Saturday, November 6, 2010

မွေးနေ့ မဟုတ်သော မွေးနေ့


၅.၁၁.၂၀၁၀


မြန်မာလို တိုင်းတာမှုမျိုး မဟုတ်ပဲ ယနေ့ကမ္ဘာသုံးဖြစ်သော နေ့တာ တွက်ချက်မှုများ အရ နေ့တစ်နေ့မှ တစ်နေ့ကို ကူးပြောင်းသွားချိန်ကတော့ ညသန်းခေါင် ၁၂ နာရီကို ကျော်လွန်ချိန်မှာ နောက်တစ်နေ့ အဖြစ်သတ်မှတ် ကြတယ် ဆိုတာကတော့ လူတိုင်းနားလည်ပြီးသားပါ။ ဆိုတော့ကာ..... ဒါကို ဘာလို့လာပြောနေတာလဲ စာဖတ်သူမေးရင်တော့ ရှင်းပါတယ်။ ကျွန်တော်က လေရှည်တတ်လို့ပါပဲ။


ဆယ့်တစ်လပိုင်း လေးရက်နေ့ ညပဲ ပြောပြော၊ ငါးရက်နေ့ မနက်လို့ပဲ ပြောပြော တစ်နာရီ ငါးဆယ့်ခြောက်မိနစ်မှ သုံးနာရီ နှစ်ဆယ့်တစ်မိနစ်တိုင်တိုင် တစ်နာရီကျော်ကြာ ဆွေးနွေးပွဲလေး ထဲမှာ မေပယ်လ်နဲ့ ကျွန်တော် ပျော်ဝင်စီးမျော နေခဲ့ပါတယ်။ အယူအဆတွေ ပျော်ရွှင်မှုတွေ ခင်မင်မှုတွေ အပြန်အလှန် လေးစားမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီ အချိန်မတိုင်ခင်မှာ အင်္ဂါဟူး စီပုံးမှာ ငွေလမင်းက ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ လာရေးသွားတာ မြင်တော့ အူကြောင်ကြောင်ကိုယ်က“ဟ .. ဘာလဲဟ” ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွား သေးတယ်။ ဒါနဲ့ သူ့ကိုလဲ စီပုန်း ကိစ္စကို သိသလောက် မှတ်သလောက် ကူညီခဲ့သေး တယ်ပေါ့လေ။



မနက် ကိုးနာရီ “ဒူတန်ဒူတန် တန်တန်…. ဒူတန်ဒူတန် တန်တန်…..” ဘယ်လိုမှ နားထောင် မကောင်းသော ဖုန်းမြည်သံက ခေါင်းအုန်းအောက်မှ မြည်နေသလို တုန်ခါမှုတွေက ဦးခေါင်းကို လာရောက်ထိခတ်တော့ မနက်ခင်းဟာ ကျက်သရေ ယုတ်ခဲ့ပေါ့။


“ဟယ်လို ပြောကြည့် ဦးလေး”


ကျွန်တော်တို့ မန်နေဂျာကို ကျွန်တော်က “ဦးလေး” ဟု သာခေါ်ပါသည်။ နောက်ကွယ် မှာတော့ ပြောင်ကြီးလို့ ခေါ်တတ်သည် ပေါ့ဗျာ။


“ဟေ့ကောင် မိုးယံ လာခဲ့ အခုလာခဲ့တော၊ မင်း ကားသမား အလာကို စောင့်မနေနဲ့ ကိုယ့်အစီအစဉ်နဲ့ အမြန်သာလာခဲ့တော့”


“ဟုတ် .. ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော် တစ်ယောက်ပဲ အရင်လာခဲ့လိုက်မယ်”


ဟု ပြောပြီးယုံတင် တစ်ဖက်မှ ယဉ်ကျေးမှု ခေါင်းပါးသော လူက ဘာမှ ပြန်မပြောပဲ ဖုန်းချသွားခဲ့လေသည်။ ကိုယ်ကလဲ အခုလာခဲ့မယ်လို့ သာ မနက်ခင်း မုသားကို သုံးခဲ့ပေမယ့် အိပ်ယာထက်မှာ အပျင်းကြောဆွဲကောင်းတုန်း ၊ အခြေအနေကို သုံးသပ်ပြီး တော့မှ ကပျာကယာ ရေချိုး ၊ တန်းပေါ်က အ၀တ်တွေ ဖြစ်သလို ကောက်စွပ်နေတုန်း ရှိသေးတယ် ဖုန်းသံက မြည်လာပြန်ရော။


“ အေး ...ဟေ့ကောင်”


“ ဗျာ… ပြောကြည့်ဦးလေ”


“မင်း မလာနဲ့ဦး ခဏစောင့်နေလိုက်၊ ဒီက ကားနဲ့လာခေါ်မယ်”


“ဟုတ်ကဲ့”


အဲလိုနဲ့ မနေ့ညက ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကြက်ဥဟင်း တစ်ခြမ်းကို ထမင်းကြမ်းခဲထည့် ပြီး မိုက်ခရိုဝေ့ထဲ တစ်မိနစ်ထား ပြန်ထုတ် ၊ ၀ါး ပြီးတော့မှ တိုက်ရေး ခိုက်ရေး အပြည့်ရှိတဲ့ စစ်သူကြီး စစ်ထွက်မယ့် ဟန်ချီပြီး ခပ်တည်တည် ဖယ်ရီ စောင့်သပေါ့လေ။ ဒီလိုနဲ့ ၀ါဂျာ ကားလေ ထိုးဆိုက်လာတဲ့ အချိန်မှာတော့ စစ်ရထားကြီး ပဲရောက်လာသလို မာန်အပြည့်နဲ့ တိုက်ပွဲဆင်ရန် စတင် ထွက်ခွာလာခဲ့လေသည်။ အတွေ့အကြုံ ရင့်ကျက်သော စစ်သူကြီး၏ အမြော်အမြင်ရှိမှုကြောင့် ရိက္ခာသည် အစာအိမ်ထဲတွင် ရေသင့်တင့်ယုံ နှင့် ယနေ့တိုက်ပွဲ အတွက် လုံလောက်ပေသည်။ ယခင် နှစ်များတုန်းကယခု ကဲ့သို့ စစ်ပွဲနှင့် ဆင်တူသော ပျားပန်းခတ်မျှ များပြားလှသော ဈေးဝယ်များကြောင့် နံနက်စာ မစားရသေးပဲ နေ့လည်စာကို ခြောက်နာရီ ထိုးခဲ့သော့ နှစ်များကို လည်း ဖြတ်သန်းခဲ့ဖူးလေသည်။ စက်သေနတ် ကျည်ကဒ် လည်သလို ၀ယ်သူ၏ စိတ်ကြိုက်ရွေးချယ်လာသော ပစ္စည်းများကို အိတ်ထဲထည့်၊ ပိုက်ဆံယူ ၊ပိုငွေပြန်အမ်း၊ ဇယ်ဆက်နေသော လက်ကို ထောက်ပံ့ထားသော ကိုယ်သည် ခြောက်လက်မ သာသာရှိသော ခြေဖ၀ါးနှစ်ခုပေါ်တွင် မြဲမြဲခိုင်ခိုင်ဖြင့် အချိန်ကြာကြာ ရပ်တည်နေနိုင်ရန် စိတ်သတ္တိကိုလည်း တင်းထားရသေးသည်။



ဒီနှစ်ကတော့ အခြေအနေကောင်းသည် ဆိုရပေမည် ။ မနက်ခင်း ၀င်ပေါက်ပိတ်အောင် တိုးနေသော ဈေးဝယ်များသည် နေ့လည်ခင်းတွင် အတန်ငယ်ပါးသွား သဖြင့် သုံးနာရီ ဆယ့်ငါးမိနစ်တွင် ထမင်းစားဖြစ်ခဲ့သည်။


သည်လိုနှင့် နောက်တစ်သုတ် တက်လာသော လူအုပ်ကြီးကို ဖြိုပြီး သကာလ ၊ ရောင်းထားသော ငွေများကို စာရင်းလုပ်၊ ကောင်တာအပ်ပြီး၊ ဆိုင်ထဲတွင် လစ်ဟာ သွားသော ပစ္စည်းများကို ပြန်လည်ဖြည့်တင်းရန်၊ ဈေးဝယ်များ မွှေနှောက်သွားသော ဂျာနယ် မဂ္ဂဇင်း စာအုပ်များ ပြန်လည် သေသပ်စေရန်၊ ပြန်လည် နေရာချထားရေး ၀န်ကြီးယောင်ယောင် စည်ပင်က အမှိုက်သိမ်းသမား ယောင်ယောင် နဲ့ ယောင်ခြောက်ဆယ်ဖြင့် အလုပ်များချင်ယောင် ဆောင်ပြီးသကာလ၊ ဈေးဝယ်များ၏ လိုအပ်သော ပစ္စည်းများကို ကူညီယူပေးရန်နှင့် ကို့ရို့ ကားယား ၀ယ်ယူထားသော ပစ္စည်းများကို စမတ်ကျကျ ဖြစ်စေရန် ခြင်းထောင်းများ နှင့်လိုက်ထည့်ပေးခြင်း စသည့် အညောင်းပြေ အညာပြေ ဆိုင်ထဲလမ်းလျှောက်ရသော တာဝန်ယူနေ သခိုက်။


ကျွန်တော့် ညာဖက် ပေါင်တစ်ချောင်းသည် ပေါင်းရင်းနားမှ နေ၍ တုန်ခါမှုကို အာရုံကြောများမှ တစ်ဆင့်ခံစားသိခဲ့လေသည်။ ဖုန်းလာနေသည်ကိုး ။ ကဗျာကယာ ဘောင်းဘီ အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး အကြည့် ၊ ဖုန်းထဲ တွင်ပေါ်လာသော နံမည်က “ဒေါ်တင်မိုးလွင်” ပထမတော့ စဉ်းစားလိုက်သေးသည်။ ထုံးစံအတိုင်း “ ဟ.. ဘာလဲဟ” နောက်တော့မှ သတိရသွားတယ် ကိုယ့် ဂျီးတော်ရဲ့ နံမည်က ဒေါ်တင်မိုးလွင် ။ သူလဲ ဆရာမပဲ ဒါပေမယ့် မယ်ဒေါ်တွေ၊ အဲ မော်ဒယ်လ်တွေကို တော့နည်းပြတာ မဟုတ်ပါဘူး ၊ ကလေးတွေကို စာပြတဲ့ ဆရာမပါ။


အဲဒါနဲ့ ဖုန်းကိုင်လိုက်ပြီး


“ဟယ်လို”


“ဟဲ့အကောင် .. ဟတ်ပီးဘတ်ဒေး”


“ဗျာ”


“ဟဲ့ ဒီနေ့နင့်မွေးနေ့လေ”


အန် …. ပထမတာ့ ကြောင်အအ ယောင်နနပေါ့ ။ ဒီနေ့က ဒေပါဝါလီ (deepavali) နေ့ပါ။ဘယ့်နှယ်ဖြစ်လို့ ငါ့မွေးနေ့ဖြစ်ရတာတုန်း ပြီးတော့င့ါကို မွေးတာ ဗုဒ္ဓဟူးနေ့လို့ ပြောကြတာပါ ။ ဒီနေ့က သောကြာနေ့ကြီးကို … ကိုယ့်လိုပဲ အဒေါ်လဲ အတည်ပေါက်နဲ့ ဦးစားနေတယ် မှတ်တာပေါ့...


“ ဒီနေ့ နိုဝင်ဘာ ငါးရက်နေ့လေ”

“သြော်... ဟုတ်ကဲ့ကြီးကြီး ။ ကျေးဇူတင်ပါတယ်”


ဒီလိုနဲ့ ဦးလေးတွေ အဒေါ်ငယ်တွေလည်း လာပြီး ပြောကြတယ်လေ။ မြန်မာလို ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ အဓိပ္ပါယ်ရတဲ့စကားကို အင်္ဂလိပ်လိုတွေ ပြောကြ တယ်လေ။ ကိုယ်လဲ “ကျေးဇူးတင်ပါတယ်” တွေလှိမ့်ပြော ၊ ဒီလိုနဲ့ ပတ်ဝန်းကျင်ရဲ့ အတင်း အဲ... ပြောင်းလဲ ဖြစ်ပျက်နေတဲ့ သတင်း ရန်ကုန်သတင်း လာမည့် တနင်္ဂနွေ အသည်းကြား မဲပြား ဆိုလား အဲဒါတွေ ပြောပြီး ဖုန်းချဖို့ နှုတ်ဆက်စကားဆိုရ ပြန်ရော။ အဲဒီတော့မှ သိလိုက်ရတာကတော့ ကျွန်တော်တို့ ရေမြေက သယံဇာတတွေ အရမ်းထွက်တော့ မြေပြင်ပေါ် ဝေဟင်ထဲက ဖုန်းလိုင်းတွေ က သိပ်မကောင်းသလို စနစ်တွေကလဲ မကောင်း ဘူး၊ အဲလိုဖြစ်တာက မျှတတဲ့ သဘောမျိုးဖြစ်အောင် ဘုရားသခင် ရဲ့ စွမ်းဆောင်မှုမျိုးတဲ့။ ဘာတွေမှန်းလဲ သေချာတော့ သူပြောတာတွေ နားမလည်ပါဘူး၊ သူဆရာမ လုပ်တုန်းကတော့ သူ့တပည့်တွေနဲ့မိဘတွေက သူသင်ပြတာ အရမ်းကောင်းတယ်လို့ ပြောကြတာပဲ။ နောက်ဆုံးပြောတဲ့ စကားကိုတော့ နားလည်သလိုဖြစ်မိသား ဘာတဲ့ “အခု ကြီးကြီးတို့ ဖုန်းက ငါးသိန်းတန်လေ အက်ဖ်အီးစီ ထည့်ပြောရတာ အဲဒါ နင့်ဆီကို ခေါ်ဖို့ပဲ သီးသန့်ထည့်ထားတာ၊ ဟိုတစ်ခေါက်က ခေါ်ပြီး ကတည်းက မခေါ်ဖြစ်တာလဲ ကြာပြီ ၊ အခု ဒီဖုန်းကဒ်ကလဲ သက်တမ်းကုန်တော့ မှာ ဆက်ဆက်မဆက်ဆက် ပေးထားတဲ့ အချိန်ပြည့်ရင် အဲဒီပိုက်ဆံ ဆုံးမှာ၊ အဲဒါနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် နင့်ဆီ ဖုန်းဆက်တာပါ၊ ဘာမှ တော့ အရေးမကြီး ပါဘူး” တဲ့ ။ ကဲ ကောင်းရော ။


ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ လူဆိုတာတဲ့ မွေးဖွားတဲ့နေ့ဆိုတာ တစ်နေ့ပဲ ရှိတယ်၊အခုလုပ်နေတဲ့ မွေးနေ့ပွဲတွေ ဆိုတာတွေက အားလုံးအတုတွေ ချည်းပဲတဲ့။ သူပြောတာလဲ ဟုတ်သလိုပဲ။ ဆရာကတော့ မင်းခိုက်စိုးစန် ထင်တာပဲ သေချာတော့ မမှတ်မိတော့ပါဘူး ။ကိုယ်ကြားဖူတာကလဲ “ သေတစ်နေ့ မွေးတစ်နေ့” အခု ဒီဘလော့ဂ် ရေစီးကြောင်းတွေထဲမှာ စီးမျောရင်း ညီအစ်ကိုလို ခင်မင်ခဲ့ရတဲ့ အစ်ကို တစ်ယောက် ကလည်း ။ “မွေးနေ့နှစ်ပတ်လည် လို့ သုံးရင် ပို အဆင်ပြေတယ်တဲ့” သူကတော့ မြန်မာစကားတွေကို ခက်ဆစ်သိပ်ဖွင့်တဲ့ သူပေါ့။


ကျွန်တော်ကလည်း အစကတည်းက အဲလိုမျိုးတွေ ခေါင်းထဲမှာ နေရာပေးထားတော့ မွေးနေ့ကို အထူးတစ်လည်မှတ်မထားသလို စိတ်ဝင်တစားလဲ ဘာမှကို မလုပ်ပါဘူး။ အလှူအတန်းတွေ ဘာတွေဆိုတာကလဲ မွေးနေ့မှ မဟုတ်ပါဘူး ကြုံရင် ကြုံသလို လုပ်တတ်တာလေ။ ဆိုတော့ကာ စေတနာကို ခေါင်းစဉ်တစ်ခုအောက်မှာ မနစ်မွန်းစေချင် လို့ဘာအတွက် ညာအတွက်ကြောင့်လို့ မရည်ရွယ်သလို ဘာပြန်ရပါစေ ညာပြန်ရပါစေ လို့လည်း ဆုမတောင်းပဲ ၊ တစ်ပါးသူပျော်ရွှင် ချမ်းမြေ့စေချင်၊ အဆင်ပြေ အောင်မြင် စေချင်တဲ့ စေတနာ သန့်သန့်ပဲထားပါတယ်။ ကလေး ဘ၀ကတော့ ဆုတောင်းခဲ့တာ တွေရှိသပေါ့။ ထားတော့ မသိခဲ့လို့ကိုး ... အခုတော့ တစ်မျိုးပေါ့။


ဆိုတော့ကာ .... ၅.၁၁.၂၀၁၀ ၊ သောကြာနေ့ ဟိန္ဒူလူမျိုးတွေရဲ့ ပွဲတော်နေ့ ဒေပါဝါလီ နေ့ဟာ အင်္ဂါ မက ဗုဒ္ဓဟူးမကျတဲ့ ကျွန်တော့်လို ကောင်ကို မွေးဖွားခဲ့တဲ့ နေ့ရက်နဲ့ ပြန်လည်တိုက်ဆိုင်ခြင်းပါတဲ့.....။အသက်ကတော့ ဘယ်အရွယ်လဲဆိုတာ ကျွန်တော်လဲ သေချာမသိသလို အရင်တုန်းက သန်းခေါင်စာရင်း ဟာလည်း ကျောင်းနေ အဆင်ပြေအောင် လိမ်ထားသတဲ့၊ အမေကလည်း အယူသည်းတော့ မွေးနေ့ သက္ကရာဇ် တွေကို လူတွေ မသိလေကောင်းလေတဲ့။ အမေရေ.... အမေ့သားကိုယ်တိုင်လည်း သေချာမသိ သေးပါဘူး အမေရယ်။ ဒါနဲ့ စကားမစပ် အမေကလည်း သူ့ကို ကျွန်တော်တို့ သိထားသလို ဗုဒ္ဓဟူးသမီးလို့ပဲ ယုံကြည်စေချင်ကြောင်း ပြောပြီး ကြာသပတေး သမီးလိုလို အင်္ဂါသမီးလိုလို အရိပ်အမြွက်စာကားတွေလဲ ပြောသေးသဗျ။ ထားတော့.....

ကျွန်တော်ကိုယ်တိုင် မလေးစားသော၊ မသေချာသော ၊မေ့လျော့နေသော နေ့တစ်နေ့ ကို ချစ်သူငယ်ချင်း မိတ်ဆွေများက သတိတရ မွေးနေ့ဆုတောင်းပေးကြသည်ကို အထူးပင်ကျေနပ် ၀မ်းသာမိကြောင်းပါ ခင်ဗျာ.. မွေးနေ့ ဆုတောင်းပေးကြသော ငွေလမင်း (ချစ်သူနှစ်ဦး) ၊ ညီငယ် ကိုကိုးအိမ်၊ သယ်ရင်း မေပယ်လ်တို့ သည်လည်း အောင်မြင်ပျော်ရွှင်မှုများဖြင့် ဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ လို့......


ဒါပေမယ့် ဒီနေ့မှာတော့ အမှတ်တရလို့ ခေါ်ချင်ခေါ် မခေါ်လဲနေပါ ။ ပီမိုးနင်း စာအုပ်တစ်တော့ ၀ယ်လာခဲ့ပါတယ်။ အင်္ဂါဟူးမှာ တင်သမျှထဲမှာ ပီမိုးနင်းကို ပဲ ဆက်ပါ လို့တောင်းဆိုသူများနေလို့ အများမဖတ် ဖြစ်သေးသော စာများလို့ ကိုယ့်ဘာသာ ထင်မှတ်သော ပီမိုးနင်း ၀တ္ထုတိုများ တစ်အုပ်တော့ ၀ယ်လာလိုက်ပါတယ် ။ အဆင်ပြေတဲ့ အချိန်လေးတွေ ရသလောက် ဖေါ်ပြပေးပါ့မယ်ဗျာ။



12 comments:

အဖြူရောင်နတ်သမီး said...

ံ့Happy Birthday ပါ....
မောင်လေးရေ....
Scopian အမျိုးတွေပဲပေါ့နော်...

သုခုမလေဒီ said...

အယ်.. ၅ရက်နေ့မွေးနေ့ပိုစ့်ကတော့ ၆ရက်နေ့မှတက် လာတာပဲး)))
ဘယ်နေ့ပဲမွေးမွေး အသက်ဘယ်လောက်ပဲဖြစ်ဖြစ်ပါ
ဘ၀မှာ ကောင်းကျိုးတွေပြုရင်း၊ ကောင်းစွာအသက်ရှင် နေထိုင်နိုင်ပါစေလို့... ဆုတောင်းပေးတယ်နော်။

သုခုမလေဒီ said...

ဟာ..ကိုယ်က ပထမဆုံးမှတ်လို့ နတ်သမီးက ဦးသွားပြီ ပေါ့းဝ

...အလင်းစက်များ said...

မွေးနေလို့  မသုံးသင့်ဘူးဆိုတော့ မွေးနေ့  နှစ်ပတ်လည်လို့  ပဲ သုံးလိုက်တယ်........

မွေးနေ့  နှစ်ပတ် ဘယ်နှပတ်လည် သွားခဲ့သလဲ တော့ မသိ.......... သို့  သော် ညားလဲ ... အဲ့ဒီ မွေးနေ့  မဟုတ်သော၊ မွေးနေ့  အတုဟု မှတ်ယူသော၊ မွေးနေ့  နှစ်ပတ်လည် ဟု မှတ်ယူသင့်သော .........၊ မွေး နေ့  နှစ်ပတ်လည် ပိုင်ရှင် အား ...

မွေးနေ့  နှစ်ပတ် လည်ပြီးမှ သိရသည့် ကျနုပ်က မွေးနေ့  နှစ်ပတ်လည်၏ ၂၄ နာရီ ကျော်လွန် အချိန်တွင်မှ မွေးနေ့  နှစ်ပတ်လည် ပိုင်ရှင်အား

မွေးနေ့  နှစ်ပတ်လည်တွင်

ကြမ်း မာ ခြန်း သာ ဆေ ကျောင်း

စု တောင်း ပေး ဠိုက် ယ ပါ အိ.........

မွေးနေ့  နှစ်ပတ်လည် ပိုင်ရှင် ခင်ဗျား....

(အောင်မငီး... မောလိုက်တာနော်.)

Anonymous said...

မိုးယံ ရေ...ရေးထားလိုက်တာများ ရသပေါင်းစုံ။
ကဲ...မွေးနေ့ နှစ်ပတ်လည်လေးမှ သည်နှစ်ပတ်
လည်ပေါင်းမြောက်များစွာတိုင် ခုလို ဆုတောင်းသံတွေ
ညံစီ နေပါစေလေ။ ...:)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ပျော်ရွင်သော ချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်ဖြတ်သန်းပါရစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်လျှက်
တောသားလေး

ညိမ်းနိုင် said...

ဟုတ်ပါပြီဗျာ....မွေးနေ့ပဲဖြစ်ဖြစ်၊မွေးနေ့နှစ်ပတ်လည်ပဲ
ဖြစ်ဖြစ်၊အင်္ဂါပဲဖြစ်ဖြစ်၊ဗုဒ္ဓဟူးပဲဖြစ်ဖြစ်...၊ယခုမွေးနေ့မှ
သည်...နောင်နှစ်ပေါင်းများစွာ...ဘဝကို ပျော်ရွင်၊ကျေနပ်၊
ချမ်းမြေ့၊သာယာစွာ ကျော်ဖြတ်နိုင်ပါစေခင်ဗျာ...။

Ingjin said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ....
နောင်နှစ်ပေါင်းမြောက်မြားစွာအထိလည်း
ပျော်ရွှင်ဖွယ်ရာမွေးနေ့တွေကိုပိုင်ဆိုင်နိုင်ပါစေ....

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့မှာ ဆန္ဒအားလုံးပြည့်ဝပါစေ။
နောင်လာမဲ့နေ့ရက်တိုင်းသည်လည်း ပျော်စရာစိတ်ချမ်းသာစရာ ရက်တွေကိုသာ ပိုင်ဆိုင်နိုင်ပါစေ။

အုပ်ကြီး said...

ဘယ်လိုနေ့ လေးပဲဖြစ်ပါစေ..
ပျော်ရွှင်စရာနေ့ တွေပဲဖြစ်ပါစေ ..သယ်ချင်းရေ
(ဒါနဲ့ စကားမစပ် ..အကျွေးအမွေးရှိလားဟင်) ..

ခင်တဲ့
အုပ်ကြီး

လသာည said...

Belated Happy Birthday! ပါ မိုးယံ..
ဘီလိတ်တက်ပြောပေမယ့် မိုးယံရဲ့အဆိုအရ မွေးနေ့ပြီး နှစ်တော်တော်များများ ဘီလိတ်တက်ဖြစ်နေမလားပဲ :))

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမွေးနေ့မဟုတ်တဲ့ မွေးနေ့တစ်ခုမှသည် နောက်ထပ်လည်း အဲလိုမွေးနေ့တွေကို ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေ..လို့

ယွန်း said...

ပျော်စရာမွေးနေ့ လေး ဖြစ်ပါစေမောင်လေး..
ဆုတောင်ပေး ပြီးပြီနော်..
နောက်ကျလို့  အပေါက်ဝကပဲလှည့်ပြန်တော့မယ်..
( ဘာမှမစားရတာ နာသကွာ.. ""ကတောက်"")