Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

Saturday, August 6, 2011

ဆောရီးပဲ ညီမလေး .



ညီမလေးရေ။

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက်၊ ဘူးပဲပျိုးပျိုး
နွေစပါး၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ
ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ်၊ ကိုယ်လည်းအသိပဲ။

ဆောရီးပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတနပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ၊ ဆိုနီအဲရစ်ဆင်၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

ဆောရီးပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တဘက်နိုင်ငံတွေကိုပေါ့)
( .. ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ၊ မယ်ဆိုင်မှာ၊ ဘီကေကေမှာ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ... ... ... ...

ဖဦးထုပ်တွေ၊ နငယ်တွေ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ်၊ တိုလီမိုလီ၊ အချစ်ဇာတ်လမ်း၊ ပေါသွပ်၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတသပ်သပ်၊ ပါးစပ်တပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတလန် ပန်းတလန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့​ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

ဆောရီးပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တခုခုမှာ ကျွဲရိုင်းအချိုရည်
တခါသုံးဆပ်ပြာ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

ဆောရီးပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့​အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

ဆောရီးပါ ညီမလေးတို့ရေ ...။ ။

မားဆိုး

၁၄၊ မတ်၊ ၂၀၁၀။

(မြန်မာလူမျိုးမှန်ရင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီးများလည်း ကိုယ့်ကိုကိုယ် ကောင်းမွန်သင့်လျော်တဲ့တန်ဖိုးကို ထိန်းသိမ်းကြပါ)။

Monday, May 9, 2011

အမေများနေ့ အတွက် ကဗျာတပုဒ်

အမေ
ရာသီအလီလီ ပြောင်းခဲ့လည်း
မနေ့တနေ့ကလိုဘဲအမေ
အမေ့ဆီမှထွက်လာတဲ့ရက်
အိမ်မက်တခုလိုထင်မှား
အမေ့ပုံရိပ်တွေရှင်သန်နေဆဲပါ....
မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက်မပျော်ဘူး
မိုးမျှော်တိုက်တွေ ခိုင်ခံ့
အမေ့တဲအိုလောက်မလုံခြုံဘူး
ပီဇာတွေ ဘာကာတွေစား
အမေ့ ထမင်းကြမ်းလောက်မမြိန်ဘူး
မြို့ပြရဲ့နေရောင်ခြည်
အမေ့ရင်ခွင်လောက်မနွေးထွေးဘူး
နီယွန်မီးတွေထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါအမေ
" ဘယ်တော့မှမငိုနဲ့ " တဲ့
အမေ့ရဲ့ စကားတခွန်း
သမီးအတွက်ခွန်အားဖြစ်လို့
ကျလုလု မျက်ရည်တွေမြိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့
လှော်ခတ်ဆဲပါအမေ
ဘ၀မှာ အမေသာစံပြ
အမေ့ကိုနမူနာယူလို့
အမေတူသမီးပီသစွာနဲ့
ကံကြမ္မာရဲ့ဇာတ်ကွက်တွေ
အောက်မှာ အံကြိတ်လို့
ဟန်ချက်ညီညီကရင်း
အမေ့ကို လွမ်းဆွတ်သတိရဆဲပါအမေ.........


နတော်

Saturday, April 23, 2011

ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။

လူဖြစ်ပေမဲ့…….
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ္ဘာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်
ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက်
ရွှေထီးပေါ့ ။

တစ်ရွာပြောင်းပေမဲ့
သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။
ကျွန်ပဲဖြစ်ခဲ့ရတယ်အမေ………

ကြောက်ရင်လွဲ
ရဲရင်မင်းဖြစ်သတဲ့ ။
ကျွန်တော်လေ
မေနဲ့မိသားစုအတွက်
ရဲခဲ့ပါတယ်
ခု……..ကျွန်ပဲဖြစ်နေသေးတယ် အမေ ။
ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။
ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။

အမေ……………
အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။
အလုပ်လုပ်လေ
ပိုပိုပြီးခိုင်းလေ
ကျွန်ဖြစ်လေလေပဲ……..အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူး အမေရဲ့
သွေးစုတ်ဖို့ပဲသူတို့သိတယ် ။

အမေရယ်……..
ကျွန်တော်လဲအစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့
မှန်းပြီးထွက်ခဲ့တာပေါ့ ။
ခုဖြစ်လာတာက
အားလုံးရဲ့ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။

ခုတော့…………….
ကျွန်တော့်အသဲနှလုံးကလည်း
ကျွန်အချင်းချင်းတောင်မှ
ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့ အမေရယ်
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက်
အသက်ခံနိုင်ရတယ်ဆိုတာတော့
ကျွန်တော်တို့အသက်တစ်ချောင်းက
ရာဘာတစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူး……..အမေ ။
သူတို့အချစ်တော် ခွေးတစ်ကောင်လောက်
တန်ဖိုးမရှိဘူး……….အမေ ။

ဒါကို……..ကိုယ့်ကိုယ်ကို”သခင်”လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။
အနာရှိတာကိုလက်ခံမှ
ဆေးထည့်လို့ရမှာ…….. အမေ ။

လူတွေကပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊
ကောင်းတဲ့သူတွေရှိသလို………
တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ……အမေ ။

ကျွန်တော်တို့……
ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲကပဲ
ပွဲစားအချင်းချင်းရောင်းစားနေကြတာ……..အမေ ။

တိုင်းပြည်မီးလောင်လို့
အချင်းချင်း ချနင်းရက်တာလား?
ဘာပဲဖြစ်ဖြစ်…….
သူတို့လူစိတ်မရှိတာကတော့
သေခြာပါတယ်………အမေ ။

ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့မတန်ပါဘူး ၊
သူတို့ကို………
ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်……အမေ ။

ဟိုတစ်လောက………
စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ်
လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက
ကျွန်စနစ်ပပျောက်အောင်
သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊
ဘယ်မှာဟုတ်လို့လဲ………အမေရယ် ။
သားတို့ကိုလာကြည့်စမ်းပါ
သူလုတ်နိုင်ခဲ့တာ
သူ့နိုင်ငံကွက်ကွက်လေးပဲ၊
သူ့ကိုလေးစားပေမဲ့
သူဟာ{လင်ကွန်း}
သမိုင်းတင်နိုင်လောက်အောင်
မစွမ်းဆောင်နိုင်သေးပါဘူး……….အမေရယ် ။

အမေ……..
လူ့အဖြစ်ကရခဲတယ်ဆို ၊
ရခဲတာပဲကောင်းပါတယ် အမေ
ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။
ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊
ငှက်အချင်းချင်း……….
အမျိုးအနွယ်မတူလို့
မကူညီနိုင်သော်မှ
မရက်စက်ကြပါဘူး………..အမေ ။

ငှက်ကလေးတွေမှာ……..
ပြည်တွင်းစစ်မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ဘာသာရေးအဓိကရုန်း မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
စီးပွားရေးနယ်ချဲ့တာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကိုယ့်အသိုက်အမြုံကို ဗိုကြပြီး
အတင်းရွေ့ခိုင်းတာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကံဆိုးမိုးမှောင်ကျပြီး
လှောင်အိမ်ထဲမှာနေရရင်တောင်
သူတို့သခင်က
သူတို့ကို အချစ်နဲ့လှောင်ထားတာ ။
ကျွန်တော်တို့ကတော့……….
အမုန်နဲ့လှောင်ထားခြင်း ခံရတယ်………အမေရယ် ။

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေဘယ်လောက်ကျယ်ကျယ်
ဘယ်သူသေသေ၊ငတေမာပြီးရော
အမျိုးသားအကျိုး စီးပွားဆိုတဲ့
စကားလုံးများအောက်မှာ
နားပေါက်တွေပိတ်နေကြတယ်ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး……….အမေ ။

ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
ပျောက်မသွားသေးပါဘူး………..အမေရယ် ။


http://www.mandalaygazette.com/46354/uncategorized-other/copypaste

Wednesday, March 9, 2011

ဝမ်းချုပ်ခြင်း

ရှစ်ရက်ဖြင့်ဝအောင်လွယ်
ကိုးရက်မှာ ညှစ်အားရလို့
ခေါင်းမြင်ရတယ်။
တုံးတစ်တစ် ကတင်တယ်။
ခင်တွယ်နဲ့လား။
နားထင်ထောင် ချွေးတာဘောင်ကျိုးအောင်ပ
တင်မချောင် ဖင်ထောင်ညှစ်ပါမှ
ဖျစ်ဆိုပြုတ်ကာကျ
ရွှဲရွှဲစို သွေးနီစတွေနဲ့
ဝင်းပဖေ့သား။

အချုပ်တန်း ဒုံးပေ

Friday, December 10, 2010

အိပ်ပျက်ညရဲ့ ခေါင်းထဲမှာ

အဖြူရောင်တွေ အများကြီးဝတ်လို့
မဖြူစင်နိုင်တဲ့ စိတ်နဲ့ကိုယ်

ဦးထုပ်တွေ ဆောင်းထားရလို့
ဘောင်ကျဉ်းသွားရတဲ့ ဦးနှောက်

တစ်ကိုယ်လုံး မဲမှောင်နေလို့
ဥာဏ်အလင်းတွေ အမှောင်တွင်းထဲဆင်း

အချိန်ရှိသမျှ သခင့်အလိုကျမို့
ဘ၀ဆိုတာ ဘာမှတန်ဖိုးမရှိ

ကဲကဲ ဒါတွေထားပါကွာ
အခု ဘုရားရှိခိုးရဦးမှာ

ဆေးရုံကအမေ့ကို ပြောလိုက်ပါ
အလိုတော် အတိုင်း လို့....။

Saturday, October 23, 2010

လွတ်မြောက်ခွင့်



လွတ်မြောက်ခွင့်ပေးကြပါ

ငါမယုံကြည်ခဲ့တာကို ချမ်းသာပေးကြပါ

ယုံကြည်မှု ကင်းမဲ့နေတဲ့ ငါ့နှလုံးသားကို

ရဲရဲ ၀ံ့ဝံ့ ရင်ဆိုင်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


လူ့ဘ၀ အနှစ်သာရတွေကို

ပစ်ပယ်ခ၀ါ ချလို့ ၀ပ်တွားခဲ့ပါတယ်

အကြိမ်တွေ ခပ်များများနဲ့ပေါ့

ခြောက်လှန့်ခံ ငါ့ဝိဥာဉ်ကို

လွတ်မြောက်ခွင့်ပေးပါ။


ခိုင်းသမျှ လုပ်ခဲ့ပါတယ်

လွတ်လပ်မျှတစွာ တွေးပါရစေတော့

စာကြောင်းတွေ စကားလုံးတွေနဲ့

တုပ်နှောင်မှုထဲမှ လွတ်မြောက်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


အထင်လွဲမှုလေး တစ်ခုအတွက်

လက်ညိုးငေါက်ငေါက်ထိုးပြီး

မြေကျင်းထဲ မထည့်ကြပါနဲ့

ဆန္ဒမပါတဲ့ ဆက်ဆံမှုတွေ

ရပ်တန့်ပေးကြပါ

သွေးသားတွေကို သက်မဲ့လို

ယိုးမှားခဲ့တာတွေ ရပ်ပါတော့

လွတ်မြောက်ခွင့်ပေးပါ။


အဆုံးမဲ့ငြိမ်းချမ်းရေး တရား

လွတ်မြောက်မှု လမ်းပေါ်ကို

ငါမြင်နေရလို့ သွားခွင့်ပြုပါ

အောက်ခြေလွတ်ပြီး

မြောက်တက်သွားမှာ မဟုတ်ပါဘူး

တစ်ကယ်ပါ

လွတ်မြောက်ခွင့်ပေးပါ။

မိုးယံ (23.10.2010)

Wednesday, October 13, 2010

ငါ့မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်မယ်

မြင်ရတွေ့ရ စိတ်မချမ်းသာလှ တာတွေကို ဆန္ဒတွေ စကားလုံးတွေကနေ စာရွက်ပေါ်ကို တစ်ယောက်တည်း ဖြန့်ကြဲ ပစ်တတ်တဲ့ အကျင့်ဆိုးကြောင့် သော့သွမ်းတဲ့ လက်သရမ်းတယ်ပဲ ဆိုဆို ဟော့ရမ်းတယ် ရူးနှမ်းတယ်ပဲ ပြောပြော ရေးထားမိတာ လေး ပြန်ပြန်ဖတ် ပြီး တစ်ခြားသူတွေ့ ဖတ်သင့်မဖတ်သင့် ချိန်နေရတာကို က ငြီးငွေ့ ဖွယ်ရာဖြစ်နေတော့ ဘာတွေညာတွေ မစဉ်းစားတော့ဘူး။ အဲဒါကြောင့်သည်စာ သည်နေရာကို ရောက်လာ တာပါ


ငါ့မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်မယ်


ဗော်ကာ ( vodka) သောက်တတ်တဲ့ ဗမာမ ဆိုပြီး

ဂုဏ်ယူ မနေစမ်းပါနဲ့

များများသောက်ရင် သေစေနိုင်တဲ့

သေရည်တွေပါ။


ရှင်မတောင်အစစ်ကို မမြင်အောင်ပြစ်ပြီး

ပရိုမီနာ ( promina) ကို မညီမညာ ချယ်သထားတဲ့

နင့်ရဲ့ မျက်နှာက

ရေခဲတိုက်ထဲက ၀ိဥာဉ်မဲ့အဘွားအိုကြီးလို။


လိုလိန်း( lolane) ဆိုးထားတဲ့ နင့်ဆံပင်တွေက

ပန်းရံသမ အုတ်ခဲ ရွက်ထားတဲ့ ဆံနွယ် အလှကို

ငေးမောနေလေရဲ့။


ခေတ်ပေါ် တရုတ်မလေးတွေကို အားကျထားတဲ့

နင့်ရဲ့ ဘောင်းဘီတိုက

အကွက် အစက်တွေနဲ့ နင့်ပေါင်ညိုညစ်ညစ်ကို

ကြော်ငြာ ထိုးသလို။


ရင်ဖုံးအင်္ကျီ ပိတုန်းရောင်ကေသာရှည်

ပုံတော်ဖိနပ်စီးပြီး ချိတ်ထမီနဲ့

ယဉ်ယဉ်းလေး လှတဲ့ လုံမငယ်

ဒါတွေကို ခေတ်နောက်ပြန်မဆွဲပါနဲ့တော့။


နင့်ခန္ဓာကို အလှပြင်ပေးမယ့်

ဂျိန်းဖောင်ဒါ( jane fonda)အနားမှာမရှိလို့ငိုမနေနဲ့

ဖက်ရှင်တီဗွီ ဖွင့်ကြည့်ပြီး အားကျမနေနဲ့

တစ်ကယ်ဆို နင်က

စည်ပိုင်းကို အ၀တ်ပတ်ထားတဲ့ မိန်းမ။


ဈေးပေါပေါ အလှပြင် ပစ္စည်းတွေ အတွက်

အချိန်နဲ့ ငွေတွေ ဖြုန်းခဲ့ပြီးမှ

ကိုယ်လုံးပေါ် မှန်တစ်ချပ် ၀ယ်ဖို့ မေ့နေခဲ့သလား

ဂရုတစိုက် မြင်လိုက်မိတဲ့ ငါ့မျက်လုံးကိုပဲ

ခပ်ကြမ်းကြမ်း ဖေါက်ထုတ်ပစ်လိုက်ချင်တယ်။

မိုးယံ (9.10.2010)


Monday, October 11, 2010

အဲဒါ “လူ”

ရှင်ဘုရင်က အမိန့်မပေးတတ်ရင်
သူတောင်းစားက တောင်းနည်း မတတ်ရင်
ထမင်းငတ်တာ အတူတူပဲ

ဒါတောင်မှ တံဆိပ်တွေ အောက်မှာ ခိုလှုံနေသူတွေက
ငါ့တံဆိပ်မှ ကောင်းတာ သူ့တံဆိပ်က ဘာညာ
သေမှာချင်းအတူတူတောင်

ခေါင်းစဉ်ကွဲတွေအောက်မှာ တိုက်ပွဲဆင်ကြ
သေပွဲတွေဝင်ကြ
အဲဒါ “လူ”

မိုးယံ (11.10.10)


ကဗျာလို့ အညွှန်းတပ် ထားတာက ကဗျာလို့ မြင်စေချင်လို့ပါ ။ ကဗျာ မဖြစ်ဘူးဆိုရင်လည်း ကဗျာ ရေးနည်း လက်ဆင့်ကမ်းပေးကြပါ ဗျို့။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကဗျာလို့ ယုံကြည် ပေးကြပါဗျာ။

Saturday, October 2, 2010

သူနှင့် ကျွန်မ၏ ကမ္ဘာ

အသက်ရှင်ခိုက်မှာ လုပ်ခဲ့ပါသည်
ကောင်းသည် မှန်သည် မြင့်မြတ်သည်
ဖတ်ဖူးသမျှရော ကြားဖူးနားဝ ရော အားလုံးကိုပေါ့။

အသက်ရှင်ခိုက်မှာ ကျဉ်ဖယ်ခဲ့ပါသည်။
မကောင်းတာ မှားတာ ယုတ်ညံ့တာ
ဖတ်ဖူးသမျှရော ကြားဖူးနားဝ ရော အားလုံးကိုပေါ့။

ကမ္ဘာနဲ့အတူ ရှင်သန်နေထိုင်ခွင့် ရတုန်းကလေးမှာပါ
ကမ္ဘာက မကြာခင်မှာပဲ ပျက်သုန်းပျောက်ကွယ်တော့မယ်လေ
ငါ့အသက်ဇီဝိန်လည်း ကြွေတော့မှာပါ။

မေတ္တာတရားတွေ သစ္စာတရားတွေ စောင့်ထိန်းမှုတွေ
ပေးဆပ်မှု သိတတ်မှုတွေလည်း ကမ္ဘာပျက်ထဲ ပါကုန်တာပေါ့။
ဒီကမ္ဘာလေး အတွက်ပါ။

တစ်ကယ်ဆို ကောင်လေးရေ
နင်ဟာ ငါ့ရဲ့ ကမ္ဘာ။

မိုးယံ (2.10.10)

Friday, October 1, 2010

ဒီကမ္ဘာ ပြည်မြန်မာ မင်းနဲ့ငါ

မွေးဖွားလာပြီး သေဆုံးချိန်အထိ

မျက်စိတစ်မှိတ်လေးပါပဲ

ခံစားရတဲ့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေ

ရပ်တည်ခဲ့တဲ့ အသက်နဲ့ယှဉ်လိုက်ရင် လူ့ငရဲဟာ

အတော်လေး ကြာပါကလား။


ဆုန်သင်းပါရ်ကတော့ ကမ္ဘာကြီးကျဉ်းတယ်ပြောတယ်

အခုလည်းကြားနေရတာ ကမ္ဘာက ရွာဖြစ်ဆိုလား

သေချာတာကတော့ ငါ့ပြည် ငါ့မြေ မပြန်နိုင်သေးပါကလား။


ဆက်သွယ်ရေးတွေ တိုးတက်တယ် တဲ့

အိုင်တီခေတ်တဲ့

မွေးသမိခင်ကို ဖုန်းဆက်တိုင်း ဖုန်းလိုင်းတွေပျက်နေသတဲ့

အမေ့သံကြားလို့ သာကြောင်းမာကြောင်း မေးတုန်းလေး

ဆက်သွယ်မှု ပြတ်တောက်ခဲ့တာကိုး။


စူဠလိပ်ကိုရေထဲလွှတ်ရင် ပြန်မပေါ်ဘူးလို့ ကြားဖူးတာပဲ

ဟုတ်လို့လား ။

အဲဒီကောင် အခု မြန်မာပြည်ရောက်နေတယ်

မသိကြသေးဘူးလား ဒီလောက်အွန်လိုင်းသုံးနေတာတောင်

အဲဒီကောင် လိုင်းပေါ်မှာရှိတယ်။


နင်ကတစ်ကမ္ဘာ ငါကတစ်နေရာ

ချစ်သူရေ တို့နှစ်ယောက်သစ္စာ

ပြည်မြန်မာ နေသာတဲ့ တစ်နေ့ ဆုံတွေ့လို့ ချစ်ပွဲဆင်ချင်


အခုတော့ နင်ကသွေးခဲမတတ် ခိုက်ခိုက်တုန်နေသလို

ငါကလဲ မိုးခေါင်တဲ့အရပ်မှာ အိုက်စပ်စပ်ပါ။


မိုးယံ (1.10.10)

Tuesday, September 28, 2010

အို ဘုရားသခင်

ပေါ်လာတိုင်းပင် ပညာရှင်

စော်ကားကြတုန်းပင်


သူတို့ပြောစကား သင့်ကိုများ

မရှိဘူးတဲ့ဗျား


ကျေးဇူး စကားဆိုဖို့များ

သူတို့ မတတ်လေသလား


သုတ်သင် လိုက်ပါ ဘုရားသခင်

သိပ္ပံ တွေးခေါ်ရှင်


ငါတို့တွေသာ ချန်လို့ထား

ငါတို့ ဒုက္ခများ


မိုးယံ (27.9.10)

Monday, September 20, 2010

“ကိုယ်လုံးတီးမို့ မကြည့်ရဲပါ”

မုသားက ဝတ်စုံပြည့်နဲ့
ပွဲတက်လာတယ်
သူ့နံဘေးမှာ ဝိုင်းဝိုင်းလည်လို့။

အမှန်တရားကြီး
ကိုယ်လုံးတီးနဲ့ ရပ်နေတာကိုတော့
မကြည့်ရဲကြသလို ရှောင်ဖယ်ဖယ်နဲ့။

-ကိုပေါ-
(၂၀၊ ၉၊ ၂၀၁၀)

Friday, September 17, 2010

ချစ်ရပါသော ကြည်ပြာ

မျက်ဝန်းအနက်
ဆံနွယ်ဖြောင့်စင်းစင်း
ရင်လှိုက်ဖို သူ့အပြုံး
ညိုညက်တဲ့ အဆင်း
ခြေလှမ်းတိုင်းလှတယ်ကွယ်။

မခုန်ဖူးတဲ့ရင်အစုံ
မင်းမျက်ဝန်းကြောင့် ရင်လှိုက်ဖို
ကဲပါလေ .....
ရင်ခွင်ကြားမှ နှလုံးသားစကား
ဖွင့်ဟမယ် ကြံရွယ်ထား
မင်းမှာရည်စူး ဦးသူရှိထား
ငါတစ်ကယ် အသိနောက်ကျခဲ့လေသလား.....။

နေ့စဉ်မြင်ချင် မင်းရုပ်သွင်
မဆုံနိုင်ဒီတစ်ဘ၀ ဝေးကြစို့လား
ချစ်ရပါသော ကြည်ပြာ
တစ်ကယ်ဆို မင်းနဲ့လွဲ
အသည်းကွဲ သမားပဲပေါ့။

မိုးယံ (17.9.10)

Monday, September 6, 2010

မယုံရင် တစ်ကမ္ဘာလုံး ဖျက်ဆီးပစ်မယ်

မွေးဖွားလာခြင်းကို မကျေနပ်ခဲ့သူ
ဒါပေမယ့် မွေးဖွားလာခဲ့တာပါပဲ

ဆင်းရဲသားတွေကို စွန့်ကြဲချင်သူ
ကိုယ်တိုင်က ဆင်းရဲနေသူ

ကမ္ဘာကျော် စာရေးဆရာ ဖြစ်ချင်သူ
တစ်ဗျာတစ်ပုဒ်ကို ကာရံမိအောင်မရေးတတ်သူ

လူသားအားလုံးအတွက် ကမ္ဘာကျော် စွမ်းဆောင်ရှင်ဖြစ်ချင်သူ
နိုဗယ်လ်ဆုက တော့ ဝေးနေဆဲပါပဲ

တစ်နေ့မှာတော့ လူသားအားလုံးအတွက်
အကောင်းဆုံးအလုပ်တွေ လုပ်ပေးနိုင်ခဲ့မှာပါ
အဲဒါ ကျွန်တော်ပါပဲလေ။

ယုံလား... မယုံချင်နေပေါ့
မယုံလဲ ကျွန်တော်ကတော့ ဘာမှ ချေပခွင့်တောင်မရှိပါဘူး

ဒါကြောင့်ပြောတာာ... ဘုရားသခင်ကိုယုံလိုက်ပါလို့
ဘာလို့လဲလို့ ပြန်မမေးနဲ့ ၊ မေးခွင့်မရှိပါဘူး။

ခင်ဗျား မယုံရင် ကျွန်တော်လည်းဘာမှ မတတ်နိုင်ဘူး
သေချာတာက...

သူ့ကို မယုံကြည်တော့ဘူး (ယုံကြည်မဲ့သူ မရှိတော့ဘူး) ဆိုရင်
တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်မယ်တဲ့....
ဘယ်သူပြောတာလဲ... ဘုရားသခင်ပြောတာတဲ့

မိုးယံ (6.9.2010)

Sunday, September 5, 2010

ဘယ်သူ့ကြောင့်လဲ


ခါးပါတယ် ၊ အရမ်းကို ခါးတယ်

အငဲ တောင် အရှုံးပေးရလောက်တယ်။

ပင်းပန်းတယ် ၊ ဆင်းရဲ တယ် ၊

ရေနစ်တယ်၊ ဆိုင်ကယ်မှောက်တယ်

ကားတိုက်ခံရတယ်။ သေမလိုဖြစ်တယ်

ထမင်းငတ်တယ် ၊ အသက်ရှူကြပ်တယ်။

ဘယ်သူလုပ်တာ လဲ၊ ဘာလို့လုပ်တာလဲ။

မေးပိုင်းခွင့်မရှိပါဘူး-----

ငါတစ်ယောက်တည်းဖြစ်နေတာလား

ဘာလို့ ဒီကိုပို့လိုက်တာလဲ၊ ငါ့ကိုရော လာချင်ရဲ့လားလို့

တစ်ခွန်းလောက်မေး ခဲ့ရဲ့လား။

ငါသဘောမတူ ပဲ အဓမ္မ လွှတ်လိုက်တာလား

ဘာလုပ်ရမလဲ။ အရိုအသေ ပေးရမလား။

စောဒက တက်ခွင့်မရှိတဲ့ လုပ်ရပ်တွေကို မျက်လုံးစုံမှိတ်

ငါလုပ်နေရမလား၊ လွတ်မြောက်ခွင့်ပေးပါတော့။

သတ္တိရှိရင် ကိုယ်ရောင်ထင်ပြစမ်းပါ

နားရင်းကို နှစ်ချက်လောက် အုပ်ပေးလိုက်မယ်။

အိပ်ချင်နေပါပြီ ၊ အိပ်ခွင့်ပြုပါတော့

မင်းသဘောတူမှ အိပ်ရမှာလား။

အသနားတော့ မခံဘူးကွာ၊ မင်းသဘောမတူလဲ

အိပ်ဆေး သုံးပြားသောက်အိပ်တယ်

(အိပ်မရတဲ့ ညမှာ ကယောင်ချောက်ချား ရေးထားတာပါ)

Sunday, August 29, 2010

ဖတ်မိတော့လည်း ကဗျာ(၄)

ခင်ဗျား ထိုင်တတ်သလား ။

ထိုင်တတ်တဲ့သူဟာ နေရာ မပျောက်ဘူး ။
ထိုင်တတ်တဲ့သူဟာ နေရာ မရွေ့ဘူး ။
ထိုင်တတ်တဲ့သူဟာ ထပေးစရာ မလိုဘူးပေါ့ ။

ခင်ဗျားနှယ်
ခုထိ မနေတတ် မထိုင်တတ် ။

ခင်ဗျား အသက်ကြီးနေပြီ
မတ်တပ် မတ်တပ်နဲ့ …။

ခင်ဗျားအရွယ်ကြီးနဲ့
ထိုင်စရာ ရှာမတွေ့သေးဘူးလား ။

(ဒီထက် ဆိုးတာက)
အခုထိ နေရာမရဖြစ်နေတယ် မဟုတ်လား ဆိုတာမျိုး ။

လင်းဒီပ
၂၉.၀၈.၁၀

Wednesday, August 4, 2010

ကိုယ်ကြိုက်တာ ကိုယ်လုပ်

(၁)
" မစင်"
မြင်ရုံနဲ့ နှာခေါင်းရှူံ့ ကြ၏
စိတ်အထင်နဲ့ ပင်
ကိုယ့် မစင် ကိုယ်မကိုင်ချင်
လူသားတို့ ကံတရား
မစင် စားဖို့ ကား အကျိုးမပေးချေ ။

(၂)
" မစင်"
မြင်ရုံနဲ့ သွားရည်ယိုကြ၏
စိတ်အထင်နဲ့ ပင်
နတ်သုဒ္ဓါ ပမာမလဲချင်
ခွေးသတ္တဝါတို့  ကံ
မစင် စားဖို့ ကား မဟန့် တားချေ ။

(၃)
အကုသိုလ်တရား
မစင် နှင့်မခြား ....
နှာခေါင်းရှူံ့ မလား ...
သွားရည်ယိုမလား ...
သင့်စကား နှင့် သင့်အသွား
တစ်ထပ်တည်းကျမည်သာ ။ ။

လေးစားလျှက်
အုပ်ကြီး ( ၁.၈.၂၀၁၀)

Sunday, July 25, 2010

သံယောဇဉ်ဆိုတာ

…သံယောဇဉ်ဆိုတာ…

သံယောဇဉ်ဆိုတာ… ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ဝိသေသ
သံယောဇဉ်ဆိုတာ… ကောင်းကင်ရဲ့ တိမ်မျှင်တစ်စ
သံယောဇဉ်ဆိုတာ… ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ
သံယောဇဉ်ဆိုတာ… စွန်တစ်ခုရဲ့ရစ်ဘီး
သံယောဇဉ်ဆိုတာ… အိမ်တစ်လုံးရဲ့အမိုးအကာ
သံယောဇဉ်ဆိုတာ… ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး
သံယောဇဉ်ဆိုတာ… မိသားစုရဲ့ နိဗ္ဗာန်
သံယောဇဉ်ဆိုတာ… တောတောင်တစ်ခုရဲ့စိမ်းလန်းရာ
သံယောဇဉ်ဆိုတာ… ဂိမာန်နွေရဲ့ရွက်ဝါတော
သံယောဇဉ်ဆိုတာ… ၀ဿ န်ဥတုရဲ့မိုးစက်မိုးပွင့်
သံယောဇဉ်ဆိုတာ… ဟေမာန်ဦးရဲ့နှင်းရည်နှင်းစက်
သံယောဇဉ်ဆိုတာ… ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း
သံယောဇဉ်ဆိုတာ… အမှားပုစ္ဆာရဲ့နောင်တ တရား
သံယောဇဉ်ဆိုတာ… ဥပေက္ခာရဲ့ အမိုက်အမှောင်
သံယောဇဉ်ဆိုတာ… နားလည်မှုရဲ့ဝတ်မှုံဇာတိ
သံယောဇဉ်ဆိုတာ… ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်
သံယောဇဉ်ဆိုတာ… သေခြင်းတရားရဲ့ဆန့်ကျင်ဘက်
သံယောဇဉ်ဆိုတာ…
ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့
တသီးတခြား ပစ္စုပ္ပ န်ဘဝ
သံယောဇဉ်ဆိုတာ…
ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့… ။

< ဇွဲလူ >

Saturday, July 17, 2010

မြို့ပြမိန်းမတစ်ယောက်ရဲ့ အချစ်အကြောင်း

ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့

အောက်တန်းကျတဲ့ ဓားသွားတွေနဲ့

ရန်ကုန်မြို့ ကြီးဟာ

ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို

“ ဘဝသံသရာ…..”

တကယ်လို့

ရန်ကုန်မြို့ ကြီးဟာ ဝင်္ကပါဆိုရင်

ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့

အသားတစ်တုံးမရမချင်း

မြို့ ပြရဲ့ လမ်းမတွေမှာ

သူ့အသက် ကိုယ့်အသက်လုလို့

ကျွန်မတို့ ပြေးလွှားနေကြရဦးမှာပေါ့

အဲဒီလို မရေရာတဲ့ ဘဝကို

ကျွန်မ

ပုံမှန်အတိုင်း ဖြတ်သန်းနေပါတယ်

တက္ကသိုလ် တက်နေတယ်

သင်တန်းတော်တော်များများ တက်ထားတယ်

ကျွန်မရတဲ့ လခက

ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် မရှိချင်ဘူး

ကျွန်မမက်တဲ့ အိပ်မက်တွေကလည်း

ကျွန်မညနဲ့တောင် သိပ်မဆန့်ချင်ဘူး

ဘာပဲပြောပြော

ကျွန်မပျော်ရွှင်စွာ နေထိုင်နေပါတယ်

အားတဲ့အခါ တစ်ခြားမိန်းမတွေလိုပဲ

ကျွန်မလည်း Chatting ဝင်တယ်

Chat room ထဲမှာ Nickname တစ်ခုရှိရင်

ချစ်ခြင်းမေတ္တာ ၊ သစ္စာတရားဆိုတာ ရေလဲသုံးဖို့ပဲ

ဘဲအလန်းဇယားလေးတွေဆိုရင်

Web cam ကတဆင့် အီလိုက်မှာပဲ

ကျေးဇူးပြုပြီး

ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မရှေ့ မှာ အသံလာလာထွက်မပြပါနဲ့

ရှင်ဒီလောက်ယုံကြည်ရအောင်

ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်မဟုတ်ဘူး

ခုတစ်လော

ကျွန်မဆံပင်တွေ နှစ်ခွဖြစ်နေတာလောက်

သစ္စာတရားဟာ စိတ်ဝင်စားစရာမကောင်းဘူး

ရှင်မကြာခဏပြောပြောနေတဲ့

Platonic Love ဆိုတာကလည်း ကျန်ခဲ့ပြီ

ရှင်သိထားဖို့က ရှင့်ဆီမှာ

ကားပါရင် လန်းမယ်

လက်ကိုင်ဖုန်းရှိရင် ချစ်ခြင်းမေတ္တာဆီ ဖုန်းဆက်ရတာ

အဆင်ပြေမယ် ၊ လွယ်ကူမယ်

အရာရာဟာ ခေတ်ကာလက တောင်းဆိုတဲ့အတိုင်း

အရာရာဟာ

ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ရိုက်ခတ်မှုအတိုင်း

ဘာ

ကောင်းကောင်းနေဖို့

ဟုတ်လား

ကျွန်မမျက်စိထဲမှာ ရှင်ဟာ စိတ်ကူးယဉ်ဝါဒနဲ့ ပြုပြင်ရေးသမားပဲ

ရှင်မက်နေတာ

ကျွန်မအဖိုးတို့ခေတ်က အိပ်မက်အဟောင်းအမြင်းကြီးပဲ

ရှင်သိထားဖို့က

မိန်းမမာယာတို့ ဘာတို့ဆိုတာ

ဇာတ်တော်ထဲမှာ ကျန်ခဲ့ပြီ

မိန်းမတို့ ဣနြေ္ဒဆိုတာ

အရှိန်ပြင်းပြင်းမောင်းသွားတဲ့ လင်ခရုဇာပေါ်ပါသွားပြီ

ကျေးဇူးပြုပြီး

ရှင့်စကားလုံးတွေနဲ့ ကျွန်မသိက္ခာကို ဖြတ်ဖြတ်မရိုက်ပါနဲ့တော့

ကျေးဇူးပြုပြီး

ကျွန်မနေမှုဘဝထဲ ခေတ်မစားတော့တဲ့ ရှင့်အတွေးအခေါ်တွေနဲ့

မီးလို လာလာမတောက်ပါနဲ့တော့

ရှင်ပြောပြောနေတဲ့

ဗာစကို ပိုပါတို့

မီရောစလဗ် ဟောလုဗ်တို့ကို ကျွန်မမသိပါဘူး

ရှင်ပြောပြောနေတဲ့

မောင်ချောနွယ်တို့

ဖော်ဝေးတို့ကိုလည်း ကျွန်မမသိပါဘူး

ကျွန်မသိတာ

Triumph

Wacoal

L’Oreal

Camella

ပြီးတော့ ကျွန်မသိတာ

ကမ္ဘာမြေကနေ

သစ်တောတွေ တစ်ရွေ့ ရွေ့ ဆုတ်ခွါနေကြပြီ

ယဉ်ကျေးမှုချင်း တိုးတိုက်မိကုန်ပြီ

ကျွန်မတို့ မြင်နေရတဲ့ ကမ္ဘာဟာ အသစ်အသစ်ပဲ

လိုက်လျောညီထွေ မဖြစ်ရင်

မြို့ပြဟာ ရှင်တို့ ကျွန်မတို့ကို ဝါးမြိုသွားမှာပဲ

ဒီတော့