တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား..
တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော်
သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော်
ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက်
သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့
ရသလားဘုရား”ဆိုတဲ့ အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု
သိလိုက်ရပါတယ်။ ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက
တစ်ဆင့် တင်လို့ရသလားတဲ့။ “သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့
ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီး အသိတစ်ခု ရစေဖို့ သူသေကောင်နဲ့
သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။
ဟုတ်တယ်။ ဗုဒ္ဓဘာသာတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတကာ အလွဲတွေထဲမှာ ဒီသေသူကို သရဏဂုံ တင်ရမယ်ဆိုတဲ့ အလွဲကလည်း ဖျောက်ဖို့ခက်တဲ့ အလွဲတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ သရဏဂုံဆိုတာ တင်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။ ဆောက်တည်မှ ရတဲ့အရာဖြစ်ပါတယ်။ ဆောက်တည်မှ ရတဲ့အရာဆိုရင် အသက်ရှိမှ ဆောက်တည်လို့ ရမှာဖြစ်လို့ သရဏဂုံတည်အောင် လုပ်နိုင်တာလည်း အသက်ရှင်နေတဲ့သူပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဆို သေတဲ့သူအတွက် သရဏဂုံဟာ တင်ပေးလို့လည်း မရသလို တည်အောင်ဆောက်လို့လည်း မရဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကိုပဲ ဗုဒ္ဓဘာသာတွေက လူသေရင် သရဏဂုံ တင်ရတယ်ဆိုတာကြီးက စွဲနေကြတော့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကို ပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲ ဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို ကိုးကွယ်ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းပါတယ်။
ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက သေသွားရင် သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင် အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့ အတွက် သေသူကို သရဏဂုံ တင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊ သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀ တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရ ဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ် ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်း ကျပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီး အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။ သေသွားတဲ့သူက သာဓုခေါ်နိုင်လို့ ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အရိုးစွဲနေတဲ့ အယူအဆ တစ်ခုဖြစ်တဲ့ သေသူကို သရဏဂုံ တင်တယ်ဆိုတဲ့ အစဉ်အလာ အယူအဆဟာ ဗုဒ္ဓဘာသာ အလိုအရ လွဲမှားနေပြီး လုပ်ပေးလို့ မရတဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်နားလည်ကာ နောက်နောင် ဘယ်သူပဲသေသေ သေသူကို သရဏဂုံတင်တာတွေ လုပ်စရာမလိုဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးတာတွေပဲ လုပ်သင့်တယ်ဆိုတာ သတိပြုနိုင်ကြစေဖို့ လွဲနေတဲ့ အလွဲတစ်ခုအဖြစ် သူသေကောင်နဲ့ သရဏဂုံအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 2:15 PM
2 comments:
ှဗဟုသုတရပါ}၏ကျေးဇူးပါ ဘုရား။
မသေခင် ကောင်းတာလုပ်သွားဖို့ အရေးအကြီးဆုံးဘဲနော်
သေရင် သရဏဂုံတင်ရတယ်ဘဲ ထင်နေတာ ဒီပိုစ့်ဖတ်မှ သေချာသိရတော့တယ်။
ရေးသူကိုရော တင်ပေးသူကိုပါ ကျေးဇူးတင်ပါတယ်
Post a Comment