Pages

Tuesday, March 13, 2012

ဘလော့ကာ မမ အဖြူရောင် နတ်သမီးလေး နှင့် အင်တာဗျူး



အားလုံးပဲ မင်္ဂလာပါ ။ ဒီတစ်ပတ် ဘလော့ကာ များနဲ့ အင်တာဗျူး အစီအစဉ်လေးမှာ ဘလော့ကာ မိန်းကလေး ထဲမှ သုတ ရသ စာပေ ရေးသားသူ မမ အဖြူရောင် နတ်သမီးလေးကို ရွေးချယ် ထားပါတယ်။

မြန်မာ ဘလော့ကာ များထဲမှ စာပေရေးခြင်း နေရာလေးမှာ အားပေးမှုတွေ များစွာ ရရှိပြီး လူသိများပြီး အောင်မြင်နေတဲ့ မမ အဖြူရောင် နတ်သမီးလေးရဲ့ ဘလော့ ရေးသားမှုနဲ့ စာပေအပိုင်း အကြောင်း အရာလေးတွေနဲ့ ဗဟုသုတ ဖြစ်ဖွယ် လေးတွေကို စာဖတ် ပရိတ်သတ်များကို တင်ပြနိုင်ဖို့ အတွက်မမ အဖြူရောင် နတ်သမီးလေး နဲ့ တွေ့ဆုံပြီး အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါ မမ .....

မေး = မမရဲ့ ဘလော့လေးကို ဘယ်တုန်းက စတင်ရေးသား ဖြစ်လဲဆိုတာ ပထမဆုံး မေးခွန်းလေးကို ဖြေကြားပါ ခင်ဗျာ။

လွန်ခဲ့တဲ့(၂)နှစ်ကျော် လောက်ကပါ။ အတိအကျပြောရမယ် ဆိုရင်တော့ (၃၁.၀၇.၂၀၀၉) ကပါ။

မေး = ဘလော့ ရေးတဲ့ သူတွေ အများစုက ကိုယ်ဝါသနာ ပါတဲ့ အရာတွေကို ရေးသားကြပါတယ်။ ဆိုတော့ မမရဲ့ဘလော့လေးကိုရော ဘယ်လို အကြောင်း အရာလေးတွေကို ရေးသားမယ်လို့ စိတ်ကူးပြီး အကောင် အထည် ဖော်ဖြစ်လဲ ?

အမက နိုင်ငံခြားမှာ တစ်ယောက်ထဲ အလုပ်လုပ်ရတဲ့သူလေ၊ မြန်မာသူငယ်ချင်း တွေရှိပေမယ့်လည်း အလုပ်ချင်းက မတူကြဘူး၊ သူ့အလုပ်နဲ့ သူဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ မလွယ်ကြဘူးပေါ့၊ အဲဒီတော့ အမရဲ့အထီးကျန်တဲ့ ဘဝကို စာရေးခြင်းဆိုတဲ့ အလုပ် တစ်ခုထဲမှာ နှစ်ထားလိုက်တဲ့သဘောပါ။

ရေးဖြစ်တဲ့အကြောင်း အရာတွေကတော့ ရင်ထဲက ခံစားချက်တွေကို ကဗျာအဖြစ် ပြောင်းလဲလိုက်တာမျိုး၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အသိ၊ အမြင်၊အတွေး၊ ဗဟုသုတတွေကို အများသိအောင် မျှဝေတဲ့ စာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။



မေး = အဖြူရောင် နတ်သမီး ဆိုတဲ့ မမရဲ့ ဘလော့နာမည်လေးကို ဘယ်လိုရွေးချယ်ပေးဖြစ် သွားတာလဲ ?

ဘလော့ဂ်တစ်ခု လုပ်မယ် ဆိုတော့ နာမည် ရွေးရပြီပေါ့နော်၊ အဲဒီမှာ အဖြူရောင်ကြိုက်တဲ့အမက အဖြူရောင်ဆိုတဲ့ စာသားလေး ပါအောင် ထည့်ချင်တာက အဓိကပေါ့၊ မိန်းခလေးဆိုတော့ နတ်သမီးနဲ့ တင်စားပြီး “အဖြူရောင်နတ်သမီး” ဘလော့ဂ်ဆိုပြီး မှည့်ဖြစ်သွား တာပါ။ အမနဲ့ဘလော့ဂ်လုပ်ပေးတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်ပြီး ရွေးထားတဲ့ နာမည်လို့ပြောလို့ရပါတယ်။

မေး = ဘလော့ နာမည်လေးက “အဖြူရောင်နတ်သမီး” ဆိုတော့ အစ်မရဲ့ ကလောင် နာမည်လေးနဲ့ နာမည်အရင်းလေးကို စာဖတ် ပရိသတ်များ အတွက် ပြောပြပေးလို့ ရမလား ?

ဟုတ် ... ရပါတယ်။ ကလောင် နာမည် ကိုလည်း နာမည် လှလှလေးပေး ထားတယ်..၊ “နမ်းမဝ”တဲ့ နာမည်ရင်း ကတော့ “ဥမ္မာစိန်မောင်”လို့ခေါ်ပါတယ်။

မေး = မမရဲ့ဘလော့လေးမှာ ဘယ်လို အကြောင်း အရာလေးတွေကို အဓိကရေးသား မျှဝေဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။

ခံစားချက် ကဗျာတွေ ၊ စိတ်ကူးယဉ် အချစ်ဝတ္ထုတွေ၊ အလုပ်ထဲက အတွေ့အကြုံတွေ၊ ပညာပေး ဆောင်းပါးတချို့နဲ့ ဆိုက်ပရပ်စ်(Cyprus) နိုင်ငံက လူနေမှုစရိုက် ၊ သမိုင်းရာဇဝင်တွေ၊ ရိုးရာပွဲတော်တွေ အကြောင်း အရေးများပါတယ်။

မေး = ဘလော့ရေးကြတဲ့ ဘလော့ကာတိုင်း ခံယူချက်တွေ အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။ ဘလော့ကာ ဆိုတဲ့ နာမည်လေးနဲ့ ဘလော့ကာ အကြောင်း အရာလေးတွေကို သုတ ရသ စာပေရေး သားနေသူ တစ်ယောက် အနေနဲ့ ဘယ်လိုခံယူ နားလည်ထားလဲ ဆိုတာ ဗဟုသုတ အနေနဲ့ ဖြေကြား ပေးစေလိုပါတယ်။

အဓိက ကတော့ “စာရေးတဲ့သူ”တွေပါပဲ၊ တချို့က ကဗျာဆရာ၊ တချို့က ဝတ္ထုရေးဆရာ၊ တချို့က ဆောင်းပါး၊ သတင်း၊ အဲဒီလိုလူတွေဟာ အင်တာနက် ခေတ်မှာ ဘလော့ဂ် တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အားသန်ရာ စာတွေကို ရေးကြတယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ စာချစ်သူတွေ အလွယ်တစ်ကူဖတ်နိုင်အောင်လို့ မိမိတို့ရဲ့ဘလော့ဂ် ပေါ်မှာ တင်ကြတယ်၊။

ဘလော့ဂ်ပေါ်မှာ ရေးတဲ့သူဆိုတော့ “ဘလော့ဂ်ကာ”ပေါ့ကွယ်။ အဲဒီဘလော့ဂ်ကာ တွေဟာ သူတို့ လေ့လာမိသမျှ၊ တွေ့ရှိသမျှ ဗဟုသုတ တွေကို မသိရှိသေးတဲ့ သူတွေအတွက် အသိပညာ၊ အတတ် ပညာတွေကို မျှဝေနေတဲ့ သူတွေပဲဖြစ်တယ်လို့ နားလည်ထားပါတယ်။

မေး = မမရဲ့ ပထမဆုံး ရေးသားဖြစ်တဲ့ စာပေ အကြောင်း အရာလေးကို သိချင်ပါတယ်။

ပထမဦးဆုံး ရေးဖြစ်ခဲ့တာ ကတော့ ကဗျာနဲ့ စခဲ့တာပါ။ VZO လို့ခေါ်တဲ့ ဆိုရှယ် ဆိုဒ်တစ်ခုမှာ nan_ma_wa ဆိုတဲ့ Account နဲ့ ကဗျာတွေ စပြီးရေးခဲ့တယ်။ အဲဒီကနေ တဆင့်တက်ပြီး ဘလော့ နေရာလေးကို ရောက်လာ ခဲ့တာပါ။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဆိုတဲ့ ဘလော့လေးကို စာဖတ်သူများ သိစေခဲ့တဲ့ စာပေပိုစ့်လေးနဲ့ ပက်သက်ပြီး ပြောပြနိုင်မလား ? အမှတ်တရ တစ်ခုခုပေါ့။

အဲဒါ ကတော့ အမအနေနဲ့ တတ်အပ်ပြောလို့ မရနိုင်ပါဘူး ၊ အမရေးတဲ့ ပို့စ်နဲ့ စာဖတ်သူတွေရဲ့ ခံစားချက်(သို့)အကြိုက်နဲ့ ထပ်တူ ကျသွားတဲ့ ပို့စ်မျိုးဟာ စာဖတ်သူများ သိစေခဲ့တဲ့ပို့စ်ရယ် လို့ပြောလို့ရပါတယ်။ စာဖတ်သူတွေ ဆီက ပြန်ကြားခဲ့ရတဲ့ ပို့စ်တွေကတော့ “သင်္ကြန်...တဲ့လား”(ဝတ္ထု)“အမှတ်ရလွမ်းနေဆဲပါ”(ဝတ္ထု) ၊ “မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူ များသို့”(ဆောင်းပါး)၊ “ကျမမှာ အဖေမရှိလို့ပါ” (ဆောင်းပါး) တို့ဖြစ်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဘယ်လို အကြောင်း အရာတွေကို လေ့လာ ခံစားပြီး ရေးသားဖြစ်လဲ ?

“ရသ”စာပေဆိုတဲ့နေရာမှာ (၂)မျိုးရှိတယ်။ တစ်ခုက အချစ်အကြောင်း၊ နောက်တစ်ခုက အတွေးအခေါ်ပိုင်းပေါ့။ အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် အဲဒီထဲက ဇာတ်ကောင်နေရာကို အမရောက်သွားတယ်၊ စာရေးနေတဲ့ အချိန်မှာ အဲဒီဇာတ်ကောင်ထဲကမိန်းခလေး အမဖြစ်သွားတယ်။

အဲဒါက အချစ်ရသပေါ့။ အတွေးအခေါ်ပိုင်း ရသမျိုး ကိုပြောရမယ် ဆိုရင် အမရဲ့အလုပ်က ဧည့်ကြို၊ အဲဒီတော့ လုပ်ငန်းခွင်ထဲက အဖြစ် အပျက်တွေကို ကုန်ကြမ်းယူပြီး ပညာပေး အနေနဲ့ ရေးလေ့ရှိတယ်။

ဥပမာ။ ။ “Mind the step...please” ဆိုတဲ့ ပို့စ်မျိုးပေါ့၊ လှေခါးတက်ရင် သတိထားပြီးတက်ပါ..၊ အဲဒီလိုပဲ ဘဝရဲ့လှေခါးကိုလည်း သတိနဲ့တက်ပါ၊ ခြေချော် ကျတတ်တယ်ဆိုတဲ့ အတွေးပိုင်းလေး တွေကို နှိုင်းယှဉ်ပြထားတာမျိုး ....

ပြီးတော့ ဘယ်အသက် အရွယ်တွေက ခြေချော်ကျတာ များသလဲ၊ ဘဝမှာလည်း အမှားများများ တွေ့တဲ့သူတွေဟာ ဘယ်အသက် အရွယ်တွေဖြစ်မလဲ ဆိုတာ မျိုးလေး တွေကို ယှဉ်ပြထားတယ်။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဘလော့လေးမှာ အခုလက်ရှိ ကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက်ရှိနေပြီလဲ ?

အစ်မ ကိုယ်တိုင်ရေးဖြစ်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဗဟုသုတ၊ ဝတ္ထု အားလုံးပေါင်း ၄၀၀ ကျော်ရှိပါပြီ။




မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ အစ်မရဲ့ အနာဂတ် ရည်ရွယ်ချက် လေးကို ပြောပြပေးပါဦး။

အမရဲ့ဘဝက အထီးကျန်တယ် ၊ အမ ငယ်စဉ်အချိန် ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တယ်၊ မောင်နှမ အရင်းခြာရယ်လို့ အမမှာမရှိဘူး။ အဲဒီအတွက် “အမ အလှည့်ကျရင်” ဆိုတဲ့ အတွေးလေး(ခံစားချက်လေး )အမမှာရှိတယ်။

နောက်တစ်ချက်က အမရဲ့ဘဝကို အမကိုယ်တိုင်ဖန်တီး ယူခဲ့ရတာ၊ အမရဲ့ရှေ့မှာ မားမား မတ်မတ် ရပ်ပေးမယ့်သူ ဆိုတာ မရှိခဲ့ဘူး၊ အဲဒီအတွက် အမမှာ တစ်ယောက်ထဲ ပေမယ့် ကိုယ့်ကိုယ်ကို အားပေးတဲ့ မာန်ဆိုတာ အမြဲရှိတယ်။ ဒါ့ကြောင့် အမရဲ့ဆန္ဒကတော့ အသိဥာဏ် ထက်မြက်တဲ့ ၊အရာရာကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ရင့်ကျက် တည်ငြိမ်တဲ့ ၊ ပျော်ရွှင်တဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်ပါတယ်။

မေး = ရသ စာပေ စာရေးသူ တစ်ယောက်အနေနဲ့ အစ်မရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ?

အမက ပင်လယ်ကမ်းစပ်မှာ နေတဲ့သူဖြစ်တဲ့ အတွက် ကိုယ်ပိုင် အချိန်လေးတွေမှာ ပင်လယ်ကမ်းစပ်မှာ သွားထိုင် လေ့ရှိတယ်။ အဲဒီလို သွားတိုင်းလည်း အမရဲ့လက်ဆွဲအိတ်ထဲမှာ ကင်မရာရယ် ၊ ဘောပင် နဲ့စာအုပ် တစ်အုပ် အမြဲပါတယ်၊ အဲဒီစာအုပ်ထဲမှာ စိတ်ကူးပေါက်ရင် ပေါက်သလို ကဗျာလေးတွေချရေးဖြစ်တယ်။

မျက်စိရှေ့မှာ မြင်သမျှ ပုံရိပ်တွေကို ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ဘလော့ဂ်ပေါ်မှာ တင်ဖြစ်ပါတယ်။

မေး = မမရဲ့ ဘလော့လေးမှာ ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ဝါသနာ အရ ရေးနေကြတယ် ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ အစ်မ ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်း ခဲ့ရသလဲ ?

ဘလော့ဂ်ကို စရေးတုန်းကတော့ စိတ်လွတ်ကိုယ်လွတ် ရေးခဲ့တာပါ၊ စိတ်ထဲမှာ မွန်းကြပ်လာရင် ကဗျာတွေ ချရေးမိတယ်၊ အဆန်းအပြား တစ်ခုခုတွေ့ပြီ သိပြီဆိုရင် မျှဝေဖို့ ရေးဖြစ်တယ်၊ အဲဒီကနေ တဆင့်တက်ပြီး စာဖတ်သူတွေ ရှိလာတဲ့အခါ ကိုယ့်မှာ တာဝန်ကြီးလာတယ်။

ဧည့်သည်စာရင်းမှာ တစ်ရက်ကို လူဘယ်နှစ်ယောက် လာတယ်ဆိုတာက ပေါ်နေတာလေ၊ အဲဒီတော့ ကိုယ်မအားလို့ စာမရေးဖြစ်တဲ့အခါ စာဖတ်သူတွေမှာ အရင်က ရေးထားတဲ့ ပို့စ်အဟောင်း လေးတွေကိုရှာကျန်ပြီး ဖတ်သွားကြတာမျိုး ကောမန့်လေးတွေ ပေးသွားကြတာ မျိုးတွေကို တွေ့တဲ့အခါ စိတ်ထဲ မကောင်းဘူး၊ သူတို့မှာ ကိုယ့်ကို အားပေးရှာတယ်။

စိတ်ဝင်တစား လာဖတ်ကြရှာတယ်၊ အဲဒီအတွက် ကိုယ့်ဖက်က ဂါရဝရှိဖို့ အပြန်အလှန် လေးစားဖို့ လိုလာပြီလေ။ ဒါ့ကြောင့် အရမ်းအလုပ်များခဲ့ သည်သော်၎င်း ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ ရှိခဲ့သည်သော်၎င်း ရှိခဲ့တဲ့အခါ ဖတ်စရာ တစ်ခုခုရှိအောင် ဖန်တီးရပါတယ်။

အမဆိုရင် ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်၊ အဲဒီတော့ စာမရေးနိုင် သည့်တိုင်အောင် အလည်လာ သူတွေအတွက် ဆိုက်ပရပ်စ် နိုင်ငံက ရှုခင်း ဓာတ်ပုံ လေးတွေကို အပြင်းပြေကြည့်ဖို့ တင်ပေးတာ မျိုးလေးတွေနဲ့ အစားထိုး ဧည့်ခံ ရပါတယ်။



မေး = လက်ရှိအစ်မ နေတဲ့နိုင်ငံနဲ့ အစ်မရဲ့ အလုပ်အကိုင်ကို ပြောပြပေးလို့ ရမလား ?

ဆိုက်ပရပ်စ်(Cyprus)နိုင်ငံပါ။ အလုပ်က ဧည့်ကြို အလုပ် လုပ်ပါတယ်။

မေး = မမက ဆိုက်ပရပ်စ်(Cyprus) နိုင်ငံမှာ နေတယ်ဆိုတော့ (Cyprus) အကြောင်းလေး ဗဟုသုတ တစ်ခုခု ပြောပြပေးလား ?

ဆိုက်ပရပ်စ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့ အရှေ့ဖက်၊ လက်ဘနွန် ဆီရီးယား အစ္စရေးနိုင်ငံ တို့ရဲ့အနောက်ဖက်၊ တူရကီနိုင်ငံရဲ့တောင်ဖက်၊ အီဂျစ်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်တယ် ။ ဧရိယာ အကျယ်အဝန်း စတုရန်း မိုင်ပေါင်း ၃၅၇၂မိုင်ရှိပြီး လူဦးရေ(၇၈၄၃၀၁)ကျော်ရှိပါတယ်။

မေး = ဟုတ်ကဲ့ပါ ။ ဆက်လက် မေးချင်တဲ့ မွေးခွန်းက အစ်မရေးထားတဲ့ ဘလော့ပိုစ့်တွေကို အစ်မရဲ့ ဘလော့လေးမှာပဲ မျှဝေဖြစ်လား ?

မမက များသော အားဖြင့်တော့ ဘလော့ဂ်မှာပဲ တင်ဖြစ်ပါတယ်။ ကဗျာတချို့နဲ့ ဆောင်းပါး၊ ဝတ္ထုတွေကိုတော့ အချစ်ဂျာနယ်က ယူသုံးပေးပါတယ်။ မနိုင်းနိုင်း စနေရဲ့ဆက်သွယ် ပေးမှုနဲ့ LOOK မဂ္ဂဇင်းမှာလည်း ဆောင်းပါး တချို့ ပါခဲ့ဖူးပါတယ်။ (မနိုင်းကို ကျေးဇူး တင်ပါတယ် ရှင်)။

မေး = အစ်မက ရသ စာပေရေးတယ် ဆိုတော့ အစ်မရဲ့ ရည်ရွှယ်ချက်လေး တွေကရော စာရေး ဆရာမ လုပ်ဖို့ရော အစီအစဉ် ရှိလား ?

အခုချိန်ထိတော့ မရှိသေးပါဘူး။ နောက်တော့ မပြောတတ်ဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ရေးဖြစ်ချင်လည်း ရေးဖြစ်လာ ပါလိမ့်မယ်။

မေး = အစ်မရဲ့ ဘလော့လေးမှာ အစ်မကိုယ်တိုင် အပျော်တမ်း သရုပ်ဆောင်ခဲ့သော ဗီဒီယို ပုံရိပ်လေးတွေ ကိုလည်း တင်ထား တယ်နော် ... သရုပ်ဆောင် ရတာကိုရော ဝါသနာပါလား ?

ဟုတ် ... သရုပ်ဆောင်တာ ဝါသနာပါ ပါတယ်။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ?

ရှိခဲ့ဖူးပါတယ်၊ ဘလော့ဂ်စရေးတုန်းက ကဗျာ တစ်ပုဒ်ရေးတိုင်း အမရဲ့ဓာတ်ပုံ တစ်ပုံနဲ့ တွဲတင်လေ့ရှိတယ်။ အမရဲ့ဓာတ်ပုံတချို့ကို ကူးယူပြီး ညစ်ညမ်း ဘလော့ဂ်တစ်ခုမှာ အသရေ ဖျက်ခံရဖူးတယ်။ အဲဒီတုန်း ကတော့ အရမ်းကို တုန်လှုပ်ပြီး စိတ်ညစ်ဖူးခဲ့တယ်။ ၃ခါလောက်ကို ဒီလို လုပ်ကြံခံခဲ့ရတာ။

မေး = ဒီလိုကိစ္စမျိုးတွေ ကြုံလာရတော့ ကို အစ်မကိုယ်တိုင် ဘယ်လို ဖြေရှင်းဖြစ်လဲ ? ပြီးတော့ အခုလို ဘလော့ရေးနေတဲ့ ဘလော့ကာ အများကိုလည်း ဘယ်လို ကာကွယ်သင့်သလဲ ဆိုတာလေး ပြောပြပေးပါ ခင်ဗျာ။

ဒီလိုကိစ္စမျိုးက ဘလော့ဂ်ကာ အတော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာမျိုးပါ။ အမရဲ့ပုံတွေကို အပြာဆိုဒ်တစ်ခုမှာ တင်ခံရတုန်းက အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်၊ အဲဒီတုန်းက အမရဲ့ဓာတ်ပုံကို တင်တာ မဟုတ်ဘူး၊ အမ အပျော်တန်း သရုပ်ဆောင်ထားတဲ့ VCD ထဲက ပုံအရှင်တွေကို ပုံအသေဖြစ်အောင် (ဓာတ်ပုံအဖြစ်) ဖန်တီးပြီး တင်ခဲ့ကြတာဆိုတော့ အဲဒီဓာတ်ပုံတွေကို တွေ့တဲ့သူတွေက လုပ်ကြံမှုဆိုတာကို သဘော ပေါက်ကြပါတယ်။

အမရဲ့မိတ်ဆွေ ဘလော့ဂ်ကာ တစ်ချို့ကလည်း အဲဒီဆိုဒ်ပိုင်ရှင်ကို မေတ္တာရပ်ခံကြတယ်၊ သူလည်း ပြန်ဖြုတ်ပေးပါတယ်။ ဆိုဒ်ပိုင်ရှင်ပြောပြချက်အရ “နမ်းမဝက တင်ပေးပါဆိုလို့ တင်ပေးရတာပါ”တဲ့။ အဓိက ကတော့ လုပ်ကြံမှုဖြစ်တဲ့အတွက် ဘာမှကြိုတင် ကာကွယ်လို့မရပါဘူး၊ ဒီလိုလုပ်ကြံမှုတွေ ကလည်း အမမှမဟုတ်ပါဘူး၊ ဘလော့ဂ်ကာ မိန်းခလေး/ယောက်ျားလေးတွေပါ။

ကြုံတွေ့နေကြတာမို့ အချိန်တစ်ခုကိုပဲ စောင့်ရပါတယ်။ နောက်တော့လည်း သူ့အလိုလို ပြီးသွားကြတာပါပဲ။ ဘလော့ဂ်ကာ တွေကို ပြောချင်တာ ကတော့ အဲဒီလို လုပ်ကြံမှုနဲ့ကြုံတွေ့လာတဲ့အခါ ဘာမှမဖြေရှင်းပဲ ဒီအတိုင်းသာ လွှတ်ပေးလိုက်ပါ၊ သူ့အလိုလိုပြီးသွား ပါလိမ့်မယ်။

မေး = အခုလို မြန်မာဘလော့တွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်မရဲ့ အမြင်လေး ပြောပြပေးနိုင်မလား ?

နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲ နေတတ်တာမျိုးမို့ အမအနေနဲ့ ဘာမှ မဝေဖန်ချင် ပါဘူး၊ အမရဲ့ခံယူချက်က ဘလော့ဂ်ကာဆိုတာ “အသိပညာ အတတ်ပညာ ဗဟုသုတများကို မျှဝေသူ”လို့ခံယူထားတဲ့ အတွက် မျှဝေသူတွေ ပေါများ လာတာဟာ ဝမ်းသာစရာပဲပေါ့။



မေး = အစ်မသိတဲ့ ၅၂၈ မိသားစုလေးရဲ့ နွေးထွေးတဲ့ အဖြူရောင် သံယောဇဉ်လေး အကြောင်း လေးတွေကို စာရေးသူ အနေနဲ့ ဘယ်လို နားလည်ထားလဲ ? အစ်မရဲ့ အမြင်လေးပေါ့ ...

ဒီမေးခွန်းကို ဖြေရမှာ ဝမ်းအနည်းဆုံးပဲ ငယ်စဉ်ကလေး ဘဝကတည်းက အမရဲ့မိဘတွေ ဆုံးပါးသွားခဲ့တဲ့ အတွက် မိသားစု နွေးထွေးမှုဆိုတာ အမမှာသိပ်မရှိခဲ့ဘူး အစ်မ မှတ်မိသလောက် ပြောရမယ်ဆိုရင် “သိပ်ပျော်ခဲ့တယ်”၊ မိဘရဲ့မေတ္တာဟာ သိပ်နွေးထွေးတာပဲ ၊ မေမေ့ရဲ့ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်ခဲ့တဲ့ပုံရိပ်လေးကို အမ မှတ်မိ နေသေးတယ်၊ အမကိုထွေးပွေ့ထားတဲ့ မေမေ့ လက်တစ်စုံရဲ့နွေးထွေးမှုမျိုး အခုချိန်ထိ ဘယ်အရာနဲ့မှ အစားထိုးလို့ မရသေးဘူး။

မေး = အစ်မက သုတ ရသ ခံစားချက် စာပေအကြောင်း အရာလေးတွေကို အဓိက ရေးသားတယ်ဆိုတော့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီး အစ်မ ဘယ်လိုနားလည် ခံယူထားတာလဲ ? အစ်မဘဝရဲ့ ချစ်သူ အိမ်ထောင်ဖက်ကို ဆိုတာရော ဘယ်လို ပုံစံမျိုးကို ရည်ရွှယ် ထားတာလဲဆိုတာ ဖြေကြားပေးလိုပါတယ်။

““အချစ်”ဆိုတာ ဖန်တီးရတာလွယ်သလို၊ ပျက်ဆီးတာလည်း လွယ်တယ်။ အမကတော့ “အချစ်”ထက် “သံယောဇဉ်”နဲ့“နားလည်မှု”ကိုပဲ ပိုအလေးပေးတယ်။ “ချစ်သူ”ဆိုတဲ့ အသုံးနှုန်းအစား “အိမ်ထောင်ဖက်” လို့ပဲ သုံးပါရစေ ၊ အမရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာ ... အမရဲ့ဘဝမှာ တစ်ယောက်ထဲ ရုန်းကန် လာခဲ့ရတယ်၊

ငယ်စဉ်အခါက ဆွေမျိုးများရဲ့ နှိပ်စက် ညှင်းပမ်းမှု အောက်မှာ ညှိုးငယ်စွာ နေခဲ့ရတယ် ၊ မိဘများနဲ့ကြီးပြင်း သည်အထိ မနေခဲ့ရတဲ့ အမအတွက် မေတ္တာကို ငတ်မွတ်ခဲ့တယ်။ မောင်နှမ မရှိပဲ တစ်ကောင်ကြွက်ဘဝ မှာ ... ချစ်သူနှင့် တူသော ယောက်ျား ... အစ်ကိုနှင့် တူသော ယောက်ျား ... ဖခင်နှင့်တူသော ယောက်ျား ....အဲဒီလို အရည် အချင်းတွေနဲ့ ပြည့်စုံတဲ့ ယောက်ျားမျိုးကို အမရွေးပါမယ်..။”

မေး = အခုရော မမရဲ့ စိတ်ကူးလေးထဲက အိမ်ထောင်ဖက်ကို တွေ့ပြီလား ခင်ဗျာ ။

တွေ့ပြီးပါပြီ (ပြုံးလျှက် ဖြေသွားသည်) ....

မေး = မမရဲ့ အိမ်ထောင်ရေး ကရော ဘယ်တော့လောက် ဖြစ်မှာလဲလို့ စာဖတ်သူတွေက သိချင်နေကြပါတယ်။ ဘယ်လို ပြန်ဖြေပေးရမလဲ ?

“သီးချိန်တန်သီး.. ပွင့်ချိန်တန်ပွင့်”ဆိုတဲ့ စကားပုံလေး အတိုင်း ၂၀၁၃ နှစ်မကုန်ခင်မှာ “သီး”ပါတော့မယ် “ပွင့်”ပါတော့မယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါး အပ်ပါတယ်ရှင်.... ( ရီလျှက် ဖြေကြား ပေးသွားပါသည် )

မေး = အစ်မရဲ့ စာဖတ်သူ မိတ်ဆွေများ အတွက် အစ်မပြောချင် အသိပေးချင်တဲ့ အမှတ်တရ ဖြစ်စေမဲ့ စကား လက်ဆောင်လေး ပြောပေးပါလား ?

" မည်သူမဆို ညအိပ်ရာ ဝင်ချိန်၌ မနက်အိပ်ရာ ထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ် ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦး အနေနှင့် အကြီးမား ဆုံးသောပြစ်မှုကို ကျူးလွန်ရာရောက်သည်”..တဲ့။ ဆရာ(ဦး)ဖေမြင့်ရေးတဲ့ စာထဲမှာ ဖတ်ဖူးတယ်၊ အမလည်း ဆရာဦးဖေမြင့် ပြောတဲ့အတိုင်း “စာများ များဖတ်ပါ”လို့ပဲပြောပါရစေ။

ဘဝတိုးတက်ဖို့ အသိပညာရှိဖို့လိုပါတယ်၊ အဲဒီ အသိပညာတွေကို စာပေတွေထဲမှာ ရှာရမှာ ဖြစ်တဲ့အတွက် “စာများများဖတ်ကြပါ”လို့သာ ပြောချင်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဝေဖန် အကြံပေးမယ်ဆိုရင် ဆက်သွယ်နိုင်မဲ့ ဘလော့လေးရယ် အီးမေး အကောင့် လိပ်စာလေးရယ် ပြောပြပါဦး ခင်ဗျာ။

ဟုတ်ကဲ့ .... nanmawa2011@gmail.com ပါ။ http://seaandangel.blogspot.com နေရာလေးမှာ ဆက်သွယ် နိုင်ပါတယ်။

အခုလို မောင်လေး မေးသမျှကို အချိန်ပေး ဖြေကြားပေးသော မမ အဖြုရောင် နတ်သမီးလေး အောင်မြင်တဲ့ ဘလော့ကာ တစ်ယောက်ဖြစ်ပြီး လူအများအတွက် စာပေအပိုင်း တစ်ထောင့် တစ်နေရာကနေ တောက်ပ လင်းလက် အကျိုးပြုပြီး စာပေ အလင်းရောင် ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် ခင်ဗျာ ...

ပေးတဲ့ ဆုနဲ့ပြည့်ပါစေရှင်၊ အမကလည်း အခုလို တကူးတက အချိန်ပေးပြီး စာဖတ်သူများ နဲ့ မိတ်ဆက် ပေးတဲ့ မောင်လေး နေဇော်လင်း ကို အထူး ကျေးဇူး တင်ရှိပါတယ်။း)

အခုဆို ဘလော့ကာ မမ အဖြူရောင် နတ်သမီးလေးရဲ့ အကြောင်း အရာလေးတွေ တော်တော်များများ ကို စာဖတ်ပရိသတ်များ သိကြရော့ပေါ့ ။ မမရဲ့ ဘလော့လေးနဲ့ စာပေရေးသားမှု အကြောင်းအရာ လေးတွေကို မမရဲ့ ဘလော့ လေးဖြစ်တဲ့ http://seaandangel.blogspot.com/ နေရာလေးမှာ ဝင်ဖတ်နိုင် ပါတယ် ခင်ဗျာ။



နောက်တစ်ပတ်မှာ အောင်မြင်နေတဲ့ ဘလော့ကာ ယောက်ကျားလေးထဲက ဘယ်သူဖြစ်နိုင်မလဲ? ဆိုတာ အင်တာဗျူး အစီအစဉ်လေးမှာ ရင်ခုန်စွာ စောင့်မျှော်ဖတ်ကြပါလို့ ပြောကြားရင်းနဲ့ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို ဒိနေရာလေးမှာ ရပ်နားခွင့် ပြုပါခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စာဖတ်သူများ အတွက် အကောင်းဆုံး ကြိုးစား တင်ဆက်ပေးလျှက်



Monday, March 12, 2012

မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ပထမအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ

၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာ မှ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများကို တင်ပြနိုင်ဖို့ အတွက် ကိုယ်တိုင် သွားရောက် သတင်း ရယူ၍ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါသည်။



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို စတင်ဖွဲ့စည်း ဖြစ်ပေါ်လာဖြစ်ခဲ့ ပုံလေးကို မေးမြန်း ကြည့်တဲ့ အ ခါ .... .....






ကျွန်တော်တို့ ဒီအသင်းလေး စတင်ဖြစ် ပေါ်လာတာကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ မိတ်ဆွေ လူနာတစ်ဦးဟာ ဆေးရုံ တင်ထားရပါတယ်။ အဲဒီ မိတ်ဆွေလူနာမှာ အရေးကြီးခွဲစိတ်မှု ခံယူရတဲ့ အခါမှာ အင်မတန်မှ သူ့အတွက် အရေးကြီးတစ်ကြီး လိုအပ်နေတဲ့ သွေးကို ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးမှ သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။



အဲလို လှူဒါန်းပြီးတဲ့ အချိန်မှာ ဒီလူနာဟာလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပါတယ်။ သွေးလှူခဲ့တဲ့ အတွက် ကျွန်တော်တို့ အဖွဲ့သားများက အားလုံးပဲ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အဲလို ဝမ်းသာပီတိ ဖြစ်ခဲ့ပြီးတော့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ နာရေးကူညီမှု အသင်းကြီးရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် မြန်မာနိုင်ငံ ပရဟိတ လုပ်ငန်းများနဲ့ လူမှုရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျှက်ရှိတဲ့ စာရေး ဆရာမကြီး ဒေါ်သန်းမြင့်အောင် မှ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့နဲ့ ပီနန်မြို့တွေမှာ စာပေဟောပြောပွဲ အတွက် ရောက်ရှိခဲ့ပါတယ်။




ဒီလို ရောက်ရှိတဲ့ အချိန်မှာလည်း ဆရာမကြီးက ဘာလုပ်လဲ ဆိုလို့ရှိရင် .... ကျွန်တော်တို့ ဘာလုပ်ဖြစ်လဲ ဆိုရင် စာပေဟောပြောပွဲကို ကြွရောက်လာတဲ့ စာပေဝါသနာရှင်တွေ စာပေ အနုပညာ ရှင်တွေ အားလုံးကို ဆရာမကြီး မေတ္တာ ရပ်ခံတာက တစ်ခြားပရဟိတ လုပ်ငန်း အဖွဲ့အစည်းတွေ ရှိတယ်။ အခုလိုအပ်နေတာက သွေးလှူရှင် အဖွဲ့တွေ လိုအပ်နေတာ သူတွေ့ရတယ်ပေါ့လေ ... အဲအတွက်ကြောင့်မို့ သွေးလှူရှင် အဖွဲ့လေး ဖွဲ့စည်းဖို့ ဆိုပြီးတော့ စာပေဟောပြောပွဲ နေ့လေးမှာ ပီနန်မြို့မှာရော ကွာလာလမ်ပူ မြို့မှာရော ပြောကြားခဲ့ပါတယ်။



အဲဒီအချိန်မှာ ကျွန်တော်တို့လည်း အရမ်းဝမ်းသာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သား တွေကလည်း သွေးလှုရှင်များ အဖွဲ့လေးကို ဖွဲ့စည်းချင်နေတဲ့ အချိန်လေး ဖြစ်ပါတယ်။ ဆရာမကြီးက ပြောလိုက်တာနဲ့ သွားဆုံတဲ့ အခါကျတော့ စာပေဟောပြောပွဲ တွေ ပီးသွားပြီး ဆရာမကြီး ပြန်လည် မထွက်ခွာ ခင်မှာ ဆရာမကြီးနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင် ပြီးတော့မှ ဒီအဖွဲ့လေးကို ဖွဲ့စည်းဖို့အတွက် ဆရာမကြီးနဲ့ တိုင်ပင်ပြီးတော့မှ အကြံညဏ်လေး တောင်းခံ ခဲ့ပါတယ်။



ဆရာမကြီးကလည်း ဒီအဖွဲ့လေး ဖွဲ့စည်းဖို့ အတွက်ကို အကြံကောင်း ညဏ်ကောင်းလေးတွေ ပေးအပ်ပြီးတော့မှ မြန်မာနိုင်ငံကို ပြန်သွားပါတယ်။ ဆရာမကြီး ပြန်သွားပြီး ရက်ပေါင်း ၂၃ ရက်အကြာမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျွန်တော်တို့က သူနာပြု ဆရာမကြီး ဒေါ်အေးအေးစိန် ရဲ့နေအိမ်မှာပေါ့နော် ... ကျွန်တော်တို့ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို ဖွဲ့စည်းခဲ့ပါတယ်။



ဒီလို ဖွဲ့စည်းပြီးတော့မှ ကျွန်တော်တို့ ဆရာမ သန်းမြင့်အောင် ကို အကြောင်းကြား ခဲ့ပါတယ်။ အဲလို အကြောင်းကြားတဲ့ အခါမှာ ဆရာမကြီးက အရမ်းကို ဝမ်းသားပြီးတော့မှ ကျွန်တော်တို့ အဖွဲ့ကို နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဆိုပြီး နာမည်လေး ပေးခဲ့ပြီးတော့မှ ကျွန်တော်တို့ အဖွဲ့လေးကို ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။



ဒီနေ့ လုပ်ဖြစ်တဲ့ ပထမအကြိမ် သွေးလှူပွဲကြီးနဲ့ ပက်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့





ဒီနေ့လုပ်ဖြစ်တဲ့ ပွဲလေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က အတိုင်းမသိ အရမ်းပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ယူနီဖာစတီ ဆေးရုံမှာ ပေါ့နော် .... ပထမဦးဆုံး အကြိမ် သွေးလှူဒါန်းမှု အတွက်ကို ကျွန်တော်တို့က လူအယောက် ၃၀ နဲ့ ကြိုတင်ပြင် ဆင်ထားခဲ့ပါတယ်။



ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကလည်း လှူတဲ့နေရာမှာတော့ ဘယ်သူမှ လိုက်လို့ မမှီပါဘူး။ သွေးလှူပွဲ့ လုပ်မယ်လို့ ကြေငြာလိုက်ရော စာစောင်ထဲ ကြေငြာလိုက်တာနဲ့ တစ်ခါတည်း အယောက် ၆၀ အထိ ဖြစ်သွားပါတယ်။ အခု ဒီနေ့ အခမ်းအနား ကျင်းပနေတဲ့ အချိန်မှာ သွေးလှူဖို့ စရင်းပေးတဲ့ သူတွေဟာ အယောက် ၁၃၀ အထိ ဖြစ်နေပါတယ်။



သူတို့ရဲ့ သွေးလှုတဲ့ စိတ်ဓာတ် လေးတွေပေါ့ ။ သွေးတောင်မှ လှူချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ မြင်ရတွေ့ရတယ်။ အရမ်းကို အားရဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ အခမ်းအနား ကျင်းပတဲ့ အခန်းကြီးတောင် ပြည့်လျှံပြီးတော့ အပြင်ထိတောင် ထွက်ထိုင် ရတဲ့ အနေ အထားမျိုးထိ ရောက်သွားပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ သွေးလှူရှင်များ အဖွဲ့က အင်မတန် ဝမ်းသာ ကြည်နူးဖြစ်မိ ပါကြောင်း ကျွန်တော် ပြောချင်ပါတယ် လို့ .... ကိုစိုးဝင်း မှ ဖြေကြား ပေးသွားခဲ့ပါတယ်။



လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....

၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့မှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။



ဆက်လက်၍ မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့လေးအား အသေးစိမ် အင်တာဗျုး မေးမြန်းချက် အစီအစဉ်လေးကို ကျွန်တော် အဆင်ပြေတဲ့ အချိန်လေးမှာ ထပ်မံတွေ့ဆုံပြီး အင်တာဗျုး သီးသန့် တင်ဆက် ပေးသွားမှာပါ။

http://api.ning.com/files/7uFtMgQpQgirjBycvVHiGVEB5S8huuUjvOdKEFsRn5yfP0ETGxer9jJhgHlgA6*qKNbuEUkMNfCgB0w4hMbtXaC01NivGuva/nay124.gif

အင်တာဗျုး ဖြေကြားချက်များကို စာနဲ့ ဖြစ်စေ ကျွန်တော်ရဲ့ မလေးရှား အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ဖြစ်စေ စောင့်မျှော် အားပေးကြပါလို့ အသိပေး ပြောကြားလိုက်ပါတယ် ခင်ဗျာ။




Saturday, March 10, 2012

ရဲတိုက်ရဲ့ Facebook

ရဲတိုက်ရဲ့ Facebook http://www.facebook.com/profile.php?id=100001488146839&sk=wall က ခုတလော ရဲရဲတောက်နေပါတယ်။

ရဲတိုက်က NLD နဲ့ နီးစပ်သူပါ။ ထင်ရှားတဲ့ သရုပ်ဆောင်တွေထဲမှာ သူက NLD အဖွဲ့ဝင်ဖို့ ပထမဆုံး လျှောက်လွှာတင်ထားသူ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးမှာ ပထမဆုံး ပါဝင် အားဖြည့်တဲ့ မင်းသား (သူပြီးတော့ အဆိုတော် လင်းလင်း)


ရဲတိုက်ဟာ ဆာတိုရီ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား ဖြစ်ပါတယ်။ ဈေးကွက်ဝင် မင်းသား ဆိုပေမယ့် လူမှုရေးလုပ်ငန်းတွေလည်း လုပ်ဆောင်တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ပရဟိတ လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့ ရဲတိုက် ဖောင်ဒေးရှင်း ဆိုပြီး ထူထောင်လိုက်ပါတယ်။

ဖောင်ဒေးရှင်း Facebook လင့် - http://www.facebook.com/YeDeightFoundation

ဒီဖောင်ဒေးရှင်းက လေလွှင့်ကလေးငယ်များ စောင့်ရှောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများကို ကူညီရေး စသဖြင့် ရည်ရွယ်ပါတယ် တဲ့။

ဒီလင့် http://www.facebook.com/pages/Ye-Deight/257436268366?sk=wall က သူ့ရဲ့ fan page ဖြစ်ပါတယ်။ ဘယ်သူလုပ်ထားမှန်း မသိပါ။
ဒီဘလော့နဲ့ ရဲတိုက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟဲဟိုးမြို့ ခရီးစဉ် www.irrawaddyblog.com/2012/03/blog-post_7619.html
ဆိပ်ဖြူရောက် ရဲတိုက်ဖောင်ဒေးရှင်း www.irrawaddyblog.com/2011/10/blog-post_4237.html

မင်းသားရဲတိုက်လည်း ဧရာဝတီမြစ်အကြောင်း စိတ်ဝင်စားတယ် www.irrawaddyblog.com/2011/09/blog-post_8866.html
မြစ်တစင်းရဲ့ကောက်ကြောင်း www.irrawaddyblog.com/2011/09/blog-post_9618.html

Source by :http://www.irrawaddyblog.com/

Wednesday, March 7, 2012

ဟင်္သာတ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးတွင် ဗုံးကွဲ



ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ဟင်္သာတမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (ဓာတ်ပုံ - Thxa Lay Hza / Facebook)

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း ယနေ့နံနက် ဆယ်နာရီခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

ဗုံးပေါက်ကွဲချိန်သည် ရုံးတက်ချိန် ဖြစ်သော်လည်း ဝန်ထမ်းတဦးမျှ ထိခိုက်ဒဏ်ရာမရရှိဟု သိရကြောင်း၊ ပေါက်ကွဲမှု အရှိန်ကြောင့် အုပ်ချုပ်ရေးမှူးရုံး အမိုးပွင့်ထွက်သွားကြောင်း မြို့နယ်ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

“သေဆုံးဒဏ်ရာတော့ မရှိပါဘူး။ ထိခိုက်မှုကတော့ အမိုးပွင့်ထွက်သွားတာပဲ ရှိပါတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ဌာန တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

ပေါက်ကွဲသော ဗုံးအမျိုးအစားကို ရဲအဖွဲ့က ချိန်ကိုက်ဗုံးဟု လတ်တလော ယူဆထားပြီး အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲသူတရားခံကိုလည်း ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဟင်္သာတမြို့ခံတချို့ကမူ ဝန်ထမ်းတချို့ ဒဏ်ရာရသည်ဟု ပြောဆိုနေကြပြီး သေဆုံးသည့်သတင်းကိုမူ မကြားသိရကြောင်း ပြောသည်။

ထို့အပြင် ဟင်္သာတမြို့ မြန်မာ့ဆက်သွယ်ရေး ရုံးဝန်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်အောက်တွင်လည်း မပေါက်ကွဲသေးသော ဗုံးတလုံးအား တွေ့ရှိရကြောင်း မြို့နယ်ရဲအရာရှိက ပြောသည်။ ယင်းဗုံးကို ခလရ (၁၈) က လာရောက်ရှင်းလင်းသည်ဟု သိရှိရသည်။

ဗုံးပေါက်ကွဲပြီးနောက် မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ဟင်္သာတမြို့တွင်းနှင့် မြို့အဝင် အထွက်ဂိတ်များတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ကာ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

Source by :http://burma.irrawaddy.org/