Thursday, February 9, 2012

ဆရာမျိုးဟန်ကို - 2012, February လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/w715Vm7H10282*0xS1uZMMZ9oo8zV8HGDinCSDQxJTLoGuB2CiVtoEJb3tWmOy62efojHEGpW1RsnTwcjZd2pAfm*qvMHegT/myohanko.feb.gif

ဆရာမျိုးဟန်ကို - 2012, February လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

သင့်ရဲ့ ရည်မှန်းချက်တွေ အဆင်ပြေလာမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ ဒီလ အတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ငွေကြေး အတွက်နဲ့ စိတ်ညစ်နေရမည်။ ငွေကြေးများ မစုမိသော အချိန်ဖြစ်ပါသည်။

ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ခရီးယာယီ ကိစ္စများသွားနေရမည်။ အချစ်ရေးမှာ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။

ချစ်သူနဲ့ခွဲရမည်။ အိမ်ထောင်ရေးမှာ အဆင် မပြေသေးပါဘူး။ ဒီလအတွင်း ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ယတြာ = ကံကောင်း စေရန်အတွက် အိမ်ဘုရားတွင် ပန်းအဝါရောင် ၈ ပွင့်ကို တင်လှူ၍ ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 4 7 8 6

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ ပုံမှန်လေးသာ အဆင်ပြေနေမည်။ ဒီလအတွင်းမှာ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ စီးပွားရေးကိစ္စတွေမှာတော့ ကူညီပေးသူများ ပေါ်လာမည်။အထက်လူကြီးနဲ့ စကားပြောဆို ကိစ္စများ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်တစ်ခြား လူတစ်ခြားဖြစ်နေမည်။

ငွေကြေးကိစ္စတွေမှာ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ရအောင်သာ စုပေတော့ ငွေကတော့ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ မိသားစုအတွင်း အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ အချစ်ရေးကတော့ မိမိချစ်သူ အတွက်နဲ့ အမြဲစိတ်ညစ်နေရမည်။

အိမ်ထောင်ရေးမှာ အဆင်ပြေနေမဲ့ အချိန်လေးပါ။ အခုလ ကျန်းမာရေး သွေးအားနည်းတာတို့ ခေါင်းမူးတာတို့၊ သွေးတိုးတာတို့ ဖြစ်မည်။ ယတြာ = သောက်တော်ရေခွက် နှစ်ခွက်ကို ဆင့်၍ အိမ်ဘုရားတွင် ကပ်လှူရင်းလိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 4 0 2 3

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်မောလူမောနဲ့ လှုပ်ရှားနေရမဲ့ အချိန်လေးပါပဲ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အလုပ်အတွက်နဲ့ ပက်သက်၍ အနည်းငယ် စိတ်ညစ်ရတာမှအပ ထူးထူးထွေထွေ မရှိပါဘူး။ မိသားစုအတွင်း ပျော်စရာကိစ္စများ ဝမ်းသာစရာများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ ရုတ်တစ်ရက် ကံကောင်းမှုများ ကြုံတွေ့ရမည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။

မိမိမျှော်မှန်းနေသာ ကိစ္စများ အဆင်ပြေလာမည်။ ခရီးတွေကတော့ ရုတ်တစ်ရက် သွားနေရမည်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ အချစ်ရေးမှာ စိတ်ချပါတဲ့ ။ အိမ်ထောင်ရေး ဝေးကွာနေမည်။

ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ယတြာ = အသက်ကြီးသူ တစ်ဦးကို တရားစာအုပ် တစ်အုပ်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။
အကျိုးပေးသောဂဏန်း ။ ။ 8 9 6 3

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေဟာ ပြည့်စုံလာမှာပါ။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ သူတစ်ပါး ကိစ္စများကို ဝင်ပါတာတို့ ရှောင်သင့်ပါတယ်။ ဒီလအတွင်းမှာ စိတ်လွတ်ကိုယ်လွတ်လေး အလုပ်လုပ်နေရမည်။ စီးပွားရေး ငွေကြေးကိစ္စများကတော့ အဆင်ပြေနေမည်။

ငွေကြေးကိစ္စများနှင့် ပက်သက်၍ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ပုံမှန်လေးသွားလာ နေရမည်။ မိမိသူငယ်ချင်း မိတ်ဆွေများနဲ့ စကားများရမည်။

အချစ်ရေးမှာ ပျော်စရာကောင်းသော အချစ်ကိုတွေ့ရမည်။ အိမ်ထောင်ရေးကတော့ အဆင်ပြေနေမည်။ ကျန်းမာရေးမှာ ဒူးနာ ၊ ခါးနာဖြစ်မည်။ ယတြာ = နေအိမ်ဘုရားတွင် ဖယောင်းတိုင် ၈ တိုင်ထွန်း၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 2 4 8 5

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေနေမည်။ မျှော်လင့်သော ရည်ရွှယ်ချက်များ အကောင် အထည်ပေါ်မည်။ လက်ရှိ အလုပ်တွင် နေရာရနေသော်လည်း စိတ်ညစ်မှု အနည်းငယ် ရှိပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ ပုံမှန် အဆင်ပြေပါသည်။

သူတစ်ပါးအတွက် ငွေကြေးများ ကူညီနေရမည်။ သူငယ်ချင်း မိတ်ဆွေများနှင့် ဆုံတွေ့ရမည်။ ခရီးယာယီများ ဆက်တိုက် သွားနေရမည်။ပညာရေး ကြိုးစားနေရမဲ့ အချိန်လေး ဖြစ်ပြီး ပညာရေး ကံကောင်းပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ ပျော်ရွှင်နေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေးမှာ ရန်စကား များနေရမည်။ မိသားစု အိမ်တွင်းရေး အတွက် အနည်းငယ် စိတ်ညစ်ရမည်။ ယခုလ ကျန်းမာရေးမှာ ခါးနာမည် ၊ ဇက်ကြောတက်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် ရေသန့်တစ်ဗှူးကို ကလေး တစ်ယောက် အား လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 4 9

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ထဲတွင် စိတ်ညစ်မှု မရှိသော်လည်း စကားပြောဆိုရသော ကိစ္စများတွင် စိတ်ညစ်နေရမည်။

ငွေကြေး ငွေကံကောင်းပါသည်။ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများနှင့် စကားပြောဆိုမှု အဆင်မပြေပါ။ စေတနာကို ဝေဒနာ အထင် ခံရမည်။ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ခရီးယာယီ သွားရမည်။

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းနေမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ရန်စကားများ နေရပေမဲ့ အဆင်ပြေပါသည်။ အခုလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေ ညံ့မည်။ ယတြာ = စနေနေ့ နံနက်ပိုင်းတွင် သခွားသီး တစ်လုံးကို ခါးမှ ချိုး၍ ရေမျှောရင်း ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 8 2 1 1

၇။ စနေသားသမီးများ အတွက်


ဒီလတွင်း ဖြစ်ချင်သော ရည်ရွှယ်သော ကိစ္စလေးတွေ များနေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ နေသော်လည်း အနည်းငယ် စိတ်ညစ်နေမည်။ ယခုလက်ရှိ ဆုံးဖြတ်ရခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ ရလိုက် ကုန်လိုက် ဖြစ်နေသော်လည်း အဆင်ပြေလာမည်။ သူငယ်ချင်း မိတ်ဆွေအသစ်များ ရရှိမည်။ ပျော်ရွှင်သော ခရီးများ သွားရမည်။ ပညာရေး ကံညံ့နေမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ဝေးနေရသော ချစ်သူ ထံမှ ဆက်သွယ်မှု ပြန်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ ခြေထောက်နာမည် ၊ အိပ်ရေးပျက်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္ဂနွေနေ့ တွင် မိမိ နှစ်သက်ရာ သစ်သီး ၅ မျိုးကို အသက်ကြီးသူ တစ်ဦးဦးအား လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 2 2 4 7

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

Ph; 017, 226 0715
myohankonew@gmail.com

http://www.myohanko.br.ms/

Wednesday, February 8, 2012

ယာဉ်လိုင်းပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒပျက်စေရန် ပြုမူမှုများတွင် အသက် ၁၅ နှစ်အောက်ပါဝင်

ယခုနောက်ပိုင်းတွင် ခရီးသည်တင် ယာဉ်လိုင်းများပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခံရမှုများတွင် အသက် ၁၅ နှစ်အောက် အမျိုးသမီးငယ်များလည်း ပါဝင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ များထံမှ သိရှိရပါသည်။
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ အနေဖြင့် လိင်မှုဆိုင်ရာ ထိကပါးရိကပါးပြုမူခြင်း (Sexual Harasment) ကိစ္စများကို နားလည်မှုအားနည်းခြင်း၊ အခြားသူများသို့ အသိပေးတိုင်ကြားမပြုခြင်းနှင့် ရှက်ကြောက်မှုကြီးခြင်း စသည့် အချက်များကြောင့် ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခံရမှုများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အရင်တုန်းက လူလတ်ပိုင်း အမျိုးသမီးတွေကိုပဲ လုပ်ကြတာ။ အခုနောက်ပိုင်း ကလေးငယ် တွေနဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေကို ဦးတည်လာကြတယ်။ ဒီလို အသက်အရွယ်တွေဆိုတာ ရှက်စိတ်သိပ်ကြီးပြီး ကြောက်တတ်တော့ ပြန်မပြောရဲဘူး။ သူတို့ ကြုံတွေ့ခဲ့ရတာကို တခြားသူတွေသိသွားမှာ သိပ်စိုးရိမ်တတ်တာကို အသုံးချပြီးတော့ လုပ်လာကြတာ။ ဒီလိုလုပ်ရပ်တွေကို အမျိုးသမီးအများစုက သိပေမယ့် ထုတ်ဖော်ပြောပြဖို့ ၀န်လေးပါတယ်။ ဒါတွေမဖြစ်အောင် ကျွန်မတို့ပညာပေးရမယ်။ တိုင်ကြားရမယ့် နေရာတွေကိုလည်း သိအောင် လုပ်ရမယ်။ စကားနဲ့မဟုတ်ဘဲ တခြား နည်းလမ်းနဲ့ တခြားလူတွေ ကို အသိပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း စီစဉ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ တကယ်လို့ တိုင်ကြားခဲ့ရင် ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့လည်း လိုပါတယ်”ဟု အမျိုးသမီး အရေးကိစ္စများတွင် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့တစ်ခုမှ ဒေါ်ထားထားက ဆိုပါသည်။

မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ   .  .  .

အမျိုးသမီးများအနေဖြင့် မိမိ ပြုမူခံလိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိသူများကို ချက်ချင်းအသိပေး တိုင်ကြားမှု အားနည်းသည့်အတွက် အရေးယူဆောင်ရွက်ရန် ဥပဒေများရှိသော်လည်း လုပ်ဆောင်ရန် ခက်ခဲလျက်ကြောင်းလည်း သိရသည်။
“ကျွန်မ စံပြကနေ လှည်းတန်း ကို ၅၁ ယာဉ်လိုင်းကို စီးပြီးသွားတယ်။ မြေနီကုန်းရောက်တော့ ဘေးနားမှာ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ယောက် လာထိုင်တယ်။ ဘေးကို လှည့်ကြည့်လိုက် တာ အဲဒီအမျိုးသားက မဖွယ်မရာ လုပ်ပြနေတာကို မြင်လိုက်တော့ စပယ်ယာကိုလှမ်းခေါ်ဖို့ လုပ်လိုက်မှ အဲဒီ ကျမှသူ့လုပ်ရပ်ကိုရ ပ်လိုက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ အမျိုးသမီးများ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံရမှုများမှာ ယာဉ်လိုင်းများပေါ်တွင် လူအများ ပြည့်ကျပ်စွာ စီးနင်းနေရခြင်းကြောင့်လည်း ဖြစ်ကြောင်း အမျိုးသမီးများက ဆိုပါသည်။
“ကျွန်မက တောင်ဥက္ကလာပ ကနေ ရန်ကင်းကို နေ့တိုင်းဘတ်စကားစီးပြီး ကျောင်းတက်တယ်။ ကျွန်မ ဆင်းဖို့အပေါက်ဝကို သွားရပ်နေတဲ့ အချိန်ကျွန်မနောက်က ဦးလေးကြီး က ကျွန်မခါးကိုကိုင်လျက်သား တွေ့လိုက်ရတယ်။ စပယ်ယာကိုပြောမယ် လုပ်တော့ သူက နောက်ပြန်ဆုတ်ပြီး မသိသလို မျက်နှာလွှဲသွားတယ်” ဟု အသက် ၁၂ နှစ် အရွယ် ကျောင်းသူ က ပြောပြသည်။
“ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ၃၃ ကားစီးပြီးသွားတယ်။ ကားရဲ့ နောက်ဆုံးခုံမှာ နေရာရတယ်။ ဘေး မှာ အသက် ၄၅ နှစ် လောက်ရှိတဲ့ ကုလားကြီးတစ်ယောက်။ သူ့လက် က ကျွန်မပေါင်ပေါ်ရောက်နေတယ်။ ဘယ်အချိန်ကရောက်နေတာလဲ မသိလိုက်ဘူး။ ကျွန်မလည်း ကြောက်ကြောက်နဲ့ သူ့လက်ကြီးကိုဆွဲဖယ် လိုက်တယ်။ ကျွန်မတို့လည်း တော်တော်ကြောက်သွားတယ်။ တိုင်ဖို့လည်း သတိမရခဲ့ပါဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးက ပြောပါသည်။
မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်အရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ အရ သိရသည်။
ထို့အပြင်မိန်းမတို့၏ ကာယိဣနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကားပြောခြင်း၊ ကိုယ်အမူအရာ ပြသခြင်းများ ပြုလုပ်ခဲ့လျှင် ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှု ဆိုင်ရာပုဒ်မ ၅၀၉ အရသိရသည်။

weeklyeleven.com

Monday, February 6, 2012

အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ



အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင် အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။

Ytalk Calling စနစ်ဖြင့် အသုံးပြိုလိုသူများအနေဖြင့် Soft Phone နံပါတ်(ID) တစ်ခု လိုအပ်ပြီး ထို Soft Phone နံပါတ် (ID) အတွက် VoIP account card အား ကျပ်ငွေ တစ်သောင်းနှင့် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို
အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး” ဟု ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ငွေဖြည့်ကဒ် (Recharge via Voucher Card) များကို 10 FEC, 30 FEC, 50 FEC
စသော ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ဝဘ်လိပ်စာတွင် ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူထားသည့် VoIP account card ပါ Soft Phone နံပါတ် (ID) အား Password အတိုင်းဝင်၍၊ Activate ပြုလုပ်ပြီး မိမိဝယ်ယူထားသည့် ငွေဖြည့်ကဒ် (Recharge via Voucher Card)အား ငွေဖြည့်သွင်း ရာတွင် အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရသည်။

မိမိဆက်သွယ်ခေါ်ဆိုသော နိုင်ငံများအတွက် သုံးစွဲခအား ငွေဖြည့်ကဒ် (Recharge via Voucher Card) တွင်းမှ
တစ်မိနစ်လျှင် 0.15 FEC ၊ 0.35 FEC နှုန်းဖြင့် ငွေဖြတ်သွားမည်ဖြစ်ပြီး VoIP account card နှင့် Recharge via
Voucher Card များအား အင်တာနက်ဆိုင်တွေနှင့် City Mart ဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူ
ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ဖုန်းကဒ်များကို ၇.၂.၂၀၁၂ (အင်္ဂါနေ့) နံနက်(၉)နာရီခွဲတွင် ရန်ကုန်မြို့ Conference Hall – Myanmar Info – Tech ( MICT Park ) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Ytalk စံနစ်အား PAC လိုင်စင်ရှိ သော အင်တာနက်ကဖေးများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး အိမ်တွင်းအင်တာနက် ချိတ်ဆက်ထားသူများအတွက် ရောင်းချပေးမှု မရှိသေးကြောင်းရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခုစစချင်းတော့ PAC လိုင်စင်ရှိတဲ့ ဆိုက်ဘာကဖေးတွေကိုပဲ ရောင်းပေးမှာပါ။ အိမ်သုံးယူဇာတွေအတွက် မပါ သေးပါဘူး။ လိုအပ်တဲ့ Software အတွက်တော့ ကျွန်တော်တို့ တယ်လီပို့က၀န်ထမ်းတွေ လိုက်သွင်းပေး မှာ ဖြစ်ပါတယ် ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ပြောသည်။

Myanmar Express

Sunday, February 5, 2012

"The Lady" Director Luc Besson ၏ အလွဲများ



ယမန်နေ့က ဟောင်ကောင်တွင် ပြုလုပ်သော The Lady ရုပ်ရှင် အကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပြင်သစ် ဒါရိုက်တာ Luc Besson နှင့် မလေးရှား မင်းသမီး Michelle Yeoh (ဓာတ်ပုံ - AP)

တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲ အမှတ်ပေးခဲ့ပြီးအညံ့ဆုံး ဇာတ်ကား သုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ် အတော် ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။

တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင် ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်။

မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာမျက်ဝါးထင်ထင်မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဇာတ်ကားထဲပါဝင်နေသလို မကြာခဏ ထင်ယောင်ထင်မှားဖြစ်မိသည်။

ရင်ကိုဖွင့်မျက်နှာကိုချီကာလမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန်တို့ကို ဒေါ်စုမှဒေါ်စုဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင်ကြည့်ကာလေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။

မိုက်ကယ် အဲရစ်နှင့်သား နှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့်အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစု ဝေးဝေး တွေ့ခွင့်ရသည်မှာကြည်နူးဖွယ်ပင်။

ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ် မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့် အတော်ကြီးခြား နားလှသည်။

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူးဆိုတာ ကျွန်တော်သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်းမဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံ မှားနေတယ် ဆိုတာလည်းထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲလုပ်ချင်တယ်ဆိုလို့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာ” ဟုရုပ်ရှင်အပြီးတွင်ရှင်းပြခဲ့သည်။

NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့ မကောင်းဘူး ထင်တယ်ဗျ၊ ကျွန်တော်လည်းအဲဒီအခန်းမှာမပါတော့ အကြံမပေးနိုင်ခဲ့ဘူး” ဟုဆိုသည်။

ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများတွင်အချို့မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေးတည်ထားပြီးသည့်အခန်းများကိုတော့ပြင်ဆင်မပေးခဲ့ပေ။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင်တည်ထားပြီးသားမို့ပြင်မပေးနိုင်တော့ဘူးဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။

အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိမ်သည် တာဝါလိန်းအိမ်ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ်တစ်ခါမှမနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင်ထည့်ထားခဲ့သည်။

၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်းရှိနေဆဲ…။

ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမိန့်ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစားလေ့ကျင့်ကာ ဗမာလိုပြောကြားခဲ့သော်လည်း တရုပ်သံပေါက်နေခဲ့သည်။

ဇာတ်ကောင်များ ရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့် သူများကို ရုပ်ရည်ခြင်း အတော်လေး ဆင်တူသူများကိုရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးက ချစ်ခင်မြတ်နိုးကြသည့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာတွင် တရုပ်အမျိုးသမီးကြီး တစ်ယောက်ကို ထည့်ထား သည်ကတော့ အတော်ကြီးလွဲနေခဲ့သည်။

အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်တွေအတွက် မပြော ပလောက်ပေမယ့် သမိုင်းကို သိနေသည့် မြန်မာပရိသတ်အတွက်တော့ သိသာလှသည်။ ဗမာအလံတွေ ဇောက်ထိုးဖြစ်နေတာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည့် စကားလုံးက “အမျူးသားဒီမိုက ရေစီအဖွဲ့ချုပ်”ဖြစ်နေတာ၊ ၈၈အရေးအခင်းပြကွက်တွင် ကျောင်းဝတ်စုံဟာအဖြူအစိမ်းမဟုတ်ပဲ အဖြူ အပြာဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ပဲ အတော်လေး ပေါကြောင်ကြောင်နိုင်နေတာ…

ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့် ဗမာပြည်ဖက်အခြမ်းနှင့် ဒေါက်တာ မိုက်ကယ်အဲရစ်(စ)ပါဝင်သည့် နိုင်ငံရပ်ခြား တွင်ရိုက်ကူးသည့်အခြမ်းဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဖက် အခြမ်းမှ စစ်ဗိုလ်ချုပ်များ ပါဝင်သည့်အခန်းများမှာ “တောပြဇာတ်”တစ်ခုကိုကြည့် နေရသကဲ့သို့ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင် ကိုကိုကြီးက သုံးသပ်ခဲ့သည်။

ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ် ၀င်ရောက်စီးနင်းသည့် အခန်းကိုပြရာတွင် လည်းကျောင်းသားခေါင်းဆောင် တစ်ယောက်လက်ထဲတွင် သေနတ်ရှိနေခြင်းသည် သမိုင်းအချက် အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေး မှားယွင်းနေခဲ့၏။

ဇာတ်ကားထဲတွင် မည်သည့် ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စကို Luc Besson အနေနှင့်တိတိကျကျသတ်မှတ်ခဲ့ပုံမပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကို တရုပ်သံနှင့်ပြောလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီအဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလိုပြောလိုက် အင်္ဂလိပ်လို ပြောလိုက်နှင့် ဘာသာစုံဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် ပါတီဝင် များရှေ့ပါမရှောင် နမ်းရှုံ့နေသည့် အခန်းများကတော့ပြင်သစ် ဆန်လွန်းလှသည်ဟု ဆိုရလေမည်လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများထဲတွင်ထိုကဲ့သို့သောပုံမျိုးတစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွင်ပါဝင်ခဲ့သည့်သရုပ်ဆောင်ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော်စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ပြင်တာမှမဟုတ်တာ” ဟုပြောဆိုခဲ့သည်။

ဦးသိန်းဝင်း ကတော့ သမိုင်းနောက်ခံ အမှားအယွင်းများဖြစ်ခဲ့ရခြင်းနှင့်ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူးလို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာသမိုင်းမဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ရိုက်တာ လို့ပဲခံယူလိုက်ရတာပါပဲ” ဟုဆိုခဲ့သည်။

“ဒီလိုကားမျိုးမှာ consultant က အရမ်း အရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ ကျွန်တော် မေးသေးတယ်ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ တိုင်းရင်းသူ တစ်ယောက်လို့ပြောတာပဲ” ဟုပြောခဲ့သည်။

ရုပ်ရှင်အပြီး စာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် အတွက် သမိုင်းဆိုင်ရာ အချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်း ထင်ရှားနေခဲ့လေသည်။

Source by :Yangon Press International
မွန်မွန်မြတ်ရေးသားသည်။