Showing posts with label ရေးမိရေးရာ လျှောက်ရေးတာ. Show all posts
Showing posts with label ရေးမိရေးရာ လျှောက်ရေးတာ. Show all posts

Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

Tuesday, May 10, 2011

လတ်တလော စိတ်ဆန္ဒများ (တဂ်)


ကိုယ်ကလည်း အရှက်အကြောက်ကြီးတော့ ကိုယ့်အကြောင်း တွေ လူသိမှာ သိပ်ရှက်တာ။ အဲဒါကြောင့် သူတို့မေးသမျှ ဘာမှကို ဖွင့်မပြောဘူး။ပညာကနည်း အရှက်ကသည်းတော့ လူတောမတိုး ဖြစ်နေတာ၊ ပြောလိုက်ရင် ဘာသာရေး ဖတ်လိုက်ရင် ဒဿနဆိုတော့ လူတိုင်းနဲ့ ကိုယ်ကတော့ စကားပြောရတာ ခပ်ခက်ခက်ရယ်။

ဆိုရေးရှိက ဆိုအပ်စွ ပါတကား.... ကဲပါလေ၊ ပျော်စရာ ရွှင်စရာ ပေါ့ပေါ့ပါးပါးတွေဆိုတော့ ဟုတ်တာရော မဟုတ်တာရော ခပ်တည်တည် ဖွလိုက်ဦးမယ်။


(1)အစားချင်ဆုံးအစားအစာ - အဲဒါ ခက်တာပဲ၊ တစ်နေ့ တစ်နေ့ ထမင်းစားရတာကိုတောင် စိတ်ပျက်နေတဲ့ ကိုယ့်အတွက် အစားချင်ဆုံး အစားအစာဆိုတာ ဘယ်ဟာလဲ ကိုယ်လဲ သေချာမသိဘူး။ ရမယ်ဆိုရင်တော့ ကြေးအိုးတစ်ပွဲလောက် စားချင်သား။

(2)နေ့တိုင်းစားဖြစ်တဲ့အစား - မြန်မာပြည်ဖွား ဒီလူသား ရေမြေခြားလည်း ထမင်းပဲ စားပါတယ်ကွယ်။


(3)အလိုချင်ဆုံးရေမွှေး - အပုပ်ကောင် ရုပ်ဆောင်တယ် ဆိုသော်ငြား ၊ ကျန်းမာသန့်ရှင်းတဲ့ ကိုယ့်အတွက် အလိုချင်ဆုံးရေမွှေးက....... ၊ တိဝူး ကောင်းကောင်းကန်းကန်း သုံးမှ မသုံးဖူးတာ။


(4)သုံးဖြစ်နေတဲ့ရေမွှေး - Three Rose နဲ့ Follow me (Men) အဲဒါ အိပ်ယာခင်းနဲ့ ခေါင်းအုံးကို ဖျန်းတာ။မွှေးမွှေးနဲ့ အိပ်ချင်လို့.....အဲ မှားလို့ အနံ့မွှေးမွှေးလေးနဲ့ အိပ်ချင်လို့။


(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - မွေးနေ့ ဆိုတာကို လုပ်ကို လုပ်ချင်စိတ်မရှိတော့ ၊ မွေးနေ့ လက်ဆောင် မျှော်ဖို့ဝေးပေါ့ဗျာ။


(6)အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း 4G နဲ့ ထွင်းဖောက်မြင်ရတဲ့ ဒီနှစ်ကောင် ပေါ့ကွယ်။ (1) နဲ့ (2)


(7)သုံးဖြစ်နေတဲ့ဖုန်း - နိုကီယာ 1900 နဲ့ N 97 ရယ် နိုကီယာ 8800 (စတီးကာဗာ) ရယ်ပါ။။ (ကြွားတာတော့ မဟုတ်ပါဘူး၊ ရှိတယ်ဆိုတာ ပြောတာပါ)


(8)အရူးသွပ်ဆုံးအရာ - ဘာသာရေးနဲ့ အတွေးအခေါ် စာတွေ ဖတ်ပြီး၊ ဆင်ခြင် စဉ်းစားနေရတာမျိုးပါ။


(9)အနီးစပ်ဆုံးဂီတ - လေချွန်တယ်။


(10)အလိုချင်ဆုံးစာအုပ် - တိပိဋက မင်းကွန်းဆရာတော် ကို မှတ်တမ်းတင်ထားတဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်။


(11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ (ဆန်းလွင်)၊ စိတ်အိုင်ပက်သူ (နီကိုရဲ) ၊ အံမယ်လေး ကိုယ်ပါ လိုက်သေရတော့မယ်ထင်တယ်။


(12)အကြားချင်ဆုံးစကား - “ ဟေ့ကောင်မိုးယံ ကမ္ဘာပေါ်မှာ စစ်မဖြစ်ဖို့ လူတွေ အားလုံး သဘောတူ လက်မှတ်ထိုးလိုက်ပြီတဲ့ မင်းကြားလိုက်မိလား ” ။


(13)အဖြစ်ချင်ဆုံးဆန္ဒ - လူသားတိုင်း ဓမ္မဆိုတာ ဘာလဲလို့ နားလည်ပြီး ကျင့်သုံးစေချင်တာပါ။


(14)အလိုချင်ဆုံးဆု - ဂတိ ငါးတန် အမှန် လွတ်သော နေရာကိုရောက်ဖို့ အားထုတ်နိုင်တဲ့လူ။


(15)အသွားချင်ဆုံးနေရာ - ပါဝါ သိပ်ပြကြသော တန်ခိုးရှင်တွေရဲ့ ကင်းဝေးရာ။သန္တိသုခ တည်သောနေရာ။


(16)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဗျာ။


(17)အကြည့်ချင်ဆုံးရုပ်ရှင် - အခုပေါ်နေတယ်တဲ့ တစ်ကယ်မြင်နေရသလိုပဲဆိုတဲ့ ဟိုကားဗျာ။


(18)အပြောချင်ဆုံးစကား - မပြောရလေ ကြိုက်လေပဲ။


(19)အယုံကြည်ဆုံးလူသား - ဂေါတမ နွယ်ဖွား သိဒ္ဓိတ္ထမင်းသား။


(20)မယုံကြည်ဆုံးအရာ - ယုံကြည်လိုက် ပို့ပေးမယ်။


(21)အမုန်းဆုံးအရာ - လူ့ဘ၀ထဲ ကိုတွန်းပို့လိုက်တဲ့ အရာတွေ (အ၀ိဇ္ဇာ နဲ့ တဏှာ)။


(22)အသောက်ဖြစ်ဆုံးအအေး - Sprite နဲ့ လိမ္မော်ရည်ပါ။


(23)လတ်တလောအထိတွေ့ဆုံးအရာ - အင်တာနက် စာမျက်နှာ။


(24)မကောင်းတဲ့ကျန်းမာရေး - နှာခေါင်းပိတ်နေတယ်ဗျာ။


(25)အကောင်းဆုံးအဖော် - ဟမ် ! အဲလိုကြီးဖြေရမှာတော့ ရှက်တယ်ဗျာ။ သုံးဖူးသူတွေကိုပဲ မေးကြည့်ပါဗျာ။


(26)လက်ရှိအကြိုက်ဆုံးသီချင်း - အချိန်လွန်ငှက်။


(27)အကြောက်ဆုံးအလုပ် - ကိုယ်က နောက်တာ၊ ဟိုမှာတော့ ဒေါသတွေထွက် မျက်ရည်တွေ ကျစေတဲ့ အလုပ်မျိုး။


(28)တန်ဖိုးအထားဆုံးအရာ - သစ္စာ နဲ့ ဓမ္မ။


(29)အကြောက်ဆုံးတိရိစ္ဆာန် - ဂဠုန် ၊ တစ်ခါမှတော့ မမြင်ဖူးဘူး ဒါပေမယ့် နှုတ်သီးက ကြီးတယ်ဆိုတာကိုး၊ အဲဒါကြောင့် နာမ်နှိမ်တဲ့ သဘောနဲ့ ဂဠုန်ရာဇာကို ခြေထောက်တွေမှာ လိမ်းထားလိုက်တယ်။


(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - ကိုဇော်၊ နေဇော်လင်း၊ အုပ်ကြီး၊ အိန်ဂျယ်ရှက်ပါ၊ ရဲထွန်းဇော်။


(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုန်း ၊ ပိုက်ဆံအိတ်နဲ့အစုံပါတဲ့ အရူးလွယ်အိတ်


(32)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဆို။ (ဒါပဲ ထပ်မေးနေတာ ဖြေရတာ ရွှက်လိုက်တာ)


(33)စိတ်အညစ်ဆုံးအချိန် - ပိုက်ဆံ မရှိတဲ့ အချိန်ရယ်၊ ဖုန်းသိပ်ပြောရတဲ့ အချိန်ရယ်။


(34)အနေချင်ဆုံးနေရာ - ဤ ကမ္ဘာမြေ ကို ဘယ်တော့မှ ပြန်မရောက်နိုင်တဲ့ နေရာ။


(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - ဘီယာမူးပြီး အနှပ်ခန်းသွားနေတတ်တဲ့ ကောင်က နိဗ္ဗာန် ရောက်ချင်လို့တဲ့။


(36)ပေးချင်တဲ့သတင်းတစ်ခု - ဒေးဗစ်အုပ်လေ မိန်းမယူတော့မယ်တဲ့။


(37)အပျော်ဆုံးဖြစ်မယ့်အချိန် - ဒီကမ္ဘာကြီးမှာ စစ်တွေ ချုပ်ငြိမ်းပြီး ၊ လူတွေ ဓမ္မ(စစ်မှန်တဲ့ ဓမ္မ)ကို ကျင့်သုံးတဲ့ အချိန်ဟာ ကိုယ်အပျော်ဆုံးဖြစ်မှာပါ။ ( အော်.. ဒါပေမယ့် ကိုယ်လဲ အသက်ကြီးနေပြီဆိုတော့ .....)။


ကဲကဲ...တော်ကီတွေများသွားပြီး... ဘယ်သူတွေကတော့ ယောင်တောင်ပေါင်တောင်နဲ့ အမှန်အကန် စာမေးပွဲ ဖြေမလဲလို့ စမ်းကြည့်ရဦးမှာပေါ့... လာလေ့...။


နေဇော်လင်း
ငွေလမင်း (ကိုကိုငွေနဲ့ မဒမ်ငွေ)




အဆင်ပြေမယ်ဆိုရင်တော့ ရေးပေးစေချင်တာ ဆန္ဒအမှန်ပါဗျာ။ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ပေါ့။



Sunday, May 8, 2011

ကြိုက်တာတွေ (တက်ဂ်ပို့စ်)

(၁) နေ့စဉ် မနက်တိုင်း မနက်စောစော ထပြီး မနက်ခင်းလေပြင်ညှင်းက ပါးပြင်ကို ဖြတ်တိုက်တဲ့ အေစိမ့်စိမ့် လေရဲ့အရသာခံရတာကို ကြိုက်တယ်။

(၂) မျက်နှာသစ်ပြီးတာနဲ့ အဆာပြေ ထမင်းကြမ်းစားလိုက်ရတာကို ကြိုက်တယ်။

(၃) ညဖက်ကို စိန်ကြယ်ဘုရင်မ သွားတိုက်ဆေးမှုန့်နဲ့ တိုက်ပြီး မနက်အိပ်ယာထရင် ကိုးဂိတ် သွားတိုက်ဆေးနဲ့ တိုက်ရတာကိုကြိုက်တယ်။

(၄) တစ်လတစ်ခါ ဘီယာသောက်ရတာကိုကြိုက်တယ်။

(၅) ထိုင်းနိုင်ငံထုတ် Three Rose ရေမွှေးကို ကြိုက်တယ်၊

(၆) နေ့ခင်းဘက် အလုပ်ထဲမှာ အရမ်းပူအိုက်နေရင် အင်္ကျီကိုရေဆွတ်ပြီး ၀တ်ရတာကို ကြိုက်တယ်။

(၇) ရေဆူဆေးပြားကို ဖန်ခွက်ထဲထည့်ပြီး မသောက်သေးပဲ ဆေးပြားလေး ဆူနေတာကို ထိုင်ကြည့်ရတာကို နှစ်သက်တယ်။

(၈) စားပွဲရှေ့မှာ အလုပ်ထိုင်လုပ်နေရင်း တရားခွေဖွင့်ပြီးနားကြပ်တပ်ထားရတာကို ပီတိဖြစ်တယ်။

(၉) ညတိုင်း နွားနို့တစ်ခွက်သောက်နိုင်တဲ့ အခြေအနေကို ကျေနပ်တယ်။

(၁၀) ဦးထုပ်ကို မချွတ်တမ်းဆောင်းထားရတာကိုကြိုက်တယ်။ အိပ်ယာဝင် တောင် ဦးထုပ်ဆောင်း အိပ်ရတာကို ကြိုက်တယ်။

(၁၁) သီတဂူ ဆရာတော်ဘုရားကို ပူဇော်တဲ့ သီချင်းကိုကြိုက်တယ်… “ တောင်စစ်ကိုင်း ချောင်တိုင်း ရေအလှူ နေပူပူ လေပူကြမ်း….ဆောင်းချမ်း ” အဲဒီနားကို ရောက်ရင် ပလေယာ ဖွင့်ထားတဲ့ ၀င်းဒိုးကို ကြည့်လိုက်ရတာကို ကျေနပ်တယ်။

(၁၂) တောင်မြို့ ဆရာတော်အရှင်ဇနကာ ဘိဝံသ ရဲ့ ဓမ္မစင်္ကြာ တရားကို ကြိုက်တယ်… ညတိုင်း အဲဒီ ဓမ္မစင်္ကြာ နံပါတ်လေး အပုဒ်ကို နားကြပ်တပ်ပြီး နာရတာကိုကြိုက်တယ်။

(၁၃) ဘောင်းဘီရှည် ၀တ်ရတာကို နှစ်သက်တယ်…၊ ညအိပ်ယာဝင်လည်း ဘောင်းဘီရှည်ဝတ်အိတ်တယ်။ ပုဆိုးနဲ့ အိပ်လို့ကတော့ မနက်ဆိုခါးက ပုဆိုးက လည်ပင်းမှာဘယ်သူ လာစည်းပေးထားလဲ မသိဘူးး)

(၁၄) ကွမ်းယာကိုတစ်ယာပြီးတစ်ရာ ပါးစပ်ထဲပစ်ထည့်နေရတာကိုကြိုက်တယ်..၊ ၀ါးပြီး ခဏခဏ မထွေးပဲငုံထားရတာကိုပိုကြိုက်တယ်။ ည အိပ်ယာဝင်ရင် ကွမ်းယာလေး ငုံထားရတာကိုကြိုက်တယ်၊

(ပါးတစ်ဖက်လည်း လှပ်လှပ်ပဲ ကျန်တော့တယ်)။

(၁၅) မျက်နှာ မသစ်ခင် နွယ်ချို အရသာပါတဲ့ အင်ဒို ဆေးလိပ်တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၆) ညအိပ်ယာဝင်ခါနီး ကျဆိမ့်တစ်ခွက်နဲ့စီးကရက် တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၇) ကြယ်သီးတပ်စရာ မလိုတဲ့ တီရှပ်တွေကို ကြိုက်တယ်။

(၁၈) ဘောင်းဘီရှည် အကျပ်တွေကိုကြိုက်တယ်၊ ခြေထောက်နားမှာ ခပ်ပွပွဖြစ်ရင် ကြိုက်တယ်.။

(၁၉) မနက်အိပ်ယာထမှာ ရေခဲရေ အေးအေး နှစ်ခွက် သောက်ရတာကို ကြိုက်တယ်။

(၂၀) အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကောင်မလေးနဲ့ ဖုန်းပြောရတာကို ကြိုက်တယ်

(၂၀) ထိုင်းနိုင်ငံက ပိန်ညှောင်ညှောင် ဖြူဖတ်ဖြူရော် သူငယ်ချင်းနဲ့ အရှက်အကြောက်ကြီးတဲ့ မဲလုံးတို့ ဆီကို ဖုန်းဆက်ရတာ ကြိုက်တယ်

(၂၀) အ၀တ်လျှော်စက်ထဲ မထည့်ပဲ ရွှေဝါနဲ့ ဘရပ်စ်နဲ့ တိုက်ပြီးလျှော်တာကို ပိုကြိုက်တယ်။

(၂၁)ဘယ်လောက်အေးအေး ဘယ်လောက်အိုက်အိုက် စောင်တစ်ထည်နဲ့ အိပ်ရတာကို ကြိုက်တယ်။

(၂၂) မရှိတာကို ရှိတယ်အမှတ်နဲ့ တစ်ယောက်တည်း အပြစ်တင်နေရတာကို ကြိုက်တယ်။

(၂၃) လက်သည်းအရှည် နဲ့ ဆံပင်အရှည်ထားရတာကို ကြိုက်တယ်။

(၂၃) သူငယ်ချင်းကောင်မလေးဆီက အဖြေရဖို့စောင့်နေရတာကိုကြိုက်တယ်။

(၂၄)ဒဿနတွေနဲ့ စိတ်ပညာစာအုပ်တွေ ကြိုက်တယ်။ စာအုပ်တွေကို တစ်အုပ်မပြီးသေးပဲ နောက်တစ်အုပ်ကို ကောက်ဖတ်ရတာကိုကြိုက်တယ်။

(၂၅)အလွမ်းဝတ္ထုတွေကို ကြိုက်တယ်။ ဇတ်သိမ်းခန်းမှာ ပေါင်းခဲ တဲ့ မောင်လှမျိုး (ချင်းချောင်းခြံ)တွေ ကြိုက်တယ်။ မိုက်မိုက်(ပြည်)၊ အောင်ဝင်း(စိတ်ပညာ)တွေကြိုက်တယ်။

(၂၆) တစ်လတစ်ခါ ခင်မင်ရတဲ့ ဘလော့ဂ်ဂါတွေနဲ့တွေ့ရတာကို ကြိုက်တယ်။

(၂၇) ကိုယ်တိုင်ချက်စားဖြစ်တဲ့ ရောသမမွှေဟင်းတွေကိုကြိုက်တယ်။ (ကိုယ် ဟင်းချက်ပြီဆို အနားလာတဲ့လူတောင် ပုဆိုးပြင်မစည်းရဲဘူး)။

(၂၈) ငရုတ်သီးစပ်တဲ့ အစာတွေကိုကြိုက်တယ်၊ချဉ်ငန်စပ်အရသာ တွေကိုမက်မော တတ်သလို၊ ငါးပိရည်နဲ့ ဒညင်းသီးပြုတ် တို့ရတာကို ကြိုက်တယ်။

(၂၉) ပါးလှပ်လှပ်ကိုယ်နဲ့ ပြားချပ်ချပ်ဗိုက်ကိုကြိုက်တယ်… (အခုတော့ ပွပြီး ပူနေပြီ)။


မောင်မျိုးတဂ် ထားတာကြာပါပြီ။ရေးဖို့ အချိန်လုံးဝမရသေးတာရယ်။ အရှက်ကို ဗြန်ဗြန်းမကွဲအောင် ထိန်ချန်ဖို့စဉ်းစားရင်းနဲ့ ကြာသွားတာပါ။ အခုမှ လူစုံလောက်ပြီဆိုလို့ ရေးပြတာပါ။ စပ်စပ်စုစု ဖတ်လာတဲ့ သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်။


မိုးယံ


Monday, May 2, 2011

ဘင်လာဒင် သေသတဲ့။ သြော် ကိုကြီးကျောက်ရယ်။

သူကလဲ ပြောတာပဲ၊ ဟုတ်သလား မဟုတ်သလားတော့ မသိဘူး။ ဒီလူကြီးက မသေချာပဲတော့ လူထုကို အရှက်မရှိ ကြေညာရဲမယ် မဟုတ်။ အနီရောင် ၀တ်စုံနဲ့ ကောင်မလေးရဲ့ နောက်ပိုင်းကို ခိုးကြည့်တာကတော့ တစ်ပိုင်းပေါ့။



ကုန်သွယ်ရေး အဆောက်အဦးကြီးလား ? အဲဒါကြီးပြိုတုန်းက သူတို့တွေ ကကြ ခုန်ကြ တယ်။ အခု ဘင်လာဒင် သေပြီဆိုတော့ ဒီလူတွေ ကကြ ခုန်ကြ တယ်။ ဘာတွေ မှန်းကို မသိတော့ဘူး။ တိုက်ပြိုတာလဲ ပျော်စရာမှ မကောင်းတာ၊ အခု ဘင်လာဒင် သေတာကရော ပျော်စရာကောင်းလို့လား။



ကိုယ်ထင်တာတော့ အလောင်းကိုသူတို့ပဲ ထိန်းသိမ်းထားလေသလားပေါ့။

ဘင်လာဒင်သေတာတော့ ကိုယ် ဘာမှ မဖြစ်ဘူး။ ဟုတ်တယ်လေ သူ့အမျိုးမှ မဟုတ်တာ။ ဒါပေသိ ဘလော့ဂ်ဂါ ဘိုးတော်ကြီး ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) သတင်းကို ကြားရတာတော့ တစ်ကယ် စိတ်မကောင်းဘူး။ ကိုယ်လို မနေ့တစ်နေ့ကမှ ဒီနယ်ပယ်ထဲ ခြေချတဲ့ ကောင်ကိုတောင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတယ်။ မသိတာတွေ ပြောပြပေးတယ်။ သူ့ရဲ့ ကွန်မန့်တွေကို ဖတ်ပြီး ကိုယ့်မှာ အသံထွက်အောင် ရယ်မိတယ်။ အခုတော့ ရုတ်တရက် နှုတ်ဆက်သွားတော့ ၀မ်းနည်းမိတယ်။ သေချာ စဉ်းစားကြည့်တော့ သူလဲ ကိုယ့်အမျိုးမဟုတ်ပါဘူး။ ဒါပေသိ သမုဒယသစ္စာနယ်ထဲ ၀င်သွားတော့ သတိရမိတယ် ဘကျောက်ရယ်။ ဘကျောက်လဲ ကောင်းရာသုဂတိမှာ အဆင်ပြေပျော်ရွှင်ပါစေ။ ကမ္ဘာကျော် လူဆိုးကြီး (ကိုယ့်သတ်မှတ်ချက်) ဘင်လာဒင်နဲ့ မရှေးမနှောင်း လောကကြီးကို စွန့်ခွာတဲ့ ဘလော့ဂ်ကျော် လူပျော်ကြီး ကိုကြီးကျောက် ကို အမြဲ သတိတရ ရှိနေမှာပါ။


ဘင်လာဒင်နဲ့ ကိုကြီးကျောက်ကို ရောပြီး ပို့စ်တင်သင့်မသင့် တော့ သေချာမစဉ်းစားတော့ဘူး။ အမြဲလိုလို ကပေါက်တိ ကပေါက်ချာ ကျွန်တော့်ကို ခွှင့်လွှတ်မြဲ ခွင့်လွှတ်ကြပါလို့ ကိုကြီးကျောက်ကို ရိုသေလေးစားသော ညီအစ်ကို မောင်နှမများ ကို တောင်းပန်ပါသည် ခင်ဗျားးးးးးးးးးးး။


Friday, April 15, 2011

မြင်ချင်တာ နဲ့ ကြားနေရတာ







ဒီလိုသီချင်းလေးတွေနဲ့ သင်္ကြန်အေးအေးတွေ မြင်ရ ကြားရတာ စိတ်ချမ်းသာတယ်။ ဘယ်နှယ့်ဗျာ၊ ပြောတော့ ကြီးကြီးကျယ်ကျယ် မြန်မာ့နှစ်ကူး သင်္ကြန်တဲ့၊ ရိုးရာ သင်္ကြန်တဲ့၊ မြန်မာတို့ ယဉ်ကျေးမှုတဲ့၊ အတာကူးတဲ့လ၊ ထန်းကူးတဲ့လ၊ တန်ခူးလ၊ ဘာတွေမှန်းကို မသိဘူး။ ကိုယ်လဲ အဘိုးအိုမဟုတ်သေးပါ၊ (အဘိုးအို အဖြစ်နဲ့ ကဲနေသူတွေလဲ ရှိပါတယ်)။ သင်္ကြန်ဆိုတာကို ပျော်ပါတယ်၊ ဘာမှ ကြီးကြီးကျယ်ကျယ် မသိပါဘူး၊ သိစရာလဲမလို သင်္ကြန်ဆို ရေပက်ပေါ့၊ဆိုပေသိ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမလာအောင်၊ သင်္ကြန်ရေနဲ့ ဆေးတာတဲ့၊ ကောင်းတယ် သဘောကျတယ်။ မကောင်းတာ မဟုတ်တာ မလုပ်နဲ့တဲ့ သိကြားမင်းက ခွေးသားရေမှာ မှတ်သတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြောက်ကြောက်လန့်လန့်နဲ့ မလုပ်နဲ့ပေါ့။ မောင်ရင်းနှမတွေလို ခင်ခင်မင်မင် ရေလောင်း၊ အိုး ပျော်စရာ အလွန်ကောင်း၊ မုန့်လုံးရေပေါ်တွေ ကျွေးကြ၊ ငရုတ်သီးတွေ ထည့်ပေးကြ ၊ စားသူမှာ ရေစိုလို့ ချမ်းနေတုန်း ဗြုန်းဆို ငရုတ်သီးကို ၀ါးမိ၊ အချမ်းပဲ ပြေသွားသလို၊ရွှေရင်အေးတွေသောက် ၊ အိုးမဲတွေ လိုက်သုတ်၊ အဘိုးကြီး အဘွားကြီးတွေကို လက်သည်းခြေသည်းညှပ်ပေး၊ ခေါင်းလျှော်ပေး၊ အဲဒါ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်။

နောက်တော့ ရေကို ရိုးရိုးမပက်၊ ရာဘာ ဘော်လုံးထဲ ထည့်ပြီးပေါက်၊ အေးချမ်းစေချင်လို့မဟုတ်ဘူး၊ အသားနာစေချင်တာ၊့ဆီခွက်ထဲထည့်ရိုးရိုးမပက်၊ခွက်စောင်းခုတ်၊ အသားနာစေချင်တာ ကောင်မလေး တွေကို ရေလောင်းတယ်၊ ပိုပြီးစိုစေချင်လို့တဲ့ ၊ ဂုတ်ပေါ်ကနေ အင်္ကျီစလေး အသာဟ၊ ရေလောင်းချ အောက်လဲ ငုံ့ကြည့်လေး၊ ကျောလဲ လက်နဲ့သပ်သေး၊ အဲဒါ နှမချင်းမစာနာတဲ့ သင်္ကြန်၊ဖိနပ်ကလေး ခါးထိုး ၊ မဏ္ဌပ်ရှေ့ ရေပိုက်တွေအောက်မှာ ကွေးနေအောင်က၊ အဲဒါ အရူးသင်္ကြန် ၊ ကိုကြီးကျော်အရှုံးပေး ရအောင် သောက်၊ မူးပြီဆို အမျိုးသမီးတွေ တင်ပါးတွေ လိုက်ကိုင်၊ ထိကပါး ရိကပါးတွေ လုပ်၊ ဒါဟာ ယဉ်ကျေးမှုကိုပြတဲ့သင်္ကြန်၊ စတိတ်ရှိုးဆိုတဲ့ အဆိုတော်တွေကို အောက်ကနေ ဆဲ၊ ပြောင်းဖုးရိုးနဲ့ပစ်၊ အဲဒါ မြန်မာသင်္ကြန်၊

အံမယ် ခေတ်ဆိုတာကလဲ ပြောင်းသကိုး၊ ခက်တာက အဲဒီခေတ်ဆိုတာကို လူကလုပ်ပြီးပြောင်းတာ၊ အဲဒါကို ခေတ်ကပြောင်းနေလို့ လူက ပြောင်းတယ်ဆိုပြီး ကျွန်ုပ်တို့ မဟာမနုဿများက ဆင်ခြေ အမျိုးမျိုးပြကြ သဗျာ။ ဒါနဲ့ပဲ ခေတ်မှီတဲ့ သင်္ကြန်ကြီးကို ဆင်နွဲကြသပေါ့လေ။ လာပါပြီ ကောင်မလေးတွေ အရိုကို အရှိ အတိုင်းသာ မြင်စေချင်တာဆိုပြီး သီချင်းကလေး ငြီးပြီးထွက်လာကြတယ်၊ အံမယ် လူမိုက်ရုပ်နဲ့ ကောင်တွေ ရံပြီးတော့ပေါ့လေ။ ဒါနဲ့ပဲ ချမ်းလို့ဆိုပြီး အပူအခါးရည်သောက်၊ အဲဒီ အပူရည်တွေ သောက်ပြီး ပူလာကြတယ်၊ အံ့တယ် ကိုယ်တွေများ အပူရည်တွေကို တစ်ခါတစ်ခါ သောက်မိပါတယ်။ မပူလာပါဘူး၊ သူတို့က သင်္ကြန်ရက်လေး သောက်ပြီး ပူလာတာ၊ အံ့သဗျာ၊


သင်္ကြန် မြန်မာတို့ရဲ့ ယဉ်ကျေးမှု ရိုးရာသင်္ကြန်၊ စဉ်းစားမရတာက ဆေးရုံတွေမှာ ကုတင်တွေ မလောက်လို့တဲ့။ ရဲသားကြီးတွေခဗျာ.. သင်္ကြန်လဲ မကဲရဘူးတဲ့လေ၊ နှစ်ဆန်းတစ်ရက်နေ့တုန်းကတောင် ကိုကျော်သူ ကားလိုက်မောင်းရသေးတယ်။ မြန်မာ သင်္ကြန်ဆိုပဲ။

နံမည်ကြီးတယ် ဗိုလ်ချုပ်ဈေးသင်္ကြန်၊အော် ဗိုလ်ချုပ်ဆိုလို့ ဗိုလ်ချုပ်တွေ အများကြီးဆိုတော့ နားရှုပ်သွားမလားပဲ။ ကျွန်တော်ရည်ရွယ်တဲ့ ဗိုလ်ချုပ်က တိုင်းပြည်ကချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပြောတာ ၊ အဲဒီ အမျိုးသားခေါင်းဆောင်ကြီးရဲ့ အမှတ်တရ ဈေးထဲမှာ ၊ လူကလုပ်တဲ့ ခေတ်ကို အမှီလိုက်နေရတဲ့ အမျိုးကောင်းသမီးများကြတော့ သင်္ကြန်ရေကစားတာ အင်္ကျီမပါဘူးဗျာ၊ ကြိုးလေး နှစ်ချောင်းရယ်.. အလုံးကာရယ်ပဲ မြင်တယ်။ ကျွန်တော်တော့ အင်္ကျီမဟုတ်ဘူးမှတ်တာပဲ။ အဲဒါက မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတဲ့လေ။

သေချာ စဉ်းစားကြည့်တော့ သင်္ကြန်ဆိုတာလဲ ဘာမှ မဟုတ်ပါဘူးဗျာ။ ကမြင်းကြောထချင်တာကို နံမည် တစ်ခုပေး ကောင်းတာလေး နည်းနည်းနဲ့ ကာကွယ်ထားတယ်လို့ပဲမြင်မိတယ်။ ရေမလောင်းလဲ ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူး၊ လောင်းတော့ ဘာဖြစ်လဲ။ အဲဒီပွဲရှိတော့ ပြင်ရဆင်ရ၊ ပိုက်ဆံကုန် လူပင်ပန်း နေမကောင်း ရန်ဖြစ် ဆေးရုံရောက် အပျိုရည်ပျက် ထောင်ကျ ဗိုက်ပူ သိက္ခာကျ ငရဲကြီး ။ အဲဒါ မြန်မာသင်္ကြန်။


ကမ္ဘာမှာ ဒီလောက်ရေချို ရှားပါးနေတဲ့ကမ္ဘာမှာ ဧရာဝတီ၊ စစ်တောင်း ၊ ချင်းတွင်းနဲ့ သံလွင် တစ်သွင်သွင်းစီးသမျှ မြန်မာပြည်ရေမရှား။ သင်္ကြန် ငါးရက်မှာ ဖြုန်းတဲ့ ရေချိုတွေကို တစ်ပြည်လုံး တွက်ချက်ကြည့်ပြီး၊ သင်္ကြန်ဆိုတာကို နည်းနည်းလျော့၊ အဲဒီ ရေချိုတွေများ ရေငတ်လို့ သေလုနီးပါး ဖြစ်နေတဲ့ ကလေးငယ်လေးတွေကို တင်ပို့လိုက်ရင် .......


မိုးယံ

Friday, February 11, 2011

မနေတတ်တဲ့ကောင်

နေတတ်ရင် ကျေနပ်ဖို့ ကောင်းတဲ့ လောကအလယ်မှာ
မနေတတ်လို့ ခဏခဏ မျက်မုန်းကျိုးခံရတဲ့ ကောင်ကို လိုက်ရှာတာ
မောလိုက်တာ... ချွေးဒီးဒီးကျပြီး မျက်နှာတွေအဆီပြန်လို့။

ရှာမရတဲ့အဆုံး ကိုယ်လုံးပေါ်မှန်ရှေ့ရပ်မိတော့မှ
လားလား... မနေတတ်တဲ့ကောင် မတ်တပ်ကြီး။

ဇတ်ကားနံမည်က
မေ့မရတဲ့ နေစွဲများဆိုလား
လူတွေ ပါးစပ်ဖျားရေပန်းစားနေလွန်းသလားပဲ။

ပညတ်ထားတဲ့ ရက်တွေချင်းယှဉ်ရင်
တန်ဖိုးမဲ့သယောင် ဖြစ်တတ်လို့
သဘာဝက ငိုချဖူးတဲ့နေ့တွေ ဓမ္မတာပဲ။

တစ် ပြီးမှ နှစ် လာရင် သဘာဝကျတာပဲလေ
ကျော်တယ်ခွတယ်ဆိုတာ မသမာသူတွေလုပ်ရပ်
မေ့တယ်မေ့တယ်ဆိုတာ လူဖျင်းတွေလုပ်ရပ်
မသိချင်ယောင်ဆောင်တာ တာဝန်မဲ့သူတွေလုပ်ရပ်
ဘာမှ မလုပ်တာ ဘာမှမဖြစ်မဲ့သူတွေ လုပ်ရပ်

အမေကိုကျော်ပြီး မိထွေးကိုလွမ်းရအောင်
မိထွေးတော် ဂေါတမီလဲ မရှိတော့ပါဘူး
တိုင်းပြည်နဲ့ လူမျိုးကို မေ့ပြီး ကိုယ်နဲ့သူ့အတွက်ဆိုတာ
အတ္တ၀ါဒီတွေသာဖြစ်ပေမပေါ့

စည်းလုံးမှုရယ် ဖခင်ရယ်ကို မေ့ပြီး
တဏှာကို အသားပေးတာ ဘယ်လင်ကို သွားတိုင်းကြည့်မလို့လဲ
ဘယ်လင်ကိုမှ သွားမတိုင်းနဲ့ဦး
ဖြိုခွဲခံနေရတဲ့ လူတွေနဲ့ ဇီဝိန်ချုပ်သွားတဲ့သူတွေကို မမေ့နဲ့။
သူသာ မရှင်သန်ခဲ့ရင် ငါရော ရှင်သန်မှာလား

ဝမ်းလျားမှောက်ပြီး တံတားခင်းခဲ့တာ
အေးအေးချမ်းသာ လျှောက်ဖို့ပါ
လှမ်းမှန်ကိုတော့ လျှောက်စေချင်တာပေါ့
ဒေ၀ဒတ်လောင်းလို ကျောကိုတော့ ဖနောင့်နဲ့မပေါက်နဲ့။

မိုးယံ (11.2.2011)

Friday, December 10, 2010

အိပ်ပျက်ညရဲ့ ခေါင်းထဲမှာ

အဖြူရောင်တွေ အများကြီးဝတ်လို့
မဖြူစင်နိုင်တဲ့ စိတ်နဲ့ကိုယ်

ဦးထုပ်တွေ ဆောင်းထားရလို့
ဘောင်ကျဉ်းသွားရတဲ့ ဦးနှောက်

တစ်ကိုယ်လုံး မဲမှောင်နေလို့
ဥာဏ်အလင်းတွေ အမှောင်တွင်းထဲဆင်း

အချိန်ရှိသမျှ သခင့်အလိုကျမို့
ဘ၀ဆိုတာ ဘာမှတန်ဖိုးမရှိ

ကဲကဲ ဒါတွေထားပါကွာ
အခု ဘုရားရှိခိုးရဦးမှာ

ဆေးရုံကအမေ့ကို ပြောလိုက်ပါ
အလိုတော် အတိုင်း လို့....။

Saturday, November 6, 2010

မွေးနေ့ မဟုတ်သော မွေးနေ့


၅.၁၁.၂၀၁၀


မြန်မာလို တိုင်းတာမှုမျိုး မဟုတ်ပဲ ယနေ့ကမ္ဘာသုံးဖြစ်သော နေ့တာ တွက်ချက်မှုများ အရ နေ့တစ်နေ့မှ တစ်နေ့ကို ကူးပြောင်းသွားချိန်ကတော့ ညသန်းခေါင် ၁၂ နာရီကို ကျော်လွန်ချိန်မှာ နောက်တစ်နေ့ အဖြစ်သတ်မှတ် ကြတယ် ဆိုတာကတော့ လူတိုင်းနားလည်ပြီးသားပါ။ ဆိုတော့ကာ..... ဒါကို ဘာလို့လာပြောနေတာလဲ စာဖတ်သူမေးရင်တော့ ရှင်းပါတယ်။ ကျွန်တော်က လေရှည်တတ်လို့ပါပဲ။


ဆယ့်တစ်လပိုင်း လေးရက်နေ့ ညပဲ ပြောပြော၊ ငါးရက်နေ့ မနက်လို့ပဲ ပြောပြော တစ်နာရီ ငါးဆယ့်ခြောက်မိနစ်မှ သုံးနာရီ နှစ်ဆယ့်တစ်မိနစ်တိုင်တိုင် တစ်နာရီကျော်ကြာ ဆွေးနွေးပွဲလေး ထဲမှာ မေပယ်လ်နဲ့ ကျွန်တော် ပျော်ဝင်စီးမျော နေခဲ့ပါတယ်။ အယူအဆတွေ ပျော်ရွှင်မှုတွေ ခင်မင်မှုတွေ အပြန်အလှန် လေးစားမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီ အချိန်မတိုင်ခင်မှာ အင်္ဂါဟူး စီပုံးမှာ ငွေလမင်းက ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ လာရေးသွားတာ မြင်တော့ အူကြောင်ကြောင်ကိုယ်က“ဟ .. ဘာလဲဟ” ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွား သေးတယ်။ ဒါနဲ့ သူ့ကိုလဲ စီပုန်း ကိစ္စကို သိသလောက် မှတ်သလောက် ကူညီခဲ့သေး တယ်ပေါ့လေ။



မနက် ကိုးနာရီ “ဒူတန်ဒူတန် တန်တန်…. ဒူတန်ဒူတန် တန်တန်…..” ဘယ်လိုမှ နားထောင် မကောင်းသော ဖုန်းမြည်သံက ခေါင်းအုန်းအောက်မှ မြည်နေသလို တုန်ခါမှုတွေက ဦးခေါင်းကို လာရောက်ထိခတ်တော့ မနက်ခင်းဟာ ကျက်သရေ ယုတ်ခဲ့ပေါ့။


“ဟယ်လို ပြောကြည့် ဦးလေး”


ကျွန်တော်တို့ မန်နေဂျာကို ကျွန်တော်က “ဦးလေး” ဟု သာခေါ်ပါသည်။ နောက်ကွယ် မှာတော့ ပြောင်ကြီးလို့ ခေါ်တတ်သည် ပေါ့ဗျာ။


“ဟေ့ကောင် မိုးယံ လာခဲ့ အခုလာခဲ့တော၊ မင်း ကားသမား အလာကို စောင့်မနေနဲ့ ကိုယ့်အစီအစဉ်နဲ့ အမြန်သာလာခဲ့တော့”


“ဟုတ် .. ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော် တစ်ယောက်ပဲ အရင်လာခဲ့လိုက်မယ်”


ဟု ပြောပြီးယုံတင် တစ်ဖက်မှ ယဉ်ကျေးမှု ခေါင်းပါးသော လူက ဘာမှ ပြန်မပြောပဲ ဖုန်းချသွားခဲ့လေသည်။ ကိုယ်ကလဲ အခုလာခဲ့မယ်လို့ သာ မနက်ခင်း မုသားကို သုံးခဲ့ပေမယ့် အိပ်ယာထက်မှာ အပျင်းကြောဆွဲကောင်းတုန်း ၊ အခြေအနေကို သုံးသပ်ပြီး တော့မှ ကပျာကယာ ရေချိုး ၊ တန်းပေါ်က အ၀တ်တွေ ဖြစ်သလို ကောက်စွပ်နေတုန်း ရှိသေးတယ် ဖုန်းသံက မြည်လာပြန်ရော။


“ အေး ...ဟေ့ကောင်”


“ ဗျာ… ပြောကြည့်ဦးလေ”


“မင်း မလာနဲ့ဦး ခဏစောင့်နေလိုက်၊ ဒီက ကားနဲ့လာခေါ်မယ်”


“ဟုတ်ကဲ့”


အဲလိုနဲ့ မနေ့ညက ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကြက်ဥဟင်း တစ်ခြမ်းကို ထမင်းကြမ်းခဲထည့် ပြီး မိုက်ခရိုဝေ့ထဲ တစ်မိနစ်ထား ပြန်ထုတ် ၊ ၀ါး ပြီးတော့မှ တိုက်ရေး ခိုက်ရေး အပြည့်ရှိတဲ့ စစ်သူကြီး စစ်ထွက်မယ့် ဟန်ချီပြီး ခပ်တည်တည် ဖယ်ရီ စောင့်သပေါ့လေ။ ဒီလိုနဲ့ ၀ါဂျာ ကားလေ ထိုးဆိုက်လာတဲ့ အချိန်မှာတော့ စစ်ရထားကြီး ပဲရောက်လာသလို မာန်အပြည့်နဲ့ တိုက်ပွဲဆင်ရန် စတင် ထွက်ခွာလာခဲ့လေသည်။ အတွေ့အကြုံ ရင့်ကျက်သော စစ်သူကြီး၏ အမြော်အမြင်ရှိမှုကြောင့် ရိက္ခာသည် အစာအိမ်ထဲတွင် ရေသင့်တင့်ယုံ နှင့် ယနေ့တိုက်ပွဲ အတွက် လုံလောက်ပေသည်။ ယခင် နှစ်များတုန်းကယခု ကဲ့သို့ စစ်ပွဲနှင့် ဆင်တူသော ပျားပန်းခတ်မျှ များပြားလှသော ဈေးဝယ်များကြောင့် နံနက်စာ မစားရသေးပဲ နေ့လည်စာကို ခြောက်နာရီ ထိုးခဲ့သော့ နှစ်များကို လည်း ဖြတ်သန်းခဲ့ဖူးလေသည်။ စက်သေနတ် ကျည်ကဒ် လည်သလို ၀ယ်သူ၏ စိတ်ကြိုက်ရွေးချယ်လာသော ပစ္စည်းများကို အိတ်ထဲထည့်၊ ပိုက်ဆံယူ ၊ပိုငွေပြန်အမ်း၊ ဇယ်ဆက်နေသော လက်ကို ထောက်ပံ့ထားသော ကိုယ်သည် ခြောက်လက်မ သာသာရှိသော ခြေဖ၀ါးနှစ်ခုပေါ်တွင် မြဲမြဲခိုင်ခိုင်ဖြင့် အချိန်ကြာကြာ ရပ်တည်နေနိုင်ရန် စိတ်သတ္တိကိုလည်း တင်းထားရသေးသည်။



ဒီနှစ်ကတော့ အခြေအနေကောင်းသည် ဆိုရပေမည် ။ မနက်ခင်း ၀င်ပေါက်ပိတ်အောင် တိုးနေသော ဈေးဝယ်များသည် နေ့လည်ခင်းတွင် အတန်ငယ်ပါးသွား သဖြင့် သုံးနာရီ ဆယ့်ငါးမိနစ်တွင် ထမင်းစားဖြစ်ခဲ့သည်။


သည်လိုနှင့် နောက်တစ်သုတ် တက်လာသော လူအုပ်ကြီးကို ဖြိုပြီး သကာလ ၊ ရောင်းထားသော ငွေများကို စာရင်းလုပ်၊ ကောင်တာအပ်ပြီး၊ ဆိုင်ထဲတွင် လစ်ဟာ သွားသော ပစ္စည်းများကို ပြန်လည်ဖြည့်တင်းရန်၊ ဈေးဝယ်များ မွှေနှောက်သွားသော ဂျာနယ် မဂ္ဂဇင်း စာအုပ်များ ပြန်လည် သေသပ်စေရန်၊ ပြန်လည် နေရာချထားရေး ၀န်ကြီးယောင်ယောင် စည်ပင်က အမှိုက်သိမ်းသမား ယောင်ယောင် နဲ့ ယောင်ခြောက်ဆယ်ဖြင့် အလုပ်များချင်ယောင် ဆောင်ပြီးသကာလ၊ ဈေးဝယ်များ၏ လိုအပ်သော ပစ္စည်းများကို ကူညီယူပေးရန်နှင့် ကို့ရို့ ကားယား ၀ယ်ယူထားသော ပစ္စည်းများကို စမတ်ကျကျ ဖြစ်စေရန် ခြင်းထောင်းများ နှင့်လိုက်ထည့်ပေးခြင်း စသည့် အညောင်းပြေ အညာပြေ ဆိုင်ထဲလမ်းလျှောက်ရသော တာဝန်ယူနေ သခိုက်။


ကျွန်တော့် ညာဖက် ပေါင်တစ်ချောင်းသည် ပေါင်းရင်းနားမှ နေ၍ တုန်ခါမှုကို အာရုံကြောများမှ တစ်ဆင့်ခံစားသိခဲ့လေသည်။ ဖုန်းလာနေသည်ကိုး ။ ကဗျာကယာ ဘောင်းဘီ အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး အကြည့် ၊ ဖုန်းထဲ တွင်ပေါ်လာသော နံမည်က “ဒေါ်တင်မိုးလွင်” ပထမတော့ စဉ်းစားလိုက်သေးသည်။ ထုံးစံအတိုင်း “ ဟ.. ဘာလဲဟ” နောက်တော့မှ သတိရသွားတယ် ကိုယ့် ဂျီးတော်ရဲ့ နံမည်က ဒေါ်တင်မိုးလွင် ။ သူလဲ ဆရာမပဲ ဒါပေမယ့် မယ်ဒေါ်တွေ၊ အဲ မော်ဒယ်လ်တွေကို တော့နည်းပြတာ မဟုတ်ပါဘူး ၊ ကလေးတွေကို စာပြတဲ့ ဆရာမပါ။


အဲဒါနဲ့ ဖုန်းကိုင်လိုက်ပြီး


“ဟယ်လို”


“ဟဲ့အကောင် .. ဟတ်ပီးဘတ်ဒေး”


“ဗျာ”


“ဟဲ့ ဒီနေ့နင့်မွေးနေ့လေ”


အန် …. ပထမတာ့ ကြောင်အအ ယောင်နနပေါ့ ။ ဒီနေ့က ဒေပါဝါလီ (deepavali) နေ့ပါ။ဘယ့်နှယ်ဖြစ်လို့ ငါ့မွေးနေ့ဖြစ်ရတာတုန်း ပြီးတော့င့ါကို မွေးတာ ဗုဒ္ဓဟူးနေ့လို့ ပြောကြတာပါ ။ ဒီနေ့က သောကြာနေ့ကြီးကို … ကိုယ့်လိုပဲ အဒေါ်လဲ အတည်ပေါက်နဲ့ ဦးစားနေတယ် မှတ်တာပေါ့...


“ ဒီနေ့ နိုဝင်ဘာ ငါးရက်နေ့လေ”

“သြော်... ဟုတ်ကဲ့ကြီးကြီး ။ ကျေးဇူတင်ပါတယ်”


ဒီလိုနဲ့ ဦးလေးတွေ အဒေါ်ငယ်တွေလည်း လာပြီး ပြောကြတယ်လေ။ မြန်မာလို ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ အဓိပ္ပါယ်ရတဲ့စကားကို အင်္ဂလိပ်လိုတွေ ပြောကြ တယ်လေ။ ကိုယ်လဲ “ကျေးဇူးတင်ပါတယ်” တွေလှိမ့်ပြော ၊ ဒီလိုနဲ့ ပတ်ဝန်းကျင်ရဲ့ အတင်း အဲ... ပြောင်းလဲ ဖြစ်ပျက်နေတဲ့ သတင်း ရန်ကုန်သတင်း လာမည့် တနင်္ဂနွေ အသည်းကြား မဲပြား ဆိုလား အဲဒါတွေ ပြောပြီး ဖုန်းချဖို့ နှုတ်ဆက်စကားဆိုရ ပြန်ရော။ အဲဒီတော့မှ သိလိုက်ရတာကတော့ ကျွန်တော်တို့ ရေမြေက သယံဇာတတွေ အရမ်းထွက်တော့ မြေပြင်ပေါ် ဝေဟင်ထဲက ဖုန်းလိုင်းတွေ က သိပ်မကောင်းသလို စနစ်တွေကလဲ မကောင်း ဘူး၊ အဲလိုဖြစ်တာက မျှတတဲ့ သဘောမျိုးဖြစ်အောင် ဘုရားသခင် ရဲ့ စွမ်းဆောင်မှုမျိုးတဲ့။ ဘာတွေမှန်းလဲ သေချာတော့ သူပြောတာတွေ နားမလည်ပါဘူး၊ သူဆရာမ လုပ်တုန်းကတော့ သူ့တပည့်တွေနဲ့မိဘတွေက သူသင်ပြတာ အရမ်းကောင်းတယ်လို့ ပြောကြတာပဲ။ နောက်ဆုံးပြောတဲ့ စကားကိုတော့ နားလည်သလိုဖြစ်မိသား ဘာတဲ့ “အခု ကြီးကြီးတို့ ဖုန်းက ငါးသိန်းတန်လေ အက်ဖ်အီးစီ ထည့်ပြောရတာ အဲဒါ နင့်ဆီကို ခေါ်ဖို့ပဲ သီးသန့်ထည့်ထားတာ၊ ဟိုတစ်ခေါက်က ခေါ်ပြီး ကတည်းက မခေါ်ဖြစ်တာလဲ ကြာပြီ ၊ အခု ဒီဖုန်းကဒ်ကလဲ သက်တမ်းကုန်တော့ မှာ ဆက်ဆက်မဆက်ဆက် ပေးထားတဲ့ အချိန်ပြည့်ရင် အဲဒီပိုက်ဆံ ဆုံးမှာ၊ အဲဒါနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် နင့်ဆီ ဖုန်းဆက်တာပါ၊ ဘာမှ တော့ အရေးမကြီး ပါဘူး” တဲ့ ။ ကဲ ကောင်းရော ။


ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ လူဆိုတာတဲ့ မွေးဖွားတဲ့နေ့ဆိုတာ တစ်နေ့ပဲ ရှိတယ်၊အခုလုပ်နေတဲ့ မွေးနေ့ပွဲတွေ ဆိုတာတွေက အားလုံးအတုတွေ ချည်းပဲတဲ့။ သူပြောတာလဲ ဟုတ်သလိုပဲ။ ဆရာကတော့ မင်းခိုက်စိုးစန် ထင်တာပဲ သေချာတော့ မမှတ်မိတော့ပါဘူး ။ကိုယ်ကြားဖူတာကလဲ “ သေတစ်နေ့ မွေးတစ်နေ့” အခု ဒီဘလော့ဂ် ရေစီးကြောင်းတွေထဲမှာ စီးမျောရင်း ညီအစ်ကိုလို ခင်မင်ခဲ့ရတဲ့ အစ်ကို တစ်ယောက် ကလည်း ။ “မွေးနေ့နှစ်ပတ်လည် လို့ သုံးရင် ပို အဆင်ပြေတယ်တဲ့” သူကတော့ မြန်မာစကားတွေကို ခက်ဆစ်သိပ်ဖွင့်တဲ့ သူပေါ့။


ကျွန်တော်ကလည်း အစကတည်းက အဲလိုမျိုးတွေ ခေါင်းထဲမှာ နေရာပေးထားတော့ မွေးနေ့ကို အထူးတစ်လည်မှတ်မထားသလို စိတ်ဝင်တစားလဲ ဘာမှကို မလုပ်ပါဘူး။ အလှူအတန်းတွေ ဘာတွေဆိုတာကလဲ မွေးနေ့မှ မဟုတ်ပါဘူး ကြုံရင် ကြုံသလို လုပ်တတ်တာလေ။ ဆိုတော့ကာ စေတနာကို ခေါင်းစဉ်တစ်ခုအောက်မှာ မနစ်မွန်းစေချင် လို့ဘာအတွက် ညာအတွက်ကြောင့်လို့ မရည်ရွယ်သလို ဘာပြန်ရပါစေ ညာပြန်ရပါစေ လို့လည်း ဆုမတောင်းပဲ ၊ တစ်ပါးသူပျော်ရွှင် ချမ်းမြေ့စေချင်၊ အဆင်ပြေ အောင်မြင် စေချင်တဲ့ စေတနာ သန့်သန့်ပဲထားပါတယ်။ ကလေး ဘ၀ကတော့ ဆုတောင်းခဲ့တာ တွေရှိသပေါ့။ ထားတော့ မသိခဲ့လို့ကိုး ... အခုတော့ တစ်မျိုးပေါ့။


ဆိုတော့ကာ .... ၅.၁၁.၂၀၁၀ ၊ သောကြာနေ့ ဟိန္ဒူလူမျိုးတွေရဲ့ ပွဲတော်နေ့ ဒေပါဝါလီ နေ့ဟာ အင်္ဂါ မက ဗုဒ္ဓဟူးမကျတဲ့ ကျွန်တော့်လို ကောင်ကို မွေးဖွားခဲ့တဲ့ နေ့ရက်နဲ့ ပြန်လည်တိုက်ဆိုင်ခြင်းပါတဲ့.....။အသက်ကတော့ ဘယ်အရွယ်လဲဆိုတာ ကျွန်တော်လဲ သေချာမသိသလို အရင်တုန်းက သန်းခေါင်စာရင်း ဟာလည်း ကျောင်းနေ အဆင်ပြေအောင် လိမ်ထားသတဲ့၊ အမေကလည်း အယူသည်းတော့ မွေးနေ့ သက္ကရာဇ် တွေကို လူတွေ မသိလေကောင်းလေတဲ့။ အမေရေ.... အမေ့သားကိုယ်တိုင်လည်း သေချာမသိ သေးပါဘူး အမေရယ်။ ဒါနဲ့ စကားမစပ် အမေကလည်း သူ့ကို ကျွန်တော်တို့ သိထားသလို ဗုဒ္ဓဟူးသမီးလို့ပဲ ယုံကြည်စေချင်ကြောင်း ပြောပြီး ကြာသပတေး သမီးလိုလို အင်္ဂါသမီးလိုလို အရိပ်အမြွက်စာကားတွေလဲ ပြောသေးသဗျ။ ထားတော့.....

ကျွန်တော်ကိုယ်တိုင် မလေးစားသော၊ မသေချာသော ၊မေ့လျော့နေသော နေ့တစ်နေ့ ကို ချစ်သူငယ်ချင်း မိတ်ဆွေများက သတိတရ မွေးနေ့ဆုတောင်းပေးကြသည်ကို အထူးပင်ကျေနပ် ၀မ်းသာမိကြောင်းပါ ခင်ဗျာ.. မွေးနေ့ ဆုတောင်းပေးကြသော ငွေလမင်း (ချစ်သူနှစ်ဦး) ၊ ညီငယ် ကိုကိုးအိမ်၊ သယ်ရင်း မေပယ်လ်တို့ သည်လည်း အောင်မြင်ပျော်ရွှင်မှုများဖြင့် ဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ လို့......


ဒါပေမယ့် ဒီနေ့မှာတော့ အမှတ်တရလို့ ခေါ်ချင်ခေါ် မခေါ်လဲနေပါ ။ ပီမိုးနင်း စာအုပ်တစ်တော့ ၀ယ်လာခဲ့ပါတယ်။ အင်္ဂါဟူးမှာ တင်သမျှထဲမှာ ပီမိုးနင်းကို ပဲ ဆက်ပါ လို့တောင်းဆိုသူများနေလို့ အများမဖတ် ဖြစ်သေးသော စာများလို့ ကိုယ့်ဘာသာ ထင်မှတ်သော ပီမိုးနင်း ၀တ္ထုတိုများ တစ်အုပ်တော့ ၀ယ်လာလိုက်ပါတယ် ။ အဆင်ပြေတဲ့ အချိန်လေးတွေ ရသလောက် ဖေါ်ပြပေးပါ့မယ်ဗျာ။



Wednesday, October 27, 2010

အဂန်း အဂန်း ၊ အဂန်း အန် အဂန်း

လူဆိုတာ တစ်ခါတစ်လေ ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံတတ်တဲ့သတ္တ၀ါ တစ်မျိုး ပါပဲ။ ကျွန်တော်က အဲဒီထဲမှာ ထိပ်ဆုံးက မနေတောင် အောက်ဆုံးကတော့ မဟုတ်တာ သေချာတယ်။ဘာလို့ ဒီလို ပြည့်မေတ္တာခံယူဖို့ စကားပလ္လင် ခံနေရသလဲ ဆိုတော့ကာ……


မကြာသေးခင်က ပေါ်ထွက်လာခဲ့ တဲ့ မိန်းမတစ်ယောက် စကားပြောတဲ့ ရုပ်သံ ဖိုင်ကြောင့် အဲဒါကို ခဏခဏ ကြားနေရတော့ စိတ်အချဉ်ဖောက်လာတော့ တာပါပဲ။ ဘာတဲ့ အဂန်း အန် အဂန်း အဂန်း အန် အဂန်း…. ဘာပြောတာလဲ ဗျ။


လူကလဲ အကုသိုလ်များလေတော့ ပညာကံ မွဲသဗျ။ သူက အဲဒီမှာ မြန်မာ စကား ပြောတာမဟုတ်ဘူးဗျ ၊ မြန်မာလိုပြောလဲ နားလည်မဲ့ လူတွေမှ မဟုတ်တာကိုး ၊ သူက ဘိုလို မှုတ်တာဗျ အဲထားတော့ သူ့အပြစ်မဟုတ်ဘူး ။ တတ်သလောက်မှတ် သလောက် ဘာသာပြန်ကြည့်တယ်၊ ဘာတဲ့…. သူပြောတဲ့ အဖွဲ့ကြီး ၊ အဲဒါကြီးက ဘယ်သူတွေကို ကျတော့ ဘယ်လို လုပ်ပေးပြီး ဘယ်သူတွေကို ကျတော့ ဘယ်လို လုပ်မပေးရကောင်းလား ဆိုပြီး ရန်တွေ့သလိုလို အလိုမကျ သလိုလို၊ ငယ်ငယ် တုန်းကတော့ ကလေးတွေရှိတတ်တဲ့ အကျင့်တစ်ခုမြင်ဖူးတယ်၊ သူ့အဖေက သူ့ကို သကြားလုံး မပေးပဲ သူ့အစ်ကိုကို ပေးတာကို အပြစ်ပြောပြီး ကြူကြူပါအောင် ငိုတော့တာပဲ။ သူ့ခဏခဏ ချောင်းဆိုးတတ်တာကို အဲဒီကလေး မေ့နေလေရော့ သလား…သူ့အဖကတော့ ဒီကလေး ခဏခဏ ချောင်းဆိုးတတ်တာ သိနေတာကိုး ။ အခုပြောတဲ့ မိန်းကလေးက လဲ မိန်းမကြီးတော့ မဟုတ်သေးပါဘူး။ ထားတော့……..။


နိုင်ငံရေးကို စိတ်မ၀င်စားဘူး မလုပ်ဖူးလို့တော့ ပြောချင်ပြောဗျာ။ ကျွန်တော် နားမလည် တာတွေ မသိတာတွေက များတာကိုး ကွန်မြူနစ် ဖဆပလ န၀တ ဒီမိုကရေစီ စစ်အစိုးရ အဲဒါတွေ ကိုကြားဖူးယုံလောက်ပဲ ရှိတာ။ ဘာတစ်ခုကိုမှ ထဲထဲ ၀င်ဝင်မသိဘူး။


ကြွားတာတော့ မဟုတ်ပါဘူး အဲဒါတွေကို နားလည်သလောက် ကြားဖူးသလောက် ပြောပြရရင်....… ကွန်မြူနစ်ဆိုတာတဲ့ အဖေလဲမရှိ အမေလဲမသိ ကိုယ့်အကျိုး အတွက် ဆို အဖေတွေ အမေတွေလဲ သတ် ၊ သေပြီးနောက်ဘ၀ဆိုတာလဲ မရှိဘူး။ ဖဆပလ ဖက်ဆစ်လွတ်မြောက်ရေး ပြည်သူ့လွတ်မြောက်ရေး ၊ ရုပ်ရှင်တွေ ထဲမှာ ကြည့်ဖူးတယ် ဂျပန်တွေကို တော်လှန်တယ်၊ န ၀ တ ကြားဖူးတာ နဝေတိမ်တောင်၊ ဒီမိုကရေစီ ပြည်သူက တင်မြှောက် လေးနှစ်တစ်ကြိမ် သမ္မတပြောင်း ကြိုက်ရင် ဆက်လုပ်၊ ဒါကျွန်တော်သိတာ အကုန်ပဲ။ ဒါကျွန်တော့် ဦးနှောက်ထဲမှာ နေရာ ယူထားတဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးတွေဗျာ။


အဲ အထက်က အဂန်း ကိစ္စ ပြန်ဆက်ရအောင်။ ဂန်း ဆိုတာ သေနတ်ပဲ သိတယ်ဗျာ။ ငယ်တုန်းက ကျောင်းမှာ ဆိုဖူးတာ အဂိန်း ၊ ဘာတဲ့ နောက်တစ်ဖန် ဆိုလား၊ ကေတွေက ခေသံထွက် ကြူတွေက ခယူသံထွက်၊ ဇက်တွေကို ဇီလို့ဆို ဒီလို သင်ကြားတဲ့ စနစ်မျိုးတော့ မကြုံဖူးခဲ့ဘူးဗျာ။ အဲဒီတော့ အဂန်းဆိုတဲ့ အသံ ကြားရင် ဂန်းဆိုတဲ့ သေနတ်ပဲ နားလည်တယ်ဗျာ သေနတ်တစ်ခု ပေါ့လေ ။ ဆိုတော့ကာ သူက အဂန်းအဂန်းဆိုတာ ကြီးကို ကျွန်တော်ထင်တာက နားမလည် ပါးမလည် ပြည်သူတစ်ချို့ကို ဂန်းဆိုးတဲ့ သေနတ်ကြီးနဲ့ တစ်ဖန်တစ်လဲလဲ အပစ်ခံ ခိုင်းနေတယ်လို့ပဲထင်တယ်။ အခုတောင် သူ့ပါးစပ် သေနတ်မှာ ကျွန်တော် နှလုံးသား သေဆုံးနေတာကိုး။


ကျွန်တော်က နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားလာခဲ့တဲ့ကောင် ဆိုတော့ ခင်ဗျားတို့ ပြောသလို နိုင်ငံသားပေါ့ဗျာ၊ အဲဒီတော့ ကျွန်တော်လည်း နိုင်ငံရေးလုပ်မယ်ဗျာ။ အထင်တော့ ကြီးမသွားနဲ့ဦး။ ကျွန်တော်က လူနည်းစု နိုင်ငံရေးသမားတွေ မြင်သလို စစ်အစိုးရကို တော်လှန် ပုန်ကန် ဆန္ဒပြ တာတွေ မလုပ်တတ် မလုပ်နိုင် မလုပ်ရဲပေါင်၊ ဒီတော့ ကျွန်တော် အရင်တုန်းက လုပ်ခဲ့တဲ့ နိုင်ငံရေး အချို့ ပြော မယ်ဗျာ။ ကိုယ့်ဦးနှောက်နဲကိုယ် ခံယူထားတဲ့ နိုင်ငံရေးပေါ့လေ။


တောကနေ မြို့တက်လာတော့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကြီးကို ရောက်တယ်ဗျာ။ အဲဒီ မှာ လိုင်းကားနဲ့တွေတာ ပဲ ကားထဲက လိုင်းတွေလဲ မြင်ရတယ်၊ ဒီလိုဗျာ ကောင်မလေးက ငယ်ငယ်ချောချောလေး ဒါထက်မြင်သာအောင် ပြောရရင် ဗျာ ကောက်ကောက်မို့မို့ ၊ လုံးကြီးပေါက်လှ အလုံးကြီးတာကိုသာ ရူပါရုံ ဖြင့် တဏှာ မပါ ရှုမှတ်ဖူးသည် ကျန်တာတော့ မသိ။ (ရိုင်းသွားရင် တောင်းပန်ပါတယ်ဗျာ)။ သူ့တို့ကို ကျွန်တော် မစုံစမ်းမထောက်လှမ်းဖူး ကိုယ်နဲ့မှ မဆိုင်ပဲလေ၊ ရွာမှာ အမေက မှာတယ်ဗျ “သားကြီး ရန်ကုန်မြို့ကြီးရောက်ရင် ဘတ်စ်ကားတွေ ထဲမှာ ကောင်မလေးတွေ နောက်က မရပ်နဲ့ မတော်ရင် ဘ၀တုံးနိုင်တယ်”တဲ့၊ အမေ့သားလှ အမေ့စကားကို မြေ၀ယ်မကျ လေထဲမှာတင် ဖမ်းနားထောင်တယ်။ လုံးဝဆိုလုံးဝပဲ ။ လူကြပ်နေရင် တတ်နိုင်သလောက် သူတို့ရပ်လို့ရအောင် နေရာပေးတယ်၊ အဲ ထိုင်ခုံနေရာ လေးများ ရရင်တော့ သူတို့ကို နေရာမပေးဘူးဗျ ၊ ရဟန်း သီလရှင် အဘိုးအဘွားအို ကလေးသူငယ် ဗိုက်ကြီးသည် အတွက်ပေါ့ဗျာ။ အဲဒါ ကားပေါ်မှာ လုပ်တဲ့ နိုင်ငံရေး။ နိုင်ငံ့သားကောင်းပီသချင်လို့ မြန်မာလူမျိုး ယဉ်ကျေးတယ်လို့ ကိုယ့်ဘာသာ အမှတ်ပေးနိုင်ဖို့။


မှတ်တိုင်ရောက် ကားအောက် ဆင်းရင် မှတ်တိုင်က ခုံတွေရဲ့ အပေါ်တွေ အောက်ခြေတွေမှာ ကွမ်းတံတွေး မထွေးဘူး၊ ကျွန်တော် ကွမ်းကို ဘယ်လောက် စားကြောင်း ခင်မင်သူတွေ သိပါတယ် ။အခု ဒီစာနဲ့ အရွဲ့တိုက် ပေါက်ကွဲ နေစဉ် တောင် ကွမ်းလေးမြုံ့ပြီး ရေးနေတာဗျ။


ပလတ်စတစ်ခုံ ရောင်စုံလှလှလေးတွေကို ခြေထောက်နဲ့ မကန်ဘူး။ ရှင်းတယ်လေ ဒီခုံတွေကို ဘုရားသခင်က မိုးပေါ်က ချပေးတယ်လို့ လုံးဝကို ယုံလို့ မရတာ ။ ဒါဆို နိုင်ငံတော် အကြီးအကဲက လုပ်ပေးသလား ဝေးသေး .....အဲဒါ ကျွန်တော့်တို့ ကိုယ့်ထမင်းကိုယ် ရှာစားပြီး အခွန်ဆိုတဲ့ ငွေပေးထားလို့ အဲဒီ ပိုက်ဆံတွေနဲ့ ၀ယ်ထားတာ (မှန်ချင်လဲ မှန်မယ် သေချာမသိ) ဆိုတော့ကာ ကျွန်တော်တို့ မြို့ နိုင်ငံ လှပသာယာအောင် ကျွန်တော်တို့ ချွေးတွေနဲ့ ပေးဆပ်ထားတာဗျ ။ ဒါက ကျွန်တော်လုပ်တဲ့ နိုင်ငံ့ အရေး နိုင်ငံရေးပေါ့ဗျာ (ငြင်းလိုက ငြင်းနိုင်ပါသည်) ။ တစ်ချို့ခုံတွေဆိုရင် ဗျာ သိသာပါတယ် ဖင်ထိုင်ရုံနဲ့ ဒီလောက်ကျိုးပဲ့စရာ အကြောင်းမှ မရှိတာ။ ဒါကြောင့်လဲ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးရင် တရား ရင်ဆိုင်ရတယ် ဆိုတာ အဲဒီလို ကိုယ့်ပိုက်ဆံနဲ့ဝယ်ထားတဲ့ ပစ္စည်းကို ကိုယ်ပြန် ဖျက်ဆီးပစ်တဲ့ ခပ်ပိန်းပိန်းလူတွေ ကြောင့်များလား ။ ရွာမှာတုန်းက ဆိုရင်လည်းဗျာ ကျွန်တော့ရပ်ကွက် ရွာ မြို့ကို ချစ်တယ်။ သာရေး နာရေး ရပ်ရေး ရွာရေး ရှေ့ဆုံးမရောက်တောင် နောက်ဆုံးက မဟုတ်ဘူး။ လမ်းခင်း မြောင်းဖေါ် သန့်ရှင်းရေး လုပ်အားပေး အလှူ မသာ အားလုံးမှာ ကျွန်တော်ပါတယ်။ ကိုယ့်ရွာကိုယ့်မြို့ သန့်ရှင်း ကျန်းမာ လှပစေချင်တယ်၊ ဒါကိုလဲ နိုင်ငံသားတစ်ယောက် နိုင်ငံ ရဲ့ အစိတ်အပိုင်း တစ်ခုမှာ နိုင်သလောက်လေး လုပ်နေတယ်လို့ ပဲ ခပ်မှိန်မှိန် ဥာဏ်နဲ့ ချိန်ထိုးဖူးတယ်။ ရန်ကုန် မြို့ကြီးရောက်မှဗျာ...........။


ထားတော့ ညစ်တွန်းပြီး ရေးတဲ့စာဆိုတာ စာဖတ်ရတဲ့သူကို ကိလေသာညစ်ညူး အဆိပ်သင့်လူးစေတယ်။ တောင်ရောက် မြောက်ရောက် ။


ဘာ အရေးတော်ပုံ ညာအရေးတော်ပုံ ဘာသပိတ် ညာသပိတ် ဘာလှုပ်ရှားမှု ညာလှုပ်ရှားမှု ဘာဘာ ဘာမှ မသိ။အခု အစိုးရကို မှန်တယ်လို့ လက်ညိုးထောင် ခေါင်းညှိတ် မလုပ်သလို၊ မြန်မာ့ အရေး လှုပ်ရှားသူတို့ ၊ ဒီမိုကရေစီ ဆိုတာ တို့ကိုလဲ မိုးပေါ်က လေကို လက်သီးနဲ့ ထိုးပြီး အားမပေးပါဘူး။


ရှေ့က ဦးမဆောင် နောက်ကမလိုက်လို့ လွယ်အိတ်လို့ ခင်ဗျားတို့ကို ၀န်လေး စေတယ်ပဲပြောပြော။ အရှေ့ မသွား နောက်မဆုတ်ပဲ ပြူးကြောင်ကြောင်နဲ့ ဘေးတိုက်သွားတဲ့ ဂဏန်းလိုကောင်ပဲပြောပြော။

မျှော်စင်ညီနောင်က နေ လူမသိသူမသိ (အများကြီးကို အသိမပေးပဲ) သည်းထိတ်ရင်ဖို ရသကို ခဏခဏ အချိန်ကုန်လူပန်း ငွေကုန်ခံပြီး ခံစားနေသူတွေ အများကြီးပါ။


လော်နောက်က လေမှုတ်ပြီး အသက်ကယ် အစုံအလင် နဲ့ တစ်ချက်လောက် လေဟုန်စီးတာကို နိုင်ငံရေး ခေါင်းစဉ်တပ် ၊ တဂန်းဂန်းနဲ့ နားကြားပြင်း ကပ်လွန်းလို့ နောက်တစ်ခေါက်များ ဂန်းသံ ကြားရင် ကျွန်တော် ဂန့်သွားမယ် ဆိုရင်လည်းဗျာ။


မိုးယံ (27.10.2010)