Friday, September 30, 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရ လက်ထက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

Breaking News: မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထပ်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ (သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။)

www.news-eleven.com

Thursday, September 29, 2011

အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာအစိုးရသည် မကြာမီ အကျဉ်းသားများ ထပ်မံ လွှတ်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။ သမ္မတကြီးသိန်းစိန်သည် မေလက ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ပြီးနောက် အကျဉ်းသား ၂၀၀၀၀ ခန့် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် လည်း တောင်းဆိုခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လတွင် လက်နက်ကိုင်အတိုက်အခံ တိုင်းရင်းသားအဖွဲ့အချို့နှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ စက်တင်ဘာလတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများ အလိုရှိနေသည်ဟု ယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဖြစ်ထွန်းတိုးတက်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ကျယ်ပြန့်သော အသွင်ကူးပြောင်းရေး ဖော်ဆောင်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Ref:AFP
http://www.weeklyeleven.com

Wednesday, September 28, 2011

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား


269
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့ (၂၆-၉-၂၀၁၁) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။
269c
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising  ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။
269d









ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး ကြားရတာ ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခု အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။ တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။ နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”

ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။ ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ်လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကို အနှောက်အယှက် မဖြစ်စေချင်ဘူး။ အခုချိန်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကာလပါ။ ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့ ရည်ရွယ်ချက် မပျက်စေချင်ဘူး။”
“ဆူးလေဘက်မှာလည်း လူတွေစုကြတယ်လို့ ပြောတယ်။ သန်လျင်ကအဖွဲ့တွေ၊ BG Group က လူတွေပါတယ်လို့လည်း ကြားတယ်။ BG Group ဆိုတာ ဗိုလ်ချုပ်သွေးလှူအဖွဲ့လို့ ပြောပါတယ်။ ဒဂုံဘက်ကလာတဲ့ ဒေါ်နော်အုန်းလှတို့ အဖွဲ့တွေလည်း သက်ဆိုင်ရာက တားလို့ န၀ဒေး ရုပ်ရှင်ရုံနားကနေ လူစုခွဲပြန်သွားကြပြီလို့ သိရတယ်”ဟု ဆူးလေဘုရားအနီးမှ စုဝေး၍ ရွှေဂုံတိုင်မီးပွိုင့် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။

ဆူးလေစေတီတော် အနီးမှ စုဝေးထွက်ခွာခဲ့သူ အချို့၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခန့်
- ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍
မွန်းလွဲ(၁)နာရီကျော်ခန့်
- ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့။
- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။
မွန်းလွဲ(၂)နာရီခွဲခန့်
- ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။

ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခွဲခန့်
- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။
- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။
မွန်းလွဲ(၁)နာရီကျော်ခန့်
- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။
- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။
- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။
မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်
- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။
- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။
“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့ အတွက်ကြောင့် မြောက်ဒဂုံ မကွေးကျောင်းတိုက် နားကနေပြီးတော့ BM ကား(၃)စီးငှား ပြီး ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို န၀ဒေးလမ်းဝမှတ်တိုင် အနားကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကားမောင်းသမားတွေကို သူတို့ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး ထပ်မံမောင်းနှင်ခွင့် မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူအယောက်(၂၀၀)နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့ အတွက် ဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက် ညီညီဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု ၊ဒေါ်နော်အုန်းလှ၊ ဦးဝင်းချို တို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေး ဘုရားလမ်း န၀ဒေးမှတ်တိုင် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။
“အရမ်းကြီးကြီးထွားလာမယ့်  အဆင့် အထိဖြစ်လာမယ်လို့ မထင်ပါဘူး။ အခုလိုလုပ်တာကလည်း ဒီမိုကရေစီ အခွင့်အရေးနှင့် အညီ စမ်းသပ်လုပ်တယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ထိပ်တိုက်တွေ့တဲ့နည်းကို မသုံးဘဲ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားပါလိမ့်မယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ်ဆိုရင် မလိုလားအပ်တဲ့ အကြမ်းဖက်တာ တွေကိုလုပ်မလာဘူးဆိုရင် ကောင်းပါ တယ်။ နောက်ပြီး ထိန်းမနိုင်သိမ်း မရ အခြေအနေတွေ ဖြစ်မလာအောင်လည်း သက်ဆိုင်ရာတာ ၀န်ရှိသူတွေ က ကြိုးစားသွားရပါမယ်။ ပြည်သူ တွေအနေနဲ့လည်း ပြည်သူ့အခွင့်အရေးကို အသုံးချတယ် လို့မြင်ပါတယ်။ လုံခြုံရေးပိုင်းက တာဝန်ရှိသူ တွေအနေနဲ့လည်းခေတ်စနစ်  ပြောင်း သွားပြီဖြစ်တဲ့အတွက် အရင်လိုမျိုး ထိပ်တိုက်တွေ့တာတွေမလုပ်ဘူး ဆိုရင် ငြိမ်းငြိမ်းချမ်းပြီးသွားမှာပါ” ဟု သတင်းစာဆရာ မောင်ဝံသက ပြောပြပါသည်။
“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်လုပ်ကြတာပါ။ အဲဒီတုန်းက သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်နစ်နာ တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူး ပြီး ကောင်းမှုကုသိုလ်လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲရည်ရွယ်ကိုယ်စား ပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်း အမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်း သားတွေရဲ့ မိသား စုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအ ဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်”ဟု ပါဝင်ခဲ့သူတစ်ဦးက ပြောပြပါသည်။
“ကျွန်တော်တို့ ဆူးလေဘုရားဘက်ကို ထွက်မလာခင် ဒဂုံမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆုတောင်းပွဲလုပ်ခဲ့ပါသေးတယ်။ ဆူးလေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆုတောင်းဖို့ရည်ရွယ်ပြု လုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ကား ကို သက်ဆိုင်ရာက တားတဲ့အခါမှာလည်း ကျွန်တော်တို့အဖွဲ့တွေဆင်းပြီး လမ်းလျှောက်ခဲ့ကြပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း အော်တာ လက်ခုပ်တီးတာတွေ ဘာမှမလုပ်ခဲ့ ကြပါဘူး။ ပြီးတော့ လမ်းဘေးပလက်ဖောင်းပေါ် တက်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းထိုင်ပြီး ဆုတောင်းတယ်။ ခဏနေတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်လာတယ်။ ပြန်ခိုင်းတယ်။ ကျွန်တော်တို့လည်း မိနစ်ပိုင်းအတွင်း လူစုခွဲပြီးပြန်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်စီးစေလို့တဲ့ ရည်ရွယ်ချက်မရှိပါဘူး”ဟု အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ဘာတွေပြောကြတယ်၊ဘာတွေဆုတောင်းကြတယ်တော့ သေချာ မသိပါဘူး။ ကမ္ဘာအေးဘုရား လမ်းမှာ လမ်းတွေနည်းနည်းပိတ်သွားတယ်။ ဆူပူတွေ တွေမပြုလုပ်ကြဘဲ ကိုယ်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြဖို့ လိုပါတယ်”ဟု ကမ္ဘာအေးဘုရား လမ်းနေ အသက် ၄၀ ၀န်းကျင်အရွယ်ရှိ ဦးအေးသန်းကပြောကြားခဲ့ သည်။
ဆူးလေစေတီ၌ ဆုတောင်း အမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည်လူစုခွဲခဲ့ကြကြောင်း သတင်းရ ရှိပါသည်။
“စကြားခါစကတော့ တစ်ယောက်စကား တစ်ယောက်နဲ့ တော်တော်ကြီးတယ် ထင်ခဲ့တာ။ သေချာသိရတော့မှ သိပ်မများဘူးဆိုတာ သိရတယ်။ ဒီဘက်မှာတော့ အေးအေးချမ်းချမ်းပါပဲ”ဟု တာမွေမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောပြသည်။
“ဖုန်းနဲ့လှမ်းပြောလို့ သိလိုက်ရတာပါ။ ညနေ လေးနာရီခွဲလောက် မြို့ထဲရောက်တော့ အားလုံး ပုံမှန်အတိုင်းပါပဲ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါသည်။
“သိလိုက်ရတဲ့အချိန် တုန်းက ကန်တော်ကြီးထဲ ရောက်နေတာ။ မသိလိုက်ကြပါဘူး။ ပြန်ထွက်မှပဲ သိလိုက်ရတယ်”ဟု မင်္ဂလာဒုံမြို့ နယ်မှလူငယ်တစ်ဦးကပြောပြခဲ့ပါသည်
ယနေ့ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲကြောင့် မြောက်ဥက္ကလာ၊ န၀ဒေး၊ ဆူးလေနှင့် ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက် ရွှေဂုံတိုင်မီးပွိုင့်အထိ လူအများလှုပ်လှုပ်ရှားရှား ဖြစ်ပေါ်ခဲ့ပြီး ညနေ ၃နာရီ မိနစ်၃၀ အချိန်တွင် အားလုံးအေးအေးချမ်း ချမ်းဖြင့် ဆန္ဒထုတ်ဖော်မှုများပြီးဆုံးခဲ့ကြောင်း သိရပါသည်။ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ နေရာအချို့မှ လွဲ၍ ကျန်နေရာများတွင်မူ ပုံမှန်အနေအထားတိုင်း ရှိနေခဲ့ကြောင်း သိရှိ ရပါသည်။
“ နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒပြလိုက်ဆိုတာ ထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။ လူအများစုရဲ့ဆန္ဒဆိုတာ လူအများစု ရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ ဆန္ဒပြတာ မဟုတ်ဘူးဆိုပေမယ့် အများပြည်သူအကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော် သောင်း နင်းဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact  ရှိတယ်။ ဆူးလေဘုရားမှာ ဆန္ဒပြသူက(၇၀)ကျော်၊ သတင်းယူသူက (၁၀၀)ကျော်ရှိ တယ်။ တချို့သတင်းထောက် တွေက သတင်းကြိုရထားကြတယ်။ အလုပ်ဆိုတာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ နိုင်ငံရေးကို လုပ်ကိုင်နေတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ သိသင့်ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ Bird eye view  ဆိုတာ နယ်ပယ်အသီးသီး မှာရှိပါ တယ်။ တိုင်းပြည် ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစား နေရတဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်ကို လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO  ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ထင်မြင်ချက် တချို့ကို ဒီအောက်ဘက်လင့်မှာ ဖတ်နိုင်ပါတယ် ..
http://www.first-11.com/index.php?option=com_content&view=article&id=10281:2011-09-26-07-20-27&catid=43:2009-11-10-07-39-09&Itemid=111


 
+72 #61 babymilo 2011-09-26 04:42
Comments တွေဖတ်ကြည့်ရသလောက် ဒီနေ့ ဖြစ်ရပ်နှင့် ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုတွေ တော်တော်များနေတာကို တွေ့ရပါတယ်။ဒါပေမယ့် ထောက်ခံတဲ့ သူတွေရော ကန့်ကွက်တဲ့သူတွေရော အားလုံးဟာ ကိုယ့်နိုင်ငံကို စေတနာထားတဲ့သူတွေကြီးပဲလို့ သတိထားမိပါတယ်။ ဒါကြောင့် အားလုံးကို သဘောထား မကွဲစေချင်ပါဘူး။ ပြီးခဲ့တဲ့ အနှစ်(၂၀) ကျော်လုံးလုံး အရင်အစိုးရလက်ထက်မှာ ကျနော်တို့နိုင်ငံ ဘယ်လောက်ထိ နိမ့်ကျခဲ့တယ်ဆိုတာ ကျနော်တို့အားလုံးအသိပါ။အခုလက်ရှိ အနေအထားဟာ အရင်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မရခဲ့ဘူးပါဘူး။ဒီအခြေအနေမှာ ကျနော်တို့ဆန္ဒမစောသင့်သေးပါဘူး။ ပြည်သူတရပ်လုံး စိတ်ညီလက်ညီ ဆန္ဒပြခဲ့တဲ့ (၈၈),(ရွှေဝါရောင်တော်လှန်ရေး) မှာတောင် ဘယ်လိုနာကြဉ်းမှုတွေနဲ့ အဆုံးသတ်ခဲ့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ဒီအချိန်မှာ ဒါမျိုးထပ်ပြီး အဖြစ်မခံနိုင်တော့ပါဘူး။ အခုလက်ရှိ ရနေတဲ့ အနေအထားကို ပဲ အကောင်းဆုံး အသုံးချကြပါစို့ဗျာ။လက်ရှိအစိုးရက ကောင်းတယ်လို့လည်း မပြောပါဘူး။ဒါပေမယ့် ဦးသန်းရွှေလက်ထက်ကထက်စာရင် ကျနော်တို့အနေအထားတိုးတက်လာတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ဒီနေ့အနေအထားကို ဘာမှမပြောသာပေမယ့် တကယ်လို့ဒီထက်ပိုဆိုးလာရင် စစ်အာဏာသိမ်းမှုတွေနဲ့ ပြန်ပြီး အမှောင်ဖုံးလာဦးမှာပါ။ဒီနေ့ comments တော်တော်များများ နဲ့ အခြား website တွေမှာ EMG နဲ့ ဒေါက်တာသန်းထွဋ်အောင် ကိုတော်တော်လေး ဝေဖန်နေတာ တွေ့ရပါတယ်။ တကယ်တော့ EMG ဟာပြည်သူတွေအတွက် ဘယ်လောက်ထိ လုပ်ပေးခဲ့တယ် ဆိုတာ အားလုံးသိပြီးသားပါ။ ဒေါက်တာသန်းထွဋ်အောင် ဆိုတာလည်း ဘယ်လောက်ထိ နိုင်ငံအတွက် ပေးဆပ်ခဲ့တယ်ဆိုတာ (၂၂) နှစ်ခရီးဆိုတဲ့ ဆောင်းပါးကိုဖတ်ဘူးတဲ့သူတွေ လက်ရှိမြစ်ဆုံ အရေးမှာ သူ့ရဲ့ရပ်တည်မှုတွေကို ကျနော်တို့သုံးသပ်နိုင်ပါတယ်။ ဒီနေ့ ဖြစ်ရပ်မှာလည်း အမေစုရဲ့ သဘောထားကို ကျနော်တို့အားလုံး မကြာခင် ကြားသိရမှာပါ။
EMG ဘက်ကလည်း မီဒီယာ ပီသစွာနဲ့ Personal ကိုရည်ညွှန်းပြီး ပြောတဲ့ အသုံးအနှုန်းကို ရှောင်စေချင်ပါတယ်။


--
ခံစားတဲ့ စိတ်ထက် တွေးခေါ်တဲ့စိတ်ကို ပိုလက်ခံပါ ။
ထိုင်းမှိုင်းတဲ့ စိတ်နဲ့ ထက်မြက်တဲ့စိတ် ကွဲပြားသွားပါလိမ့်မည် ။
https://barnay.wordpress.com

Tuesday, September 27, 2011

မြစ်ဆုံစီမံကိန်း သတင်းများ ဖြတ်တောက် ခံနေရ


မြစ်ဆုံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သော သတင်း အများစုကို စိစစ်ရေးက ဖြတ်တောက်မှုများ စတင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအတွင်း သဘောထားကွဲလွဲမှု ကြီးကြီးမားမား ရှိနေသည့်အပြင် ပြည်သူများက မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများ ရှိလာချိန် စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် မြစ်ဆုံစီမံကိန်းအပေါ် ဝေဖန်ရေးသားမှု တချို့ကို စတင် ဖြုတ်ပယ်လာခြင်းဖြစ်သည်။

“နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က မြစ်ဆုံစီမံကိန်းကို ပြန်စဉ်းစားသင့်တယ်၊ သူ့အနေနဲ့ မထောက်ခံဘူး ဆိုတာကို ပြည်တွင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပါတယ်။ ဒါပေမယ့် အဲဒါကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဆိုသော သတင်း၊ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ဆိုသော သတင်းများကို စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်း မပြုနိုင်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Gallery 65 တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သော “ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ ပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေး ဆောင်ရွက်သင့်သည်” ဟု နှိုးဆော် အမှာစကား ပြောဆိုခဲ့သော်လည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် သတင်းစကားကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး။ ပွဲကျင်းပတယ် ဆိုတာလောက်ပဲ ခွင့်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောချင်တဲ့သတင်းစကားကို ကြက်ခြေခတ် ခံခဲ့ရပါတယ်” ဟု စာပေစိစစ်ရေးသို့ ပုံမှန်ဆက်သွယ် နေရသည့် သတင်းဂျာနယ် ထုတ်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

ယင်းအပြင် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်ရေးသား ပြောဆိုမှုများကိုလည်း ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်းမပြုရန် တားမြစ်ခံနေရသည်ဟု သိရသည်။

“တချို့ပြည်သူတွေက မြစ်ဆုံစီမံကိန်း ရပ်ပေးဖို့ ဂျာနယ်ကို စာရေးပြီး သူတို့အမြင်တွေ ပြောကြတယ်။ စာတွေထဲမှာ တရုတ်တွေကို နောက်မျိုးဆက်သစ်တွေက အဖေမခေါ်ပါရ ပါစေနဲ့တော့ ဆိုပြီး သူတို့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးပို့ကြတယ်။ ဂျာနယ်အနေနဲ့ ပေးစာကဏ္ဍမှာ ထည့်ဖို့ကြိုးစားတယ်။ ဒါလည်း အဆင်မပြေဘူး။ အဖြုတ်ခံရတယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်း မဆောက်ဖို့ ပြည်သူတွေရဲ့လက်မှတ် စုဆောင်းပြီး သမ္မတဆီ တင်ပြမယ်ဆိုတဲ့ သတင်းမျိုးတွေလည်း အဖြုတ်ခံပါရတယ်” ဟု သတင်းထောက်တဦးက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဖြတ်တောက်မှုများသည် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း သတင်းသမားများက ပြောကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄ (က) တွင် နိုင်ငံသားတိုင်း မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လွပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၉၀ (ခ) မှ နိုင်ငံသားတိုင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထင်မြင်ချက်များ ရေးသားသည်ကို စိစစ်ဖြတ်တောက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သတင်းသမားတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ပေးလိုက်ပါက ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများလာမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တခုတွင် ပြောဆိုခဲ့သည်။

http://www.irrawaddy.org/

Sunday, September 25, 2011

ကားဝယ်စီးချင်လား . . . ၊ ဈေးထပ်ကျဦးမယ်

713a

ကားဈေးများ ထပ်ကျဦးမည် ဆိုသည်ကို ကားဝယ်စီးသူများ တွက်ချက်ကြည့်ရန်လိုပြီး ကားဝယ်စီးလျှင် ရှုံးမည်ဆိုသည်ကို သတိပြုသင့်သည်ဟု ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ မြန်မာနိုင်ငံနှင့် ကားမူဝါဒ အပေါ် လေ့လာနေသူများက သုံးသပ် ပြောကြားခဲ့ပါသည်။

ကားဟောင်းအပ်ပြီး စလစ် တစ်ရွက်အား ကျပ်သိန်း ၁၂၀ အထိ ဈေးခေါ်ဈေးကစားခြင်း၊ လေးဘီး နှင့် ဆလွန်းတိုက်ရိုက်လဲခြင်း၊ အမြတ်ကြီးစားထားသည့် ၀န်ဆောင်ခဈေးများနှင့် ကားသွင်းပေးမည့် ကုမ္ပဏီများကြားတွင် ကားဝယ်စီးခြင်းဖြင့် ဈေးမှန်မဖြစ်နိုင်၍ ရှုံးမည် ဟု ဆိုကြသည်။


၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူးဆလွန်းကို မြန်မာပြည်ဆိပ်ကမ်း အရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာ နဲ့ဆို ၁၉၀၀၀ ၀န်းကျင် ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် . . .

ထပ်မံ၍မကြာမီ ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်မည် ဆိုပါက ၀ယ်ယူစီးနင်းရမည့် ကားဈေး၊ ပို့ကုန်လုပ်ငန်းရှင်နှင့် နိုင်ငံခြားငွေရသည့် လုပ်ငန်းလုပ်ကိုင်နေသူများ၊ နိုင်ငံခြားငွေရရှိနေသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းလာပါက ကျသင့်မည့်ကားဈေးများဖြင့် တွက်ချက် နှိုင်းယှဉ်ခြင်းဖြင့်လည်း ယခုဈေးများဖြင့် ၀ယ်စီးသူများအနေဖြင့် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ကို သတိပြုသင့်ကြောင်း သုံးသပ်ကြခြင်း ဖြစ်ပါ သည်။

ကားတစ်စီး အပြီးအစီးတန်ဖိုး တွက်ပြီးပြီလား . . .

“ကားဟောင်းတစ်စီးဝယ်ရင် အခု လေးဘီးက ကျပ် ၁၀၅ သိန်း၊ ကားပြန်သွင်းမယ်ဆိုရင် အခု ကုမ္ပဏီတွေ ဈေးခေါ်ထားတာ စီးပွားကူးသန်းက တင်သွင်းခွင့်ပေးထားတဲ့ CIF ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀ တန် ၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူး ဆလွန်းကို မြန်မာပြည်ဆိပ်ကမ်းအရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာနဲ့ဆို ၁၉၀၀၀ ၀န်းကျင်ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် ၂၅၅ သိန်း။ အခွန်ဆောင်ရမှာက ကညနမှာ ၀ယ်ရင်းဈေး FOBဈေး ဒေါ်လာ ၃၅၀၀၊ အကောက်ခွန်မှာ CIF ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၄၀ ရာခိုင် နှုန်းနဲ့ ဒေါ်လာ ၂၀၀၀၊ ကုန်သွယ် လုပ်ငန်းခွန်က CIF ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁၂၅၀ ဆိုရင် စုစုပေါင်း ဆလွန်းကားတစ်စီး အတွက် ဒေါ် လာ ၆၇၅၀ ကျမယ်။ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ရင် ကျပ် ၅၄ သိန်း။ ဒီတော့ ကားဟောင်းတစ်စီး ၀ယ်ပြီး ဒေါ်လာ ၃၅၀၀ တန်ကားတစ်စီး သွင်းမယ့်သူက စုစုပေါင်းကျပ် ၃၀၉ သိန်းကုန်မယ်။ ကားဟောင်းရှိတဲ့သူ ကိုယ်တိုင်သွင်းရင်တောင် ၂၀၄ သိန်းလောက် ကုန်မယ့်ကိန်းပါ။ ၂၀၀၂ မတ်တူးကို ပြောတာ ဟိုဟာကုန် ဒီဟာကုန်နဲ့ဆိုရင် ကျပ်သိန်း ၂၁၀ လောက် ကျသင့်မယ်။ ကားဟောင်း ၀ယ်သွင်းမယ့်သူက တစ်ခြားကုန်ကျစရိတ်နဲ့ဆို ကျပ်သိန်း ၃၂၀ နဲ့ အထက်မှာကုန်မယ်”ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။

713
နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်

“အခုကားဟောင်းဈေး၊ ကားအပ်ပြီး စလစ်မှာ ၀င်ကစားတဲ့ ပွဲစား စလစ်ဈေး၊ ခါတော်မှီလုပ်စား မယ့် ကားသွင်းပေးမယ့် ကုမ္ပဏီအချို့ကြောင့် ကားဟောင်းအပ်ပြီး သွင်းမယ့်သူတွေ မကုန်သင့်တာ ကုန်ကျနိုင်တယ်။ ဒါပေမယ့် ကားတစ်စီး သွင်းရင် ကျပ်သိန်း ၂၀၀ နဲ့ ၂၅၀ ဆိုတာ အများဆုံးပဲ ကျသင့်တယ် ဆိုတာ သတိပြုသင့်ပါတယ်”ဟု ကားဈေးကွက် လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရ ခွင့်ပြုချက်ကို ကပျက်ယပျက် လုပ်သူများစနက်နဲ့ ကားဈေး . . .

ကားဟောင်းအစီးရေ ၅၀၀၀၀ ကျော်အား ကားသစ်ဖြင့်လဲလှယ်ပေးရန် ဆောင်ရွက်နေသည့် အချိန်တွင် တစ်ဖက်၌လည်း ကားတင်သွင်းပေး မည့် ကြားခံပွဲစားကုမ္ပဏီအချို့က မည်သို့ အမြတ်ထုတ်ရမည်ကို ကြိုတွက်ကာ အကွက်ချစီစဉ်လျက်ရှိနေသည်ဟု သတင်းထွက်ပေါ်လာသည်။

ထိုသို့ ကြားခံ ပွဲစားကုမ္ပဏီများ၏ မတန်တဆ ဈေးခေါ်မှုများသည်လည်း ကားဟောင်းလဲကာ ကားသစ်တင်သွင်းသူများ အပေါ်များစွာ ထိခိုက်နိုင်ပြီး ကားသစ်များ၊ ကားသန့်များစီးရစေရန် ရည်ရွယ်ချက်ဖြင့် အစိုးရမှ ခွင့်ပြုပေးသည့်အပေါ် ၌ပါ ၎င်းတို့၏ လုပ်ရပ်မှာ သက်ရောက်မှု ရှိနိုင်သည်ဟု သုံးသပ်ကြပါသည်။

“စီးပွားကူးသန်းက မြန်မာ ဆိပ်ကမ်းအရောက် CIF ဈေး ဒေါ်လာ ၅၀၀၀ အထိသတ်မှတ်ပေးတယ်။ ပြည်ပ၀ယ်ရင်းဈေးက အမေရိကန်ဒေါ်လာ ၃၅၀၀ ပေါ့။ အ ခုကားသွင်းပေးမယ်လို့ ကြေညာနေတဲ့ ကုမ္ပဏီတစ်ချို့ကတော့ စီးပွားကူးသန်းက သတ်မှတ်ပေးထားတဲ့ မြန်မာပြည်ဆိပ်ကမ်း အရောက် CIF ဈေး ဒေါ်လာ ၅၀၀၀ အတန်းအစား ထဲမှာပါတဲ့ ၂၀၀၂ မော်ဒယ် Toyota မတ်တူးဆိုရင် ကျပ်သိန်း ၁၅၀ အထိဈေးခေါ်တယ်။ မြန်မာပြည် ဆိပ်ကမ်း အရောက်ဈေးပေါ့။ ဒီတော့ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ဦး ဒေါ်လာ ၁၉၀၀၀ ၀န်းကျင်အထိ ကျသင့်နေပြီ။ ဒါက အခွန်လုံးဝ မပါသေးဘူး။ ကားဟောင်းကားစုတ်လေး ပိုင်တဲ့သူက ဒီဈေးနဲ့သာ သွင်းရရင်သေရော။ ဘာမှမထူးဘူး။ တစ်ကယ်တော့ အစိုးရက ကားဟောင်းစီးနေရတဲ့သူတွေ ကားသန့်သုံးရပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ပေးတာ။ ဒီရည်ရွယ်ချက်ကို ပါ ကပျက်ယပျက် လုပ်နေတယ်လို့ မြင်ပါတယ်။ ၀ယ်တဲ့သူကိုကလည်း တစ်ခြားကား အမျိုးအစားဝယ်ရင် ဈေးသက်သာမှန်းသိရဲ့နဲ့ ရွှေငါးမှ ရွှေငါးဖြစ်နေတာကြောင့်လည်း ပါတယ်။ ရွှေငါးကိုမှီပြီး တခြားကား တွေကိုပါ ဈေးတင်လာမှာကို သတိထားသင့်တယ်”ဟု ကားတင်သွင်းရန် ကုမ္ပဏီ တစ်ခုသို့ စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။

“သွင်းတဲ့သူတွေ အနေနဲ့လည်း ဒီလို မတန်တဆ ဈေးခေါ်တဲ့ကုမ္ပဏီမျိုးကို လက်ရှောင်လို့ ရပါတယ်။ ကုမ္ပဏီတစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ သူတို့တောင်းတိုင်း မပေးပဲ ကုမ္ပဏီတွေ စုံအောင် စုံစမ်းပြီးမှ ၀ယ်တာ အကောင်းဆုံးပါပဲ။ အခု ကြားတာက ကားတစ်စီတင်သွင်းခ ၀န်ဆောင်ခအဖြစ် ကျပ် ငါးသိန်းလို့ကြားတယ်။ အစီး ၅၀၀၀၀ ကျော်မှာ သုံးသောင်းပဲသွင်းတယ် ထားဦး ကုမ္ပဏီတွေ လက်ထဲကို ၀န်ဆောင်ခအဖြစ် ရောက်သွားမှာက ကျပ်သန်းပေါင်း ၁၅၀၀၀ လောက်ရှိ ပါတယ်။ ဂျပန်မှာ လေလံဆွဲတဲ့သူ တွေများလို့ ကားကောင်းတစ်စီး ထွက်တာနဲ့ဈေး မတန်တဆပေးဆွဲရင်း ၀ယ်ရင်းဈေးများ ကုန်တယ်တဲ့။ ဒါပေမယ့် ၀ယ်တဲ့သူတွေ အနေနဲ့က တော့ ရွှေငါးကို လက်ရှောင်လိုက်တာ ပိုပြီးကောင်းပါတယ်။ နောက်ပိုင်း ကားသစ်တွေ သွင်းလာရင်၊ ကားအရောင်းပြခန်းတွေဖွင့်ရင် ရွှေငါးလည်း ဈေးကျသွားမှာပဲလေ။ အခုကတည်းက သင့်တင့်တဲ့ ကားပဲဝယ်စီးတာ အမှန်ဆုံးလို့ ထင်ပါတယ်”ဟု ဂျပန်ဈေးကွက်တွင် ကားဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

ဝယ်စီးသူတွေ သတိပြုရမယ့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ ဖြစ်လာမယ့် ကားဈေး . . .

“နောက် သုံးလေးလဆို ကား အရောင်းပြခန်းတွေ ဖွင့်တော့မယ်။ နိုင်ငံခြားငွေ ရတဲ့လုပ်ငန်းလုပ်တဲ့သူ၊ ပြည်ပမှာ နိုင်ငံခြားငွေရအောင်အ လုပ်လုပ်နေတဲ့သူတွေ မကြာခင် ကားသစ်သွင်းတော့မယ်။ အားလုံး ပြီးစီးတဲ့အခါ အများပြည်သူကိုပါ လွတ်လပ်စွာ ၀ယ်ယူတင်သွင်း ခွင့်ပေးဖို့အထိ ထုတ်ပြန်ထားတယ်။ အဲဒီအချိန်မှာဖြစ်လာမယ့် ကားဈေး၊ ကားအရောင်းပြခန်းတွေ ဖွင့်ပြီးတဲ့ အခါ ဖြစ်လာမယ့် ကားဈေးတွေကို အခု ကားဝယ်စီးမယ့်သူတွေ သတိပြုသင့်ပါတယ်။ သွင်းတဲ့အခါ ၂၀၁၁ မော်ဒယ် Toyota Corolla Sedan လို မော်ဒယ်မြင့်ကို သွင်းတယ်ထားဦး အဲဒီကားသစ်က ဒေါ်လာ ၁၅၉၀၀ ပဲ ရှိတယ်။ ဒီကားအတွက် အခွန်ရော ကားအရင်းနဲ့ သယ်ယူစရိတ်ပါ ပေါင်းရင်တောင် စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ ကျော်ပဲကျမယ်။ ကျပ်သိန်း ၄၀၀ ကျော်ပဲ အလွန်ဆုံးရှိမယ်။ ၂၀၁၁ မော်ဒယ်ကားသစ်က ကျပ်သိန်း ၄၀၀ ပဲရှိမယ်။ ၂၀၀၂ မော်ဒယ်ကို ရဖို့ ကားဟောင်းဝယ်တာနဲ့ သွင်း တာက ကျပ်သိန်း ၃၂၀ နဲ့အထက် ကျမယ်။ ဒါဆိုရင် ဘာကိုရွေးမလဲ။ အရောင်း ပြခန်းတွေလာလဲ ဒီလိုပဲ အခွန်ဆောင်ပြီး လွတ်လွတ်လပ်လပ် ၀ယ်ရင် ဒီဈေးထက်ကျဦးမှာ။ ကိုယ့်ဟာ ကိုယ်တွက်ကြည့်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ အဲဒီအချိန် ဖြစ်မယ့် ကားဈေးတွက် ရင်ကားဈေးကကျကိုကျမယ်”ဟု မြန်မာနိုင်ငံ၏ ကားမူဝါဒထုတ်ပြန် ထားချက်အပေါ် လေ့လာထားသူ တစ်ဦးကလည်း ထောက်ပြခဲ့သည်။

ကားစီးရင် ရှုံးမှာပဲ . . .

မည်သည့် အခြေအနေ၌ ဖြစ်စေ ရှေ့ဆက် ကားဝယ်စီးလိုသူများ သတိပြုသင့်သည့် အချက်မှာ ကားစီးလျှင် ရှုံးမည်သာဖြစ်သည် ဆိုသော အချက်ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

“ကားစီးရင် ရှုံးမယ်။ ပြခန်း တွေလာရင် အခုထက်ပိုဆိုးမယ်။ အခုလည်း ကားဟောင်းလဲပေးတဲ့ကိစ္စ နဲ့ ကားဈေးတွေ ထက်ဝက်နီးပါး ထိုးဆင်းသွားတာ ခံစားနေကြရတာ ပဲ။ တစ်ချို့ဆို ကားတွေ လက်ထဲမှာ အများကြီးနဲ့ တန်ဖိုးကျဆင်းသွားလို့ စီးပွားနဲ့ ဘ၀ကိုတောင် ရိုက်ခတ်ခံနေရသူတွေ ရှိနေတာ လက်တွေ့ပါပဲ။ ဒီတော့ ကားဝယ်စီးရင် စီးပါ အခုဈေးတွေနဲ့ အဟောင်း ၀ယ်ပြီး အသစ်သွင်းရင်လည်း ရှုံးဦးမှာပဲ”ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။

“ကားတန်ဖိုးတွေသာ ကျပြီး ကားအတွက် ကုန်ကျမယ့် စရိတ်က ပိုလာမယ်လို့ သုံးသပ်ထားပါတယ်။ ယာဉ်ရပ်နားခတွေတိုးလာနိုင်တယ်၊ ကားပြင်ဆင်စရိတ်တွေ တိုးလာနိုင်တယ်။ ကားတွေ များလာမယ်ဆို ဘယ်မှာထားကြမလဲ။ မြို့ထဲမှာ ဘယ်နေရာမှာ ကားရပ်ကြမလဲ။ ဒီအတွက် ကားပါကင်တွေပေါ်လာလိမ့် မယ်။ ကားပါကင်တွေကလည်း ကားရပ်နားခ ဈေးမြင့်တောင်းလာမှာ ပဲ။ ကားဝယ်စီးမယ့်သူတွေ သတိပြုရမှာက ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ခွင့်ပြုမယ့် ကားမူဝါဒအရရော ကားနဲ့ လမ်း၊ ကားနဲ့ ကားပါကင် အခြေအနေအရရော အခုဈေးတွေနဲ့ ကားဝယ်စီးရင် ရှုံးမှာပါပဲ။ ကားတန် ဖိုးသာကျမယ် ကားအတွက် နောက်ဆက်တွဲ ကုန်ကျစရိတ်က တက်နေ မှာပဲ”ဟု ကားဈေးကွက်အပြင် ယာဉ်ရပ်နားမှုနှင့် မြို့ပြအပေါ် လေ့လာထားသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

http://www.weeklyeleven.com/

ရာဂျစ်ဂန္ဒီ လုပ်ကြံမှုတွင် ပါဝင်သူသုံးဦးကို ကြိုးပေးမည်

၁၉၉၁ခုနှစ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီအားလုပ်ကြံမှုတွင် ပတ်သက် နေသည့် တရားခံသုံးဦးကို ကြိုးပေးရန်စီရင်ချက်ချမည်ဟု တာဝန်ရှိသူများ ကပြောကြားခဲ့သည်။ ၄င်း တို့အား အကျဉ်းချထားရာ တမီလ်နာဒူးပြည် နယ်ထောင်၊မနက်အစောပိုင်းကြိုးပေးမည်ဟုဆိုသည်။

တမီလ်ကျားအသေခံဗုံးခွဲသူ များက ရာဂျစ်ဂန္ဒီအားလုပ်ကြံခဲ့မှုကြောင့် အိန္ဒီယတစ်နိုင်ငံ လုံးတုန်လှုပ်ခဲ့ရ သည်။ တရား ခံသုံးဦးသည် သီရိလင်္ကာရှိ တမီလ်ကျား သူပုန်စစ်သွေးကြွှ အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး လုပ်ကြံ မှုကိုပူးပေါင်းကျူးလွန်ခဲ့ကြသူများဖြစ်သည်။ မူဂန်နှင့် ဆန်သန်တို့သည် သီရိ လင်္ကာနိုင် ငံမှဖြစ်ပြီး ပီရာရီဗယ်လန်ကမူအိန္ဒိယနိုင်ငံသား တမီလ်လူမျိုးဖြစ်သည်။

၂၀၀၆ခုနှစ်တွင် တမီလ်ကျားသူပုန်အဖွဲ့ ကလုပ်ကြံမှုအတွက် နောင်တရကြောင်း ထုတ်ဖော်ခဲ့သည်။ အ ထက်တရားရုံးက ၁၉၉၉ခုနှစ်တွင် ၄င်းတို့သုံးဦးအား သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် မူ絣ဂန်၏ဇနီးတမီလ်အမျိုးသမီးနာလီနီဆီရီဟာရမ်အား တစ်သက်တစ်ကျွန်း ဒဏ်သို့ပြောင်းလဲချမှတ်ခဲ့သည်။ တရားခံသုံးဦးက ၄င်းတို့ကိုယ်တိုင် ကျူးလွန် ကြောင်း (၂၇)ရက်နေ့က ဖြောင့်ချက်ပေးခဲ့သဖြင့်ကြိုးမိန့်ပေးခဲ့ရခြင်းဖြစ်သည်။

ပီရာရီဗယ်လန် ၏မိခင်ကမူ ၄င်း၏သားသည် စွဲချက်များအားငြင်းပယ်ခဲ့ပြီး၊ ယခုဆုံးဖြတ်ချက်သည် အတင်းအကျပ် ၀န်ခံခိုင်းသောကြောင့် ထွက်ပေါ်လာရသည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ၊သေဒဏ်ပေး ခြင်းမှာမရှိသလောက်ဖြစ်ပြီး၊ နောက်ဆုံးစီရင်ခံခဲ့သည့်အမှုမှာ (၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦးအား အဓမ္မပြုသတ်ဖြတ်မှုကြောင့် (၄၁)နှစ် အရွယ်လုံခြုံရေးတစ်ဦး အား (၂၀၀၄)ခုနှစ်တွင်ကြိုးပေးခဲ့ခြင်းဖြစ်သည်။

https://linyonemagazine.wordpress.com/

Friday, September 23, 2011

ဒီလိုဆို “ မြစ်ဆုံ စီမံကိန်း” ကို ကန့်ကွက်တယ်ကွာ

ဧရာဝတီကို ချစ်သူများအတွက်

by Htar Wara on Tuesday, September 13, 2011 at 3:21pm
မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းကမီဒီယာများ၏ မေးမြန်းမှုအပေါ်
ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။  စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


"အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။  ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်"ဟု ၎င်းက ပြောကြားခဲ့ပါသည်။


"ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။  သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။  Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို"ဟု ၎င်းက ပြောကြားခဲ့ပါသည်။


"ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ Reservoir ဆိုတာ ဖြစ်သွားပါတယ်။ Reservoir ဖြစ်သွားလို့ရှိရင် Reservoir အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့  မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။  အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။  မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀  ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။


"မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ  မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။  တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက်  ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။  ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
          

"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။  ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ  ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း  BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက  trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret  ဖြစ်တယ်။  ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။                                                      


လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့်  ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။  ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။  ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊  ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။
  

  မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့်အမြင်များ



ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ်က နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ၀န်ကြီး ဖြေရှင်းသင့်တယ်။  မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။ အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)


"စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။  အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။"

ဆရာမောင်ဝံသ


ဒီဟောပြောပွဲဟာ 'Save the Irrawaddy'ဟောပြောပွဲဖြစ်တဲ့အတွက် ဧရာဝတီအကြောင်း ပြောရမယ် ။ ကျွန်တော့်ရှေ့လူတွေက ပွင့်ပွင့်လင်းလင်းပြောသွားတယ် ။ ကျွန်တော်ကတော့ အသက်ကြီးတော့ကြောက်တတ်တယ် ။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ် ။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ် ။ အခု လူပရိသတ်ထဲကို ချပြတဲ့အဆင့်အထိ ကျွန်တော်တို့ ပြောရေးဆိုခွင့်ရလာပြီ ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ၊ ကန့်ကွက်ပိုင်ခွင့် စသည်ဖြင့် ဒါကိုကျွန်တော်တို့ လက်ကိုင်ထားပြီး စိတ်သဘောချင်း ကိုက်ညီတဲ့ မိတ်ဆွေတွေ ၊ ပညာရှင်တွေ ၊ ပြည်သူပြည်သားတွေ တတ်စွမ်းသမျှ နောက်ဆုံးရည်မှန်းချက်အောင်တဲ့အထိ ဆက်လက်ပြီးတော့ လုပ်သွားဖို့လည်းပြောချင်ပါတယ် ။ ဒီနေ့ နောက်ထပ် ပြဿနာတစ်ရပ်တွေ့ပြန်ပြီ ။ ဒါကတော့ ဧရာဝတီ ။ မြစ်ကိုရေကာတာဆောက်မယ် ။ ရေအားလျှပ်စစ်တွေ ထုတ်လုပ်ဖို့ ၊ ဖွံ့ဖြိုးတိုးတက်ဖို့ ၀င်ငွေရဖို့လုပ်မယ် ။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲဆိုတာ ကျွန်တော်ပြောပြချင်ပါတယ် ။ တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံကို တွေ့သွားတာပါ ။ လွန်ခဲ့တဲ့ ရှစ်လက ဧရာဝတီမြစ်ဆုံကို ကျွန်တော် ပထမဆုံးရောက်ဖူးပါတယ် ။ ကျွန်တော်ကြားဖူးသလို ရေက မကြည်တော့ပါဘူး ။ တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ ။ ကမ္ဘာ့အံ့သြဖွယ်ယဉ်ကျေးမှုတည်ဆောက်ခဲ့တဲ့ မြစ်ဖြစ်ပါတယ် ။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ခုကနေ ၁၁ခုဖြစ်လာနိုင်ပါတယ် ။ အဲဒီတစ်ခုကတော့ ဧရာဝတီမြစ်ပါ ။
                                                                 
  ဒေါက်တာထွန်းလွင်


ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။

ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)


"ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"

လူထုစိန်ဝင်း


"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။ (၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်"

ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)


"ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့ ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့ အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး။

ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)


ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။ လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင် လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အ

 (မူရင်းမှာလည်း သည်အထိပဲတွေ့ပါသည်)

 

ဧရာဝတီကို ကာကွယ်ကြပါစို့

by Htar Wara on Wednesday, September 14, 2011 at 10:06am

မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး သတင်းတွေ၊ ဆောင်းပါးတွေကို နေ့စဉ်နဲ့အမျှ ဖတ်နေတွေ့နေရပါသည်။

ဖတ်ခဲ့ရသည့် သတင်းတွေအရ ဒီရေကာတာတွေအတွက် တရုတ်ရဲ့  ရင်းနှီးမြှုပ်နှံမှုဟာ မနည်းပါ။
အဲဒီ့အတွက်ကြောင့် တရုတ်ဘက်ကလည်း လက်ရှိအနေအထားအထိ ကုန်ကျခဲ့တဲ့ သူတို့ ရဲ့  အရင်းအနှီးတွေ မဆုံးရှုံးစေရေးအတွက် ဒီစီမံကိန်းကို တော်ရုံနဲ့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။
တိုက်ပွဲတွေဖြစ်နေတဲ့ ကြားထဲကကို အလျော့မပေးဘဲ ဆက်လက်ပြီးတော့ ဆောက်လုပ်နေဆဲပါ။
တရုတ်က သူတို့ရဲ့  ငွေအရင်းအနှီး ကိုတောင် မဆုံးရှုံးအောင် ကြိုးစားနေကြပါတယ်။
မြန်မာတွေ ဘက်ကရော ?



ပထမဆုံး ဆောက်လုပ်ရေးအတွက် မြေနေရာတွေရှင်းလို့ မြန်မာ့တောတွေ ဆုံးရှုံးနေပြီ ( ရှင်းလိုက်တဲ့သစ်တွေ ဘယ်ရောက်သွားပြီလဲ )
တောတွေမရှိတော့ တောထဲနေရတဲ့ ရှားပါးတိရိစ္ဆာန်တွေကိုလည်း ဆုံးရှုံးနေပါပြီ ( ဒေသခံတွေ သွားလာခွင့် မရတော့တဲ့ နေရာတွေက ရှားပါးတိရိစ္ဆာန်တွေရဲ့  အရေ၊ အရိုး ၊ အဆွယ် တွေ ဘယ်ရောက်ကုန်မှာလဲ )
ဥတုရာသီတောကိုမှီ၏ ဆိုတဲ့အတိုင်း တောပြုန်းတဲ့ ဒေသ ရာသီဥတု ဆုံးရှုံးဖို့ သေချာနေပါပြီ ။

ဒေသခံတွေ သောင်းချီ ရွှေ့ ပြောင်းရလို့ နေရာအရပ်တွေ ဆုံးရှုံးနေပါပြီ ။
ထို့ထက်ပို၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဆုံးရှုံးစေမည်။ ( စီမံကိန်းမှာ ပြည်တွင်းအလုပ်သမားနဲ့ တရုတ်အလုပ်သမား အရေအတွက် ဘယ်ဟာပိုများနိုင်ပါသလဲ၊ လောလောဆယ်တော့ ဒေသခံတွေရဲ့  နေရပ်တွေမှာ တရုတ်အလုပ်သမားအဆောက်အဦးတွေ အစားထိုးနေပါပြီ )



အဆိုးဆုံးကတော့ မြစ်ဆုံဒေသ ဆုံးရှုံးတာပါ။
မြစ်ဆုံဒေသဟာ ကချင်လူမျိုးတို့၏ နှလုံးသည်ပွတ်ပမာ တန်ဖိုးထားရာနေရာဖြစ်ရုံမက မြန်မာအမျိုးသားတို့၏ ၊ မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝအလှတရား။


မေခ၊ မလိခ မြစ်ဆုံနေရာဟာ တန်ဖိုးထား ထိန်းသိမ်း စီမံတတ်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေပေးရာ ဒေသ ဖြစ်လာမှာ မလွဲပါ။( တရုတ်လက်ထဲ ရောင်းစားသည့်နည်းလမ်းကို မဆိုလိုပါ )

မြစ်ရေနည်းခန်းခြောက်ခြင်းဟာ ရေကာတာတွေကြောင့်ချည့်ပဲ မဟုတ်ဟု အချို့ က ပြောကြသည်။
သို့သော်ခန်းခြောက်ပျက်စီး သွားသော မြစ်ဝါ၊ ယန်စီ ၊ Pearl ၊ Huai ၊ Songhua Hai နှင့် Liao မြစ်တိုင်းမှာတော့ ရေကာတာစီမံကိန်းတွေရှိကြသည်။ ( တိုက်ဆိုင်မှုဆိုလျှင် ဤအရေအတွက်မျှ တိုက်ဆိုင်ပါ့မလား )


ထိုမြစ်ကြီးများနည်းတူ မြန်မာပြည်၏ ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးရန်မှာ ဖြစ်နိုင်ချေများလွန်းသည်။
ဧရာဝတီမြစ်ကြီးနှင့်အတူ ဆုံးရှုံးရမှာတွေက များလွန်းလှသည်။
မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကြီး မဆုံးရှုံးစေပဲ မြန်မာပြည်ကြီး လျှပ်စစ်မီးဖြင့် လင်းထိန်နိုင်သော အခြားနည်းလမ်းများလည်းရှိပါသေးသည်။

တရုတ်ဘက်က ငွေအရင်းအနှီးတစ်ခုတည်း ဆုံးရှုံးမှာကို ကြောက်လန့်တကြား ကာကွယ်နေကြစဉ်မှာ၊
မြန်မာဘက်က မြောက်မြားလှစွာသော ဆုံးရှုံးမှုများဖြစ်နေ/ဖြစ်နိုင် သည်ကို ကိုယ်နှင့်မဆိုင်သလို လက်ပိုက်ကြည့်နေမည်ဆိုလျှင် အလွန်ရှက်ဖွယ်ကောင်းလှသည်။


တရုတ်သမ္မတ ဟူဂျင်တောင်း ထံသို့ မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်ကြောင်းကို အောက်ပါ link တွင် လက်မှတ်ရေးထိုး၍ ပေးပို့နိုင်ပါသည်။
http://www.thepetitionsite.com/1/save-river-irrawaddy/


မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကို ကာကွယ်ခြင်းသည် ပါတီနိုင်ငံရေးမဟုတ်။
အမျိုးသားအရေး၊နိုင်ငံ့အရေးသာ ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံသို့ ဧရာဝတီမြစ်ကြီး မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ အသက်အိုးအိမ် မပျက်စီး၊ မဆုံးရှုံးစေရေးအတွက် မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံလွှာတွင် သင်လည်းလက်မှတ်ရေးထိုးခြင်းဖြင့် ပါဝင်လိမ့်မည်ဟု ယုံကြည်ပါသည်။

Source:http://mandalaygazette.com/67218/society-lifestyle/

 

Wednesday, September 21, 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များ အပါအ၀င် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေးလိုက်ပြီဟု အတည်ပြုပြောကြား

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များ အပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ်က အတည်ပြု ပြောကြားခဲ့သည်။

“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက် တွေ၊ ဘလော့ဂ်တွေအကုန်လုံးကို ဖွင့်ပေးလိုက်ပါပြီ။ အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ၀က်ဘ်ဆိုက်များ ကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက်မြန်နှုန်းမှာ နှေးကွေးလေးလံလျက် ရှိရာ အဆိုပါအခက်အခဲကို ဖြေရှင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။

“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်းတစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက်စပေးတဲ့ နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လို အကြောင်းတွေကြောင့် နှေးရတာလဲဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် များမှာ ပိတ်ပင်ထားခြင်း မရှိတော့ဘဲ ကြည့်ရှုခွင့်ရနေကြောင်း သိရသည်။

“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။

“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာ ကြာပါပြီ။ အင်တာနက် သုံးတဲ့အခါ အရွယ်မရောက်သေးသူတွေ၊ မရင့်ကျက်သေးသူတွေ အနေနဲ့ သတိထား သုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်က ခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှုတွေကိုလည်း တရားဝင် ခွင့်ပြုသင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်း ၀န်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကိုလူတွေ သုံးဖို့အတွက် တခြားဝန်ဆောင်မှုကို ပိတ်ပစ်တယ် ဆိုတာမျိုးကတော့ မလုပ်သင့်ပါဘူး”ဟုဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။

ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ် ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော် ၏ အကျိုးစီးပွားကိုပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန်သင့်တော်မှု မရှိသည့် ညစ်ညမ်း ၀က်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များအားလုံးကို ကြည့်ရှုခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

http://www.weeklyeleven.com/

Tuesday, September 20, 2011

မြန်မာ နယ်စပ်အနီးမှ ဘင်္ဂလီ တစ်ဦး အသက် ၂၇ နှစ်တွင် မယား ၅၃ ယောက်ယူ


မြန်မာနယ်စပ် အနီး ဘင်္ဂလာဒေခ်ျ့ ကော့ဘဇားခရိုင်မှ ဘင်္ဂလီ အမျိုးသား တစ်ဦးသည် အသက် ၂၇ နှစ်အရွယ်တွင် မယား ၅၃ ယောက်ကို လက်ထပ်ပြီးပြီ ဖြစ်ကြောင်း ဘင်္ဂလီ သတင်းစာ တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ဖေါ်ပြထားသည်။

The daily himchari news နေ့စဉ်ထုတ် သတင်းစာ တွင် အဆိုပါ သတင်းကို စက်တင်္ဘာလ ၁၈ ရက်နေ့က ဖေါ်ပြသည်။

အဆိုပါ ဘင်္ဂလီ အမျိုးသားမှာ မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ် တည်ရှိသော အူခီးယာမြို့နယ် ကိုဘောနီယာ ကျေးရွာတွင် နေထိုင်သူ အာလီအာဟာ မောက်ဒ်၏ သား ဘာဘူမီယာ (အသက် ၂၇ နှစ်) ဖြစ်သည်။

သူက ဒေသ သတင်းထောက်များသို့ ယခုလို ပြောကြားသည်။

"ကျွန်တော့်အသက်တော့ ၂၇ နှစ်ဖြစ်ပါတယ်။ ဇနီမယား အဖြစ်တော့ ၅၃ ယောက် တရားဝင် လက်ထပ်ပြီး ပါပြီ။ နောက်ထပ် ဆက်ယူအုံးမှာပါ။ ဇနီးမယား ၁၀၀ အထိ ယူဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောသည်။

သူသည် အိမ်ထောင်ဘက်များသော်လည်း သားသမီးများမှာ မွေးပြီး သေဆုံးသွားသဖြင့် လက်ရှိ အချိန်တွင် သားသမီး ၂ ဦးသာ ရှိသေးသည်ဟု သိရသည်။ တဦးမှာ သမီးငယ် ဖြစ်ပြီး ကျန်တစ်ဦးမှာ သားဖြစ်ကြောင်း သိရသည်။

သူ အိမ်ထောင်ပြုသော အမျိုးသမီးများမှာ အသက် ၁၇ ကနေ ၂၅ အရွယ်များ ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖေါ်ပြသည်။

၂၀၁၁-ခုနှစ် စက်တာဘာလ ၁၇ ရက်နေ့ အထိ အဆိုပါ ပုဂ္ဂိုလ်သည် ဇနီးမယား ၅၃ ယောက်ထိ လက်ထပ် ပြီးပြီ ဖြစ်သဖြင့် ကမ္ဘာ့တွင် ဇနီးအများဆုံး အိမ်ထောင်ပြုသူဟု ဂရင်းနစ် မှတ်တမ်းတွင် စာရင်း ၀င်လာနိုင်သည်ဟု အဆိုပါ သတင်းစာက ဖေါ်ပြသည်။

သူနှင့် အိမ်ထောင်ပြုခဲ့သူများမှာ တရားဝင် လက်ထပ်ခဲ့သူများ ဖြစ်ပြီး အဆိုပါ အမျိုးသမီး ၅၃ ဦး၏ အမည်ကို သတင်းစာတွင် နာမည်များနှင့် တကွ ပုံနှိပ် ဖေါ်ပြထားသည်။ အဆိုပါ သူ၏ ဇနီးမယားများမှာ လက်ရှိ အချိန်တွင် သူနှင့် တရားဝင် ပေါင်းသင်းနေထိုင်ခြင်း မရှိဘဲ အနည်းစုသာ နေထိုင်နေကြောင်း သိရသည်။

http://www.narinjara.com/

Monday, September 19, 2011

ဆရာမျိုးဟန်ကို - 2011, September လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/RaeVpeYI*6GlaLHo7AY11sCawiXIS9PAU9XIAl*sh2BMyLhVIePSO-Ty4KrP7Me9DH8m1wHHjsHgaHOn1901RoZZW9uSz0Ry/september.gif

ဆရာမျိုးဟန်ကို - 2011, September လ အတွက် ဗေဒင် ဟောစတမ်း ...

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ အလုပ်ကိစ္စများ အတွက် ကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အထက်လူကြီးမှ အကူအညီရမည်။ အဆင်ပြေလာမည်။

ငွေကြေး ကံကောင်းလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ သူတစ်ပါးအတွက် ရုတ်တစ်ရက် ငွေကုန်ကျနေမည်။ သူငယ်ချင်း နှင့် အဆက်အသွယ်ပြတ်နေမည်။ စက်ပစ္စည်းပျက်မည် အသစ်ဝင်မည်။ လူလိမ်ခံရကိန်း ရှိပါသည်။ ဂရုစိုက်ပါ။

ပညာရေး ကြိုးစားနေရသော အချိန်ကာလလေးပါ။ သင်တန်းကိစ္စများ အဆင်ပြေလာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်မပြေပဲ ဖြစ်နေမည်။ စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေပြီး စကားများနေရမည်။ အိမ်ထောင်ရေးမှာ သာယာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေး ခါးနာ ဒူးနာ ဖြစ်မည်။ ချောင်းဆိုးမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကလေးတစ်ယောက်အား မုန့်ဝယ်ကျွေးရင်း လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 2 1 5 2

Justify Full၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ ထပ်မံတိုးချဲ့ရမည်။ အလုပ်အသစ်တွေ လုပ်ဆောင်ရမည်။ ယခုလအတွင်း ဘာပဲလုပ်လုပ် တိုးလိုး တန်းလန်း ဖြစ်နေမည်။ သေချာစီစဉ်ထားသော ကိစ္စများ လွဲနေမည်။

ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ ငွေဝင်သော်လည်း အဖတ်မတင်သေးပါ။ ရသမျှ ကုန်ကျမှု များနေမည်။ သူတစ်ပါး ကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။

ယခုလအတွင်း စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ မိမိ မိသားစု အတွင်း စိတ်နေသဘောထား ကွဲလွဲနေမည်။ ခရီးယာယီသွားရမည်။ မိတ်ဆွေသစ် သူငယ်ချင်း အသစ် ရရှိမည်။

ပညာရေး ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ အကူအညီပေးသူ ပေါ်မည်။

ယခုလတွင်း အချစ်ရေးကိစ္စများ ကံကောင်းလာမည်။ ချစ်သူနှင့် အဆင်ပြေလာမည်။ အိမ်ထောင်ရေးကိစ္စများ မတည့်အတူနေ ဆိုသလို ပါပဲ စကားများ နေရသော အချိန်လေးဖြစ်ပါသည်။

ယခုလ အတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။ အိပ်ရေးပျက်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက်တွင် ဌက်စာကျွေးပြီး လိုရာဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 8 2 0 3

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း ကံကောင်းလာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ စနေနံ ပစ္စည်းများဝင်လာမည်။
အဝတ်အထည် အသစ်ဝင်မည်။ အထက်လူကြီးများနှင့် စကားပြောဆို အဆင်မပြေပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ရုတ်တစ်ရက် ငွေဝင်ကိန်း ရှိပါသည်။ မိမိ မိသားစု အတွင်း
လူဝင်မည်။ အိမ်အနီးတွင် နာရေးကိစ္စများ ဖြစ်ပေါ်မည်။ ဘာသာရေး ကိစ္စများ ပြုလုပ်ရမည်။ သူငယ်ချင်းများ နှင့်
စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။

ပညာရေး ရည်ရွှယ်ချက် အသစ်ပေါ်မည်။ ကြိုးစားနေရမည့် အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေးမှာ ဝေးနေရသော အချိန် ၊ နေ့ရက်လေးတွေကို ဖြတ်သန်းနေရမည် ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများမှာ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် အင်္ဂါသားသမီး တစ်ဦးဦးအား သရက်သီး ၃ လုံး လက်ဆောင်ပေးရင်း လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 0 6 0 4

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်လည်ပတ်နေသော နေမည်။ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရမည်။ မိမိထင်လောက် အကျိုး မရှိပါ။ အလုပ်အတွင်း စိတ်ညစ်မှု အနည်းငယ် ရှိနေသော်လည်း အဆင်ပြေပါသည်။ လူမျိုးကွဲများ နှင့် စကားပြောဆိုမှု ဂရုစိုက်ပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ ထင်လောက် အဆင်မပြေသေးပါ။ ရသလောက် ကုန်နေမည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ မိမိ မိသားစု အတွင်း လုပ်ငန်း အဆင်ပြေလာမည်။ လူမှုရေးကိစ္စများ ကူညီဖြေရှင်းပေးနေရမည်။ စက်ပစ္စည်း ဝင်မည်။ ထီ ကံစမ်းပါ။

ဆရာကောင်း နှင့် တွေ့ဆုံရမည်။ ပညာရေး အောင်မြင်လာမည်ဆက်လက် ကြိုးစားပါ။

အချစ်ရေးမှာ ပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နေရမည်။ ချစ်သူ အသစ်တွေ့မည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပါမည်။ စကားများနေရသော်လည်း အနည်းငယ်သာ ဖြစ်မည်။

ယခုလ ကျန်းမာရေးမှာ ချောင်းဆိုးခြင်း ၊ အအေးမိခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် နေအိမ်တွင် သန့်ရှင်းရေး ပြုလုပ်ရင်း ကံကောင်းစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 4 6 5

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ အဆင်ပြေလာမည်။ အကူညီပေးသူ ပေါ်လာမည်။ စိတ်ညစ်မှု များနေသော်လည်း အဆင်ပြေလာမည်။ အလုပ်တွင် ရန်အတိုက်အခံ ရှိနေပါသည်။ ဂရုစိုက်ပါ။ အထက်လူကြီးမှ အကြံညဏ်ပေးလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ မစုမိသလို အဖတ်မတင်သေးပါ။ သူတစ်ပါး အတွက် ငွေကုန်ကျမှုများနေမည်။ အင်္ဂါနံ စနေနံ ပစ္စည်းများ ဝင်လာမည်။ မိမိ မိသားစုအတွင်း အလှူအတန်းကိစ္စများ ပေါ်မည်။

ယခုလအတွင်း ပညာရေး ကိစ္စများ အဆင်မပြေသေးပါ။ ကြီုးစားနေရသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေလာမည်။ ချစ်သူနဲ့ ပျော်ရွှင်နေရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ခရီးထွက်ရမည်။

ဒီလအတွင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် ပန်းသီး ၃ လုံးကို အသက်ကြီးသူ တစ်ဦးအား လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 7 2 6 5

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရမည်။ စီးပွားရေး လုပ်ငန်းများ တိုးတက်လာမည်။ လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောဆိုမှု အဆင်မပြေပါ။

ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ ငွေဝင်နေမည်။ အဆင်ပြေအောင် လုပ်ဆောင်လိုက်ပါ။ မိမိ မိသားစု အတွင်း စက်ပစ္စည်းများ ဝင်လာမည်။ နေအိမ် ပြုပြင်ရမည်။ သူငယ်ချင်းအသစ် ရရှိမည်။ ခရီးကိစ္စများ အဆင်ပြေပါသည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်ပြေနေသလို ကြိုးစားနေရမည်။ ပညာရေး ဆက်လက် ကံကောင်းနေမည်။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ ဝေးနေရသော်လည်း ချစ်သူဆီမှ ဆက်သွယ်မှု ရရှိလာမည်။ အဆင်ပြေလာမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ စိတ်ညစ်နေသော်လည်း အဆင်ပြေပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ သွေးအားနည်းမည် အိပ်ရေးပျက်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် မိမိ သူငယ်ချင်း တစ်ဦးဦးအား လက်ကိုင်ပဝါ အစိမ်းရောင်တစ်ထည် လက်ဆောင်ပေးရင်း ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 3 2 2

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အနည်းငယ် လွဲချော်နေမည်။ သူတစ်ပါး ကိစ္စများအတွက် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်မပြေပါ။ အကူညီပေးသူ ပေါ်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ဝင်ငွေ များသလို ထွက်ငွေလည်း အဆင်ပြေနေမည်။ ရသလောက် ကုန်ကျမှုများ ရှိနေပါသည်။ မိမိ သုံးနေသော စက်ပစ္စည်းများ ပျက်မည်။ စက်စ္စည်း ဝင်ကိန်း ရှိသည်။ ခရီးယာယီများ မကြာခဏ ထွက်ရမည်။ မိသားစု ညီအစ်ကိုမောင်နှမ ကိစ္စများ အတွက်နဲ့ စိတ်ညစ်ရ စကားများရ ဖြစ်နေမည်။ သားသမီးများ ကျန်းမာရေးညံ့မည်။

ယခုလအတွင်း ပညာရေး ကံကောင်းလာမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေးဖြစ်ပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေသော အချိန်လေးပါ။ ယခုလ အိမ်ထောင်ရေး ကိစ္စများ စကားများ ရန်ဖြစ်နေမည်။ အခုလအတွင်း ကျန်းမာရေး အကြောတက်ခြင်း ၊ ခါးနာခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် မိတ်ဆွေ တစ်ဦးအား သကြားလုံး ၁၃ လုံး လှူ၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 0 5 9 6


2011, September လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

http://api.ning.com/files/DGSimkDZeXb-Y-ywPOUavqE5XhweeekpCbK9RRF*zUWDCdPYcF8TJKXmMMfYN2E8yMeKPuuNNSBbZwneC98gsWy7nmkTl4Wb/september2.gif

September လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/

Sunday, September 18, 2011

မလေးရှားနိုင်ငံ အတွင်း ဆရာတော် ဦးသုမင်္ဂလ ၏ တရားပွဲ အစီအစဉ်များ



မင်္ဂလာတိုက် ဒယ်အိုးဆရာတော်

ဆရာတော် ဦးသုမင်္ဂလ ၏

ဒုတိယ အကြိမ်မြောက် ဓမ္မဒါန တရားပွဲ

ကိုမြစိုး - မခင်မေကျော်
( ရွှေကမ္ဘာ စတိုး နှင့် စားသောက်ဆိုင် )

ကိုစည်သူ - မနန္နာ

Star Treader Employment Agency

တို့မှ ကြီးမှူး ကျင်းပသည့်

မလေးရှားနိုင်ငံ အတွင်း တရားပွဲ အစီအစဉ်များ

၂၁.၉.၂၀၁၁ ည (၇) နာရီမှ (၁၀) ဂျိုဟိုး Dewan TamanSri Tebru Hall ရွှေကမ္ဘာ အနောက်ဖက် EON Bank မျက်စောင်းထိုး - ဆက်သွယ်ရန် - ကိုကျော်မင်း ၊ ရွှေကမ္ဘာ (၂) ၀၇-၃၃၅၉ ၄၂၄ - ၀၁၂ - ၂၄၆၈ ၅၉၃ ကိုရာဇာဝင်း - ရွှေကမ္ဘာ (၃) ၀၇-၅၉၈၇ ၄၆၉ - ၀၁၂ ၉၃၅၈ ၃၄၂

၂၂.၉.၂၀၁၁ ည (၇) နာရီမှ (၁၀) နာရီ ( ကွမ်တန်း) Persatuan eng choon Kuantan NO 1/68 Jalan Bukit Ubi /25200 Kuantan - ဆက်သွယ်ရန် - ကိုသက် (ကြယ်သုံးစင်း စတိုး) ၀၁၆-၉၄၀၉ ၀၄၆ - မဥမ္မာ ၀၁၇-၉၃၂၈ ၃၂၅

၂၃ ၉ ၂၀၁၁ ည (၇) နာရီမှ (၁၀) နာ၇ီ(အီပို့) နယူးဝေါလ်ကုန်တိုက် (ပ)ထပ် The Store ကုန်တိုက်ရှေ့ (အောင်မန္တလာစတိုး) အပေါ်- ဆက်သွယ်ရန် - ကိုနေမျိုး (၀၁၂ ၄၆၄၇ ၈၇၅) ယုယုကျော် (၀၁၇ ၅၇၄၀ ၇၅၇) ကိုကျော်ကျော်(၀၁၆ ၅၄၉၀ ၄၇၇)

၂၄ ၉ ၂၀၁၁ ည (၇) နာရီမှ (၁၀) နာ၇ီ (ပီနန်း) ဓမ္မိကာရာဘုန်းကြီးကျောင်း- ဆက်သွယ်ရန် - ကိုမြကြီး (နာရေးကူညီမှုအသင်း) ၀၁၀ ၅၀၀၀၀ ၆၅ ကိုမျိုးခင် (၀၁၂ ၅၆၆ ၉၂၇)

၂၅ ၉ ၂၀၁၁ နေ့လည်(၃)နာရီမှ ညနေ (၆)နာ၇ီ(ကွာလာလမ်ပူ) တရုတ်တန်းအပေါ်ဖက် (ယခင်စတိတ်ရှိုးပွဲများ ကျင်းပရာ) Chin Woo ခန်းမ

ဆက်သွယ်ရန် - (ရွှေကမ္ဘာစတိုး-၁)၀၃-၂၀၈၇ ၂၃၇၉ ၊ မနန္နာ ၀၁၆-၆၇၇၀ ၃၇၀ မခင်မေကျော် - ၀၁၂-၆၅၉၈ ၉၆၉

အထက်ဖော်ပြပါ ဖုန်းနံပတ်များတရားပွဲ ကျင်းပရာ နေရာအလိုက် တရားပွဲအစီအစဉ်များ နှင့် ပက်သက်ပြီး အသေးစိပ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Wednesday, September 14, 2011

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လာရောက်သူများ အား အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်း လွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တစ်ရပ်အရသိရှိ ရပါသည်။

ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြု လိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေ ဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊ မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများသည် ဗီဇာမ လိုအပ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်း ရက် ၃၀ ကြာနေထိုင်ခွင့်ရှိသည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံသည်အာဆီယံ အဖွဲ့အစည်း၏ဥက္ကဋ္ဌအဖြစ်ယခုနှစ်တွင် ဆောင်ရွက်နေပြီး အာဆီယံအဖွဲ့အစည်း ကနှစ်စဉ်ကျင်းပလေ့ရှိသော ထိပ်သီး ဆွေးနွေးပွဲနှင့် အစည်းအဝေးများကို လည်း လက်ခံကျင်းပလျက် ရှိသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် လက်ခံကျင်းပ ရသော အစည်းအဝေးများ၊ ဆွေးနွေး ပွဲများ၊ ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့် အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည် ဟု အင်ဒိုနီးရှားနိုင်ငံ Antara News က ထုတ်ပြန်ထားသည်။

(၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌ ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလ အတွင်းတွင်ပင် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်းစ်)ကိုလည်း ကျင်းပမည် ဖြစ်ရာ ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများ ရောက်ရှိမှု ပိုမိုလာနိုင်သည် ဟု သိရှိရသည်။

အာဆီယံအတွင်းရေးမှူးချုပ် ရုံးတည်ရှိသည့်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက ရှိနေသည်။

၂၀၁၁ ခုနှစ် မတ်လအတွင်း အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီး သွားဦးရေ ၂၁၀၀၀၀ ကျော် အင်ဒို နီးရှားနိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင် ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နိုင်ငံတို့ အဓိက ပါဝင်ခဲ့သည်ဟု သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် ခရီးသွားများပြားသော အနေအထားဖြင့် ရပ်တည်နေပြီး ဘာလီကျွန်းမှာလည်း အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင် လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့် ရရှိထားသည်။

http://www.weeklyeleven.com/

Monday, September 12, 2011

သူသေကောင်နဲ့ သရဏဂုံ…

တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့ အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု သိလိုက်ရပါတယ်။ ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက တစ်ဆင့် တင်လို့ရသလားတဲ့။ “သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့ ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီး အသိတစ်ခု ရစေဖို့ သူသေကောင်နဲ့ သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။

ဟုတ်တယ်။ ဗုဒ္ဓဘာသာတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတကာ အလွဲတွေထဲမှာ ဒီသေသူကို သရဏဂုံ တင်ရမယ်ဆိုတဲ့ အလွဲကလည်း ဖျောက်ဖို့ခက်တဲ့ အလွဲတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ သရဏဂုံဆိုတာ တင်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။ ဆောက်တည်မှ ရတဲ့အရာဖြစ်ပါတယ်။ ဆောက်တည်မှ ရတဲ့အရာဆိုရင် အသက်ရှိမှ ဆောက်တည်လို့ ရမှာဖြစ်လို့ သရဏဂုံတည်အောင် လုပ်နိုင်တာလည်း အသက်ရှင်နေတဲ့သူပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဆို သေတဲ့သူအတွက် သရဏဂုံဟာ တင်ပေးလို့လည်း မရသလို တည်အောင်ဆောက်လို့လည်း မရဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကိုပဲ ဗုဒ္ဓဘာသာတွေက လူသေရင် သရဏဂုံ တင်ရတယ်ဆိုတာကြီးက စွဲနေကြတော့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကို ပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲ ဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို ကိုးကွယ်ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းပါတယ်။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက သေသွားရင် သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင် အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့ အတွက် သေသူကို သရဏဂုံ တင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊ သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀ တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရ ဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ် ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်း ကျပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီး အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။ သေသွားတဲ့သူက သာဓုခေါ်နိုင်လို့ ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အရိုးစွဲနေတဲ့ အယူအဆ တစ်ခုဖြစ်တဲ့ သေသူကို သရဏဂုံ တင်တယ်ဆိုတဲ့ အစဉ်အလာ အယူအဆဟာ ဗုဒ္ဓဘာသာ အလိုအရ လွဲမှားနေပြီး လုပ်ပေးလို့ မရတဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်နားလည်ကာ နောက်နောင် ဘယ်သူပဲသေသေ သေသူကို သရဏဂုံတင်တာတွေ လုပ်စရာမလိုဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးတာတွေပဲ လုပ်သင့်တယ်ဆိုတာ သတိပြုနိုင်ကြစေဖို့ လွဲနေတဲ့ အလွဲတစ်ခုအဖြစ် သူသေကောင်နဲ့ သရဏဂုံအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 2:15 PM

Saturday, September 10, 2011

အိုဗာစတေးသမားများအတွက် ပက်စ်ပို့ (Passport) ဈေးနှုန်းနှင့်လျှောက်ထားရန်

မင်္ဂလာပါ

ကျွန်တော်တာ ၀န်ယူတင်ဆက်နေတဲ့ မလေးရှားရောက် အိုဗာစတေး သမားများအတွက် 6P စီမံချက် သတင်းများကို ကျွန်တော်ဆက်တိုက်တင်ပေးနေခဲ့ပါတယ် ။ ယခု ဆက်လက်ပြီး ထူးခြားသတင်း အနေနဲ့ 6P စီမံချက်ရဲ့ ဒုတိယအဆင့် နဲ့ တတိယအဆင့်ဖြစ်တဲ့ Legalization & Amnesty - မြန်မာလို ပါမစ်ပြန်လည် ချထားပေးခြင်းနှင့် ပြန်ပို့ရန် ဆုံးဖြတ်ခြင်း အဆင့် 2 ဆင့်ကို လာမယ့် 15.9.2011 မှာစတင်မှာဖြစ်ကြောင်းသိရပါတယ် ။

ပါမစ်လျှောက်ထားသူများအားလုံး အထူးသတိပြုရန်မှာ မိမိတို့ ယာယီပါမစ်ပေါ်ရှိ နာမည် ၊ မွေးနေ့ ၊ Passport နံ့ပတ် အစရှိတဲ့ အလုပ်သမားကိုယ်ရေးအချက် (Bio Data) များမှားယွင်းခြင်းသူဌေးပြောင်းလဲခြင်းပါမစ် Sector များပြောင်းလဲခြင်းကို ထိုနေ့မတိုင်မီ အမြန်ဆောင်ရွက်ထားရန် အလွန်အရေးကြီးပါတယ် ထိုသို့ပြောင်းလဲရန် အတွက် မလေးရှား လူဝင်မှု့ကြီးကြပ်ရေးမှ ပြောင်းလဲရမည့် ပုံစံ ( Form ) များကို ထုတ်ပေးထားပြီဖြစ်ပါတယ် ။ မိမိတို့လက်ဗွေ နှိပ်ထားသော အေးဂျင်းများ ၊ ကုမဏီများ နှင့် လူဝင်မှု့ကြီးကြပ်ရေးဌာနများ စသဖြင့် မိမိတို့လက်ဗွေ နှိပ်တဲ့နေရာမှာ ကိုယ်တိုင်သွားရောက်ပြောင်းလဲ ရမှာဖြစ်ပါတယ် ခင်ဗျာ ။

သို့မှသာ Approval ရရှိပါက ပါမစ် နှင့် စာအုပ် အချက်အလက်များ မှန်ကန်မှု့ရှိမည်ဖြစ်ပါတယ် ။ မမှန်ကန်ပါက ပါမစ်ကပ်ရန် အခက်ခဲရှိနိုင်ပြီး ကြန့်ကြာ နိုင်ပါတယ် ။

Approval ( မလေးရှားအစိုးရမှ ပါမစ်ပေးမည့်အကြောင်း စာရွက်စာတန်း ) ရရှိပြီးမှသာ မြန်မာနိုင်ငံကူးလက်မှတ် ( Passport ) ရရှိမှာဖြစ်ပါတယ် ။ ထိုသို့ Approval ရရှိမှလည်း Levy ကြေး သွင်းခြင်းနှင့် ကျန်သော အဆင့်များကို ထုံးစံအတိုင်ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ် ။

ယခု ထပ်ပြီး မလေးရှား နိုင်ငံ မြန်မာ သံရုံးမှ စာအုပ်ဖိုး ကုန်ကျငွေ အစုစု နှင့် လျှောက်ထားရမည့် လိုအပ်သော အချက်အလက်များ ၊ ဈေးနှုန်းများ နှင့် လျှောက်ထားရန် နေရာများကို ကြော်ငြာပြီဖြစ်ပါတယ် ။ ထိုကြော်ငြာစာတမ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။
 


 
သိုဖြစ်ပါ၍ ယာယီပါမစ် ပြုလုပ်စဉ် က ပါတ်စပို့မိတ္တူသာ ပေးထားသော သူများ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း နှင့် ရပ်ကွက်ထောက်ခံစားများ ထပ်မံ ပြင်ဆင်ထားရန် အထူးအသိပေးအကြောင်းကြားရပါတယ် ။

မိမိတို့ လက်ဗွေ နှိပ်ထားသော ကုမ္မဏီ အေးဂျင်းများထံတွင်လည်း ပါတ်စပို့စာအုပ် များလျှောက်ထားနိုင်ပါတယ် ။ တစ်ချို့သောတရုတ် အေဂျင်စီများ စာအုပ်အတွက် 2000 တိတိ တောင်းတာမျိုးကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးပါတယ် ။ သို့ကြောင့် မိမိတို့မသိရှိပါက နီးစပ်ရာ မြန်မာများထံ (သို့) ကျွန်တော်တို့ထံ မေးမြန်းစုံစမ်းနိုင်ပါတယ် ။

အကယ်၍ စာအုပ်လျှောက်ရန် ဖောင်ပုံစံကို ရလိုပါက အောက်ပါဖောင်အား ကူးယူပြီး Print Out ထုတ်၍ အထက်ပါ ကြော်ငြာချက်ပါ အချက်အလက်များအတိုင်း ဖြည့်စွက်ပြီး စတင်လျှောက်ထားနိုင်ပါပြီခင်ဗျာ ။

............................

ဆက်လက်ပြီး နိုင်ငံတစ်ကာတွင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အခွန် ကောက်ခံမှု့ကို ယခင် ၀င်ငွေ၏ 10 % တိတိကောက်ခံသော်လည်း ယခု 19.8.2011 မှစ၍ 18.2.2012 အထိ 6 လတာကာလအကြား မည်သူမဆို နိုင်ငံခြားဝင်ငွေ၏ 2 % ကိုသာ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း ကြော်ငြာချက်ထုတ်ပြန်လိုက်ပါတယ် ။

သို့ပါသောကြောင့် ဤ 6 လအတွင်း အခွန်ဆောင်လိုသောသူများအားလုံး ၊ ပါတ်စပို့သက်တမ်းတိုး ၊ စာအုပ်အသစ်လဲ ၊အခွန်ဆောင် စသဖြင့် မည်သူမဆို လျှော့ချ အခွန် 2 ရာခိုင်းနှုန်းဖြင့် အခွန်ဆောင်နိုင်ကြောင်း ၀မ်းမြောက်ဖွယ် သတင်းပေးရပါတယ် ။
ထိုဥပဒေသည် မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတစ်ကာရောက်မြန်မာများသာမက ပြည်တွင်းရှိ နိုင်ငံခြားဝင်ငွေရရှိသော သူများပါအပါ အကျုံးဝင်ကြောင်း မသိရှိသေးသူများအတွက် သိရှိနိုင်ရန် သတင်းတင်ဆက်လိုက်ရပါတယ် ။

လေးစားလျှက်
KOMYO

ဖြည့်စွက်.....သည်ပို့စ်ကို ရေးသားသူသည် ကျွန်တော် မိုးယံ မဟုတ်ပါ။ မေးလ်ထဲ သို့ဝင်လာသော ဖော်ဝပ်မေးအား အများသူငှာ (သက်ဆိုင်သူများ) တစ်စုံတစ်ရာ အကျိုးရှိစေရန်သာ ရည်သန်ပါသည်။ ယခင်ရက်များတုန်းက အထက်ပါ ကြေညာ စာတမ်းအား ဖတ်မိပြီး ဓါတ်ပုံ ရိုက်ယူထားသော်လည်း ကျန်သည့် သတင်းအချက်အလက်များ မရှိသေးတာရော၊ ဓါတ်ပုံတွေကို ပြင်ဆင်နိုင်ခြင်းမရှိသေးတာ ရော ကြောင့် ယခုမှ အချက်အလက်ပိုမို ပြည့်စုံသော သတင်းအား အများသူငှာ အကျိုးတစ်စုံတစ်ရာ အတွက် တင်ဆက်အပ်ပါသည်။


Thursday, September 8, 2011

ဘေလာ့ဂ္ဂါဆိုတာ

ကဲကဲ ...လာပါပြီ...လာပါပြီ...မဒမ်ကိုး ရဲ့ ကိုရင့် သတ်မှတ်ချက်အရ အန်ဖတ်စားတဲ့“ ခြေနှစ်ချောင်းနဲ့ နားရွက်တို ” တဲ့ ဘလော့ဂ်ဂါ အမည်ခံ ကျွန်တော်မျိုးမှ အသုံးတော်ခံရန် တဖန်ရောက်လာခဲ့ ပြန်ပါပြီ။ ဘလော့ဂ်ဒေးအမှတ် တရရေးပြီးမှ တဖန်ပြန်ကာ ဆက်သွယ်မိလာတဲ့ ဝေးကွာခဲ့သော နတ်ဆိုးလေး က လူသားအားလုံးအတွက် ကိုမိုးယံ ဆိုပြီး မသိမသာ မြှောက်ကာပင့်ကာ  တဂ် လိုက်ပြန်တာ ကို ပေါ်တော်မူ ရှေ့နေလေး ကိုကိုးအိမ်က ဘလော့ဂ်ဂါတိုင်းချစ်တဲ့ ဘလော့ဂ်ဂါကြီး ဆိုပြီး အချွန်နဲ့ တဂ် လာပြန်သဗျ။ တုံးဖလားသူကြီးလို ပြုံးပြုံးကြီး ဖြီးဖို့ရန် ၊ လာလည်ကြပါ ကိုယ့်အိမ် ပျော်စရာလေးတွေ ရှိတယ် ဆိုတဲ့နေရာကို သွားကြည့်၊ ဘလော့ဂ်ဂါ ဆိုတာ အရူးလို့ ရက်ရက်စက်စက် ဆိုရှာတဲ့ အစ်ကို ကြီးထံ နည်းခံ၊ဟိုလှည့် ဒီလှန် မွှေနောက် ပြီးပြန်တောာ့ စကားလုံးတွေကို ထွေးအန်ဖို့ ကြံကြံ ဖန်ဖန် တွေးပြန်သဗျာ။

ဘလော့ဂ်ရွာတစ်ခွင် ပြဲပြဲစင်အောင် မွှေနှောက်ဖတ်ပြီး ကိုယ်ခံစားမိသလိုပြန်ရေး သူက ရေး၊ ဖတ်ထား သိထားသမျှ ပြန်ရေးတဲ့ သူက ရေး၊ မသိတဲ့သူတွေကို သိအောင်ရေးပြ သူက ပြ၊ ချက်ထားသမျှ သွားရည်ကျအောင် တင်တဲ့ သူက တင်၊ အတင်းတွေကို သတင်းလိုလုပ်၊ သတင်းတွေကို အတင်းဖြစ်အောင် တုပ်ပြီး သကာလ၊ ရသ ရေးသူက ရေး ၊ ကဗျာ စပ်သူက စပ်၊ စာအုပ်မျှသူက မျှ ၊ သတင်းရေး သူက ရေး၊ ဓမ္မ ဟောသူက ဟော၊ သွေးဆောင်သူက သွေးဆောင်၊ နည်းညာတွေ ပြန်သင်သူက သင်ပေး နဲ့ အတော် ဟုတ်တဲ့ ဘလော့ဂ်ရွာထဲက မြန်မာ ဘလော့ဂ်ဂါဆိုတဲ့ သတ္တ၀ါတွေဟာ...ကိုယ့်ဘာသာကိုတော့ ရိုးရိုးသားသားနဲ့ အဟုတ်ကြီး ဟုတ်နေကြသူတွေပါပဲ။ ခက်တာက အဲဒီလူတွေ အားလုံးက ရွှေပြည်ကြီးကနေ ဆင်းသက် လာတဲ့ ခန္တီပါရမီ ရင့်သန် သူတွေမို့ ကျွန်တော် ဒီလိုပြောလည်း စိတ်မဆိုးပဲ ငပေါကြီးဆိုပြီး ပြုံးပြုံးကြီး ကြည့်သူက ကြည့်နေကြတယ်။ “ ဒီကောင်အရူးပဲ” ဟု နှုတ်ခမ်းဖွဖွ ခပ်ဟဟ နဲ့ စုပ်သပ်ကြသေးတယ်။ရင်းနှီးသူများကလည်း ဒီကောင်တော့ ပြန်ဖောက်လာပြီဟု ဓါတ်သိခြင်း သနားမိကြဦးမှာပဲ ။ နောက်ဆုံး မတော့ သူတို့လို လူကောင်းမဟုတ်ဘူးဆိုပြီး မဲ့ကာရွဲ့ကာဖြင့် ကျွန်တော့်ကို  ဘေးမဲ့ ပေးပြီး ပြုံးရွှင်စွာ မန့်လျက် ပြန်သွားကြ ဦးမှာပဲလေ။ တော်တော် ထူးဆန်းတဲ့ သတ္တ၀ါတွေပါကလား၊ အဲဒါကြီးကို ခေါ်တာပေါ့ဗျာ.. ဘလော့ဂ်ဂါဆိုတာ...။

တစ်ကယ်တော့ မမချစ်ချစ်ကြီး ပြောသလို “Free Land က Free Person များ” ဆိုတာ လည်းမှန်တာပဲ ။ ကိုဇော် ပြောတဲ့ အရူး ဆိုလည်း ငြင်းလို့ မရဘူး။ ကိုကိုးပြောတဲ့ မည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ် ဆိုတာလည်း  ဟုတ်နေတာပဲလေ။နောက်တစ်ခုက သူဂျီးမင်းပြောသလို အလွန်အမင်းကြွားဝါပြီး ကောလာဟလနဲ့ အတင်းတွေကို ဖျော်ဖြေသလိုလို နဲ့ ညည်းတွား တတ်တာလဲ ဟောသည် ဘလော့ဂ်ဂါများပါပဲ။ ဒါပေမယ့် ရူပါက မင်းသားရှုံးလောက် ပေမယ့်လည်း အနာဂတ်မျိုးဆက်သစ်များကို ရင်ဝယ်သားပမာ ကြိုးစားကာ စာပြရှာတဲ့ သူမျိုးကိုလည်း ဘလော့ဂ်ဂါ ခေါ်တယ်ဗျာ၊ ထူးဆန်းတာတွေ အံမခန်း တာတွေကို ဖွေရှာတင်ဆက်သူလည်း ဘလော့ဂ်ဂါ ပါပဲ၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသော်လည်း လူတိုင်းလူတိုင်းကို လာဘ်တစ်ပါးစီဖြင့် ဖတ်လာသမျှလူကို လာဘ်တစ်ပါးစီ ပေးရှာတဲ့ ဆေးဆရာ လည်း ဘလော့ဂ်ဂါပဲလေ။ တစ်ခြား ဘာသာစာတွေဖတ်ပြီး မိခင်စာ အဖြစ် အချိန်ပေးကာ ကြိုးစားပြန်ရှာတဲ့ စေတနာကြီးမား ဘာသာပြန်ဆရာများ ဟာလည်း ဘလော့ဂ်ဂါပါပဲ။ အို...အစုံစုံ ရှိတဲ့ ၀ိသေသ တွေကို ပြောရရင်ဖြင့် သည် ဘလော့ဂ်ဂါ ရဲ့ ထူးထွေ ဆန်းပြားလှတဲ့ အဓိပ္ပါယ်ကို ကျွန်တော့် ဥာဏ်တစ်ထွာဖြင့် အပြည့်အစုံ တင်ပြခြင်းငှာ မတတ်နိုင်ပါခင်ဗျာ။  တစ်ကယ်ဆိုရင် ဘလော့ဂ်ဂါဆိုတာ   ဘလော့ဂ် ဆိုတဲ့ လက်ရည်သွေး လေ့ကျင့်ရေးကွင်းကြီး ထဲမှာ မမောနိုင်မပန်းနိုင် လေ့ကျင့်နေကြတဲ့သူ စာရေးဆရာလောင်း တွေဆိုတာလည်း ခင်ဗျားတို့ အသိပါပဲလေ။ ဒါတွေကိုပြောလို့ ဒေါသတွေမပါ လာကြပါနဲ့ဦးဗျာ.....။ ခင်ဗျားတို့ သိပြီးသားကို ကျွန်တော်က နွားရှေ့ထွန်ကျူးတာ မဟုတ်သလို၊ မိချောင်းမင်းကို ရေခင်းပြတာလည်း မဟုတ်ရပါဘူးဗျာ။ တစ်ကယ်တော့ ဘုန်းကြီးကို စာချမိတဲ့ ငတိ လေးတစ်ကောင် ပါဗျာ။

ဘလော့ဂ်ရေးတဲ့ သူတွေကို ဘလော့ဂ်ဂါလို့ အလွယ် သတ်မှတ်လိုက်ရုံပါပဲ။ ဒါပေမယ့် အသီးသီးသော ဘလော့ဂ်ဂါ အစ်ကို အစ်မတို့ သိခဲ့ ရေးခဲ့ သလို အဓိပ္ပါယ်အမျိုးမျိုး ရှိပေမယ့် ။ ကျွန်တော် တစ်ယောက်တည်း သိပြီး ခင်ဗျားတို့ မသိတဲ့ ဘလော့ဂ်ဂါဆိုတဲ့ အဓိပ္ပါယ်နဲ့ လူကိုပါ မြင်သာအောင် ကျွန်တော်က ပြောပြချင်တာပါ... တစ်ကယ်တော့ “ ဘလော့ဂ်ဂါ ” ဆိုတာ ကိုဇော်ကိုမြစ်ကျိုးအင်းမချော (အစိမ်းရောင်လွင်ပြင်) တို့လို ဘလော့ဂ်ရေးသော  အပျိုကြီး လူပျိုကြီးများ ကို ကိုယ်စားပြုတဲ့ စကားလုံးပါဗျာ... ဒီလိုပြောလို့ ခင်ဗျားတို့ နားရှင်းမှာ မဟုတ်သေးဘူ။ စကားလုံး ကို ပြန်ဖြည်ပြမှ ဖြစ်မှာပါ.... ဒီလိုပါခင်ဗျ.....

ဘလော့ဂ်ဂါ = ဘလာဂေါ် = ဗလာဂေါ်

ဗလာ = မရှိခြင်း၊ နတ္ထိ 

ဂေါ် = ဂေါ်မစွံခြင်း၊အိမ်ထောင်မရှိခြင်း

ဆိုတော့ကာ အိမ်ထောင်မရှိသော လူပျို အပျိုလေးများ ကို မခေါ်ဆိုနိုင်ပါဘူး။ “ ဂေါ် ” ဆိုတဲ့ စကားလုံးကြီး ခံနေသမျှ ကျွန်တော်လို ငချွတ်လေးက အန်တီတင့်ပြောသလို “ဘလော့ဂ်ဂါဆိုတာ ကိုယ့်ရင်ထဲ ကိန်းအောင် နေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားအဖြစ် ပြောင်းလဲပြီး စာဖတ် သူများကို စေတနာ သဒ္ဓါ ထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ “ဘလော့ဂ်ဂါ” အဆင့်မရောက် သေးပါဘူး။ ဘလော့ဂ်ဖတ်ရင်း ရေးရင်း သေမယ့် “ ဘလော့ဂ်မသာ” ပဲ ဖြစ်မှာပါခင်ဗျာ။


ရေးစရာမရှိတာကို အတင်းဖျစ်ညှစ်ပြီး ပေါက်ကရ ရေးလိုက်ခြင်းဖြစ်သောကြောင့် လွန်တာမှားတာ ရှိခဲ့ပါက ကိုဇော်၊ ကိုဖြစ်ကျိုးအင်း၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ အား အနူး အညွတ်  တောင်းပန် အပ်ပါသည် အစ်ကို အစ်မ တို့ခင်ဗျား....။ စာဖတ်လာသူကို နစ်နာစေလိုစိတ် အလျင်းမရှိပါ၍ တိုက်ဆိုင်မှု များ၊ မပြောမတတ် မဆိုတတ်မှုများ ရှိခဲ့ပါလျှင် မုန်းစိတ်မမြင် ချစ်စိတ်ဝင်လျှက် ဘေးမဲ့ပေးကာ အပြစ်ဆေးပေး ကြပါခင်ဗျာ။


မိုးယံ
8.9.2011 Thu
3:18 AM