Saturday, August 6, 2011

ဆောရီးပဲ ညီမလေး .



ညီမလေးရေ။

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက်၊ ဘူးပဲပျိုးပျိုး
နွေစပါး၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ
ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ်၊ ကိုယ်လည်းအသိပဲ။

ဆောရီးပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတနပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ၊ ဆိုနီအဲရစ်ဆင်၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

ဆောရီးပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တဘက်နိုင်ငံတွေကိုပေါ့)
( .. ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ၊ မယ်ဆိုင်မှာ၊ ဘီကေကေမှာ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ... ... ... ...

ဖဦးထုပ်တွေ၊ နငယ်တွေ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ်၊ တိုလီမိုလီ၊ အချစ်ဇာတ်လမ်း၊ ပေါသွပ်၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတသပ်သပ်၊ ပါးစပ်တပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတလန် ပန်းတလန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့​ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

ဆောရီးပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တခုခုမှာ ကျွဲရိုင်းအချိုရည်
တခါသုံးဆပ်ပြာ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

ဆောရီးပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့​အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

ဆောရီးပါ ညီမလေးတို့ရေ ...။ ။

မားဆိုး

၁၄၊ မတ်၊ ၂၀၁၀။

(မြန်မာလူမျိုးမှန်ရင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီးများလည်း ကိုယ့်ကိုကိုယ် ကောင်းမွန်သင့်လျော်တဲ့တန်ဖိုးကို ထိန်းသိမ်းကြပါ)။

15 comments:

စန္ဒကူး said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ။
အဓိပ္ပယ်လဲ အပြည့်ရှိတယ်..
စိတ်မကောင်းလဲဖြစ်မိတယ်...

မအိမ်သူ said...

အရမ်းကိုခံစားရတဲ့ကဗျာလေးဘဲ။ ဖတ်ပြီးဘာပြောရမှန်းတောင်မသိဘူး.. ရင်ထဲမှာတစ်မျိုးကြီး...

ညိမ်းနိုင် said...

ရင်ထဲ ထိတယ်...ကမိုးယံ....:(

မြစ်ကျိုးအင်း said...

ဖတ်ဖူးတယ်။ ကြိုက်လို့ အစအဆုံး ထပ်ဖတ်သွားတယ်။

zp said...

ကဗျာသိပ်ကြိုက်တယ်...

Angelhlaing(May everybody be happy and healthy! said...

ကျေးဇူးအကိုကြိုက်လို့သိမ်းထားပရစေ...

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
တော်တော်ကလေးစဉ်းစားပြီးရေးထားတဲ့ကဗျာကလေးဘဲ-
“မာဆိုး”ဆိုတာ “မိုးယံ” လားဟင်-မသိလို့မေးခြင်းရယ်ပါ-

Anonymous said...

အမေ... အမြန်ကယ်ပေးပါနော်။အဲ့ဒါ အဖေကြောင့် !

မင်းဧရာ said...

အေးဗျာ.....
ဘာပြောရမှန်းတောင် မသိတော့ဘူး
ကျွန်တော်တို့ မြန်မာမိန်းခလေးတွေ
အနေနဲ့ အသိလေးတွေရှိစေခြင်တယ်....
ကိုယ်လုပ်ခြင်တာတွေလုပ်ပြီးမှ မိသားစုကြောင့်ပါ
ဆင်းရဲခြင်းကြောင့်ပါ တစ်ချို့ဆိုရင် တိုင်းပြည်ကြောင့်ပါဆို
တာတွေပါပြောကြသေးတယ် မြန်မာပြည်မှာ ဆင်းရဲနွမ်းပါပေမယ့် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေ အများကြီးပါ။

tuntun said...

ကြိုက်တယ်ဗျာအကို အကိုရဲ့ကဗျာလေးကိုအရမ်းကြိုက်တယ်အဓိပ္ပါယ်၇ှိတယ် အားရတယ်ဘယ်ကနေစပြောရမှန်းမသိဘူးဖြစ်နေတယ်မိန်းကလေးတွေအနေနဲ့လဲအသိလေးတွေရျိစေချင်ပါဓါဏ်ရာမကျံခဲ့ပေမဲ့ရှက်တက်ရင်သေလိုရပါတယ်။မိန်းကလေးတွေလဲကို.ကိုယ်မထိန်းသိမ်းနိုင်တဲ့လူတွေရှိပါတယ်မြင်ရတွေရတာတော့စိတ်ထဲတော့တမျိုပဲပေါ့
မတက်နိုင်ဘူးလေကိုကောင်းမှကို့အမျိုးကောင်းကို့အမျိုးကောင်းမှကျန်တာကောင်းမှာလေ....

tuntun said...

ကျနော်တို့ဘယ်သူကိုအဖြစ်တင်ကျမလဲ....?
သယ်ရင်းဆိုရင်ရောဘယ်သူကိုအပစ်တင်မလဲ.......?ကံကိုလား။

Anonymous said...

ဘယ်သူ့ ကိုမှ အပြစ်တင်ရမလဲဆိုရင် ကိုယ့်ကို
မစောင့်ထိန်းလို့  ပဲပြောရမှာပဲ။ခုလို ဖြစ်ပျက်နေ
တာကို ကျနော်လဲမကြိုက်ဘူး။နငယ်တကောင်က ရွှေ
မတကောင်နဲ့ ညားနေတယ်။ဟေး...i love u .i want slp together လို့ စတယ် ok no prblm
လို့ ပြန်ဖြေသတဲ့..ကျနော့် နငယ်က ပြန်ပြောတယ် ။ မင်းတို့ မြန်မာတွေ အဲလိုပြောလို့ ရတယ်တဲ့။မရဘူး မင်းထင်တာမှားတယ် လူတိုင်းမရဘူး မင်းသူငယ်ချင်းကြိုက်တာ -ာ ပဲ
ဖြစ်ရမယ်လို့ စိတ်ပေါက်၂နဲ့ ပြောလိုက်တယ်။မလေးမှာ မိန်းကလေးတွေ အများကြီး ပျက်စီးနေကြတယ် ။ မြန်မာပြည်ကမိဘတွေကိုလဲ သိစေချင်တယ်။ပိုက်ဆံရတာမြင်ပြီး ကိုယ့်သမီး -ာလို ဖြစ်နေတာ သူတို့ မသိကြဘူး။ကိုယ့်လူမျိုးတွေနိုင်ငံခြားသားနဲ့ တွဲတိုင်း ရင်နာတယ်။စိတ်မကောင်းဘူး။ငါတို့မြန်မာလူမျိုးဆိုတာ လိမ္မာယဉ်ကျေးတယ်လို့ အစကကြွားထားသမျတော့ အရှက်တောင်ရစေတယ်သူငယ်ချင်းတို့ ရေ...အလုပ်ပိတ်ရက်တရက်မှာ သူငယ်ချင်းတစ်ယောက်ကိုသွားကြိုတာ သူ့ စက်ရုံက ကောင်မလေးတွေ အများကြီးတွေ့ တယ် ..သူတို့ ဘဲတွေဆီသွားအိပ်ကြတာတဲ့ဗျာ။အုပ်စုလိုက်ကြီးတွေ့ နေလိုက်ကြတာ ။အဓိက ကတော့ မိန်းကလေးတွေကိုပဲ အပြစ်တင်ရတော့မယ် မစောင့်ထိန်းလို့ ပေါ့။ကျား ဆိုတာက အကုန်ဝါးချင်နေကြတာ။အပြစ်မပြောနဲ့ ။သူတို့ ကမှ အ၀ါးခံချင်နေမှတော့ .....ပြောစရာမရှိပေါ့

မိုးယံ said...

ဆရာဂျစ်......

မားဆိုး ဆိုတာ မိုးယံ မဟုတ်ပါခင်ဗျာ....။ သေချာ ရှင်းပြရရင်တော့ မားဆိုး ဆိုတာ...“ မားဆိုး” ဆိုတဲ့ (မိုးယံမသိတဲ့) တစ်ယောက်ပါခင်ဗျာ..

ဆူးသစ် said...

မိုးယံ- ကိုယ်တိုင်ရေးတာတွေလည်း တင်ဦးဗျ။ ကဗျာကို ကြိုက်တယ်။ Facebook အကြောင်းရေးထားတာလည်း ကြိုက်တယ်။ ကျွန်တော့်အထင် လူတွေဟာ အမှန်တစ်ခုရဲ့ နောက်မှာ အားလုံးရပ်နေကြလို့ထင်တယ်။ အဲဒီအချိန်မှာ အကြိုက်တွေ တူနေတတ်တယ်။

Phu Lay said...

အရမ်းကောင်းပါတယ် မြန်မာမိန်းကလေးတွေ ဖတ်သင့်တဲ့ ကဗျာလေး တစ်ပုဒ် ပါပဲ မြန်မာမိန်းကလေးတွေ ကိုယ့်ကိုယ်ကို့ ဆင်ချင်သင့်တဲ့ လို့ထင်ပါတယ် မြန်မာမိန်းကလေးမှန်ရင်ပေါ့