒန်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာအစိုးရသမ္မတ ရွေးကောက်ပွဲတွင် ယခင်သူပုန်အဖွဲ့ ဖြစ်ခဲ့သည့် ဆူဒန်ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု(SPLM)၏ ခေါင်းဆောင်ဆာဘာကီယားက တောင်ပိုင်းမဲအားလုံး၏ ၉၂ ဒသမ ၉ ရာခိုင်နှုန်း(၂၆၁၆၆၁၃)မျရရှိခဲ့ သည်။ မြောက်ပိုင်းဆူဒန်နှင့် ခွဲထွက် ရေးကို ဦးဆောင်လှုပ်ရှားခဲ့သူ သူပုန် တပ်မှူးဟောင်းကီယားသည် နိုင်ငံ လုံးဆိုင်ရာသမ္မတရွေးကောက်ပွဲတွင် မူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ လာမည့်နှစ်ဇန်န၀ါရီတွင် ပြုလုပ်မည့် ခွဲထွက်ရေးပြည်သူ့ဆန္ဒခံယူပွဲမှ တစ်ဆင့်တောင်ပိုင်း လွတ်လပ်ရေးရရှိရန်ကိုသာ ဦးတည်မဲဆွယ်ခဲ့ခြင်းဖြစ်သည်။


ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဘာရှားက ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ဘာရှား၏အဓိက ပြိုင်ဘက်နှစ်ဦးဖြစ်သည့် ဆူဒန်၏ နောက်ဆုံးသော ဒီမိုကရေစီနည်းကျရွေးကောက် တင်မြှောက်ခံထားရသူ ၀န်ကြီးချုပ် ဟောင်းဆာဒစ်အယ်လ်မာဒီနှင့် SPLMမှ ကိုယ်စားလှယ်ရာ ဆာအာမန်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်က ဘာရှား ၏ အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရသည့် အာမန်က ''အမျိုးသားရွေး ကောက်ပွဲကော်မရှင်က ဆူဒန်ပြည် သူ ၁၆ သန်းမဲပေးဖို့ မှတ်ပုံတင်တယ်လို့ ပြောပါတယ်။ ဘာရှားက မဲ ၆ သန်းရတယ်။ ဒီ ၆ သန်းဟာ လည်း အငြင်းပွားစရာပါ။ ဒါကကျန် ၁၀ သန်းသော ဆူဒန်ပြည်သူတွေ ဟာ ဘာရှားကို မလိုလားကြဘူးလို့ ဆိုလိုတာပါပဲ''ဟု ဝေဖန်ခဲ့သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံးမှ အလိုရှိနေသောဘာရှားသည် ရွေးကောက်ပွဲအနိုင်ရမှုဖြင့် အခြေအနေကို ပြောင်းလဲစေရန် မျော်လင့်ထားသည်။ ၂၀၀၃ ခုနှစ်ကစတင်ခဲ့သော ပြည်တွင်းစစ်ကြောင့် လူ ၃၀၀၀၀၀ ခန့် သေဆုံးခဲ့ရပြီး ၂ ဒသမ ၇ သန်းမျ နေရာရွှေ့ပြောင်းခဲ့ရကာ၂၀၀၅ ခု နှစ်တွင်မှ ငြိမ်းချမ်းရေးသဘောတူ ညီချက်ရရှိခဲ့သည်။

သိစပ်မြင်နှံ့ မြန်မာ့ ပညာတတ် အသင်းကြီး

(၁)

လန်ဒန်ရှိ မြန်မာမိတ်ဆွေတဦးအိမ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ရွှေရတုအထူး စာစောင်တအုပ် ကောက်လှန်ရာမှ စာရွက်တိုလေးတစ ထွက်ကျလာပါသည်။

၁၉၈၁ က လန်ဒန်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်များကျောင်းမှ မြန်မာစာကထိက အန္နာအဲလော့(OBE) က မြန်မာနိုင်ငံ သုတေသန အသင်းနှင့် စပ်လျဉ်းပြီး မေးမြန်းစာကို ယခု မြန်မာစစ်အစိုးရခေတ် အဏုမြူဖခင်ကြီး ဦးသိန်းဦးဘိုးစော က စက်မှု(၁) ဝန်ကြီးဌာန သုတေသနဌာန ကနေ၍ ပြန်ကြားစာဖြစ်နေသည်။ ဖျက်သိမ်းပြီး သုတေသန အသင်းနှင့် စပ်လျဉ်းသည့် နောက်ဆက် တွဲကိစ္စ အဝဝကို ထိုသုတေသနဌာနက ဆက်ပြီး တာဝန်ယူမည် ဟူပါသတတ်။ ဤကား အနှစ် ၇၀တိုင် စခန်းကြီးခဲ့သော သုခမိန် အသင်းတသင်း၏ ဇာတ်သိမ်းလည်း ဖြစ်ပါသည်။ အသင်းဖခင် သတိုးသီရိသုဓမ္မ ဖာနီဗယ်နှင့် ဆရာလုစ် စသည့် မျက်နှာဖြူ ဆရာကြီး များကို မရှုစိမ့်၍ သမ္မတကြီး ဦးနေဝင်းက ဖျက်ခိုင်းသည်ဆိုသော ပါးစပ်ပုံပြင်အသေးစိတ်ကို ဆရာဦးသော်ကောင်းတို့ မောင်နှမ ၊ ပါမောက္ခ ဒေါက်တာ ခင်မောင်ကြည် စသည့် လူကြီးများကို မေးသင့်ပါသည်။

လန်ဒန်ကျောင်း ပိဋကတ်တိုက်တွင် ထုတ်ဝေဆဲ ယိုးဒယားအသင်း ဂျာနယ်များကိုတွေ့လျှင် Burma Research Society ၏ မူလကျေးဇူးရှင် ခွန်ဖရဲဆွန်ဆာလရက် ခေါ် မြန်မာအမျိုးသားဦးအောင်သိန်းကို အမှတ်ရပါသည်။ ယိုးဒယားအသင်း၏ အကျိုးဆောင် လက်ထောက်အတွင်းရေးမှူးလုပ်ရင်း အသင်းဂျာနယ်ကို ဆရာဟောင်း ဦးထွန်းငြိမ်း (စာတော်ပြန်ဝန်ထောက်) ဆီသို့ ပို့ပေးရာ မစ္စတာ ဖာနီဗယ်က တောင်းယူပြီး စိတ်ဝင်စားတန်ရာသော ပုဂ္ဂိုလ်များကို လှည့်လည်ပြသ စည်းရုံးရာမှ မြန်မာ အသင်း သန္ဓေတည်ခဲ့ပါ၏။ မူလရှိပြီး ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် အာရှအသင်းတော် ဂျာနယ်၊ အမေရိကန် အရှေ့တိုင်း အသင်းဂျာနယ်၊ အိန္ဒိယ အန္တီကွာရီ ဂျာနယ်၊ အရှေ့ဖျား ပြင်သစ်ကျောင်း ဘူလက်တင်၊ လယ်တီဆရာတော်ကို မေးမြန်း ဆည်းကပ်နေသော လန်ဒန် ပါဠိကျမ်း အသင်းစာစဉ်၊ ဟားဗတ် အရှေ့တိုင်း စာစဉ်၊ အိန္ဒိယ ရှေးဟောင်း သုတေသနဌာန အစီရင်ခံစာများ၊ ဂေဇက်တီးယားများ၊ ထို့ပြင် အဘွား မန္တလေးအကြောင်းရေးလျှင် ကိုးကားတတ်သည့် ၁၉၁၀ ထုတ် နှစ်ဆယ် ရာစုခေတ် မြန်မာနိုင်ငံ ရှုခင်းများ ဆိုသည့် စာအုပ်ကြီးမျိုးကလည်း မြန်မာပြည်ကို လေ့လာသူတစု မှီဝဲရာ BRS ၏ ရေသောက်မြစ် များဖြစ်တော့သည်။ မြန်မာအသင်းထက် အနှစ်တရာမက စောသော အာရှအသင်းတော် ဝက်ဆိုက်ကိုတွေ့တိုင်း၊ ထိုထို အနှစ် ၁၅၀-၂၀၀ လောက်က ဂျာနယ်များကို JSTOR ကိန်းဘရစ်ခ်ျ အွန်လိုင်း ဂျာနယ်ဆိုက် စသည်တို့တွင် ဖတ်ရတိုင်း ကံကံငယ်ခေပါ လှသော ညီမောင် မြန်မာအသင်းနှင့် ဆွတ်ချူရန်ခက်သည့် JBRS ကို လွမ်းပါဘိသည်။

(၂)

အသင်းဂျာနယ် ထွက်စက ရေးသားလေ့ရှိသော ဘာသာရပ်များတွင် မြန်မာပြည်လေ့လာရေး၌ ခုကာလခေတ်စားသော ပြည်သူ့ ကျန်းမာရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှု ကူညီရေးဆိုင်ရာ ဘာသာများ မပါသည်ကို သတိပြုမိကြမည်။ ကိုလိုနီ အာဏာပိုင်များအတွက် လက်တွေ့အသုံးကျသော မနုဿဗေဒ၊ ဘာသာဗေဒ၊ ဗုဒ္ဓဘာသာ၊ သမိုင်းနှင့် စာပေ အနုသုခုမ ပညာများ အဓိက လိုက်စားကြ ကြောင်း တွေ့ရသည်။ မြန်မာအမျိုးသမီးများ၏ လူမှု လွတ်လပ်ခွင့် အဆင့်အတန်း မြင့်မားပုံနှင့် ပတ်သက်၍ ရေးသားသော စာတမ်းများမှာ ဂျာနယ်ပေါ်စကပင် ပါခဲ့သည်။ မြန်မာထဲမှ ပထမဆုံး မဟာဝိဇ္ဇာနှင့် မဟာဥပဒေဘွဲ့ရ ဦးမေအောင်၏ အသင်းဖွင့် မိန့်ခွန်းတွင် ပါသကဲ့သို့ မြန်မာအကြောင်းကို မြေပြင်တွင် နယ်နိမိတ်မှတ်တိုင်ပြသမျှသာ ပိုင်းခြားသိလိုသည်မဟုတ်၊ မွန်ဂိုနယ်အသေးစိတ်၊ အင်ဒိုချိုင်းနားဒေသတွင် သက်ရှိသက်မဲ့အရာခပ်သိမ်း အသင်းနှင့်မဆိုင်သည်မရှိ ဟူသည့် စကားက ပညာကို ဘောင်ခတ်မကြည့်သော အမြင်ကြီးမှုကို ပြနေသည်။ မြန်မာနှင့် ကျောခိုင်းနံစပ်နိုင်ငံများဆိုင်ရာ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ဓလေ့၊ ဗိသုကာ၊ အနုပညာ၊ နက္ခတ္တ၊ ဗုဒ္ဓဘာသာ၊ ဘောဂဗေဒ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ရုက္ခဗေဒ၊ ပါဏ (သတ္တ)ဗေဒ၊ မိုးလေဝသ၊ ဆေးပညာ အထွေထွေသော ယဉ်ကျေးမှု သိပ္ပံ စာပေတို့ကို လေ့လာရန်ဆိုသည့် အသင်းရည်မှန်းချက်မှာ အထမြောက်ခဲ့ပြီဟု ထုတ်ဝေပြီး ဂျာနယ်တို့ကို ကြည့်က သိရမည်။

ပါဠိပါမောက္ခ ဒူရွိုင်ဇယ်၊ ဦးမေအောင်၊ ဦးရွှေဇံအောင်၊တော်စိန်ခို၊ မှော်ပီဆရာသိန်းတို့မှာ အသင်းတည်စကပင် ဝိုင်းဝန်းခဲ့ကြသည့် ပညာရှိများဖြစ်ကြသည်။ ပိုးထိုးနေသည့် ဂျာနယ်ဟောင်းများကို လှန်လျှင် ပျူစာကို ပထမဆုံးဖတ်နိုင်သော ဗလက်ဒင်၊ မွန်ပညာ ရှင် ဟာလီဒေး၊ လန်ဒန်တက္ကသိုလ် မြန်မာ-အင်္ဂလိပ် အဘိဓာန်၏ ဖခင် ပါမောက္ခ စတီးဝပ်၊ ရန်ကုန် ရာဇဝင်ပြုစုသူ ပါမောက္ခ ပန်း၊ စာရေးဆရာ မောရစ်ကောလစ်နှင့် အနောက်တိုင်း အရှေ့ တိုင်းသား ပညာရှင်အစုံ(ချက်၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ) ၊မြန်မာစာညွန့်ပေါင်းကျမ်းပြု အရေးပိုင် ဦးကျော်ထွန်း၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဆရာလင်း၊ ပါမောက္ခ ဦးဖေမောင်တင်၊ ငါးပိ၏ အာဟာရတန်ဖိုးကို ဖော်ထုတ်ပြသော ဓာတုဗေဒဝန်(ဝန်ကြီး) ဦးချစ်သောင်း၊ ရခိုင်ပညာရှိ ဦးစံရွှေဘု၊ ပုန်းမကြည် (ပုဗ္ဗကြယ်) ကိုလေ့လာသော ကျောက်စာဝန် ဦးမြ၊ ဦးလူဖေဝင်း၊ ပါမောက္ခ ဒေါက်တာထင်အောင်၊ ပါမောက္ခ ဦးသိန်းဟန် (ဇော်ဂျီ) ၊ ပါမောက္ခ ဦးဝန် (မင်းသုဝဏ်) ၊ ဂီတပညာရှင် ဦးခင်ဇော် (K) ၊ ပါမောက္ခ ဒေါက်တာလှဘေ၊ ဘောဂဗေဒပါမောက္ခ ဒေါက်တာ ထွန်းဝေနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာအေးလှိုင်၊ စာကြည့်တိုက်ပညာရှင် ဦးသန်းထွတ် (တိုက်စိုး)၊ ပါမောက္ခ ဒေါက်တာ သန်းထွန်း၊ ဒေါက်တာရီရီ၊ ဒေါ်ကြန်၊ ပြင်သစ်ရောက် ဗီဗီယန်ဘ စသော သမိုင်းဆရာများ၊ အဏုမြူစွမ်းအင်ပညာရှင် ဒေါက်တာ ဖရက်ဒီဘလှီ၊ မွန်ပညာရှိ နိုင်ပန်းလှ၊ ဒေါက်တာညီညီတို့ထိ ပညာရှင်မျိုးဆက် ၃-၄ဆက် ဆရာမျိုးစုံ အမြင်မျိုးစုံကို တွေ့ရမည်။ သူတို့ တွေ့ခဲ့ မှတ်တမ်းပြု ဆန်းစစ်ခဲ့သည့် ပညာရပ်အသိသစ်များကို အင်္ဂလိပ်စာတတ် နိုင်ငံခြားသားများ ဖတ်ရှု အသုံးချနေချိန် တွင် ပညာလိုလားသော မြန်မာလူငယ်များမှာ မကျက်တကျက်ပညာတတ်ယောင်ယောင်များ၏ စာမှိုင်း မိနေရှာသည်ကို အသင်း ကြီးကို မီလိုက်သည့် လူကြီးများ စိတ်ကောင်းမည်မဟုတ်။

ဂျာနယ်အပြင် ပျို့ ၊ လျှောက်ထုံး၊ လူးတား၊ ဧချင်း၊ စာတမ်း စသည့် မြန်မာစာဟောင်းပေဟောင်း အုပ်ရေ ၅၀ကျော် ရှာဖွေ တည်းဖြတ် ထုတ်ဝေခဲ့ရာ ကိုလိုနီခေတ်တွင် နိမ့်ကျခဲ့သော မြန်မာစာပေဂုဏ် ပေါ်လွင်ထင်ရှားလာပြီး မြန်မာစာ မဟာဝိဇ္ဇာတန်းထိ ဖွင့်လှစ်နိုင်ရေးတွင် အထောက်အပံ့ကြီး ဖြစ်ခဲ့သည်။ ရေစကြို ခုံတော်ဖြတ်ထုံး၊ ကျပင်းတရားစာ၊ ဒေဝကုမ္ဘာန်ပြဇာတ်၊ ကျည်းကန် ရှင်ကြီးမေတ္တာစာ၊ တရုတ် သံရောက်မော်ကွန်း၊ မွေ့နွန်းရကန်၊ ဦးစိန်တင် (သိပ္ပံမောင်ဝ) တည်းဖြတ်သည့် ရတနာကြေးမုံဝတ္ထု၊ ရာဇဝင်ကျော်၊ ဇမ္ဗူဒီပ ဥဆောင်းကျမ်း၊ ရှေးဟောင်း လက်မှု ပညာပေါင်းချုပ်ကျမ်း၊ ဝဏ္ဏဗောဓန သတ်အင်း စသည့် ရှားပါးပေမူ စာအုပ်များကို ပုံနှိပ်အသက်ဆက်ပေးခြင်းဖြင့် နှောင်းလူတို့ကို ကျေးဇူးပြုခဲ့၏။ လုစ်နှင့်ဖေမောင်တင် သမီးယောက်ဖ အင်္ဂလိပ် လို ပြန်ဆိုသော မှန်နန်းရာဇဝင်မှာလဲ အသင်းထုတ်စာတအုပ်ပေ။ စစ်ကြီးမတိုင်ခင်က ၈၈ နှစ်ရွယ်သူ ရွှေဘိုမြို့  အဝေးရောက်မင်း ဦးအောင်ကြီးကို ပင့်ဖိတ်၍ စဝ်မြဧကြည်၊ ဒေလီညွန့်ကြီး၊ ဒီးဒုတ်ဆရာချို၊ ဦးခင်ဇော် (K) နှင့် သီပေါစော်ဘွား နရည်းဝိုင်းတော်သား များအကူအညီနှင့် သွင်းခဲ့သော အဲ၊ အန်၊ သီချင်းခံ၊ ကြိုး၊ ပတ်ပျိုး၊ မြှောက်စည် စသည့် မြန်မာတေးဓာတ်ပြားများကို အင်တာနက် ခေတ်ကြီးတွင် မြန်မာသံစစ်စစ် ကမ္ဘာကသိဖို့ ပိုအရေးကြီးသည်က မြန်မာတို့လည်း သိဖို့ ဖြန့်ဖြူးသင့်ပါသည်။

(၃)

ယခုလို အသင်း နှစ် တရာပြည့်ချိန်တွင် ဒေါက်တာသန်းထွန်း ကိုးကားလေ့ရှိသော ပုဂံဘုရားတဆူက မင်စာတွင်ပါသော “သွားရန်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” ဟူသော စာကြောင်းကိုသာ သတိရနေမိတော့သည်။ ဆရာ ဂျပန်မှ မြန်မာပြည်ပြန်ရောက်ကတည်းက ရေးစရာ သုတေသန ဂျာနယ်မရှိတော့သဖြင့် အပြင်မဂ္ဂဇင်းပေါင်းစုံတွင် ထည့်သွင်း သွားခဲ့ရလေ သည်။ သူ့လောက် ကံမကောင်းသော ဆရာကြီးဆရာမကြီးများ၏ လက်ရာများမှာ တိမ်မြုပ်ခဲ့ရပြီး ပြင်ပပညာရှင်များ၏ သုတေသန တွေ့ရှိချက်များ မြန်မာပြည်တွင် လူသိနည်း ခဲ့ရသည်။ မှတ်မှတ်ရရ စင်္ကာပူတွင် ကျင်းပသော မြန်မာပြည်လေ့လာရေးကွန်ဖရင့် သွားစဉ်က တွေ့သည့် အဖြူအဝါ ပညာရှိအများစုကို မြန်မာပညာရှိတောတွင် ကြီးသော ကျနော်က မကြားဘူး ဖြစ်နေသည်ကို သတိရသေးတော့။

အမေရိကမှ ထုတ်သည့် မြန်မာပညာရပ်များ ဂျာနယ် ဝက်ဆိုက်၊ လန်ဒန် အရှေ့တိုင်း ကျောင်းထုတ် မြန်မာပြည်သုတေသန အွန်လိုင်းဘူလက်တင်စသည်တို့ကို ပြည်တွင်းတွင် လူသိနည်းသလို ရန်ကုန်ထုတ် မြန်မာသမိုင်း သုတေသန ဂျာနယ်မှာလဲ အပြင်မပျံ့လှ။ မဆလ ခေတ်အမွေ ပညာပဒေသာဂျာနယ်မှာလဲ ဇီဝိန်ချုပ်ခဲ့ပြီ။ မြန်မာဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၊ ဆေးပညာရှင် များအဖွဲ့၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ရေလုပ်ငန်းပညာရှင်များ စသည့် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ဖွဲ့ခဲ့သည့် ပညာရှင် အသင်းများမှာလည်း အပြည်ပြည်မှ ပညာရပ်ဝန်းနှင့် နှောင်ကြိုးမဲ့ ထိတွေ့ခွင့် မရှိ။ ပညာမှာ အာဏာ၏ အသုံးချလက်နက်အဖြစ် အင်တာနက်ခေတ်ရောက်မှ ညံ့ကြရရှာသည်။

ကောင်းမြတ်သောအနာဂတ်ကို ဖန်တီးရန် အတိတ်ကိုပြန်လည်သုံးသပ်ပြီး ပစ္စုပ္ပန်ကို အသုံးချခြင်းသည် တိုင်းကြီးပြည်ကြီး လူမျိုးကြီးတို့ ထုံးတမ်းဟူသော စကားကို မြန်မာပြည်တွင် သိကြတော့ဟန်မတူ။ တရုတ်နန်းထုံးစံကိုလိုက်ကာ မှတ်ထားသည့် ရှေးမြန်မာမင်းလက်ထက် နန်းတွင်းမှတ်တမ်းတွေ ပါတော်မူပြီးနောက် မီးရှို့ခံရပြီး သမိုင်းဖျောက်ခံရသကဲ့သို့ တိုင်းပြည်၏ သမိုင်းဓလေ့ ပညာရပ်တို့မှာလည်း ဖျောက်ဖျက် အသွင်ပြောင်း နိုင်ငံရေးအမြတ်ထုတ်မှု မျိုးစုံလက်ချက်နှင့် ပျက်စီးခဲ့ရသည်။

ကိုလိုနီအာဏာပိုင် ပညာတတ်အသိုင်းအဝိုင်းက ဝါသနာအလျောက် အုပ်ချုပ်ရေးအကျိုးငှာ ဖွဲ့သည်ဆိုသော အသင်းကမှ မြန်မာမှု လေ့လာထိန်းသိမ်းရေးတွင် များစွာ အကျိုးပြုခဲ့သေးသည်။ မြန်မာနိုင်ငံ သုတေသန အသင်းနှင့် အလားတူ ပညာသိုက်များ အဖတ် မတင်ခဲ့သည့် ထုံးကိုထောက်ပြီး မျိုးချစ်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သော မြန်မာစစ်ဘက် အရပ်ဘက်နိုင်ငံရေးအုပ်စုများ အနေနှင့် သုတေသနနှင့် ပညာရေးကို မြှင့်မှ တိုင်းပြည်ကြီးပွားမည်မှန်း အမြန်ဆုံး လက်တွေ့ သဘောပေါက်ကြဖို့ မေတ္တာရပ်ပါ၏။


(မတ် ၂၉ တွင် ကျရောက်ခဲ့သော မြန်မာနိုင်ငံ သုတေသန အသင်း (၁၉၁၀-၁၉၈၀) အနှစ်တရာပြည့် အမှတ်တရဆောင်းပါးစာ)

Monday, April 26, 2010

ဂီတသမိုင်းမှာ နာမည် ထင်ကျန်ရစ် ချင်သူ





တေးရေး နောင်နောင် (S.F)ဆီ ရောက်ခဲ့တဲ့ အကြိမ်တွေထဲက တစ်ကြိမ်မှာ ကောင်မလေး ခပ်ငယ်ငယ် တစ်ယောက်ကို ဦးနောင်က သူ့ရဲ့ သီချင်း တစ်ပုဒ် ချပေး နေခဲ့တယ်။ “မင်းသမီးလေး ဖြစ်ချင်။ မင်းသီးလေး ဖြစ်ချင်။သီချင်းလည်း ဆိုချင်တာ...”တဲ့။ ကိုယ်နဲ့ စတွေ့တော့ သူမက အရမ်းကို ငယ်သေးတယ်။ သီချင်း ၀ါသနာ ရှင်လေး အေသင်ချိုဆွေတဲ့။ အရွယ်နဲ့ မလိုက်အောင် အသံ ကောင်းလိုက်တဲ့ ကောင်မလေးလို့ သတိထားလိုက် မိတယ်။ သူမက “အစ်မ သမီး သီချင်းတွေ စလုပ်နေပြီ။ ပရိသတ် သိအောင် လုပ်ချင်တယ်” တဲ့။ ကိုယ်က “သမီး အသက်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ အချိန်တွေ ရှိပါတယ်။ အေးဆေးလုပ်။ အားလုံး အဆင်သင့် ဖြစ်ရင် ပြောလေ” လို့ ပြောခဲ့တယ်။ ဒီလိုနဲ့ သူမနဲ့ မတွေ့ဖြစ်တာ တစ်နှစ်သာသာ...။“အစ်မ သမီး သီချင်းတွေ အားလုံး ပြီးသွားပြီ။ တိပ်၊ စီဒီစထွက်ဖို့ စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ချင်တယ်” တဲ့။ သူမ အပြောအဆို အပြုအမူတွေက အရင်ကအတိုင်း ကလေး ဆန်တုန်းပဲ။ သူမ ငယ်ပါသေးတယ်။ “ပေါက်တဲ့အိုး” တိပ်၊ စီဒီ ထွက်ပြီးလို့ ပရိသတ် မသိတသိ အချိန်မှာ ဗီစီဒီကို အမြန်ဆုံး ထပ်ချပြနိုင်မှုဟာ သူမရဲ့ ပထမဆုံး အောင်မြင်မှုပါပဲ။ အဲဒီနောက်မှာ သူမရဲ့ သီချင်းတွေက နေရာအနှံ့၊ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နေရာယူနိုင်ခဲ့ပြီ။ ဒါပေမယ့် သူမက ကိုယ်နဲ့တွေ့ရင် အရင်ကအတိုင်း ကလေးဆန်တုန်းပဲ။ သူမ ငယ်ပါသေးတယ်။ တကယ်ကြိုးစား နေသူ၊ အရည်အချင်း ရှိတဲ့သူ၊ ဇွဲ၊ လုံ့လ၊ ၀ီရိယ အားကြီး သူတွေကို မမေ့မလျော့ နေရာပေး တတ်တဲ့ ဆရာ ဦးဝင်းငြိမ်းက မေလ ရွှေဂီတ အတွက် အေသင်ချိုဆွေကို တွေ့ပါတဲ့။ ဒီတစ်ခေါက် ထပ်တွေ့တဲ့ အခါ အေသင်က အများကြီး ပြောင်းလဲသွားပြီ။ ပရိသတ်တွေ အများကြီး ရှိနေပြီ။ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ရဲ့ ဖက်ရှင်တွေ ရှိနေပြီ။ မေးခွန်းတိုင်း အတွက် အဖြေတွေက အသင့် ရှိနေပြီ။
ဒါပေမယ့် မပြောင်းလဲတာက ကလေး ဆန်တုန်းပဲ။ အေသင် ငယ်ပါသေးတယ်။ ဒါပေမယ့် ရွှေဖြစ်ပြီ အေသင်။

အေသင်ချိုဆွေလို့ ဖြစ်လာမယ့် ရူးသွပ်မှု အစက...။

ကျောင်းတစ်ဖက်နဲ့ ဂီတ အနုပညာ အလုပ်ကို လုပ်တယ်။ သရုပ်ဆောင် သင်တန်း ကိုလည်း ကျောင်းကို စွန့်လွှတ်ပြီး တက်ခဲ့တယ်။ အဓိက ၀ါသနာ ကတော့ ဂီတကို ၀ါသနာ ပါတာ။ အခွေကိုလည်း ပညာရေးကို စွန့်လွှတ် ပြီးလုပ်ခဲ့တာ။ အေသင်က ပထမက အတွဲခွေတွေမှာ စမ်းပြီး ပါမယ်လို့ ပြောခဲ့တာ။ အမေက လုပ်မယ် ဆိုရင်လည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ လုပ်မနေနဲ့ တော့။ တစ်ခွေလုံးသာ လုပ်ချ လိုက်ဆိုပြီး အခွေ ထုတ်ပေးခဲ့တာ။ ငယ်ငယ်ကတည်းက ဒီအနုပညာကို တော်တော်ရူး သွပ်ခဲ့တာပါ။ ကျောင်းစာမှာ စိတ်မ၀င်စားဘဲ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ပေါ့။ သီချင်းပဲ ဦးနှောက်ထဲမှာ တစ်ချိန်လုံး ရှိနေတယ်။ ငါ ဘာလုပ်ရမလဲပဲ တွေးနေတယ်။ ကျောင်းစာမှာလည်း မအောင်မြင်တော့ အမေ ရိုက်တာလည်း ခံခဲ့ရတယ်။ ဒါလည်းပဲ ဂီတကို ရူးသွပ်နေခဲ့ တုန်းပဲ။

အဲဒီလိုတွေ ဖြစ်နေတာ ဘယ်အတန်းလောက်ကလဲ။ ဘယ်အရွယ်မှာ တကယ်စ လုပ်ဖြစ်တာ၊ အမေကဘယ် အချိန်မှာ တရားဝင်လုပ်ခွင့်ပြု လိုက်တာလဲဆိုတာ ပြောပြ ဦးလေ။

ခုနစ်တန်းလောက် တုန်းကပေါ့။ တကယ်စလုပ် ဖြစ်တာက ရှစ်တန်း ဖြေပြီးတဲ့ အချိန်ပါ။ အဲဒီမှာ ဦးနောင်နောင်(Sun Flower) နဲ့တွေ့ပြီး အေသင့် အသံကို စမ်းတယ်။ ပြီးမှ ကိုသြရသနဲ့ ကိုးတန်း နှစ်မှာတွေ့ပြီး အခွေစလုပ် ဖြစ်တာ။

မိခင်ကိုယ်တိုင် ထုတ်ဝေသူ၊ စီစဉ်သူ လုပ်ပေးခဲ့တော့ မိဘရဲ့ အားပေး ပံ့ပိုးမှုကြောင့် အေသင့်ရဲ့ဂီတဘ၀ အစက သိပ်ခက်ခဲမှု မရှိခဲ့ဘူးလို့ ဆိုရမလား။

ငွေရေးကြေးရေး အရ အခက်အခဲ သိပ်မရှိခဲ့ဘူး ဆိုပေမယ့် လူမှုရေး၊ အနုပညာ ရေးပိုင်းတွေမှာ အေသင် အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်။ အမေက အနောက်ကနေ လိုအပ်တဲ့ ငွေကြေးကို လိုက်ဖြေရှင်း နိုင်ခဲ့တာက တစ်ပိုင်းပေါ့။ ဘာပဲ ပြောပြော အလုပ်တစ်ခု အောင်မြင်ဖို့ ဆိုတာက အခက်အခဲ အများကြီးကို ကျော်ဖြတ် ရပါတယ်။ လွယ်လွယ်ကူကူ နဲ့ အောင်မြင်ရင် လွယ်လွယ် ကူကူနဲ့ ပြန်ပြီး ပြုတ်ကျမှာပဲလေ။ ရေရှည် အောင်မြင်ဖို့ အတွက်က အရမ်းခက်ခဲပါတယ်။ အချိန်တိုလေး အတွင်း မှာကိုပဲ အဖြစ်အပျက်တွေက အများကြီး ဖြစ်ခဲ့ပြီး အခက်အခဲ၊ ဒဏ်တွေလည်း အများကြီး ခံခဲ့ရတယ်။ ကျောင်းထွက်ပြီး ဂီတ လုပ်တယ်ဆိုတော့ အမေ့ကို တော်တော်လေး ၀ိုင်းပြောကြ၊ ဆိုကြ၊ ရှုတ်ချ ကြတယ်။ ဘေးပတ်ဝန်းကျင်၊ ဆွေမျိုးနီးစပ် တချို့ရဲ့ အပြော အဆို ကိုလည်း ခံခဲ့ရတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ခဲ့ပေမယ့် အဲဒါကိုပဲ ၀ိုင်းပြော ကြတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ရောက်ဖို့ အတွက်တော့ မလွယ်ကူခဲ့ ပါဘူး။

အခက်အခဲနဲ့ ဒုက္ခဆို တာကတော့ လူသစ်တိုင်းကြုံ တွေ့ကြရတာပါပဲ။ အေသင် တွေ့ရတဲ့ အေသင်ဒုက္ခတွေ က...။

အခု အခြေအနေနဲ့ အရင်က အနေအထားက တခြားစီ ပါပဲ။ အရင်တုန်းက ဆိုရင် ကိုယ်က နာမည် မရှိသေးတဲ့ အတွက် ရှိုးပွဲတွေ သွားရင် ကိုယ့်ကို သိပ်မသိကြဘူး။ ပြောရမယ် ဆိုရင် အစ်မရယ် ပိုက်ဆံ မရဘဲ လိုက်ဆို ရတာပေါ့။ အခွေ စထွက်ပြီးတဲ့ အချိန်ကတောင်မှ ပိုက်ဆံမရဘဲ ဆိုပေးခဲ့ရ သေးတယ်။ ခရီး အကြမ်းကြီးတွေ ပိုက်ဆံပေးမယ် ဆိုပြီး သီချင်းဆိုဖို့ ခေါ်သွား။ ဟိုရောက်မှ အနုပညာ ကြေးမပေး။ ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်ခဲ့ရတဲ့ ခရီးတွေလည်း ကြုံခဲ့ရတယ်။ အများကြီးမှ အများကြီးပဲ ကြုံခဲ့ရတာ။ အခုအခွေ ပေါက်ပြီး တော့ အေသင်နာမည် ပရိသတ် သိသွား၊ ပရိသတ် လက်ခံသွားမှသာ အဲဒီ ဒုက္ခတွေနဲ့ မကြုံတွေ့ရတော့ တာပါ။ ဒါပေမယ့် အေသင် အနေနဲ့ အောင်မြင်ပြီ လို့လည်း မသတ်မှတ်သေး ပါဘူး။ အေသင့် အရှေ့က ၀ါရင့်၊ သမ္ဘာရင့် အဆိုတော်တွေ၊ အေသင် လေးစားရတဲ့ သူတွေကိုတော့ အခုထိ နေရာပေး လေးစားမှုထား ဆက်ဆံပါတယ်။ စတက်လာ ကတည်းက ခုချိန်ထိ ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဆက်ဆံမှု က မလျော့သွားပါဘူး။

ပထမဆုံး စင်မြင့် အတွေ့အကြုံကိုလည်း မေ့နိုင်မယ် မထင်ဘူးနော်။

ရှိုးပွဲတော့ ရှိုးပွဲပဲ။ တကယ့်ရှိုးပွဲ အကြီးစားကြီးတော့ မဟုတ်ဘူး။ ကလပ် ဖွင့်ပွဲ၊ အဆိုတော် နာမည်ကြီး တွေလည်းပါတယ်။ မဖြူ(ဖြူ ဖြူကျော်သိန်း)၊ L ဆိုင်းဇီတို့ လည်းပါတယ်။ အေသင်က အဲဒီ အချိန်တုန်းက သီချင်းဆို ခါစပဲ ရှိသေးတယ်။ အခွေတောင် မထွက်သေးဘူး။ ဆိုချင်လွန်းလို့ကို သွားတာ။အရှေ့မှာ အဆိုတော်တွေ တစ်ယောက်ပြီး တစ်ယောက် ဆိုနေတာကို အကြာကြီးပဲ စောင့်နေခဲ့ရတယ်။ ဒါပေမယ့် နောက်ကျတော့ မဆိုရတော့ဘူး။ အချိန်လည်း မရှိတော့ဘူး။ ပိတ်ရတော့မယ်လို့ ဖြစ်သွားတယ်။ ကိုယ်က ပြောရမယ်ဆိုရင် ဒီပွဲမှာ ၀ါရင့်အဆို တော်ကြီးတွေလည်း ပါတယ် ဆိုတော့ ငါ့ရဲ့အရည်အချင်း ကိုပရိသတ်တွေ၊ အနုပညာရှင်တွေ အရှေ့မှာ ထုတ်ပြမယ်။ ဘယ်လောက်ထိ Perfor-mance လုပ်မယ် ဆိုတာတွေ က အစ စဉ်းစားပြင်ဆင် သွားခဲ့တာအများကြီးပဲ။ အဲဒါကို အဲဒီလို လာပြောတော့ အရမ်း ၀မ်းနည်းသွားတယ်။ စိတ်ထဲ လုံးဝ မကောင်းဘူး။ ဒါပေမယ့် ကံကြောင့်ပဲလား မသိဘူး။ မဆိုရဘူးလို့ လာပြောတာက တစ်ယောက် နောက်တစ်ယောက်က တစ်ပုဒ်တော့ ဆိုလို့ရမယ်လို့ လာပြောတယ်။ မထူးပါဘူး တစ်ပုဒ်ဆိုလည်း တစ်ပုဒ်ရအောင် လုပ်ပြမယ် ဆိုပြီး ကြိုးစား တင်ဆက်ခဲ့ တယ်။ အားလုံးက အဲဒီအချိန်မှာ အားပေးတာ၊ ချီးကျူးကြတာ ခံရတယ်။ ဒါအမြတ်ပဲ။ အသစ် တစ်ယောက်အနေနဲ့ ဒီလောက်ထိ လုပ်နိုင်မယ်လို့ မထင်ထားဘူးလို့ ဆိုကြတယ်။ တေးရေး နောင်နောင်(S.F) ရဲ့ ရပ် ဆိုတဲ့ သီချင်းလေးပါ။ ဆိုလည်းဆို ကလည်းကခဲ့ တာပေါ့။

ကိုယ့်ရဲ့ ပထမဆုံးရှိုးပွဲ မှာ ၀ါရင့် အဆိုတော်တွေနဲ့လည်း တွဲဆိုရတယ်။ မတက် ရတော့ဘူးဆိုတဲ့ စင်ပေါ်ကို ပြန်တက်ရတဲ့ အချိန် အေသင့် ရင်ခုန်သံက...။

အမှန်အတိုင်း ပြောရရင် ပထမ မဆိုရတော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ စိတ်က မကျေနပ်တော့ဘူး။ ပြန်ဆို ရမယ်လည်းဆိုရော မခံချင် စိတ်ဖြစ်သွားပြီ။ ငါ့ကိုမဆိုရဘူး ဆိုတဲ့သူ မျက်လုံးပြူး အံ့သြသွားအောင် လုပ်ပြမယ် ပေါ့။ အဲဒီစိတ်နဲ့ ကတုန် ကယင်လည်း မဖြစ်တော့ဘူး။ ပရိသတ်ကို ကြောက်တဲ့ စိတ်လည်း မရှိတော့ဘူး။ ဒေါသနဲ့ မခံချင်စိတ် ပေါင်းပြီး ငါ လုပ်ပြမယ် ဆိုတဲ့ စိတ်နဲ့ တစ်ခါတည်း ချပစ်လိုက်တာ။

အေသင့်ရဲ့ပထမဆုံးရှိုး ရဲ့ခံစားချက်ရယ် တခြားရှိုးပွဲ တွေရဲ့ အခက်အခဲ အတွေ့ အကြုံတွေရယ်ဟာ အေသင့် ရဲ့အောင်မြင်မှု အတွက် အထောက်အပံ့ဖြစ်ခဲ့လား။ တကယ့် အောင်မြင်မှု အတွက် အဓိက တွန်းပို့ခဲ့တာက ဘယ်အရာတွေလဲ။

နှစ်မျိုးစလုံးပါပဲ။ အဲဒီ အရာတွေကပဲ တွန်းပို့ခဲ့တယ်။ အဲဒီ အရာတွေကပဲ အောင်မြင် အတွက်လမ်းစပေါ့။ အဲဒီလို ဒုက္ခခံ ဆိုခဲ့လို့လည်း သီချင်းတွေ ပေါက်ခဲ့တာ။ အဓိက ကတော့ မခံချင်စိတ် ပေါ့နော်။ ငါ နာမည် မကြီးသေးလို့။ ငါ့ကို ဒီလို လုပ်ကြတာ။ ငါ နာမည်ကြီးအောင် လုပ်ပြမယ်။ ကြိုးစားရမယ်။ သူများက တစ်ဆလုပ်ရင် ငါက အဆတစ်ရာ လုပ်ရမယ် ဆိုတဲ့ စိတ်တွေ တစ်နေ့တခြား ပွားလာတယ်။ ဒါဟာ အေသင့်အတွက် ကောင်းပါတယ်။ ဒီအချိန် ဒီအခြေအနေထိ ရောက်အောင် နှိုးဆွပေးခဲ့တဲ့ သဘောပေါ့။

အေသင် အခွေ စလုပ်တဲ့ အချိန်က အရမ်း ငယ်သေးတော့ အခုလို အောင်မြင်တဲ့ ပရိသတ် သိတဲ့ သီချင်းတွေ ဖြစ်အောင် သြရသနဲ့ ဘယ်လို တိုင်ပင်ခဲ့ရလဲ။ ကိုယ်မျှော် လင့်ထားတဲ့ အခြေအနေကရော အခုလက်ရှိ အတိုင်းပဲလား။

ဒီလောက်ထိ ပေါက်လိမ့်မယ် လို့တော့ မထင်ခဲ့ဘူး။ လုပ်တာကတော့ မလျှော့သော ဇွဲလုံ့လတွေနဲ့ တိုင်ပင်ကြိုးစားခဲ့ကြတာ။

ပရိသတ်တွေ သိသွားရ မယ်ဆိုတဲ့ စိတ်တော့ ထားခဲ့မှာပေါ့။

ဟုတ်။ အဲဒီ စိတ်နဲ့တော့ လုပ်ခဲ့တာပါ။ ဒါပေမယ့် အခု ဖြစ်နေတာတွေက အိပ်မက်လိုပဲ။ အရမ်း ကျေနပ်ပါတယ်။ ကြိုးစားရကျိုးလည်း နပ်ခဲ့တာပါ။ အခွေကို စီစဉ်ခဲ့တုန်း ကလည်း လုပ်ရမှာတွေက ခေါင်းထဲမှာ ရှိနေတယ်။ ကိုယ်က အချိန်တိုင်း ဒီစိတ်တွေနဲ့ ပြည့်နေတာ။ အရင်က သီချင်းကို ဘယ်လိုကောင်း အောင်လုပ်မလဲ ဆိုတာ ဦနှောက်ထဲမှာ ရှိပြီး နားထောင် ခံစားပေးမယ့်သူ မရှိဘူး ဖြစ်နေတယ်။ ကိုသြရသ ရောက်လာတော့ အတော် ဖြစ်သွားတယ်။ အေသင်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေ သူ့ကို ပြောပြတယ်။ သူကလည်း အကြံပေးပြီး လုပ်ကြတယ်။ လေပြည် သီချင်းရဲ့ Chorus ကို အေသင် ရေးထားတာ ဘယ်သူ့မှ မပြဖူးဘူး။ ကိုသြရသ လာမှပြပြီး ညှိနှိုင်း လုပ်ကြတာ။ ကိုသြရသနဲ့ အေသင်က ကံစပ်တယ်လို့ ပြောရမယ်။ အေသင် ပြောတာကို သူက သဘောပေါက် လွယ်တယ်။ ဆိုလိုရင်းကို နားလည်တယ်။ နှစ်ယောက်က ညှိလို့ လည်း ရတော့ အဆင်ပြေသွား တာပေါ့။

အေသင်ရဲ့ သီချင်း တချို့မှာ အသံ အလှည့် အပြောင်းနဲ့ ဆိုထားတာတွေ တွေ့ရတယ်။ အသံနဲ့ ပတ်သက်ပြီး လေ့လာ သင်ယူခဲ့မှု ရှိခဲ့ရင် ဆရာ အနေနဲ့ ဘယ်သူ တွေကို နာမည် တပ်ချင်လဲ။

အဓိကက ကိုယ့်ဟာ ကိုယ်ပဲ လေ့ကျင့်ခဲ့ရ တာပါ။တိတိကျကျ သင်ကြားပေးခဲ့တဲ့ သင်တန်း ဆရာရယ် လို့တော့ မရှိခဲ့ပါဘူး။ အေသင်ရဲ့မြင်ဆရာ၊ ကြားဆရာတွေ ကတော့ နိုင်ငံခြားမှာ။ အင်္ဂလိပ် သီချင်းတွေ နားထောင်တယ်။ လိုက်ကျင့်တယ်။ ရီဟန်းနား တို့ ဘရစ်တနီတို့ပေါ့။ ဘရစ်တနီကတော့ အေသင့် အပေါ်မှာ အရမ်း အလွှမ်းမိုးဆုံး အဆိုတော်ပဲ။ အေသင် အရမ်း အားကျပြီးတော့ အနုပညာနဲ့ ပတ်သက်ရင် ဂီတမှာ ထိပ်ဆုံးက ထားတာက ဘရစ်တနီစပီးယားပဲ။ သူ့ကိုအားကျပြီး အရမ်း ရူးသွပ်ခဲ့တာ လည်းပါတယ်။ သူ့ရဲ့ဆိုဟန်တွေ၊ ဆိုပုံ ဆိုပေါက်တွေကလည်း အေသင့် အပေါ်မှာ နည်းနည်း လွှမ်းမိုးခဲ့တယ်။ နောက်ပြီး တော့ ရီးဟန်းနား၊ ပြီးရင် ဘီးယွန်းဆေး။ ဘီယွန်းဆေး ကတော့ အကရော အသံရော သူ့ကိုတုပြီး လိုက်လုပ်မိတာ တွေများတယ်။ ပြည်တွင်းမှာ ဆိုရင် မတင်ဇာမော်၊ မဆိုင်းဇီ၊ မဖြူတို့ သုံးယောက်ကိုတော့ အရမ်းကို လေးစားပါတယ်။

အမိအရ ဆုပ်ကိုင်ထားဖို့ ခဲယဉ်းတဲ့ အောင်မြင်မှုကို စတင် ရရှိနေပြီဖြစ်တဲ့ အေသင်က ရေရှည် တည်မြဲအောင်၊ ကိုယ့်ပရိသတ်လေး မပျောက် ပျက်သွားအောင် ဘယ်လို ဆွဲဆောင် ထားမယ် ဆိုတဲ့ အနုပညာ စိတ်ကူးလေးတွေ ရှိလဲ။

ကိုယ့်ကိုယ်ကို အောင်မြင်ပြီလို့တော့ မသတ်မှတ် သေးပါဘူး။ အေသင့် အထက်က အောင်မြင်တဲ့ သူတစ်ယောက်က ပြောဖူးတယ်။ ကိုယ့်ကိုယ်ကို အောင်မြင်ပြီလို့ မှတ်တဲ့နေ့ဟာ ကျရှုံးတဲ့နေ့ပဲ တဲ့။ ဒါ အောင်မြင်တာမဟုတ်ဘူး။ ကိုယ့်ကြိုးစားမှုတွေကို ပရိသတ်က လက်ခံတဲ့ အခြေ အနေပဲ ရှိသေးတယ်။ ဒါကြီး ပျောက်မသွားအောင် ကြိုးစားဖို့ တာဝန်တွေ အများကြီး ရှိသေးတယ်။ ကံတွေ၊ စန်းတွေလည်း ပါတယ် ဆိုပေမယ့် ကြိုးစားမှု မပါလို့ မဖြစ်ပါဘူး။ ရှေ့ကိုပရိသတ် လက်ခံတာတွေ ပဲလုပ်နိုင်ဖို့ ကြိုးစားတယ်။ ဒုတိယ တစ်ကိုယ်တော်ကို ပထမခွေထက် ကောင်းအောင် သီချင်းက အစ အရမ်းအရေး ကြီးသွားပါပြီ။ ပရိသတ် အမြင် မစူးအောင်၊ ပရိသတ် ချစ်အောင်လည်း နေဖို့ လိုတယ်။ အစစအရာရာ ဂရု စိုက်ရပါပြီ။ တကယ်တတ် တကယ်တော်တဲ့ ဂီတ အနုပညာ ရှင်ကောင်း တစ်ယောက်ဖြစ်ဖို့လည်း အရေးကြီးလို့ အေသင် အခုဆိုရင် သီချင်းတွေကိုလည်း ဆက်လေ့လာနေတယ်။ ဒီနှစ် ရှိုးပွဲတွေ နားပြီဆိုတဲ့ ရာသီ ရောက်ရင် ဂစ်တာနဲ့ ပီယာနိုကို သင်တော့မယ်။ ကိုယ်ကိုယ်တိုင် ဂီတ တီးလုံးတွေကိုလည်း သိမြင်နားလည်မှ ကိုယ့်အနုပညာက ရေရှည်ခိုင် မြဲမှာလေ။ အေသင့်ဘက်က အစစအရာရာ တတ်ကျွမ်း နားလည်အောင် လုပ်ဖို့ အများကြီး ကျန်ပါသေးတယ်။

“ရလေ လိုလေ အို တစ္ဆေ”တဲ့။ အေသင်ကရော ဒုတိယခွေ အတွက် ဘာတွေ ပိုပြီး မျှော်လင့်ထားလဲ။

ရှိတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပဲ။ ဒါ ပေမယ့် နည်းနည်းကြောက် နေတာပေါ့။ ဒုတိယခွေမှာ မကောင်းဘူးဆိုတဲ့ အသံတော့ မကြားချင်ဘူး။ ပထမအခွေကို မမီရင် နေပါစေ။ ဟယ် ကောင်းတယ်။ ဒီသီချင်း လေးက မဆိုးပါဘူးဆိုတဲ့ အသံ ကြားရရင် တော်ပါပြီ။ အရမ်းကြီး ပိုပြီး မျှော်လင့်မထားပါဘူး။

ဂီတနဲ့ ပတ်သက်ပြီး ဆုပ်ကိုင်ထားတဲ့ ခံယူချက် (သို့မဟုတ်) စိတ်ကူးဆိုတာ ရှိခဲ့ရင်...။

ဂီတနဲ့ ပတ်သက်ပြီး အရမ်းကို ရူးသွပ်ခဲ့တယ်။ အခုလည်း ရူးသွပ်နေတုန်းပဲ။အချိန်တိုင်း ဒီစိတ်ပဲ ရှိနေတယ်။ ပရိသတ် ဘာကြိုက်လဲ။ အမြဲ လိုက်လေ့လာတယ်။သင်ယူတယ်။ ကိုယ့်ထက် ၀ါ၊သမ္ဘာ ရင့်တွေဆီက မေးမြန်းသင်ယူတယ်။ ဒီ့ထက်လည်း ကြိုးစားသွားမယ်။ အဆုံးစွန်အထိ ဒီဂီတ သမိုင်းတစ်လျှောက်မှာ အေသင်ချိုဆွေ ဆိုတဲ့ နာမည် ကျန်နေခဲ့အောင် အေသင် ကြိုးစားသွားမယ်။ ဥပမာ-ကိုR ဇာနည်နဲ့ မဖြူဖြူကျော်သိန်းတို့လို ဖြစ်ချင်တယ်။ ဖြစ်အောင်လည်း ကြိုးစားသွားမယ်။

ဘ၀အတွက် ခံယူထားတဲ့ စကားလေးလည်း ပြောပေးပါဦး။

ကြိုးစားသူရဲ့လက်ထဲမှာ အောင်မြင်မှုဆိုတာ အမြဲတမ်း ရှိပါတယ်။ အဲဒါက အေသင့်ရဲ့ လက်စွဲ ဆောင်ပုဒ်ပါ။
အေသင်က သူမရဲ့ ဒုတိယ တစ်ကိုယ်တော်ခွေကို အမြန်ဆုံး လှုပ်ရှားချင်နေပါပြီ။ ပထမ အခွေထက် ပိုကောင်းမယ့် သီချင်း၊ သံစဉ်၊ စာသားတွေ ဖြစ်အောင် Featuring ကိုလည်း အရမ်း အောင်မြင်တဲ့ ပရိသတ်ချစ် အဆိုတော်တွေနဲ့ တွဲဖက်နိုင်အောင် ကြိုးစားချင် နေပါတယ်။ ဒါဟာ သူမရဲ့ အောင်မြင်မှုတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ သူမ သီချင်းတွေကို နားဆင်တဲ့ပရိ သတ်ကြီးအနေနဲ့ ပျော်သွားတယ်၊ စိတ်ချမ်းသာသွားတယ် ဆိုရင် သူမအတွက် ကုသိုလ် ရတယ်လို့လည်း မှတ်ယူထား လို့ပါလို့ဆိုတယ်။ အေသင်က “အနုပညာ အလုပ်တွေကိုပဲ ဆက်ပြီး လုပ်သွားမယ်။ ပရိသတ် သဘောကျမယ့် သီချင်း တွေကိုပဲ ကြိုးစား လုပ်သွားမယ်။ ဝေဖန်စရာ ရှိရင် အားမနာတမ်း ဝေဖန်ပေးပါ။ အေသင့်ဘက်က ပျက်ကွက်တာလေးတွေ ရှိရင်လည်း အေသင်က အနူးအညွတ် တောင်းပန်ပါတယ်။ ပရိသတ်ကြီးကို အေသင်က အမြဲ ချစ်နေပါတယ်။ ပရိသတ်ကြီးလည်း စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ အေသင်က ဆုတောင်းပေးပါတယ်”ဆိုတာကိုလည်း မမေ့မလျော့ ဆုတောင်းပေးခဲ့ပါ သေးတယ်။

အေသင်ချိုဆွေက သူမ စိတ်ကြိုက် စင်မြင့်ပေါ်က ဖက်ရှင် တစ်စုံနဲ့ ဒီဇိုင်နာ သွင်စုထွေးရဲ့ မိန်းမဆန်ဆန် ဖက်ရှင် ၀တ်စုံတစ်စုံကို ရွှေဓာတ်ပုံ အတွက် ၀တ်ဆင်ပေးခဲ့ ပါတယ်။ အမျိုးသမီး အရမ်း ဆန်တာကို မနှစ်သက်ပေမယ့် ရွှေပရိသတ်တွေ အမြင်ဆန်းသွားအောင် ဒီဇိုင်နာနဲ့ ၀တ်စုံ ဖန်တီးပေးခဲ့တာ လို့လည်း သူမက ဆိုပါတယ်။ ဓာတ်ပုံဥာဏနဲ့ အေသင်ချိုဆွေကို လွန်ခဲ့တဲ့လ အနည်းငယ်က ဖက်ရှင်ကဏ္ဍ အတွက် တွေ့ဆုံပေးခဲ့ဖူး ပါတယ်။ ရွှေဓာတ်ပုံ ရိုက်တဲ့နေ့ က ဓာတ်ပုံဥာဏက သမီးရဲ့ ဖက်ရှင်တွေရော၊ ပုံစံတွေရော အရင်ကနဲ့ မတူတော့ဘူး၊ အများကြီး ပြောင်းလဲ သွားခဲ့ပြီလို့ မှတ်ချက်ပေးတယ်။ အဲဒီ နေ့က အေသင်ချိုဆွေ မိန်းမဆန်စွာ လှနေခဲ့ပါတယ်။

မလေးရှား ကွာလာလမ်ပူမြို့က ဘတ်စ်ကား မီးလောင်မှုမြင်ကွင်း



Saturday, April 24, 2010

ကောင်းဖို့ အတွက် ဖြစ်လာတယ်လို့ မျှော်လင့်တဲ့ ရဲလေး





ကိုယ့်ရဲ့ ၀ါသနာကို ပုံဖော်တဲ့ နေရာ ကိုယ့်ရဲ့ အောင်မြင်မှု ပန်းတိုင်ကို လှမ်းဆွတ် ရယူတဲ့ နေရာမှာ ပုံသဏ္ဍန်မျိုးစုံ၊ စိတ်ထားမျိုးစုံနဲ့ ကြိုးစားကြရပါတယ်။

အဓိက အနေနဲ့ အောင်မြင်မှုကို ပီပြင်စွာ ချပြနိုင်ဖို့ပဲ အရေးကြီးပါတယ်။ Hip Hop အသိုက်အ၀န်းက ညီအစ်ကို မောင်နှမ တစ်စုကတော့ တကယ့် မိသားစုကြီး သဖွယ် စည်းလုံးကြတဲ့ သူတွေပါ။ ခင်ရာမင်ရာ အုပ်စုတွေ ဖွဲ့ပြီး ကြိုးစားကြတဲ့ သူတွေ ရှိသလို တစ်ဦးချင်းစီ ရပ်တည်ဖို့ ကြိုးစားနေတဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ လှုပ်ရှားနေကြပါစေ။ တစ်ဦး လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ကူညီဖို့လည်း ၀န်မလေး ကြပါဘူး။ ရဲလေး၊ ရသ၊ ချမ်းအေးဝင်းနဲ့ ဘိုလေး ဆိုတဲ့ Hip Hop သူငယ်ချင်း လေးဦးဟာ တစ်ချိန်တုန်းကတော့ ဗြောက်အိုး ဆိုတဲ့ နာမည်အောက်မှာ အတူ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခု လက်ရှိမှာတော့ ရဲလေးက တစ်ကိုယ်တော် ခွဲထွက်ပြီး လှုပ်ရှားနေပါတယ်။

ကျွန်တော်တို့ အနေနဲ့ တခြား ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့် အနေနဲ့ ဖြစ်သင့် တာကို အဓိက ရွေးချယ်လိုက်တာပါ။ ကျွန်တော်က ဒီဘက်မှာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ဗီစီဒီတွေနဲ့ ပိုများလာတော့ အဖွဲ့အတွက် အချိန်က မပေး နိုင်တာ များလာတယ်။ သူတို့ကို အားနာရမယ့် ကိစ္စတွေလည်း များလာတယ်။ ရဲလေး Byname နဲ့လာတဲ့ တချို့ကိစ္စတွေမှာ ဗြောက်အိုးကို အားနာရမယ့် ကိစ္စတွေ လိုမျိုးပေါ့။ အဓိကက လုပ်ငန်း ခွဲလိုက်တဲ့ သဘောပါ။ ဒါပေမယ့် အပြင်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အခင် အမင်မပျက် လက်တွဲ နေဆဲပါ။ ကျွန်တော့်ရဲ့ တတိယ ကာရန် ဆိုလည်း ချမ်းအေး ၀င်း တီးမယ့် အပိုင်းတွေ အများကြီး ပါတယ်။ ချမ်းအေးဝင်းတို့၊ ရသတို့၊ ကိုကြီးကျော် တို့ကိုပဲ အကူအညီ တောင်းရမှာပဲ။ ဒီလူတွေပဲ ရှိတာပဲလေ။ လူငယ်စကားနဲ့ ပြောရရင် တခြား ဘာကိစ္စမှ ရှော့မရှိပါဘူး။ ဖြစ်သင့်တာကို ရွေးချယ်လိုက်တာမှာ သူတို့အတွက်လည်း ပိုကောင်းသွားတယ်။ ကျွန်တော့် အတွက်လည်း ကောင်းသွားတယ်။ ကောင်းဖို့ အတွက် ဖြစ်လာတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုတော့ ဗြောက်အိုးကလည်း ဗြောက်အိုး သီးသန့် ဖြစ်သွားပြီ။ ရဲလေးကလည်း ရဲလေး သတ်သတ် ဖြစ်သွားပြီ။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ လက်တွဲပြီး သီချင်းတွေ လုပ်နေတုန်းပါပဲ။

ရဲလေးက အခု သရုပ်ဆောင်ထက် စာရင် သီချင်းကို ပိုလုပ်ဖြစ်နေတဲ့ သူဆိုတော့ အဆိုတော် တစ်ယောက် အနေနဲ့ တစ်ကိုယ်တော်ခွေ ထွက်မှုတို့၊ ကိုယ်ပိုင် ရပ်တည်မှုတို့က ပို အရေးပါလို့များ အခုလို ခွဲထွက်ဖြစ်တာလား။

ကျွန်တော်က အရင်ကလည်း ကိုယ်ပိုင် ရပ်တည်တာ ပိုများတယ်ပေါ့။ ပရိသတ်ကလည်း အဲလိုပဲ မြင်ကြတယ်။ Family လေးတော့ ရှိသင့် တယ်လို့ ထင်တယ်။ ဒါကြောင့်လည်း နဂိုကတည်းက လက်တွဲလာတဲ့ သူငယ်ချင်းတွေနဲ့ Family လုပ်ဖြစ်သွားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင် ရပ်တည်မှုတွေ များလာတဲ့ အတွက် Family နဲ့က ပြောစရာလေးတွေ ဖြစ်လာမှာ စိုးလို့ ခွဲထွက်လိုက်တယ်။ ရဲလေးက အစတည်းက ရဲလေးနဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေ၊ ချစ်တဲ့ သူတွေနဲ့ စုစည်း နေတတ်တဲ့ အကျင့်ရှိတယ်။ လက်တွဲပြီး တင်ဆက် တတ်တဲ့ အကျင့် ရှိတယ်။ အခုလည်း ဒီအတိုင်း ပါပဲ။

ဗြောက်အိုး အဖွဲ့ဝင်တွေနဲ့မှ မဟုတ်ဘူး။ တခြား Hip Hop အဆိုရှင်တွေနဲ့လည်း အဆင်ပြေသလို တွဲဖက်ပြီး သီချင်းတွေ ဆိုလေ့ ရှိတယ်နော်။ Hip Hop တွေ အကုန်လုံး ဒီလိုပဲလို့ ပြောလို့ရတယ်။ Hip Hop ကမိသားစု စိတ်ဓာတ်ကြီးတယ်လို့ ပြောလို့ရမလား။

ဟုတ်တယ်ဗျ။ ပရိသတ် အတွက်လည်း မရိုးအောင် တင်ဆက်ရတာလေ။ တခြား ဂီတတွေမှာလည်း မရှိဘူး မဟုတ်ဘူး၊ ရှိတယ်။ ဒါပေမယ့် နည်းတယ်။ နိုင်ငံ တကာ Hip Hop လောကမှာလည်း ကြည့်လိုက်ရင် Group လိုဖြစ်နေတယ်။ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း တွေကလည်း Featuring လာဆို ပေးကြတာပဲ။ အဝေးကြီးက လူကလည်း လာဆို ပေးလေ့ ရှိကြတာပဲ။ သူတို့မှာ အဲဒါ အရမ်းခေတ်စားတယ်။ ဒီမှာလည်း Featuring ဆိုတဲ့ ခေတ်ကြီးကိုက ဖြစ်သွားတာ။ ထမင်းအတူ စားတဲ့သူတွေ၊ ရေအတူသောက်၊ ဘီယာအတူ သောက်သူတွေ၊ ဘောလုံးအတူတူ ကန်ကြတဲ့ သူတွေ အချင်းချင်း မင်းအခွေ ငါဝင်ဆိုပေးမယ် ဆိုပြီး ငွေရေးကြေးရေး မဖက်ဘဲ ပျော်လို့ ၀င်လုပ်ပေးကြတာ။ ကျွန်တော်လည်း ပေးလာပြီ ဆိုရင် အနုပညာကြေး လုံးဝမကြည့်ဘဲ အကောင်းဆုံး ၀င်လုပ် ပေးတာတွေ ရှိပါတယ်။ ချမ်းအေးဝင်းတို့ ဘာလိုလဲ၊ လိုတယ် ဆိုရင် ကျွန်တော့်ဘက်က ဒိုင်းခနဲ ကူညီပေးဖို့ အဆင်သင့်ပဲ။ ချမ်းအေးဝင်းတို့ကလည်း ကျွန်တော့်ကိုဆို အဲဒီ ပုံစံအတိုင်းပဲ။ ပြောစရာ မလိုတဲ့သူတွေပါ။ ဗြောက်အိုးက ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက် အနေနဲ့ အကူအညီ တောင်းမယ်။ လိုအပ်မယ် ဆိုရင် Welcome ပါပဲ။ ကျွန်တော်ကလည်း လိုအပ်ရင် အပူကပ်မှာပဲ။


ရဲလေးက Featuring အတွဲ ရွေးချယ်တာ နည်းနည်း ထူးခြားတယ်နော်။

တွဲဖက်တဲ့ နေရာမှာလည်း ပရိသတ်ကို တင်ဆက်မှု အသစ်ပေးနိုင်မယ့် အရာကို အဓိက ရွေးချယ်ပါတယ်။ ဘယ်မှာ စတင်ခဲ့ သလဲ ဆိုရင် စိုင်းစိုင်းရဲ့ တော ဂေါ်လီ ထဲမှာ ရဲလေးနဲ့စိုင်းစိုင်း အတွဲ ဆိုပြီးတော့ပေါ့။ ပြီးတော့ ၁၀ စက္ကန့် ထဲက အရည်ထုတ်မှာ ရဲလေး၊ ကြက်ဖ၊ ဂျေမီဆိုပြီး တွဲတယ်။ တွဲလိုက်တဲ့ အချိန်မှာ အရာ ထင်သွားစေရမယ်။ Group အနေနဲ့ကျတော့ အကြောင်း အမျိုးမျိုးနဲ့ ပျက်သွားရင်လည်း မကောင်းဘူးလေ။ ဒါကြောင့် ကျွန်တော်နဲ့ အဆင်ပြေရာ လိုက်ဖက်ရာ သီချင်းနဲ့ အံဝင် ခွင်ကျတဲ့သူ ဘယ်သူနဲ့ မဆို တွဲဖြစ်တယ်။ အဲဒါက ပရိသတ် အတွက် ဆန်းသစ်မှု ဖြစ်သွားတယ်။ ပရိသတ်က လက်ခံတယ်ဆို ရင် ကျွန်တော် ကျေနပ်ပါတယ်။ အဲဒါကြောင့် ၁၀ စက္ကန့် ထဲက သီချင်းအတွက်လည်း လုပ်ခဲ့ရတာကို ကျွန်တော် ဂုဏ်ယူတယ်။


သင်းပပ

ဝထ္ထုရေးတဲ့ ဆရာမင်းလူရဲ့ ရင်တွင်းစကား


စာရေးဆရာ မင်းလူ ရေးခဲ့တဲ့ ၀တ္ထုများကို ရုပ်ရှင်ရိုက်ရာမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားများ အဖြစ် ထူးချွန်ဆုများ ရရှိခဲ့ပါတယ်။ ခုနစ်စဉ်အလွမ်း၊ ရင်ထဲက ဆောင်းရာသီ၊ အများနှင့် မသက်ဆိုင်သောသူတို့ ဖြစ်ပါတယ်။ ခုနစ်စဉ် အလွမ်းနဲ့ ရင်ထဲက ဆောင်းရာသီ တို့က အိမ်ထောင်ရေး၊ မိသားစုရေး ဇာတ်များဖြစ်ပြီး ဒရာမာလို့ ဆိုရပါမယ်။ အများနှင့် မသက်ဆိုင်သောသူ အပါအ၀င် အခု နောက်ပိုင်းမှာ ဆရာမင်းလူ ရေးဖွဲ့လာတဲ့ ၀တ္ထုများက ဟာသ၀တ္ထုတွေ များလာတဲ့ အတွက် မေလ ၁၈ ရက်ဖွား ဖြစ်တဲ့ ဆရာမင်းလူကို မေလထုတ် ရွှေအမြုတေ အတွက် အမှတ်တရ မေးမြန်းဖြစ်ခဲ့ ပါတယ်။

ဆရာ အခုနောက်ပိုင်း ရေးတဲ့ ၀တ္ထုတွေက ဟာသ၀တ္ထုတွေ များလာတယ်။ အရင်တုန်းက ရေးခဲ့တဲ့ “ရင်ထဲက ဆောင်းရာသီ” “ခုနစ်စဉ် အလွမ်း” လို ဒရာမာ ဇာတ်တွေ ဘာကြောင့် မရေး ဖြစ်တော့တာလဲ။

တကယ်တော့ ဒရာမာဆိုတာ ပြဇာတ်ကို ပြောတာပါ။ မူလအဓိပ္ပာယ်ကတော့ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်လို့ ဆိုပါတယ်။ ရှေးတုန်းက ပြဇာတ်တွေဟာ အလွမ်းအဆွေး တွေပဲ များပါတယ်။ ဒါကြောင့် နောက်ပိုင်းကျတော့ အလွမ်းအဆွေးဇာတ်လမ်းမျိုးဆိုရင် ဒရာမာလို့ပဲ ခေါ်လိုက်ကြတဲ့ သဘောပါပဲ။ ဟာသ ဆိုတာလည်း ဒရာမာ ခေါင်းစဉ်အောက်မှာ ရှိတယ်လို့ ထင်တယ်။ အသုံးတွင်နေပြီဖြစ်တဲ့အတိုင်း ဟာသနဲ့ ဒရာမာ မတူဘူးပဲ ထားပါတော့။ ကျွန်တော်က ဒရာမာ ရေးတဲ့လူလည်း မဟုတ်ဘူး။ ဟာသရေးတဲ့ လူလည်း မဟုတ်ဘူး။ ၀တ္ထုရေးတဲ့ လူသာ ဖြစ်ပါတယ်။ တချို့ဝတ္ထု တွေမှာ ဒရာမာဘက် အလေး သာသွားမယ်။ တချို့ဝတ္ထု တွေကျတော့ ဟာသဘက်ကဲ သွားမယ်။ ဒါပဲ ကွာခြားမှု ရှိမှာပါ။ ဟိုတုန်းကလည်း ဟာသဘက် လုတဲ့ ၀တ္ထုတွေ ရေးခဲ့ဖူးတာပါပဲ။ ရယ်စရာ မောစရာလို စာအုပ်မျိုးပေါ့။ အခု နောက်ပိုင်းမှာလည်း ကံ့ကော်နီ တို့၊ အလွမ်းသစ် တို့ လို ဒရာမာဆန်တဲ့ဝတ္ထုမျိုး တွေ ရေးဖြစ်ပါတယ်။ ဒရာမာထဲမှာ ဟာသလေးတွေ ဖောက်ထားသလို ဟာသထဲမှာလည်း ရင်နင့် စရာလေး တွေ ရှာတွေ့နိုင်တာပါပဲ။

ခုနစ်စဉ်အလွမ်း ၀တ္ထုထဲမှာ ဇာတ်ဆောင်အမျိုး သမီးက ကိုယ်ဝန် ရှိလာတော့ “ယောက်ျားလေး လိုချင် သလား၊ မိန်းကလေး လိုချင် သလား” လို့မေးတော့ သူ့ ယောက်ျားက “လူလေးလို ချင်တယ်”လို့ ပြန်ဖြေတယ်။ ရုတ်တရက် ဆိုရင်တော့ ရယ်စရာပဲ။ အမှန်တော့ လူဟာ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်မှာပေါ့။ ဘာလေး လိုချင် တယ်လို့ ပြောတာကတော့ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးကို မမွေးခင်ကတည်းက ကြိုတင် ကန့်သတ်ချင်သလို မျိုးဖြစ်နေတယ်လို့ ဆိုလိုတာ။

ခိုးခိုးခစ်ခစ် ကျတော့ ဟာသဘက်နွယ်တဲ့ ၀တ္ထုပဲ။ ဒီထဲမှာ ဓာတ်ခဲရဲ့အကြောင် ရိုက်မှုကြောင့် ရွှေကြည်က သူ့ရည်းစား မောင်ဝဟာ သိပ္ပံ မောင်ဝပဲ လို့ ယုံကြည်သွားတယ်။ စာရေးဆရာဆိုတော့ ၀င်ငွေကောင်းလို့ မြန်မြန် လက်ထပ်နိုင်တော့မယ် ဆိုပြီး စိတ်ကူးယဉ်နေမိတယ်။ ရယ် စရာပဲပေါ့။ တစ်ဖက်ကတွေး ကြည့်တော့ အခုလို ဗဟုသုတ ခေါင်းပါးပြီး နုံချာတဲ့ ဘ၀ဟာ ကရုဏာ သက်စရာ မကောင်းဘူးလား။ အဲဒီလို ရှုထောင့်ပြောင်းပြီးကြည့်သင့် ပါတယ်။

ကျွန်တော်တို့ ငယ်ငယ်က ဗဟိုရုပ်ရှင် သတင်းကား တစ်ကား ကြည့်ဖူးတယ်။ မီးဘေးအန္တရာယ် ပညာပေး ကားပါ။ အဲဒီထဲမှာ တကယ့် မီးလောင်ပြင်မြင်ကွင်းအစစ် ကိုပါ ထည့်ရိုက်ပြထား တယ်။ မီးဘေးဒုက္ခသည်တွေဟာ ရရာပစ္စည်းလေး တွေသယ်ပြီး မီးလွတ်ရာကို ရှောင်ပြေးနေကြတယ်။ အ၀တ်ထုပ်ဆွဲလာတဲ့လူ၊ သေတ္တာကြီးထမ်းလာတဲ့လူ၊ အိုးတွေ ခွက်တွေ သယ်လာတဲ့ လူ စသဖြင့်ပေါ့။ ဒီထဲမှာ မိန်းမကြီး တစ်ယောက်ကတော့ လက်တစ်ဖက်က တံမြက် စည်းကိုဆွဲ၊ ခေါင်းပေါ်မှာတော့ ကျောက်ပျဉ်ကြီးရွက် လို့။ ဒါကိုမြင်တော့ ရုပ်ရှင်ရုံ ထဲက ပရိသတ်တွေ ဝေါခနဲ ရယ်ကြတာပဲ။ ဒါပေမယ့် အဲဒီမိန်းမကြီးရဲ့ ရင်ထဲကို ၀င်ပြီး ခံစားကြည့်လိုက်စမ်းပါ။ တံမြက်စည်း မီးလောင် သွားလို့ ဘာအရေးလဲ။ ကျောက်ပျဉ်ဆိုတာ မီးလောင် နိုင်တာမို့လား။ ဘယ်လောက် များကော တန်ဖိုးရှိလို့လဲ ဆိုတာ စဉ်းစား ဆင်ခြင်နိုင်စွမ်း မရှိတော့လောက်အောင် ကြောက်လန့်ပြီး သွေးပျက် နေတာ ရင်နင့်စရာကောင်း လှပါတယ်။
ဒီလိုပါပဲ ကျွန်တော်တို့ ရဲ့ဝတ္ထုတွေဖတ်၊ ရုပ်ရှင်တွေ ကြည့်ပြီး သဘောတွေကျ၊ တ၀ါးဝါး တဟားဟားရယ် မောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာတော့ ကျောက်ပျဉ်ကြီးကို ခေါင်းပေါ်မှာ ရွက်ထားရတယ် ဆိုတာ သူတို့ သတိမပြုမိကြပါဘူး။

ကျေးဇူးပါပဲ ဆရာ။ ဒီတွေ့ဆုံခြင်းကို ဖတ်ပြီးရင်တော့ စာဖတ် ပရိသတ်ကလည်း ဆရာမင်းလူရဲ့ခေါင်းပေါ်က ကျောက်ပျဉ်ကြီးကို မြင်ယောင်ကြမယ် ထင်ပါတယ်။ မေလ ၁၈ ရက်နေ့ မှာကျရောက်မယ့် မွေးနေ့မှ သည် နှစ်ပေါင်းများစွာ တိုင်အောင် အောင်မြင်ထင်ရှားတဲ့ အနုပညာသည် တစ်ယောက် ဖြစ်ပါစေလို့ မွေးနေ့အကြို ဆုတောင်းလိုက်ပါတယ်။

ခံစားလွယ်တဲ့ စိုးပြည့်သဇင်



တက်သစ်စ သရုပ်ဆောင်တွေထဲမှာ အချိန်တိုတိုလေးနဲ့ ပရိသတ် အသိအမှတ်ပြုခံရတဲ့ သရုပ်ဆောင်ထဲမှာ စိုးပြည့်သဇင်လည်း ပါပါတယ်။

နင့်နင့်သီးသီးနဲ့ ငိုရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ စိုးပြည့်သဇင်က စိုးညီအစ်မတွေရဲ့ ညီမတစ်ယောက်ဖြစ်တဲ့အလျောက် သရုပ်ဆောင်မှုပိုင်းကို ကြိုးစားပမ်းစား လုပ်ဆောင်သူပါ။ ကျန်းမာရေးမကောင်းပေမယ့် ၀ါသနာပါတဲ့ အနုပညာအလုပ်ကို အားတက်သရော ဆောင်ရွက်နေတဲ့ စိုးပြည့်သဇင်က နှလုံးအားနည်းတဲ့ရောဂါခံစားနေရင်း ရွှေအမြုတေမဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ အ၀တ်အစားပုံစံကို လူငယ်ဆန်ပေမယ့် ခပ်ဟော့ဟော့ပုံစံတွေ မ၀တ်ရဲတဲ့ စိုးပြည့်သဇင်အတွက် အ၀တ်အစားကို Hito ကစီစဉ်ပေးထားပါတယ်။ စီစဉ်ထားတဲ့ အ၀တ်အစားအပြင် မြင်ရတဲ့ အမြင်ရိုးမသွားစေဖို့ Location ကို စဉ်းစားသလို ပါဝင်ရမယ့် ပစ္စည်း၊ ပစ္စယကိုလည်း စဉ်းစားကြပါတယ်။ ဂီတကိုလည်း ၀ါသနာပါတဲ့ စိုးပြည့်သဇင်နဲ့လိုက်ဖက်အောင် ဓာတ်ပုံဥာဏနဲ့အတူ စဉ်းစားကြရာမှာ ချယ်လို၊ စန္ဒရား များနဲ့ရိုက်ဖို့ စဉ်းစားကြပါ တယ်။

ချယ်လို၊ စန္ဒရားများ တစ်နေရာတည်းမှာရတဲ့ ဗိုလ်ချုပ်ဈေးမှာ မြတ်နိုးသူ (ဂီတတူရိယာ)ဆိုင်ဖွင့်ထားတဲ့ ဦးစန်းမောင်ရဲ့အိမ်မှာရိုက်ကူး ကြပါတယ်။ ဆိုကရေးတီး ပြိုင်ပွဲမှာ စန္ဒရားအတီးနဲ့ဆုရရှိခဲ့ဖူးတဲ့ စိုးပြည့်သဇင်က စန္ဒရားတီးရင်း အကောင်းဆုံး သရုပ်ဆောင်ပေးပါတယ်။ စန္ဒရားတီးသလို ချယ်လိုတီးရင်း သရုပ်ဆောင်ပေးတဲ့ စိုးပြည့်သဇင်ကို ဓာတ်ပုံဥာဏ ကလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေးပါတယ်။

နေမကောင်းပေမယ့်ရတဲ့အချိန်လေးအတွင်းမှာ အကောင်းဆုံး သရုပ်ဆောင်ပေးတဲ့ စိုးပြည့်သဇင်ကို မိတ်ကပ်လိမ်းခြယ် ပေးသူကသုန်သုန်ပါ။ သုန်သုန်ရဲ့ မိတ်ကပ်ပြင်ဆင်မှုနဲ့ လှပနေတဲ့ စိုးပြည့်သဇင်ကို ရွှေအမြုတေအတွက် မေးမြန်း ဖြစ်ပါသေးတယ်။

စိုးပြည့် တစ်ကိုယ်တော် စီးရီးရဲ့အခြေအနေ ဘယ်လိုရှိနေပြီလဲ။

“သီချင်းက ရေးနေတဲ့ အဆင့်ကနေ မတက်သေးဘူး။ ရုပ်ရှင်ကားကြီးမှာလည်း သရုပ်ဆောင်ဖြစ်နေတော့ ရုပ်ရှင်ဘက်ကို အာရုံစိုက်ဖြစ်နေတယ်။ ဖေဖေက သီချင်းရွေးပေးတယ်။ ဖေဖေက စိုးပြည့်နောက်ကို လိုက်ပေးနေရတဲ့အတွက် သီချင်းမရွေးနိုင်ဘူး ဖြစ်နေတယ်။ သီချင်းလည်း မကျင့်ဖြစ်ဘူး။ Show တွေဆိုမှပဲ သီချင်းကျင့်သလို ဖြစ်သွားတာ”

တောင်ကြီးသင်္ကြန်မှာ Iron Cross အဖွဲ့ရဲ့တီးခတ် မှုနဲ့အတူ ဖျော်ဖြေရတဲ့ အရ သာကို ပြောပြပေးပါဦး။

“show အဆိုနည်းတဲ့ စိုးပြည့်အတွက် စိုးပြည့် ဘ၀မှာ အများဆုံးဖြစ်မယ် ထင်တယ်။ တောင်ကြီးပရိသတ် က တော်တော်များတာ။ Iron Crossနဲ့လည်း ပထမဆုံး ဆိုဖူးတာလည်း ဖြစ်တယ်။ ပရိသတ် က လည်းများတော့ တော်တော်ကြောက်တယ်။ စင်ကလည်း အမြင့်ဆိုတော့ ပိုကြောက်တယ်။ ဒါပေမယ့် ပရိသတ်က ယဉ်ယဉ်ကျေးကျေးနဲ့ အားပေးတဲ့အတွက် ကျေနပ်ခဲ့ရတယ်။ Iron Cross က ဦးချစ်စမ်းမောင်နဲ့ ဖေဖေတို့က သိတော့ ဆိုရတာတော့ မကြောက်တော့ဘူး။ ဒါပေမယ့် သီချင်းစာပိုဒ်မှားမှာတော့ ကြောက်ခဲ့ရတယ်။ Iron Cross နဲ့ မဆိုရခင်က Iron Cross နဲ့ ဆိုရဖို့ မျှော် လည်းမျှော်လင့်ခဲ့တယ်။ ပြောရရင် သင်္ကြန်ပွဲမှာ သီချင်းဆိုတာ သီချင်းမတိုက်ဘဲနဲ့ ဆိုခဲ့ရတာ အမှတ်တရပဲ။ နာမည်ကြီးတီးဝိုင်းဖြစ်တော့ သီချင်းမတိုက်ပေမယ့် စိုးပြည့်ရဲ့ အားနည်းမှုကို ဖြည့် ပေးပါတယ်”

Show တချို့ဆိုတဲ့အခါ စက်မှုပိုင်း မကောင်းတာနဲ့ ကြုံဖူးလား။

“တီးဝိုင်းရဲ့ ပံ့ပိုးမှုက များစွာလိုအပ်သလို မိုက်ကရို ဖုန်းကောင်းမွန်မှုလည်း လိုအပ်ပါတယ်။ တချို့နယ် တွေသွားတဲ့အခါ မကောင်းတဲ့ စက်တွေနဲ့ ကြုံဖူးတယ်။ သူတို့ကလည်း တတ်နိုင် သလောက်လုပ်ပေးထားကြတာ။ အဲဒီတော့ စိုးပြည့်တို့ရဲ့ အသံတွေက အဆင်မပြေဘူး။ အဲဒါမျိုးဆို အရမ်းကြောက်တယ်။ ပရိ Showကစက်တွေ မကောင်းတာ မသိတော့ အသံကဘယ်လိုကြီး လဲမသိဘူးဆိုပြီး ဖြစ်သွားရော။ အခုဆိုခဲ့တဲ့ Iron Cross နဲ့ပွဲမှာ စက်တွေက ဦးချစ်စမ်းမောင်ရဲ့ စက်တွေ၊ အရမ်းကောင်းတဲ့ စက်တွေဆိုတော့ စိုးရိမ်ရမှု မရှိတော့ပါဘူး။ Rock တီးတာ အရမ်းပိုင်တဲ့ ၀ိုင်းလေ”

ရန်ကုန်မှာသာ Iron Cross နဲ့ ဆိုရမယ်ဆိုရင် စိုးပြည့်ရဲ့ သီချင်းသစ်တွေနဲ့ ဖျော်ဖြေဖို့ စဉ်းစားမလား။

စိုးပြည့်ရဲ့တစ်ကိုယ် တော်ထဲမှာ Show Rock, Pop အပြင်းစားလေးတွေထည့်ထားတယ်။ Show ဆိုရင်လည်း လိုက်မယ့်သီချင်းလေးတွေ ထည့်ထားတာဆို Iron cross နဲ့ဆိုရမယ်ဆိုရင် အဲဒီ သီချင်းတွေ ဆိုဖြစ်မှာ ပါ။

တစ်ကိုယ်တော်ကို ဘယ်တီးဝိုင်းနဲ့တီးမှာလဲ။

Iron Cross နဲ့တီးမယ် လို့ စိုးပြည့် စိတ်ကူးထားတယ်။ ကိုဇ၀ါ၊ ကိုဆောင်းဦးလှိုင်၊ R ခိုင်၊ ရယ်ဂျီ၊ ဦး မြင့်မိုးအောင်၊ ဦးမင်းချစ်သူ တို့ကို ရေးပေးဖို့ စိုးပြည့် တောင်းဆိုမယ် ။

အဲဒီတေးရေးတွေကို ဘာကြောင့်ရေးစေချင်တာလဲ။

“တေးရေး တစ်ယောက်ချင်းစီက တစ်မျိုးစီ တော်ကြတယ်လေ။ စိုးပြည့်ရဲ့ အခွေထဲမှာ သီချင်းအစုံ၊ တေးရေးဆရာအစုံ ပါချင်တယ်။ ဦးမင်းချစ်သူနဲ့ ရင်းနှီးသလို ကိုဇ၀ါနဲ့ကလည်း ဆွေမျိုး မကင်းဘူးလေ။ သူတို့ရေးတာတွေ ကြိုက်တော့ စုံသွားတာပါ။ ဦးမင်းချစ်သူဆိုရင် ရေးတဲ့စာသားက တစ်လုံးချင်းစီ အဓိပ္ပာယ်ကောင်းတယ်။ ဦးဖိုးကာရဲ့ တစိမ့်စိမ့်ကြည့် သီချင်းဆိုရင် အရမ်း ကွန့်ထားတာ မဟုတ်ဘဲ နားထဲကိုတန်းဝင်တယ်။ စာသားတွေကအစလေ၊ စိုးပြည့်က အဲဒါမျိုးတွေဆို ကြိုက်တယ် ”

တစ်ကိုယ်တော် အတွက် သီချင်းရွေးချယ်မှု ပိုင်းက စိုးပြည့်အတွက် ခက်ခဲမှု ရှိနိုင်မလား။

“သီချင်းရှာရတာ ခက်ပါတယ်။ ထူးထူးခြားခြားလည်း ဖြစ်ချင်တာကိုး။ သီချင်းတိုင်းက ကိုယ်နဲ့လိုက်လား၊ မလိုက်လား မပြောနိုင်ဘူး။ ကိုယ့်အသံနဲ့ လိုက်မယ့် သီချင်းမျိုးကို ရှာရတာ။ စိုးပြည့်က ကိုယ်ပိုင် ရယ်၊ ကော်ပီရယ် မရွေးဘူး။ အသံနဲ့လိုက်မယ့်ဟာကိုပဲ အဓိက ရွေးနေတယ်။ စိုးပြည့် အသံလုံးကကြီးတော့ သီချင်း တော်တော် ရွေးရတယ်။

စိုးပြည့်စပြီးရိုက်ဖြစ် တဲ့ဇာတ်ကားတွေက ဒရာမာ တွေများပေမယ့် အခုနောက်ပိုင်း ဖဲန်စီကားတချို့လည်း ရိုက်ဖြစ်တယ်။ ဘာကြောင့် လဲ။

အဲဒီ ဒရာမာဆိုတာကို သမီးပြောချင်တယ်။ လူတွေ က ငိုရင် ဒရာမာလို့ သတ်မှတ်ကြတယ်။ ငိုရင် ဒရာမာ မဟုတ်ဘူး။ ဒရာမာဆိုတာက မိသားစု၊ အုံလိုက်ကျင်းလိုက်၊ အရင်တုန်းက စိုးပြည့် နဲ့ ကိုမြင့်မြတ်တို့နဲ့ ရိုက်ခဲ့တဲ့ ကားတွေပေါ့။ မာနမင်းသား ဇာတ်ကားဆိုရင် အချစ်ဇာတ် ကားလေး၊ ချစ်ခြင်းမေတ္တာကို ဖွဲ့ထားတဲ့ ဇာတ်ကားဖြစ် တယ်။ ပရိသတ်တွေက အချစ်ကားလည်း ကြိုက်ကြတယ်။ အချစ်အကြောင်းလည်း စိတ်ဝင်စားကြတော့ အချစ်ကားတွေ အရိုက်များတယ်။ ဟာသကားလည်း ရိုက်ဖြစ်တယ်။ အချစ်လား-လာထား ဇာတ်ကားမှာဆိုရင် မျက်မှန်နဲ့ အူကြောင်ကြောင် ကောင်မလေး၊ ရယ်စရာ လုပ်ရတာ”

စိုးပြည့်အနေနဲ့ ရုပ်ရှင်ကားကြီး စရိုက်တဲ့အချိန်မှာ ဟာသကားနဲ့ပဲ စခဲ့တယ်။အခု နောက်ပိုင်း စိုးပြည့်ရိုက် ဖြစ်တဲ့ ရုပ်ရှင်တွေကလည်း ဟာသတွေ ဖြစ်နေတယ်။ဘယ်လိုပုံစံနဲ့ လက်ခံရိုက်ဖြစ် လဲ။

“အခု ကားကြီး တော်တော်များများက ဟာသတွေချည်းပဲ၊ ဟာသကို ပရိသတ်ကလည်းကြိုက်တယ်။ စိုးပြည့်တို့အရွယ်တွေနဲ့ဆိုရင် ဟာသပဲရိုက်ကြတယ်။ ဟာသက မြတ်လည်းမြတ်တာကိုး။ စိုးပြည့်ဆိုရင် ဦးညီညီ ထွန်းလွင်နဲ့ပဲ ရိုက်ဖြစ်တယ်။ ဒါရိုက်တာပေါ်မူတည်ပြီး ရိုက်တာမဟုတ်ပါဘူး။ ကားကြီးလာငှားရင် ရိုက်တာပဲ။ ကားကြီးက ရိုက်ရဖို့နည်း နည်းခဲယဉ်းတယ်လေ။ ဟာ သရယ်၊ဒရာမာရယ်လို့ မခွဲဘဲ ကားကြီးဆိုရင် ရိုက်ပါတယ်။ ပါတဲ့သရုပ်ဆောင်များရင် လက်မခံဘူးဆိုတာလည်း မရှိပါဘူး။ ကားကြီးက သရုပ်ဆောင်နည်းဖို့က ခဲယဉ်းတာပဲ။ အုံလိုက်ကျင်းလိုက်နဲ့ အနုပညာမောင်နှမတွေလုပ်ကြတာဆိုတော့ သရုပ်ဆောင်များလို့ မရိုက်ဘူးဆိုတာ မရှိပါဘူး။ စိုးပြည့်တို့ရဲ့ လုပ်ဆောင်ကွက်ကိုလည်း မျှပြီးပေးပါတယ်။ ၀ါရင့်တွေနဲ့အတူတူ ယူလို့တော့မရဘူးလေ။ စိုးပြည့်တို့က အခုမှ စလုပ်တာ။ ဘာမှမလုပ်တတ်သေးတဲ့ သူတွေဆိုတော့ ဟာသကို ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ရတယ်”

ဒါရိုက်တာ ချိုတူးဇော် ရိုက်တဲ့ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းက လွမ်းတတ်တဲ့သူ ဇာတ်ကားမှာ ကောင်လေးကို လိုက်ကြိုက်တဲ့ သွက်သွက်လက်လက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတော့ အပြင်မှာရော စိုးပြည့်သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ အဲဒီလိုမျိုး စနောက်ဖြစ်လား။

မေးမှမေးရက်တယ် အစ်မရယ်။ အဲဒီကားကို စိုးပြည့် ရိုက်ရတာ တော်တော်အူယားတယ်။ အချစ် လား...လာထား ကားမှာလည်း မိုးအောင်ရင်ကို တစ်ဖက်သတ် ကြိုက်ရတာပဲ၊ အဲဒီလိုသရုပ်ဆောင်ရတာ စိတ်ထဲမှာ ကိုးလိုးကန့်လန့် နိုင်တယ်”

မိန်းကလေး သူငယ်ချင်း ငါးယောက်ခြောက်ယောက်လောက်စုမိတဲ့အချိန် ကောင်လေးချောချောသန့်သန့် လေးတစ်ယောက်လောက် တွေ့ရင် လိုက်စတာမျိုးရှိခဲ့ဖူးလား။

စိုးပြည့် အဲဒီလိုမျိုး ဘယ်တော့မှ မရှိခဲ့ဘူး။ အဲဒီလိုမျိုးလည်း မကြိုက်ဘူး။ မြန်မာမိန်းကလေးတစ်ယောက်က ဣနြေ္ဒသိက္ခာရှိရမယ်လေ။ ဇာတ်လမ်းတွေထဲမှာတော့ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားတာပါ။ သရုပ်ဆောင်ရင်းနဲ့တော့ တော်တော်အူယားပါတယ်။

အဲဒီလို အူယားတာက စိုးပြည့်အနေနဲ့ သရုပ်မဆောင် နိုင်လို့လား။

“စိုးပြည့် အူယားတယ် ဆိုတာက အဲဒီပုံစံမျိုးဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျောင်းတက်တုန်းကလည်း ယောက်ျားလေး သူငယ်ချင်း တစ်ယောက်မှလည်း မထားခဲ့ဘူး။ စိုးပြည့်မှာ အပေါင်းအသင်းလည်း သိပ်မရှိဘူး။ မိန်းကလေး သူငယ်ချင်းမှ နှစ်ယောက်လောက်ပဲ ရှိတယ်။ မိန်းကလေး သူငယ်ချင်းတောင် နှစ်ယောက်လောက်ပဲရှိတာ ယောက်ျားလေး သူငယ်ချင်းဆိုရင် ဝေးရော။ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော မနေတတ်ဘူး”

အပြင်မှာ ဒီလိုနေကျင့် မရှိတော့ သရုပ်ဆောင်ရမယ် ဆိုရင် သရုပ်မဆောင်ချင်တာမျိုးရှိလား။

“သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာ သရုပ်ဆောင် နိုင်ရမှာပဲလေ။ သရုပ်မဆောင်ချင်ဘူးရယ်လို့ မရှိပါဘူး။ အဲဒီထက်ဆိုးတဲ့ Character တွေ အများကြီး ရှိသေးတယ်လေ။ လုံးဝပျက်စီးနေတဲ့ မိန်းကလေးပုံစံ ရှိသေးတယ်။ ကိုယ် မနှစ်သက်လို့ ၊ ကိုယ်မကြိုက်လို့ သရုပ်မဆောင်တာမျိုး မရှိဘူး။ သရုပ်ဆောင်ရင် ကိုယ်မဟုတ်တော့ဘူးလို့ သတ်မှတ်ပြီး လုပ်တယ်”

မိန်းကလေးတစ် ယောက်အနေနဲ့ ဘယ်လို စည်းဘောင် တွေရှိရမယ်လို့ စိုးပြည့်ကိုယ်စိုးပြည့် ချမှတ်ထားလဲ။

စိုးပြည့် ငယ်ငယ်လေး ကတည်းက မိန်းကလေးသိက္ခာကို မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ဘယ်အရာနဲ့မှမလဲနိုင်ဘူး။ ကျောင်းမှာလည်း စံပြဖြစ်အောင်နေခဲ့တယ်။ သတိလည်းထားတယ်။ ကျောင်း မှာလည်း ဆရာမတွေက ရည်းစားထားတာတွေ ဘာတွေ မကြိုက်ဘူး။ စိုးပြည့်က ရည်းစားလည်း မထားဘူး။ ယောက်ျားလေးတွေနဲ့ ဝေး ဝေးနေတဲ့အခါကျတော့ ငယ်ငယ်လေးကတည်းက အကျင့်တွေ အခုထိပါလာတယ်။ ဒီဂုဏ်လေးကို မပျက်အောင် အမြဲထိန်းထားမယ်။

သရုပ်ဆောင်လောက ထဲဝင်တော့ အဲဒီလိုမျိုးနေလို့ အဆင်ပြေရဲ့လား။

စိုးပြည့် ငယ်ငယ်လေး ကတည်းက နေလာခဲ့တဲ့ အကျင့်ဆိုတော့ အနုပညာမောင်နှမအားလုံးလည်း ဖြစ်တဲ့အတွက် မောင်နှမလို စည်းစည်းလုံးလုံးလုပ်တယ်။
ထွေထွေထူးထူး ထိန်းသိမ်း စရာမလိုဘူး။ စိုးပြည့်က အပြင်အပေါင်းအသင်းလည်း မရှိတော့ အဆင်ပြေပါတယ်။

နည်းပညာတိုးတက် မှုကို အသုံးချပြီး တစ်ဖက် လူရဲ့ ဂုဏ်သိက္ခာ ထိခိုက် အောင် ပြုလုပ်ခြင်းအပေါ် စိုးပြည့်တို့လို မိန်းကလေး အနေနဲ့ ဘာများပြောချင်လဲ။

“ကိုယ့်ဘက်က သတိထားရမှာပေါ့။ လုပ်ကြံတယ် ဆိုရင် လုပ်ကြံတဲ့သူရဲ့ အပြစ်ပေါ့။ ကိုယ့်ဘက်ကတော့ မဖြစ်အောင် သတိထားရင် အကောင်းဆုံးပေါ့။ နည်းပညာတိုးတက်မှုကို ကောင်းတဲ့နေရာမှာ အသုံးချရင် အကျိုးရှိပေမယ့် မကောင်းတဲ့ နေရာမှာ အသုံးချရင်တော့ ဆိုးကျိုးရှိနိုင်တယ်”

စိုးပြည့် သရုပ်ဆောင် တဲ့အခါ အကောင်းဆုံး စိတ်နှစ်ပြီး သရုပ်ဆောင်တယ်။ တခြားသရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေ ကြည့်ရင် စိတ်နှစ်ခံစားပြီး ကြည့်ဖြစ် လား။

“တခြားသရုပ်ဆောင် တွေရဲ့ ဇာတ်ကားကို ကြည့်တဲ့အခါ သူတို့ငိုရင် လိုက်ငိုတယ် သူတို့ရယ်ရင် လိုက်ရယ်တယ်။ တကယ်ကို ခံစားပြီး ကြည့်တယ်။ ဒါရိုက်တာတွေနဲ့ ပြန်တွေ့ရင် သူတို့ နှစ်ယောက်ကို ဘာလို့ ပေးမညားတာလဲတို့ ဘာတို့ ပြောတယ်။ ၀တ္ထုဖတ်ရင်လည်း ကောင်လေးနဲ့ ကောင်မလေး ပြဿနာဖြစ် ကွဲသွားတယ်။ သေသွားတယ်ဆိုရင် အဲဒီ ၀တ္ထုကို လှည့်မကြည့်တော့ ဘူး။

ခံစားတတ်လွယ် တယ်။ အသည်းနုတာပေါ့။

“မပြောတတ်ဘူး။ စိုးပြည့်ရှေ့မှာ ၀မ်းနည်းစရာ လာလုပ်လို့မရဘူး။ ၀မ်းနည်းလွယ်တယ်။ အမေအို တစ်ယောက်ဘေးမှာလာထိုင်ရင် ကိုယ့်အဘွားကိုယ်သတိရပြီး ငိုပြန်ရော”

ကိုယ့်ဇာတ်ကားတွေ ကိုယ်ပြန်ကြည့်ရင်ရော။

“ကိုယ့်ကားကို ပြန်ကြည့်ရင် ဘာခံစားချက်မှမရှိတော့ဘူး။ အမေတို့ အဖေတို့ အကုန်လုံးက အပြစ်ရှာပြီးပဲ ကြည့်ကြတာလေ။ ကိုယ့်ဘက်ကလိုနေတာတွေ သိနေတာဆိုတော့ ခံစားချက်တွေ ပျောက်ကုန်ရော။ ကားတစ် ကားထွက်ရင် ကိုယ်ဘာလို တယ်ဆိုတာသိမှပဲ အကောင်း ဆုံးဖြစ်မှာ။ နောက်တစ်ခေါက် ပြန်ကြည့်လည်း ကြိုက်လို့ မဟုတ်ဘူး။ အပြစ်ရှာဖို့ပဲ ပြန် ကြည့်တယ်”

ခံစားလွယ်လို့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတယ်လို့ ပြောရမှာပေါ့။

“အဲဒါလည်းပါတယ်။ အနုပညာရှင်တော်တော်များများက စိတ်နုကြတယ်။ ဘယ်လိုပြောမလဲ အနုပညာ လုပ်တဲ့သူ တော်တော်များများ အသည်းနုတတ်ကြတယ်။ သိပ်မခံစားနိုင်ကြဘူး။ အသည်းမာတဲ့သူတွေလည်း ရှိပါတယ်။ တော်တော်များများကတော့ အသည်းနုကြတယ်။ စိုးပြည့်က ငယ်ငယ်လေးကတည်းက မျက်ရည်လွယ်တယ်။ ကားရိုက်ရင်လည်း စိတ်နှစ်လိုက်ရင် တကယ် ဖြစ်နေတဲ့အတိုင်း ဖြစ်သွားတယ်။ တစ်ခါတလေ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ငိုတဲ့အခန်းအတွက် mood သွင်းလို့ မရတာတွေ ရှိတတ်ပါတယ်”

ဒါရိုက်တာညိုမင်းလွင်ရိုက်တဲ့ ပန်းပွင့်တွေရဲ့နေ့၊ ဓားသွားတွေရဲ့ည ရိုက်ကွင်းမှာ အမှတ်တရ ရှိခဲ့တယ်။ စိုးပြည့်ရဲ့ ဒုတိယမြောက်ဇာတ်ကားလည်းဖြစ်တယ်။ အဲဒီကားမှာ တောင်ပေါ်ကပြုတ်ကျပြီး သေတဲ့ဇာတ်ဝင်ခန်း ရိုက်ရာမှာ ဖင်ထိုင်လျက်မကျဘဲ ခေါင်းနဲ့ကျသွားတယ်။ တောင်အောက်မှာ မွေ့ရာတွေချထားတယ်။ နွယ်ကြိုးကို ကိုင်ပြီးဖင်နဲ့ကျရမှာ မကျဘဲ ခေါင်းနဲ့ထိုးကျသွားတာ။ ကံ ကောင်းလို့ တစ်ပတ်လည်ပြီး ကျသွားတာ။ အဲဒါအမှတ်တရအဖြစ်အပျက်။ ဧဒင်ရဲ့ ကျေးကျွန်များ ရိုက်တုန်းကလည်း အဲဒီလိုပဲ၊ ဖြေသိမ့်လိုက် သီချင်းနောက်ဆုံးပိုဒ် အမြူးလေးနဲ့သိမ်းတာ။ သူ ငယ်ချင်းလေးယောက်လက် တွဲပြီးပြေးတဲ့ ဆင်းန်မှာ စိုးပြည့်က ဒေါက်အမြင့် စီးထားတယ်။ ပြေးရမယ့်နေရာကလည်း ရေတွေလွှမ်းနေတာ။ ချိုင့်တွေ၊ ဘာတွေ မမြင်ရဘူး။ အရှိန်နဲ့ပြေးတော့ ချိုင့်ထဲကျပြီး လဲမကျန်ခဲ့ဘဲ ဒရွတ်တိုက်ပါသွားတာ၊ ဒူးတွေပြဲ၊ စကတ်တွေလည်းပြဲ အမှတ်တရတွေက အနာတရတွေချည်းပဲ” လို့ စိုးပြည့်သဇင်က ရိုက်ကူးရေးတစ်လျှောက်မှာ အမှတ်တရရှိခဲ့တဲ့ အမှတ်တရ အဖြစ်အပျက်များကို ပြောပြပါသေးတယ်။




ခင်လေးမြင့်

အားလုံးနဲ့ မတူတဲ့ အေသင့်အကြိုက်


တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူတတ်တာဟာ ခံစားတတ်တဲ့ သက်ရှိ လူသားတွေရဲ့ သဘာဝ ဖြစ်တာကြောင့် တစ်ခါတစ်ရံမှာ အားလုံးနဲ့ တစ်ယောက်တောင်မှ ဖြစ်သွား တတ်တဲ့ အနေအထား တွေကို တွေ့ကြုံ ကြရပါတယ်။ အသံရဲ့ ကောင်းခြင်း ကြောင့် ပရိသတ် အားပေးမှုနဲ့ ယနေ့ နာမည်ကျော် အဆိုတော်ဘ၀ကို ပိုင်ဆိုင်စ ပြုနေပြီ ဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ အကြိုက်ဆုံး ထဲမှာ အသံကို ထည့်သွင်း မဖြေဆိုခဲ့ ပါဘူး။

အေသင့် အသံက သီချင်းဆိုရင် ကောင်းတယ်။ စကားပြောရင် မကောင်းဘူး။ အေသင့် အကြိုက်ကို ရွေးပေးရမယ် ဆိုရင် မျက်လုံးနဲ့ နှုတ်ခမ်းကို ကြိုက်တယ်။


ကိုယ့်ရွေးချယ်မှု အတွက် ကိုယ်တိုင် အဓိပ္ပာယ် ဖွင့်ပေးပါဦး။
မျက်လုံးကို လူတော်တော်များများက ပြောကြတယ်။ မျက်လုံးအား ကောင်းတယ်။ ဆွဲဆောင်မှု ရှိတယ်ပေါ့။

နှုတ်ခမ်းကို ကျတော့ သူများတွေ အပြောနဲ့ မဟုတ်ဘူး။ ကိုယ့်ဟာ ကိုယ်ကြိုက်နေတာ။ နှုတ်ခမ်းနီ ဆိုးလိုက်ရင် ကကြီးပုံပေါ်ပြီး အပေါ်အောက် အချိုင့်လေး ပေါ်နေတာကို ကြိုက်တယ်။ နှုတ်ခမ်းနီဆိုးပြီး မှန်ကြည့်လို့ ကိုယ့်နှုတ်ခမ်းလေး လှနေရင် ကျေနပ်တယ်။

အဆိုတော် အေသင်ချိုဆွေ အနေနဲ့ရော ပရိသတ်ကဘာကို တုံ့ပြန်မှု အများဆုံး ဖြစ်မလဲ။
Performance ကိုလည်း အပြောများကြတယ်။ ကတာ ကောင်းတယ် လို့လည်း ဆိုတယ်။ တချို့ကတော့ ချစ်ဖို့ ကောင်းတယ်တဲ့။ ဘာပဲပြောပြော ပရိသတ်တွေက သူတို့ချစ်တဲ့ အနုပညာရှင် တစ်ယောက်ကို အပြင်မှာ ဘယ်လောက် ရုပ်ဆိုးဆိုး သူတို့ ချစ်နေတဲ့ အတွက် ချစ်စရာ ကောင်းတယ်။ ချောတယ်ပဲ ပြောကြတယ်။ ရုပ်ဆိုးတယ်လို့ တစ်ခါမှ ပြောသံ မကြားရ ဖူးဘူး။

အေသင်ကြိုက်တဲ့ အလှတရား တွေရယ်၊ တခြား အေသင် ပိုင်ဆိုင်တဲ့ ဘုရားပေးတဲ့ အရာတွေ ကနေ ဘယ်အရာတွေက အေသင်ရဲ့ အောင်မြင်မှုကို အားကောင်း သွားစေခဲ့ တာလဲ။
အဓိက အသံပေါ့။ ဘုရားပေးတဲ့ အသံ။

ပြီးတော့ ဘုရားပေးထားတဲ့ အနုပညာ စိတ်ဓာတ် သံစဉ်တွေ ထွက်လာအောင်၊ သီချင်းကောင်းတွေ ရွေးနိုင်အောင်၊ သီချင်း နားထောင်မှု အားကောင်း စေတဲ့ အရာတွေကို ဘုရားက ပေးထားတယ်။ ပြီးတော့ ဘယ်သီချင်းက ပေါက်နိုင်တယ် ဆိုတာကို နားထောင် ရွေးချယ်နိုင်စွမ်း ပေးထားတဲ့ အနုပညာနဲ့ ပတ်သက်ပြီး ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ ဥာဉ်တွေက အောင်မြင်မှုကို ကောင်းစေတဲ့ အရာတွေပဲပေါ့။ စတင် ဆိုခဲ့ချိန်မှာ အေသင်က ငယ်သေးတယ်။

အခု အောင်မြင်ချိန်မှာ အသက်အရွယ်ကြောင့် အသံပြောင်းလဲမှု ကြုံရလား။
အသံနဲ့ ပတ်သက်လို့ လေ့ကျင့်မှု ပြန်လုပ်ရတာ။

လုပ်ခဲ့တာရှိလား။

ထူးထူးခြားခြား လေ့ကျင့်မှုတော့ မလုပ်ခဲ့ပါဘူး။ ရေချိုးခန်း အဆိုတော် လုပ်တယ်။ (သီချင်းထဲက အတိုင်းပဲပေါ့လို့ ဆိုတော့ ဟုတ်ကဲ့ ဆိုပြီး ရယ်နေပါတယ်။) ရေကူးတယ်။ ပြီးတော့ အခု နောက်ပိုင်း မှာတော့ ရှိုးပွဲတွေမှာ ဆိုနေရတာ များတော့ အကျင့်ရပြီး အသံက ဒီတစ်သံပဲ ဖြစ်သွားပြီ။ ဒီအခွေ ထဲမှာတောင် သိသာတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်က အသံ မတူချင်ဘူး။ အခုတော့ အသံက တူသွားပြီ။ ဆိုလိုက်တာနဲ့ အေသင် ချိုဆွေမှန်း သိသွားကြပြီ။
အေသင်က ငယ်သေးတယ်။ ချစ်သူ မရှိသေးဘူး လို့လည်း သိထားတယ်။ ဒါပေမယ့် အစ်မမေးခွန်း တစ်ခုလောက် မေးကြည့်ချင်တယ်။

အေသင်နဲ့ ဆန့်ကျင်ဘက် အမျိုးသား တစ်ယောက်ကို ကြည့်ပြီး အကြိုက်ဆုံး တစ်ခုကို ရွေးကြည့်ရမယ် ဆိုရင် အေသင် ဘာရွေးမလဲ။

(အေသင် အရမ်းရယ်နေပြီး တော်တော်နဲ့ မဖြေသေးပါဘူး။ ပြီးမှ...) အေသင်က အရပ်မြင့်တဲ့ သူဆိုတော့ ကိုယ့်ထက် အရပ်ရှည်တဲ့သူ။ ပြီးတော့ နဖူး နည်းနည်းပြောင်တဲ့သူ။





သင်းပပ

ရေထဲတွင် ကလေးမွေးဖွားပေးသည့် ထိုင်းဆေးရုံ



ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားချိန်တွင် နာကျင်မှုသက်သာစေရန် ရေထဲ၌ ကလေးမွေးဖွားပေးခြင်း ဝန်ဆောင်မှုအား ထိုင်းနိုင်ငံရှိ ဆင်ပီတာဝေ့ ဆေးရုံကြီးတွင် ဆောင်ရွက်လျက်ရှိသည်။ ရေထဲတွင် ကလေးမွေးဖွားခြင်းသည် မွေးဖွားမည့်မိခင်အား အနည်းငယ်အနွေးဓာတ်ရှိသည့် ရေနွေးကန်ထဲတွင် မွေးဖွားရန် စတင်ဗိုက်နာချိန်မှစ၍ မွေးဖွားချိန်အထိ စိမ်ထားရပြီး ဆရာဝန်များ၊ သူနာပြုများက အဆင့်သင့်စောင့်ဆိုင်းနေကြမည် ဖြစ်သည်။ အမျိုးသားမှလည်း အနီးကပ်ခြေဆုပ်လက်နယ် ပြုလုပ်ပေးနေရမည်ဖြစ်ကြောင်း ဆင်မီတာဝေ့ ဆေးရုံကြီးမှ သားဖွားမီးယပ်ပါရဂူ ဆရာဝန်ကြီးက ရှင်းပြသည်။ ရေထဲတွင် ကလေးမွေးဖွားသည့်အတွက် မွေးကင်းစရင်သွေးငယ်အား ရေမွန်းမည်ကိုလည်း စိုးရိမ်စရာမလိုကြောင်း မွေးဖွားပြီး စက္ကန့်ပိုင်းအကြာတွင်ပင် ကလေးငယ်အား ဆယ်ယူ၍ ချက်ကြိုးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေထဲတွင်မွေးဖွားခြင်းမှာ တခြားအနောက်နိုင်ငံများတွင် ပေါ်ထွန်းခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာ မကြာသေးကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဆေးရုံ၌ ရေထဲတွင် မွေးဖွားခြင်းအား ဂျပန်လူမျိုးများ အများဆုံးပြုလုပ်ကြကြောင်း သိရသည်။ ထိုသို့ ရေထဲတွင် မွေးဖွားခြင်းသည် ပုံမှန်မွေးဖွားခြင်းထက် ကုန်ကျစရိတ် အနည်းငယ်ပိုမည် ဖြစ်သည်။ အလားတူ ဆင်မီတာဝေ့ဆေးရုံတွင် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းလိုသူများအတွက် ရေထဲတွက် လေ့ကျင့်ခန်းလုပ်ကုထုံး(Hydro Therapy)ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဆင်မီတာဝေ့ဆေးရုံသည် မြန်မာနိုင်ငံတွင်လည်း ကိုယ်စားလှယ်ထား၍ ဆေးဝါးကုသမှု ခံယူလိုသူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည်။

Credit: သီဟ (7Day News Journal)

ကိုလာအချိုရည်သောက်သော အမျိုးသားများ သတိထားစရာ


ကိုလာအချိုရည် အမြောက်အမြား သောက်ခြင်းက အမျိုးသားများ၏ သုက်ပိုးအရေအတွက်ကို လျော့နည်းကျဆင်းစေသည်ဟု ယူဆရကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ဒိန်းမတ်နိုင်ငံမှ ပညာရှင်များက နေ့စဉ်နေ့တိုင်း ကိုလာတစ်လီတာစီ စွဲမြဲစွာ သောက်သုံးပါက သာမန်ထက် သုက်ပိုးအရေအတွက် ပျမ်းမျှအားဖြင့် (၃၀)ရာခိုင်နှုန်းခန့် လျော့ကျသွားတတ်ကြောင်း တွေ့ရှိခဲ့သည်။ သုက်ပိုးအရေအတွက် နည်းပါးသော အမျိုးသားတစ်ဦးသည် သာမန်အားဖြင့် သားသမီးရနိုင်ခြေ နည်းပါးလေ့ရှိသည်။ ယင်းသည် ကိုလာတွင် ပါဝင်သော ကဖင်းဓာတ်နှင့် ဆက်စပ်နေကြောင်း၊ သို့သော်လည်း ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီကို သောက်ခြင်းကြောင့်မူ အဆိုပါ ဆိုးကျိုးမျိုး ကြုံတွေ့ရလေ့မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကိုလာအချိုရည်များရှိ ကဖင်းသည် ကော်ဖီတွင်ပါသော ကဖင်းထက် အာနိသင်ပြင်းထန်ကာ ပမာဏ ပိုမိုများပြားနေသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။ သုတေသန ရလဒ်သစ်ကို ဖော်ထုတ်နိုင်ခဲ့သည့် ဦးဆောင်သုတေသီ ကိုးလ်ဂျန်ဆန်က ကဖင်းဓာတ်သည် အမျိုးသားတစ်ဦး၏ မျိုးပွားကျန်းမာရေးအပေါ် သက်ရောက်မှုများအတွက် လေ့လာမှုများ ပိုမိုပြုလုပ်သွားရန် လိုသေးကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှု စစ်တမ်းကို လူပေါင်း(၂၅၀၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး ကိုလာပုံမှန် မသောက်သူများသည် သောက်သူများထက် သုက်ပိုးပါဝင်မှု အရည်အသွေး ပိုမိုကောင်းမွန်ပြီး သုက်ရည်တစ်မီလီလီတာတွင် သုက်ပိုးကောင်ရေ ပျမ်းမျှသန်း(၅၀)ခန့် ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ဒိန်းမတ်ရှိ လူငယ်များကြား ကိုလာသောက်သုံးမှု အလေ့အထသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြင့်တက်လာပြီးနောက် သုတေသီများက ကိုလာနှင့် ကျန်းမာရေး အခြေအနေကြား ဆက်စပ်မှုကို လေ့လာခဲ့ခြင်းဖြစ်သည်။ ပညာရှင်များက နေ့စဉ်အနည်းဆုံး ကိုလာတစ်လီတာ သောက်သုံးသူ အမျိုးသား (၉၃)ဦးတွင် သုက်ပိုးပမာဏမှာ တစ်မီလီလီတာတွင် (၃၅)သန်းမျှသာ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း ယင်းတို့သည် Fast Foodများ ပိုစားကြသလို အသီးအရွက် စားသုံးမှုလည်း လျော့နည်းနေသည့်အချက်ကိုလည်း ထည့်စဉ်းစားသင့်ကြောင်း ပညာရှင်များက ၀န်ခံခဲ့သည်။ ယခုလေ့လာတွေ့ရှိမှု အတိအကျ ရလဒ်များကို အမေရိကန်ထုတ် Epidemiology ဆေးပညာဂျာနယ်တွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။