Sunday, August 14, 2011

ကျွန်တော် ကြိုက်၏ မကြိုက်၏

မပြောမပြီး မတီးမမြည်... ကိုယ့်ပေါင်ကိုယ် ခပ်ဖွဖွ ထောင်းရဦးမှာပေါ့။ တဂ်ပို့စ်ဆိုတာတွေကလည်း ပါစင်နယ်လ်တွေ ငြိတာ အတော်များသားကိုး။ ဒါပေသိ ခင်မင်မှု အတိုင်းအတာ ချိန်စက်နိုင်သလို၊ အပြန်အလှန် မျှဝေမှုတွေ ထဲမှာ ပျော်ရွှင်မှုတွေ နားလည်ပေးမှုတွေနဲ့ ရင်းနှီးဖော်ရွေမှုတွေကို မြင်ခွင့်ရတယ် လို့ ယုံကြည်မိပါ၏။ ဘလော့ဂ်မှာ စာမရေးဖြစ်တာ အတော်ကြာပါပြီ။ (အရင်ကလည်း ရေးတယ် မဟုတ်လှပါဘူး) အဘယ်ကြောင့် ဆိုသော်မူကား အကျွန်ုပ်သည် ပြောချင်သည်ကများလှပြီး စာလုံးအဖြစ် ပြန်လည်ဖန်တီးနိုင်မှု အားနည်းခြင်းကြောင့် တစ်သွယ်၊ ပြောချင်သည်က တောင်ရောက်မြောက်ရောက် ဖြစ်တတ်သည်ကားတစ်ဖုံ ၊ထို့ကြောင့် စာဖတ်သူမှာ အချိန်ပေးရ၏ ။ ဆရာအောင်သင်း ပြောသလို “ အချိန်သည် အသက်၊ အသက်ဆိုတာ အချိန်ကိုခေါ်တာ ” ဒါကြောင့် ကိုယ့်စာလာဖတ်လို့ သူ့အချိန်တွေ အကျိုးမဲ့ဖြစ်ကုန်ပြီး အသက်တွေ အကျိုးမဲ့ ရှည်သွားခြင်းသည် သေခြင်းနားသို့ နီးကပ်သွားခြင်းပေတည်း။သို့ဆိုသော် အကျွန်ုပ်သည် မိတ်ဆွေ သူငယ်ချင်းများ ကို ကိုယ်ထိလက်ရောက် မသတ်သော်ကား ၊ အချိန်ကို စားသော အဖျင်းစာများဖြင့် အသင့်အသက်ကို ခိုးယူသလို မပြေးသော် ကံရာရှိမှာကိုကား အကျွန်ုပ်သည် အလွန်အမင်း စိုးရိမ်စိတ် ထားမိ၏။ “ အကျင့်ဆိုးကတော့ အဲဒါပါပဲ ဗျာ ”လိုရင်းမရောက် အချိန်ပျောက်အောင် လေကြောရှည်တဲ့ မောင်မိုးယံ လေ.။
ကဲ...ဘလော့ဂ်တစ်ခွင် ကျင်လည်နေသမျှ ပျော်ပျော်ပါးပါး ရေးနေဦးမယ့် တဂ်ပို့စ်များကို စလုံးရေး စလိုက်ရအောင်။

ကိုယ်ခန္ဓာ........

ကိုယ်ခန္ဓာဆိုတာလည်း တစ်တယ်တော့ စစ်မှန်သော တရားသဘောနဲ့ သစ္စာဆိုက်အောင် ကြည့်ရင် ဘာမှကိုယ်လည်း မဟုတ် ခန္ဓာလည်းမဟုတ်ပါဘူးဗျာ၊ ဓမ္မခန္ဓာတို့ ရူပက္ခန္ဓာ တို့တော့ ကြားဖူးသား။ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို နှံ့စပ်သူ မဟုတ်တော့လည်း တရားသဘောတွေကို ကံသေကံမ ပြောရဲသည်မရှိပါဘူး။ နာမ်နဲ့ရုပ် တရားနှစ်ပါးသာ ရှိသော်လည်း သုံးဆယ့်နှစ်ကောဌာသ ဆိုသော ရုပ်အဖွဲ့အစည်းကြီးကိုသာ အကျွန်ုပ်တို့သည် ဥာဏ်ကန်းသော မျက်စိဖြင့် သူ့ကိုယ် ငါ့ခန္ဓာ စသည်ဖြင့် အရှက်မရှိ အငြင်းပွားဖွယ်ဖြစ်နေမိကြ တတ်သည်။ ထိုထို သော အရိယာမဖြစ်သေးသော သူငါ အများထဲတွင် အ၀ိဇ္ဇာအတိ ဖုံးသော မောင်မိုးယံ ငတုံးသည်ကား အဆိုးတကာ့ အဆိုးဆုံးဖြစ်ပေတော့သည်။ အဘယ်နည်း ဟူမူကား အကျွန်ုသည် ဣိထ္တိယ (ရွှေရတုမှတ်တမ်း ကိုကြီးကျောက်ပြောသော အိပ်ရင် ထိလို့ရတဲ့) မိန်းမမျိုးကို ရုပ်ခန္ဓာချင်း တူပါလျက် ၊ အနိမ့်အမြင့် အပိန်အ၀ အဖြူ အမဲ၊ ခြောက်ပြစ်ကင်းသည်လော သုံးသပ်သေးသည်။ အချိုးအစားကို ခေါ်တော ငါးသိန်းအားဖြင့် အာသာငမ်းငမ်း ရှုမှတ်သေးသည်။ ဤသို့ ခန္ဓာ မျိုးစုံ အဖုံဖုံကို မစားရ၀ခမန်း သုံးသပ်စောကြာပြီးမှ ငါးရံ့ကိုယ်လုံး သမင်မျက်လုံး ပိတုန်းရောင် ကေသာ ဇင်ယော်တောင် မျက်ခုံး ဆင်နှာမောင်းပေါင် နှင့် တိရစ္ဆာန်မကျ လူမကသော ကိုယ်ခန္ဓာမျိုးကို နှစ်သက်တတ်၏။ ဖြူစင် ပ၀င်း ပြစ်မျိုးမှဲ့မထင် မျက်နှာ လမင်းအား နှစ်သက်၏။ ပွေး ညှင်း ၀ဲကင်း ဖြူဖြူဝင်းသော ခြေသလုံးမျိုးကား ကြိုက်၏။ တစ်ခါက ကြိုက်ခဲ့ဖူးသော ၃၄ ၂၇ ၃၈ များလည်း ကြိုက်နှစ်သက်ပါသေး၏။ ကြိုက်တာတွေချည်း စွတ်ပြောလို့ ဒီကောင့်ကို ဘာကောင်လည်း ခန့်မှန်းမိကြပြီ ဆိုမှဖြင့်အခက်။ မကြိုက်တာတွေ လှည့်ပြောပြီး အာရုံပြောင်းလိုက်တာ ကောင်းပါသည်လေ။
အရပ်ပု ခေါင်းရှည် နှမ်းခမ်းထော် မျက်လုံးစွေ နဖူးမောက် ပေါင်ကွ လိပ်ခါး ဖားဖင် များအား အကျွန်ုပ်သည် နှစ်သက်ခြင်းအလျဉ်းမရှိပါချေ။ခြေဖမိုးတွင် ခြင်ကိုက်၊ခြေသလုံးတွင် အစက်အပျောက်များပြီး အကွက်ထနေသော ပေါင်တံညို ညစ်ညစ်များမြင်မိပြီ ဆိုလျှင်ဖြင့် ထိုနေ့၌ အကျွန်ုပ်သည် ထမင်းအစားထိုး ကြက်ကြော်များကိုသာ စားသုံးတတ်၏။


အပြုအမူ......

တစ်ခါတစ်ရံ ၀ါသနာများသည် အပြုအမူဖြစ်နေတတ်သည်။ ၀ါသနာ ဆိုသည်ကလည်း ရဟန္တာမဖြစ်မခြင်း ပယ်ရခက်လိုက်သည် ဖြစ်ခြင်းဟု ကြားနာမှတ်သားဖူးပါ၏။ သို့ပေသိ အကြင်အချင်းအရာသည် အကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့်လွန်စွာ အလှမ်းကွာလွန်းပေသည်။ ယခုမူကား အကျွနုပ်နှစ်သက်သော မနှစ်သက်သော အကျင့်အပြုအမူ များကိုသာ ဖော်ပြရန် ဖြစ်သောကြောင့် အလကားရသော လေဖြင့် ပရမ်းပတာ နိုင်လှသော နှုတ်ကို စောင့်စည်းခြင်းဖြစ်ရန် လမ်းကြောင့်အမှန် ပြန်လှည့်ချေမည်။ လူဆိုတာ မျိုးကလည်း ကိုယ်သာအမှန် ထင်မှတ်စွဲသန် သူများဖြစ်သောကြောင့် အကျွန်ုပ်သည်လည်း အကျွန်ုပ်၏ ကောင်းမြတ်သော အမူအကျင့်ကလေးများကို ပြောပြလေအံ့။ အကျွန်ုပ်သည် လူလိမ္မာသား ယဉ်ပါးခြင်းဖြစ်၍ အပြုအမူကောင်းများ ရှိလေ၏။ အစားအသောက်စားရာတွင် ညှင်သာစွာ စားတတ်၏။ အသံ သိုအောင် စားတတ်၏။ မိန်းမရွှင်တို့ ကျင့်အပ်သော အမှုဖြင့် လူတစ်ကာအား သွားဖြီးသော အမှုကို ရှောင်ကျဉ်၏။ အရှက်လုံရန်နှင့် အပူအအေးမျှတရန် ရည်ရွယ်သော အ၀တ်အား ယဉ်ကျေးစွာ ၀တ်ဆင်၏။ဆံနွယ်နက်ကို ခါးအထက်တွင် အဖျားကော့ကာ ယိမ်းနွဲ့နေသော မိန်းမပျိုးမျိုးအား အာသာငမ်းငမ်းရှိတတ်၏ (ဆံပင်တွေ ဈေးကောင်းတာ ခင်ဗျားလဲသိလျက်နဲ့ဗျာ) “မကြိုက်တာကတော့ အများသားဗျ ” လောကကြီးကို အကောင်းမြင်စိတ် မရှိသည်နှင့်လည်း တိုက်ရိုက် အချိုးကျ သက်ဆိုင်နိုင်ပါသည်။ မိန်းမတို့ ဘုန်း ဆံတုံးဟု ဆိုသော်ငြား ပြတိုက်ဝင် ဆင်ယင် ထုံးဖွဲ့မှုကို ရှောင်ကျဉ်း၍ ပိတုန်းရောင်ကေသာကြော့ကို အကြောင်း မသင့်သည့်တိုင် စာကလေးသိုက် ပမာ ရှုပ်ပွနေရှာသော အကြေကောက် ငှက်သိုက် ဆံနွယ်များကို မနှစ်သက်၊ ဓါးထိသလို နှုတ်ခမ်း အရောင်ကို အနာဖေးကွာသလို အညိုရောင် လိုင်နာဆွဲသော နှုတ်ခမ်းများအား ဖနောင့်ဖြင့် ကျပ်ကျပ်ပေါက်ချင်မိသည်။ အိနြေ္ဒ နှင့် သိပ်ခါ ..အဲ အဲ. .သိက္ခာကို ထီမထင်သော ပေါင်နှစ်ခြမ်းအား ဖြဲလိုက်ကားလိုက် ပြုမူပြီး ထိုင်တတ်သော မိန်းမ မျိုးအား လေးဂွဖြင့် ပစ်ချင်မိ၏။


အစားအသောက်......

အစားအသောက်၌လည်း အကျွန်ုပ်သည် ဇီဇာကြောင်မိသေး၏။ အရွက်၌ စာရွက်ကို မစား ၊ အသား၌ သစ်သား ရှောင်၏၊ အသီး၌ ဂေါက်သီး မစား၊ ၀က်သားအားခေါင်းမှ အမြီးတိုင် မြိန်ရှက်စွာ စားသောက်တတ်၏။ ရေထဲမှ ငါးကိုကား ဒိုက်နံ့ မနံရပါက အကုန်စား၏။ အရွက်ဆိုလျှင်လည်း လက်ဖက်အသားကို စောင်းလျားသီး ငရုတ်သီး ကြက်သွန်ဖြူတို့ နှင့် ရောထောင်းထားသော ချဉ်စပ်လက်ဖက် များကို ယောက်ျားလေးပီပီ ကြိုက်နှစ်သက်၏။ အသက်ရှင်ဖို့ စားသောက်နေသော အကျွန်ုပ်သည် စားသောက်ဖို့ အသက်ရှင်နေသည် မဟုတ်သောကြောင့် ကွမ်းယာကို ဇာတိမာန်မပျက် တရစပ်ဝါးနေသော်လည်း ဖရဲသီအား အလွန်အမင်း မြင်ပြင်းကပ်၏။ ပဒိုင်းသီးအား ရူးလျှင်တောင် ကျွန်ုပ်စားလိမ့်မည် မဟုတ်။ စက်မှုစွမ်းအား ခေတ်ကျော်လွှားသည့်တိုင် နွားနှင့်ဖက်ရုန်းနေရသော အကျွန်ုပ်တို့ လို တောသူတောင်သားများအဖို့ သားသမီးပမာ နွားရတနာကို အဘယ်နည်းကြောင့် စားဝင်အံ့နည်း။

အဝတ်အစား......

အရိုးပေါ်အရွက်မဖုံးစေဖို့ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ နှီးနှောပါဝင်နေပါတယ်ပြောပြော အိန္ဒိယမှ ဆင်းသက်လာသော လုံချည်ကို မြတ်နိုး၏။ အရောင်များနှင့် အ၀တ်အစားတို့သည် လူ့စိတ်ကို ထင်ဟပ်စေ ပြောင်းလဲစေသည်ကို ရိပ်ဖမ်းသံဖမ်းကြားဖူးသော အကျွန်ုပ်သည် လည်ကတုံး လက်ရှည် အဖြူရောင် လေးများကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်သည်။အောကတ္တီပါ ဖိနပ်ကို ပိုးသားဖြင့် ချုပ်လုပ်ထားသော အပြာရောင် ၊ အစိမ်းရောင် များကို နှစ်သက်၏။ လွတ်လပ်ပေါ့ပါးသော တီရှပ်အင်္ကျီများကို နှစ်သက်သလို ဦးထုပ်ကို မချွတ်တမ်းဆောင်းတတ်၏။ အဘယ့်ကြောင့် ဆိုသော်ကား အကျွန်ုပ်၏ ကြီးကျယ်ခမ်းနားသော အတွေးအခေါ်များအား ဦးနှောက်ယိုစီးမှု မဖြစ်နိုင်ရန် ဦးထုပ်ဖြင့် ကာရံထားသည့် သဘောပင်တည်း။ သို့ပေမင့် မည်မျှလောက်ပင် မြန်မာဆန်သည်၊ ဇာတိမာန် ရှိတယ်ပြောပြော ဂုတ်သွေးစုတ်ကာ သစ်ပင်တွေကို အမြစ်က နှုတ်ပြီး ကျုပ်တို့သွေးကြော ဧရာဝတီကိုကောအောင် လူမဆန်သည့် ပေါက်ဖော်ကြီးတို့ ယဉ်ကျေးမှုမှ ဆင်းသက်သော တိုက်ပုံ အိင်္ကျီကိုတော့ဖြင့် ပွဲလမ်းသဘင်ရှိတောင် မ၀တ်ဆင်ပါ။ အလုပ်ကြမ်းသမားများ စတင် ၀တ်ဆင်ခဲ့သည့် ဂျင်းန် ဘောင်းဘီများကိုကား အကျွန်ုပ်သည် လွန်စွာ မုန်းတီး၏။အနုများနှင့် မသန်စွမ်းသူများ ၀တ်ဆင်လေ့ ရှိသော ကြိုးသိုင်းနှင့် ကွင်းထိုးဖိနပ်များအား အကျွန်ုပ်သည် လွန်စွာကျဉ်၏။



နိဂျုံးခုတ်အနေဖြင့် တင်ပြရသော်..အဲ... ဖော်ပြရသော်..အာ...ဒါလည်းမဟုတ်သေးပါဘူး။ ဒီလိုဗျာ... ရေးပြရရင်ပေါ့..။ အထက်ပါ အကြောင်းအရာတို့သည် ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖေါ်မဟုတ်သလို တရုတ်သိုင်းကားများထဲကလို သွေးသောက်ညီအစ်ကို မဟုတ်သော အွန်လိုင်းမှ ခင်မင်ရသော သူငယ်ချင်းအစ်ကိုကြီး ကညိမ်းနိုင်(မျောလွင့်တိမ်တို့နားခိုရာ) ၏ ကျွန်တော့်အပေါ် တခုတ်တရ ရှိလှသော ခင်မင်မှုအား လေးစားသော အားဖြင့် ပျော်စေရယ်စေ သဘောမျိုးသာရေးသာဖြင်းဖြစ်သောကြောင့် အဟုတ်အမှန် ယူဆကာ အမုန်းမာန် မပွားကြပါစေလိုပါ၊ ကိုကြီးဇော်ရဲ့ စကားကို ငှားပြော ရလျှင်ဖြင့် “စာရေးသူနှင့် ရေးသည့်စာကို မရောထွေးမိပါစေနှင့်” လို့ ပြောကြားရင်း မဖြစ်ညစ်ကျယ် ဦးနှောက်ကို ပရမ်းပတာ အရေးအသားဖြင့် ပျော်ရွှင်စေရန် စိတ်အရင်းခံ၍ ကျီစယ်အမှု ပြုမိပါသည်။


မိုးယံ
10:32 pm
12.8.2011 (Fri)



13 comments:

နေဇော်လင်း said...

ဟုတ်ကဲ့....

ကြိုက်တာတွေ ၊ မကြိုက်တာတွေကို
ဖတ်သွား မှတ်သွားပါတယ်။

ဒါနဲ့ တစ်ခုမေးရဦးမယ်။ ရေထဲက ငါးတွေဘယ်ငါးတွေ
စားတာလဲဂျာ ...

ဦးထုပ်ကို လုံးဝမချွတ်တာက ယုံပါတယ်ဂျာ။
အိပ်နေလည်း ဆောင်းနေတာပဲကို ...:p

ငွေလမင်း said...

ဝက်သားကြိုက်တာ အမဲသားမစားတာ တူတယ်
တချို့သော စာများဖတ်ပြီး အူးမိုးယံ(ခ)အူးလေမိုး ကြီး တစ်ယောက်ပါး ( တရားပေါက် ) နေပြီ ထင်တယ်

ခင်မင်စွာဖြင့်
ငွေလမင်း

Anonymous said...

ဒီမှာ ရော့ .. လေးဂွ ကို့  ဟာ ကိုယ်ပစ်ချေ ..အဲ တော့ ကိုယ့် ဖာတာကိုယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

မောင်မိုးယံရဲ့ ကြိုက်၏ မကြိုက်၏ ဖတ်ရသည်မှာ သင်္ကြန်စာ ဖတ်ရသကဲ့သို့ ရှိလှချေ၏။ အကြိုက်ချင်းတူသော်လည်း အားနွဲ့သည့် မိန်းခလေးတို့အား လေးခွဖြင့် ပစ်ရန် မရည်သန်ရက်သောကြောင့် ထိုအချက်မှာဖြင့် သူကြီးမင်းနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်လျှက် ရှိလှချေတော့၏။

သူကြီးမင်းထံပါး ကရုဏာတရားတွေ ခစားနေသောကြောင့် လေးခွဖြင့် မပစ်ရက်သည်ဟု မထင်လေနှင့်။ သူကြီးမင်းမှာမူကား ထိုကဲ့သို့သော အပိုးမကျိုးသည့် သူတို့အား ဂျစ်သရီး ဂျစ်ဖိုးဖြင့် တစ်ချိုးတည်း လုံ တ တွဲ ဆွဲလိုက်ချင်သောကြောင့် ဖြစ်တော့ပေ၏။း)))

ခင်မင်လျက်

မအိမ်သူ said...

တမျိုးတော့ တမျိုးပဲ။ ဘာတမျိုးမှန်းသာ မသိတာ.. ကြိုက်တာမကြိုက်တာ ရှင်းရှင်းရေး ရတဲ့ဟာကို မောင်မိုးယံတို့လုပ်မှဖြင့် ဘုရားစာလိုလို တရားစာလိုလို သင်္ကြန်စာလိုလို ဟောစာတမ်းလိုလို ဖတ်ရင်းနဲ့ နဝေတိမ်တောင်ဖြစ်ကုန်ပြီ...းO

အဖြူရောင်နတ်သမီး said...

အလုပ်ကပြန်လာပြီး သူကြိုက်တာ မကြိုက်တာကို ပြေးဖတ်မိပါတယ်..
ခေါင်းကို မူးသွားတာပဲ...
ရှင်းရှင်းပြောဟယ်...
အမ နတ်သမီးက တုန်းတယ်..ဟဲ့..

ညိမ်းနိုင် said...

အဲ....ညန်မာပြည်ပြန်ရောက်မှ ဂွနဲ့လောက်စာလုံးဝယ်ပေး
ရမယ်...၊အမောင်မိုးယံ ဆွဲချင်သူအား အမုန်းသာဆွဲလေ
ရော့....တစ်ခုပဲကြိုပြောမယ်...ကိုယ်ဖြစ်ကိုယ်ခံကြေးနော်..
..:)))၊ကြိုက်မကြိုက်သင်္ကြန်စာအား...ပြုံးပြုံးကြီးဖတ်ပြီးသကာလ....ညီမောင်မိုးယံအား၊ အားချိန်လေးအတွင်း ဖြစ်
ညှစ်ရေးပေးသောကြောင့် ကျေးဇူးအထူးတင်ရပါကြောင်း။

zp said...

ကျနော်လည်း စာရွက်၊ဂေါက်သီး၊သစ်သား စားဖူးနော်...ဟဟ

...အလင်းစက်များ said...

ကွမ်းဖြတ်ပါ မောင်ရင်... ကွမ်းမဖြတ်ရင် မောင်ရင့်လျာကို ဖြတ်ရလိမ့်မယ်။ စေတနာနော်။ ဟင်းဟင်း။ ငါဂျင်းတွေ ၀တ်နေတာများဒင်း သိလို့ လား ဂွင်းထိုးတော့ မစီးဖြစ်လို့  တော်သေး။ မလွယ်ကြောပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးယံရဲ့ မကြိုက်တာတွေကလည်း ရီလိုက်ရတာ
ရေးလည်းရေးတတ်တယ်
ဒါနဲ့ မင်္ဂလာဆောင်ရင်ရော တိုက်ပုံမ၀တ်ဘူးလား
သတို့သမီးက အတင်းဝတ်ခိုင်းရင် ဘယ်လိုလုပ်မတုန်းး)

မောင်ဘကြိုင် said...

း) ပြုံးပြုံးရွှင်ရွှင်ဖတ်သွားပါတယ်ဗျား)
ကြိုက်၏

မောင်(စွယ်စုံကျမ်း) said...

အူးလေးမိုးယံရေ..ကိုနေတို့ ခေါ်သလိုပဲခေါ်လိုက်တယ်
ဖတ်ရတာအရသာ၇ှိတယ်ဗျာ..

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ပထမပိုင်းတရားအကြောင်းတွေရေးထားတာ မိုးယံ တစ်
ယောက်တကယ်ဘဲရေးချတော့မှာလားလို့ ဖတ်ရင်းဖတ်ရင်း
တဖြေးဖြေးနဲ့ အတည်ပေါက်မဟုတ်ဘူးဆိုတာသိသွားတာ
တော်ပါသေးတယ် သူဋ္ဌကီးမင်း က ဂျစ်သရီး ဂျစ်ဖိုးဆိုပြီး
ရေးသွားတာ ဂျစ်တူးမပါသေးလို့ ( ဂျီသရီး ဂျီဖိုးလို့
ဘာ့ကြောင့်မရေးပါလိမ့် )