Wednesday, August 24, 2011

သမ္မတ ဦးသိန်းစိန် မိန့်ခွန်း အပြည့်အစုံ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEith7HKYqamfV69ch5Kj4pHSCeyU1NVxBf-T7I19JVN2ZrG0IoPJtLYI2Cx5cCzoOQJN7-IJ-szxR_Zs2EFeKnzYwgKyWk2V0fGU_zBcg2y0HrrOSRJmqVoAZnFK95RADGeVyMQhhlQVOAp/s320/TS+AP.jpg
ဓာတ်ပုံ - AP

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများကို အေးချမ်းအောင်မြင်စွာ ကျင်းပ ပြီးစီးပြီးနောက် ပထမအကြိမ် လွှတ်တော်အရပ်ရပ်ရဲ့ အစည်းအဝေးတွေကို အောင်အောင်မြင်မြင် ခေါ်ယူကျင်းပ နိုင်ခဲ့ပါတယ်။ ဤလွှတ်တော်ကြီးက ကျွန်တော့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဆင့်အဆင့်ကို ဖွဲ့စည်းထူထောင် ထားရှိပြီး စနစ်တကျ လည်ပတ်နေပြီး ဖြစ်ပါတယ် အလားတူ ဒီလွှတ်တော်ကြီးကပဲ သဘောတူ အတည်ပြုပေးလိုက်သည့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း ဥပဒေနဲ့အညီ တရားစီရင်ရေး၊ ဥပေဒေအရ ကန့်သတ်ချက်များအမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပပိုင်ခွင့်နှင့် အယူခံပိုင်ခွင့် ရှိရေးစတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ တိကျမှန်ကန်စွာ ထမ်းရွက်နေကြပြီ ဖြစ်ပါတယ်။

လွှတ်တော်အရပ်ရပ်ရဲ့ အဓိက တာဝန်ကြီးများ ဖြစ်သည့် ဥပဒေပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် Capacity Building ကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ရပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ အပြန်အလှန် ထိန်းကျောင်းမှုများနဲ့အညီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျကျ အသက်ဝင် ပုံပေါ်လာအောင် ပုံဖော်တည်ဆောက် ထမ်းရွက်ကြနေပြီ ဖြစ်တဲ့အတွက် ခေတ်သစ်၊ စနစ်သစ်တစ်ရပ်ကို ချောမွေ့ညင်သာ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချုပ်အခြာ အာဏာကြီး သုံးရပ်ကို စနစ်တကျ တည်တည်ငြိမ်ငြိမ်နဲ့ အသက်ဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်မြင်မှုအတွက် နိုင်ငံတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးကိုယ်စား ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပဏာမ ပြောကြားလိုပါတယ်။

ကျွန်တော်နှင့်တစ်ကွ အစိုးရအဆင့်ဆင့်၊ နာယကြီးနှင့်တစ်ကွ လွှတ်တော်အရပ်ရပ်တို့ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ထမ်းဆောင်ပါမည်ဟု ကတိသစ္စာပြုထားကြသူများ ဖြစ်ကြပါတယ်။

ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်က အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထိရောက် မှန်ကန်စွာ ကျင့်သုံးပြီး အမျိုးသား အကျိုးစီးပွားကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ကာ ကျွန်တော်တို့ရဲ့ မှန်ကန်တဲ့ စေတနာကို ထုတ်ဖော်ပြသ ဆောင်ရွက်လျက် ရှိပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ် အေးချမ်းမှု ခိုင်မာလာတာနဲ့အမျှ စီးပွားရေး အခြေအနေကောင်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် ဖြစ်ပေါ်လာ အောင် ကုန်သွယ်ရေးနယ်မြေတွေ၊ စက်မှုလုပ်ငန်းတွေ ဖန်တီးဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ ထွန်းကားပြန့်ပွားလာအောင် စတင်ကူးပြောင်း ဆောင်ရွက်နေတဲ့ ဒီကနေ့ ဒီအချိန်မှာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့လွတ်လပ်မှုကို ဖော်ဆောင်ရာမှာ တွဲလျက် တည်ရှိနေတဲ့ တာဝန်ယူမှု၊ တာဝန်သိမှုဆိုတဲ့ Democratic Spirit ကိုလည်း ခိုင်မာလာအောင် ကိုယ်စီကိုယ်စီ ထူထောင်တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ Democratic Pratices ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း သိသာမြင်သာတဲ့ တိုးတက်မှုတွေ၊ ရလာဒ်ကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်စေဖို့ ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်ရေး အခွင့်အာဏာကို အကျိုးရှိရှိ အသုံးချပြီး ဆောင်ရွက်လျက် ရှိပါတယ်။

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ပြည်သူအများ မျှော်လင့်နေကြတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government)၊ ဒီမိုကရေစီကျင့်စဉ် (Democratic Pratice) များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု လျှော့ချရေး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဤလွှတ်တော်အား ကတိပြုပြောကြားထားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူ့အစိုးရ ဖြစ်နေပြီ ဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစား အားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီ ဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက်ဆွဲကိုင်ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ချုပ်ရေး အာဏာဟာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ တည်ရမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များရဲ့ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေး အသွင်သဏ္ဍာန်များကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပေဒနှင့်အညီ အသက်ဝင် အကောင်အထည် ပေါ်လာစေရန်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ အုပ်ချုပ်ရေးစနစ်သစ်၊ အုပ်ချုပ်ရေး အသွင်သဏ္ဍာန်သစ်ကို စတင်ဖော်ဆောင်ရချိန် ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများရဲ့ Institutional Building နှင့် Capacity Building တို့ဟာလည်း အရှိန်အဟုန် ရရှိလာတာနဲ့အမျှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များရဲ့ အပြန်အလှန် ထိန်းကျောင်းမှု လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ပုံဖော်တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှသည် ရပ်ကွက်/ ကျေးရွာ အဆင့်အထိ အဆင့်ဆင့်သော အုပ်ချုပ်ရေး မဏ္ဍိုင်ကြီးများဟာလည်း ဥပဒေများ စနစ်တကျ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပိုမို ထိရောက်မှန်ကန်သော၊ ပြည်သူလူထု ပါဝင်မှုကို ရှေးရှုဦးတည်သော အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေး အသွင်သဏ္ဍာန်များ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဤလွှတ်တော်သို့ ပေးအပ်ခဲ့တဲ့ ကတိကဝတ်များနဲ့အညီ ငွေကြးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ် လေ့လာပြီး စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများ၊ တောင်သူ လယ်သမားများနှင့် အလုပ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည် ဟူသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို နိုင်ငံတစ်ဝှမ်းလုံးမှာ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်နှင့် စပ်လျဉ်းပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အလားတူ ခေတ်၊ စနစ်နှင့် မလျောညီတော့တဲ့ အငြိမ်းစား ဝန်ထမ်းများရဲ့ ပင်စင်လစာ၊ နိုင်ငံရေးပင်စင် လစားမျာကိုလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် တိုးမြှင့် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နဲ့အညီ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှု နှုန်းထား (၁၆ %) အထိ လျှော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ လက်ရှိအချိန် နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထား အတက်အကျ မတည်ငြိမ်မှုများ၊ ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် မသေချာမရေရာ ဖြစ်ပေါ်မှု အနေအထားများ၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှု အန္တရာယ် ကျရောက်ခြင်းများ ဖြစ်ပေါ်လာနေတဲ့အတွက် စပါးစိုက် တောင်သူလယ်သမားများ အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ " နိုင်ငံတော်သည် စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲ သီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည် " ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ကျွန်တော်တို့ အစိုးရအနေနဲ့ တောင်သူလယ်သမားများ ထုတ်လုပ်မှုစရိတ် မကာမိသည့်အပြင် ဈေးနှိမ်ခံရခြင်းစတဲ့ အခက်အခဲများမှ လွတ်ကင်းစေရန်လည်း ပုဂ္ဂလိကကဏ္ဍနဲ့ ပူပေါင်းပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားများ အနေနဲ့ နိုင်ငံတော်မှ လုပ်ပိုင်ခွင့် ပေးထားသည့် လယ်မြေများကို ဥပဒေနှင့်အညီ စိတ်ချလက်ချဖြင့် သားစဉ်မြေးဆက်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်အောင် အစီအမံများလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးစနစ်များရဲ့ မတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ယိမ်းယိုင်နေမှု စတဲ့ External Factor များကြောင့်လည်း ပြည်တွင်း စီးပွားရေးအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပါတယ်။ ဒီလို ဆက်နွယ်ဖြစ်ပေါ်မှုများအရ ကျွန်တော်တို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေမှာ အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့တာတွေလည်း ရှိနေပါတယ်။ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းတွေ ပိုမိုမြန်ဆန် သွက်လက်လာအောင် ပို့ကုန်သွင်းကုန် လိုင်စင်တွေကို အများဆုံး နှစ်ပတ်အတွင်း ရရှိအောင်၊ ကုမ္ပဏီထူထောင်ခွင့် လိုင်စင်တွေကို အများဆုံး နှစ်လအတွင်း ရရှိအောင်၊ နိုင်ငံကူးလက်မှတ်တွေ အများဆုံး (၂၁) ရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးခဲ့သလို ပို့ကုန်အပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကိုလည်း (၇) ရာခိုင်နှုန်းသာ ကောက်ခံစေတဲ့ စနစ်ကို ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်ပေးခဲပါတယ်။ ဒါပေမဲ့လည်း ပို့ကုန်လုပ်ငန်းနယ်ပယ် အချို့မှာ အခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တာကို တွေ့ရှိရတဲ့အတွက် ပို့ကုန်တွေအပေါ် ကောက်ခံနေတဲ့ ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း (၆) လသက်တမ်းနဲ့ ကင်းလွတ်ခွင့် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

စက်မှုနိုင်ငံ ထူထောင်ရေးအတွက် အဓိက အသက်သွေးကြော ဖြစ်တဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ငန်းပမာဏပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ လွယ်ကူစေအောင်လည်း လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်သတ်မှတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများကို အကြောင်းပြုပြီး မသမာတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့၊ နိုင်ငံတော်ရဲ့ မူဝါဒတွေကို လေးစားလိုက်နာကြဖို့၊ စည်းကမ်းရှိဖို့၊ ကိုယ့်အကျိုးစီးပွားကိုပဲ ရှေ့တန်းမတင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား အပါအဝင် စီးပွားရေးမူဝါဒများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ခေတ်၊ စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို အလွှာစုံ တက်ရောက်ဆွေးနွေး နိုင်စေရန် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အကြံပြုချက်၊ ရလာဒ်များကို စနစ်တကျ လေ့လာသုံးသပ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနဲ့ ဆွေးနွေးတိုင်ပင်ကာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေကို ရေတို၊ ရေရှည် ထိခိုက်နစ်နာမှု မရှိစေဖို့ သတိရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာ စီးပွားရေး၊ ငွေကြေး ဖြစ်ပေါ် တိုးတက်မှုများ၊ ပြည်တွင်း စီးပွားရေး အခြေအနေများနှင့်အညီ မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်လေ့လာပြီး တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ပြည်ထောင်စု အစိုးရရဲ့ အုပ်ချုပ်ရေး အခွင့်အာဏာနဲ့အညီ အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ တရားသဖြင့် ယှဉ်ပြိုင်နိုင်ရေး၊ လူတိုင်းလူတိုင်း တန်းတူရည်တူ အခွင့်အရေးများ ရရှိရေးတို့ကို အစွမ်းကုန် မြှင့်တင်ပေးပြီး မလိုအပ်သော အပိုကုန်ကျစရိတ် Transactional Cost များ လျော့နည်းကျဆင်းရေး၊ ကြိုးနီစနစ်များ ရှင်းလင်းဖယ်ရှားရေး၊ ဈေးကွက်စီးပွားရေး ယန္တရားများ အသက်ဝင် ရှင်သန်ခိုင်မာလာရေး၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံတဲ့ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲကျင့်သုံးရေးတို့ကို အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း နိုင်ငံတော်ရဲ့ စီးပွားရေးမဏ္ဍိုင်မှာ Key Driver များဖြစ်ကြတဲ့ ပုဂ္ဂလိကကဏ္ဍ ဦးဆောင်အသင်း အဖွဲ့များနဲ့လည်း စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးပြီး နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်၊ ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်အပိုင်းနဲ့ ပုဂ္ဂလိကအပိုင်း အပြန်အလှန် ပံ့ပိုးကူညီခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဖြစ်ပေါ်လာတဲ့ စီးပွားရေး အခက်အခဲများကို စုပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းများ တိုးမြှင့်ဆောင်ရွက်ပြီး Public Private Partnership လမ်းကြောင်းကို ခိုင်မာသည်ထက် ခိုင်မာအောင် ပုံဖော် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း မိမိတို့အပိုင်းက စီးပွားရေး အကျိုးအမြတ်များ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ကြရာမှာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင် ပေးနိုင်အောင်၊ နိုင်ငံတော်ရဲ့ အမျိုးသား ကုန်ထုတ်စွမ်းရည် တိုးတက်မြင့်မားလာအောင်၊ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုဝန်းကျင်မှာ အရည်အသွေးနဲ့ စံချိန်စံညွှန်း မြင့်မားတဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်ထုတ်လုပ်နိုင်အောင် နိုင်ငံတော်နဲ့အတူ လက်တွဲပူးပေါင်း ကြိုးပမ်းအားထုတ် သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နိုင်ငံသားများ၏ မူလအခွင့်အရေးများးကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ဆောင်ပေးနိုင်ရေး၊ တောင်သူလယ်သမားများ၏ လယ်ယာလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေများကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်မှုများကို ခေတ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးတို့ကို ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်နိုင်ရေး၊ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပေဒေများကို နိုင်ငံတော်၏ ပကတိ အခြေအနေမှန်နှင့်အညီ ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးတို့ကိုလည်း အထူး အလေးထား ဆောင်ရွက်ခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းပြင်ဆင် ပြဋ္ဌာန်းပေးကြရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစဉ်အမြဲ ဒွန်တွဲပြီး အဘက်ဘက်မှ လေ့လာသုံးသပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများမှာ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြင်း မရှိခဲ့သော အစဉ်အဆက် ဂုဏ်ယူဖွယ်ရာ နိုင်ငံခြားရေး မူဝါဒအစဉ်အလာကို ဆက်ခံကျင့်သုံးလျက် ရှိသော ကျွန်တော်တို့အစိုးရဟာ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက် ရှိပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းများတွင်လည်း တာဝန်ကျေပွန်သော ကမ္ဘာမိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့နိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထမ်းဆောင်ဖို့ တရားဝင် အဆိုပြု ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၊ နိုင်ငံတကာ အဖွဲ့အစည်း အားလုံးကိုလည်း ကျွန်တော်တို့ ကြိုဆိုနေပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီကနေ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီ မြန်မာ့လူဘောင်ကို ချောမွေ့ညင်သာစွာ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာ့မျက်မှောက် အခြေအနေကို လေ့လာကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှုဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဂုဏ်ယူဖွယ်ရာ ကူးပြောင်းမှု တစ်ရပ် ဖြစ်တယ်ဆိုတာကို အထင်အရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအပေါ် တားဆီးနှောင့်ယှက်မှုတွေ ရှိနေပေမယ့်လည်း ကျွန်တော်တို့ စိတ်ဓါတ်ကျစရာ၊ စိတ်ပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့မှာ စည်းလုံးညီညွှတ်တဲ့ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ပြည်သူလူထုကြီး ရှိပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းမှာ၊ ခေတ်အဆက်ဆက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ၊ ပိတ်ဆို့ အရေးယူမှုများကြားမှာ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ညီညွတ်မှုအားနဲ့ ကျွန်တော်တို့ ကျော်လွှား အောင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ဒီအချိန် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံအတည်ပြု ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ထွက်ပေါ်လာပြီ ဖြစ်တဲ့ အစိုးရ ရှိနေပါတယ်။ အပြန်အလှန် ထိန်းကျောင်းရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် အရပ်ရပ် ရှိနေပါပြီ။ သီးခြားတည်ရှိနေတဲ့ တရားစီရင်ရေး မဏ္ဍိုင် ရှိနေပါပြီ။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ပိုမိုဖွံ့ဖြိုးလာနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို မယုံကြည်သေးတဲ့သူတွေ ယုံကြည်လာအောင်၊ မမြင်ကြသေးတဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ဥပဒေနဲ့အညီ ပေးအပ်နိုင်အောင် ကြိုးစား လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

ကျွန်တော်တို့ အစိုးရဟာ လသားအရွယ် အစိုးရတစ်ရပ်ပဲ ဖြစ်ပါတယ်။ အစိုးရသက်တမ်း နုနယ်သေးပေးမဲ့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပြည်သူလူထု အကျိုးကို ရှေ့တန်းတင်ပြီး ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အစိုးရအဖွဲ့တစ်ရပ်ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးကို အစိုးရသက်တမ်း တစ်ခုလုံးနဲ့မှသာ တိုင်းတာ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရကို ပြည်သူလူထု တစ်ရပ်လုံး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်ထောင်စု လွှတ်တော်က ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ တာဝန်၊ ကျေပွန်ရမယ့် ဝတ္တရားတွေကို တတ်နိုင်သမျှ အစွမ်းကုန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကြီးလေးတဲ့ တာဝန်တွေကို ယုံကြည်လေးနက်စွာ ကျွန်တော်တို့ ပခုံးထက်မှာ တင်ထားကြတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ဝင်အောင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွန်တော်နဲ့ ဒုတိယ သမ္မတ (၂) ဦးက အစပြုလို့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အဆင့်ဆင့်သော ပြည်ထောင်စု အစိုးရအဖွဲ့ တစ်ရပ်လုံး အနေနဲ့ အုပ်ချုပ်ရေးအာဏာကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေ ဖြစ်ချင်တာတွေကို ကျွန်တော်တို့ သိပါတယ်။ အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက် နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ဖြစ်တာနဲ့ အညီ ပြည်သူလူထု အကျိုးစီးပွားကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

(၂၂ - ၈ - ၂၀၁၁)

http://www.irrawaddyblog.com/

0 comments: