Showing posts with label စင်္ကာပူသတင်း. Show all posts
Showing posts with label စင်္ကာပူသတင်း. Show all posts

Friday, June 14, 2013

စင်ကာပူမှ မြန်မာ အမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ

 

14 June 2013 

ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။

အောက်ပါ နေရာတွင် အပြည့်အစုံ ဖတ်ရန် .....
http://www.malaysiaonlineradiomedia.com/2013/06/blog-post_14.html 

Sunday, January 15, 2012

စင်္ကာပူနိုင်ငံသား တစ်ထောင်ကျော် နှစ်စဉ် နိုင်ငံကို စွန့်



DK ၊ ၊(၂၀၀၀) ခုနှစ်မှ (၂၀၁၀) ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်စင်္ကာပူနိုင်ငံသားပေါင်း တထောင်ခန့်သည် စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်လွှတ်နေခဲ့ကြသည်။

နိုင်ငံသား အဖြစ်အား စွန့်လွှတ်သွားခဲ့ကြသော စင်္ကာပူနိုင်ငံသားအရေအတွက်အား စင်္ကာပူလုပ်သားပါတီမှ လွှတ်တော်အမတ်တဦးဖြစ်သူ ပရီတမ်ဆင်း၏ မေးခွန်းအား စင်္ကာပူဒု-ဝန်ကြီးချုပ် တီယိုချီဟိန်မှ လွှတ်တော်၌ စာဖြင့်ပြန်လည် ဖြေဆိုမှု၌ ယင်းကိစ္စအား ဆိုထားခဲ့ခြင်းဖြစ်သည်။

နိုင်ငံကူးပြောင်းသွားကြခြင်းနှင့် ပတ်သက်သော အကြောင်းရင်းများနှင့်ပတ်သက်၍ အချို့မှာ ပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင်ဘဝအတွက်ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပြီး၊ အချို့မှာ နိုင်ငံခြားသား/သူများနှင့် လက်ထပ်၍၊ အချို့မှာမူ ပြည်ပရှိ မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းလို၍ ဖြစ်ကြသည်ဟု တီယိုချီဟိန်မှဆိုသည်။

လွှတ်တော် အမတ်ပရီတမ်ဆင်းနှင့် ဒု-ဝန်ကြီးချုပ် တီယိုချီဟိန်တို့၏ အမေးအဖြေစကားများမှာ အောက်ပါ အတိုင်းဖြစ်သည်။

(ပရီတမ်ဆင်း) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်ခွာသွားကြသော စင်္ကာပူနိုင်ငံသား အရေအတွက်နှင့် ၄င်းတို့ရွှေ့ပြောင်းသွားရသော အကြောင်းရင်းကိစ္စများအပေါ်၌ ဖြေရှင်း လုပ်ဆောင်မှုပြုလုပ်ရန် အစိုးရအနေနှင့် မဟာဗျူဟာခင်းကျင်းချမှတ်ထားခြင်းရှိပါလား။

(တီယိုချီဟိန်) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ ဆယ်နှစ်တာ အတွင်း နိုင်ငံခြားသို့ရွှေ့ပြောင်းအခြေချသွားသော စင်္ကာပူနိုင်ငံသား နှစ်စဉ် (၁၀၀၀) ခန့်ရှိပါသည်။ (အကြောင်းရင်းများမှာ အထက်၌ဖေါ်ပြထားခဲ့သည့် အတိုင်းဖြစ်ပါသည်) ကျနော်တို့ အလေးထားသည့် အချက်တခုမှာ စင်္ကာပူနိုင်ငံသည် စင်္ကာပူနိုင်ငံသားများအတွက် အကောင်းဆုံးနေအိမ်တခုဖြစ်စေရေးဖြစ်ပါတယ်။

ဆွဲဆောင် မှုရှိသော လူနေမှုပတ်ဝန်းကျင် အရပ်တခုနှင့် စင်္ကာပူနိုင်ငံသားများအတွက် အလုပ်အကိုင်ကောင်းများရရှိနေစေသော နိုင်ငံနှင့်ပြည်သူကို ကြီးပွားတိုးတက်စေသည့် နိုင်ငံ့စီးပွားရေးအပြင်၊ စင်္ကာပူနိုင်ငံသားများတဦးနှင့်တဦးအကြားရှိနေသော ဆက်သွယ်မှုတို့ အားခိုင်မာစေရန် ကျနော်တို့ ကြိုးပမ်းနေပါတယ်။

ပြည်ပတွင် ပညာသင်နေ၊ အလုပ်လုပ်နေကြသော စင်္ကာပူနိုင်ငံသား များနှင့် ထိတွေ့နိုင်စေရန်လည်း မိမိတို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပင်လယ်ရပ်ခြားစင်္ကာပူနိုင်ငံသားများအဖွဲ့၏အစီအစဉ်များမှ ကြိုးပမ်းမှုများအရ ပြည်ပရောက် စင်္ကာပူနိုင်ငံသားများအား မိခင်စင်္ကာပူနိုင်ငံနှင့် ဆက်သွယ်မှုခိုင်မာနေစေပြီး၊ ၄င်းတို့၏ပြည်တော်ပြန်လာမှုများကို ကူညီပံ့ပိုးပေးနိုင်မည်ဟု ကျနော်တို့ မျှော်လင့်မိပါတယ်ဟု ဒု-ဝန်ကြီးချုပ် တီယိုချီဟိန်မှ ခပ်လျှိုလျှိုသာပြောသွားခဲ့သည်။

အာဏာရှင်စနစ် တဝက်၊ ဒီမိုကရေစီစနစ်တဝက် ကိုကျင့်သုံးနေပြီး၊ လူနေမှုစရိတ်နှင့် ကျန်းမာရေး စရိတ်ကြီးမြင့်လှသော စင်္ကာပူနိုင်ငံမှ ဒေသခံ နိုင်ငံသားများသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး လူ့အခွင့် အရေးပြည့်ဝကာ လူမှုဘဝပိုမို တိုးတက် ကောင်းမွန်ပြီး သက်တောင့် သက်သာရှိသောအနောက်နိုင်ငံများသို့ ရွှေု့ပြောင်းအခြေချနေကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ၄င်းတို့နေရာသို့ မြန်မာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ လူများက အစားထိုးဝင် ယူလာခဲ့ကြသည်။

Source by :http://freedomnewsgroup.com/

Friday, January 13, 2012

မြန်မာမိန်းခလေး နှစ်ဦးအား နိုင်ထက်စီးနင်းပြုပုံ စင်္ကာပူ သတင်းစာတွင် ဖော်ပြ



တရားဝင် အဖွဲ့ အစည်းက မဟုတ်ပဲ အမျိုးချစ်စိတ် နာမည်ခံပြီး မြန်မာမိန်းခလေး နှစ်ဦးကို နိုင်ထက်စီးနင်း မသေရုံတမယ် နှိပ်စက်ခဲ့သော လူတစ်စုအကြောင်း စင်္ကာပူ သတင်းစာမှာ ဖော်ပြထားတာ တွေ့ ရပါတယ်။

မည်သို့ နိုင်ထက်စီးနင်း နှိပ်စက်ခဲ့ကြောင်း မကြည့်ရသေးပါက ဒီနေရာမှာ ကြည့်လို့ ရပါတယ်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေးရဲ့ အိတ်ဖွင့်ပေးစာ အကြံပြုချက် ကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

Source by :http://www.mmbloggers-malay.co.cc/

Sunday, December 18, 2011

မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှု ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူဒေါ်လာ သန်း ၈၀ ခန့်ရှိကြောင်း သိရ



စင်ကာပူနိုင်ငံရှိ လူနေအဆောက်အအုံများကို နိုဝင်ဘာလက တွေ့ရစဉ်

မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှုသည် ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူ ဒေါ်လာသန်း ၈၀ ခန့်ရှိကြောင်း စင်ကာပူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေ အကျိုးဆောင်အရာရှိ မကလျာသင်း၏ ပြောကြားချက်အရ သိရှိရသည်။ ''မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်းမှာ စင်ကာပူဒေါ်လာ သန်း ၈၀ ခန့် ရှိခဲ့ပါတယ်''ဟု ၎င်းက ပြောပြခဲ့သည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံသားများ စင်ကာပူရှိ ကွန်ဒို၊ တိုက်ခန်းဝယ်ယူမှုများ သိသိသာသာ မြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံသားများအနေဖြင့် တည်ဆောက်ပြီးဖြစ်သည့် ကွန်ဒိုတိုက်ခန်းများအား ပိုမို ၀ယ်ယူကြ ကြောင်း သိရှိရသည်။

''စင်ကာပူမှာ အိမ်ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တည်ဆောက်ပြီးဖြစ်တဲ့ အခန်းသုံးခန်းကနေ ငါးခန်းအထိပါတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ပိုမိုဝယ်ယူကြပါတယ်။ သူတို့အနေနဲ့ ပြန်ငှားစားကြတာများတော့ စီးပွားရေး အရ တွက်ခြေကိုက်လို့ အသင့်ဆောက်ပြီးအခန်းတွေကို ၀ယ်ယူကြတာဖြစ်ပါတယ်'' ဟု စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေအကျိုးဆောင်အရာရှိ ကိုကျော်မိုးဇင်က ပြောပြခဲ့ပါသည်။

စင်ကာပူ၏ အမြဲတမ်း နေထိုင်ခွင့်ရပြီးသူ မြန်မာများတွင် HDB(Housing Development Board)မှ အိမ်ရာများ၊ Private Apartment များဝယ်ယူခြင်းရှိကြသကဲ့သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း စင်ကာပူကွန်ဒိုများဝယ်ယူရန် ငါးနှစ်အတွင်း သိသာစွာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

''စင်ကာပူနိုင်ငံသား မဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကို ၀ယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့အချက်ကြောင့်လည်း ပါတယ်''ဟု ၎င်းက ရှင်းပြခဲ့သည်။ စင်ကာပူနိုင်ငံသားမဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကိုဝယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့ အချက်ကြောင့်လည်း ပါတယ်

ကွန်ဒိုများကို ၀ယ်ယူကြသည့် မြန်မာနိုင်ငံသားများမှာ စင်ကာပူဒေါ်လာ တစ်သန်းတန်ဝယ်ယူမည်ဆိုလျှင် လက်ငင်းငွေကြေးကိုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ကြရပြီး ကျန်ရှိသည့်ငွေပမာဏထဲမှ အများဆုံး ၈၀ ရာခိုင်နှုန်းကို ဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရသည့်အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစု စင်ကာပူအိမ်ခြံမြေဈေးကွက် ၀ယ်ယူရန် ဦးတည်လာခဲ့ကြသည်။

စင်ကာပူတွင် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ဝယ်ယူမည်ဆိုပါ ကစင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့် နိုင်ငံသား၊ နေထိုင်ခွင့်ပတ်စ် တစ်ခုခုရရှိထားရန် မလိုသည့်အပြင် စင်ကာပူ၏ဘဏ်များမှ ယခုကဲ့သို့ အတိုးနှုန်း သက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံလိုသော မြန်မာများအတွက် ယခုကဲ့သို့ မြန်မာဈေးကွက်ကို ခေါ်ယူလာရခြင်းဖြစ်သည်ဟု သိရသည်။''စင်ကာပူမှာ နိုင်ငံခြားသားတွေရဲ့ တိုက်ခန်း၊ ကွန်ဒိုတွေ ပိုင်ဆိုင်မှုအပေါ်မှာ ဥပဒေ တင်းကျပ်မှု မရှိဘူး။ ဒါကြောင့်မို့ မြန်မာအများစု စိတ်ဝင်စားလာကြပါတယ်။ ကျွန်တော်တို့ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြပွဲလာလုပ်တာ အခုအကြိမ်နဲ့ ဆို သုံးကြိမ်ရှိပါပြီ။ နောက်လည်း အခုလို အရောင်းပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိပါတယ်'' ဟု ကိုကျော်မိုးဇင်က ဆက်လက်ပြောပြခဲ့သည်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ၀ယ်ယူနိုင်သည့် ကွန်ဒိုဈေးများမှာ စင်ကာပူဒေါ်လာခြောက်သိန်းနှင့် တစ်သန်းအထက်တွင်ရှိပြီး နှစ်စဉ် Property Tax နှင့်ကွန်ဒိုပြုပြင် ထိန်းသိမ်းမှုစရိတ်များအား နှစ်စဉ်စင်ကာ ပူဒေါ်လာ နှစ်ထောင်ဝန်းကျင်မျှ ပေးဆောင်ရသည်ဟု သိရသည်။

စင်ကာပူ အိမ်ခြံမြေဈေးကွက်၌ ၀ယ်လက်အများဆုံးမှာ တရုတ်၊ အင်ဒိုနီးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာရှနိုင်ငံများထဲတွင် ၀ယ်လိုအားများသည့် နိုင်ငံတစ်ခုအဖြစ် ငါးနှစ်အတွင်း ပါဝင်လာခဲ့ပြီဖြစ်ကာ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ် ငန်းများသည်လည်း မြန်မာနိုင်ငံတွင် အရောင်းပြပွဲများပြုလုပ်၍ အရောင်းမြှင့်တင်ခြင်းများအား ပိုမိုပြုလုပ်လာကြောင်း သိရသည်။

Source by :http://www.first-11.com

Thursday, December 15, 2011

စင်္ကာပူမှာ မြန်မာ မိန်းကလေး တစ်ဦး သေကြောင်း ကြံ မှု ဖြစ်



သက်(စင်္ကာပူ)၊ ၊စင်္ကာပူ နိုင်ငံ က အိမ်ဖော် ရှာဖွေ ပေး ရေး\ဧဂျင်စီတစ်ခု က ထွက်ပြေးလာပုံ ရတဲ့အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာ မိန်း ကလေးတစ်ဦး ဟာ ၄.၅ မီတာ မြင့်တဲ့ လူသွားစင်္ကြန်ကုန်းကျော် တံတားပေါ် က ခုန်ချခဲ့တယ် လို့  စင်္ကာပူ ကွန်မြူနတီ သတင်း ဆိုတ် တစ်ခုဖြစ်တဲ့ OMY မှာဖော်ပြထားပါတယ်။

သူခုန်ချ ချိန်မှာ သစ်ကိုင်း တစ်ခု နဲ့  ချိတ်မိခဲ့ ပြီး တံတား အောက် ကား လား ပေါ်ရောက်တဲ့ အခါမှာ လည်း မော်တော်ယာဉ် တစ်ခုခု နဲ့  တိုက်မိ ခဲ့ ခြင်း မရှိ တာ က သူ့  ကို ကံကောင်း စေခဲ့ ပါတယ်။ သူ ခုန် ချတဲ့ နေရာ ဟာ KPE၊PIE နဲ့  ရှမ်း ရိပ်သာ လမ်းမ လမ်းဆုံ ရှိ တဲ့ နေရာ တွေ မှာ ဖြစ်ပြီး မော်တော် ယာဉ် သွား လာ မှု အရမ်း ရှုပ်တဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီမိန်းကလေး ဟာ မနေ့ က တနင်္ဂနွေ နေ့ က တံတားပေါ် က နေ ခုန် ချပြီး သတ်သေတာ လို့  ဒီနေ့  ညနေ ထုတ် United Evening News မှာလည်း ဖော်ပြ ထား ပါတယ်။ သူမ ဟာ မခုန် ချခင် အချိန် မှာ ကန် တုန် ဈေးရောင်း ဌာန ရဲ့  အိမ်အကူ ရှာ ဖွေ ရေး ဧဂျင် စီက ထွက်ပြေးလာ ပုံ ရတယ် လို့  သတင်း မှာ ဖော်ပြ ထား ပါတယ်။

ဂျင်းဘောင်ဘီ အပြာ ရောင် ၊ အကျီ အပြာ ရောင် တို့  ကို ၀တ် ဆင်ထား ပြီး ခုန်ချခဲ့တဲ့ အရှိန် ကြောင့် အသက် မသေဆုံး သော်လည်း ပြင်းထန် တဲ့ ထိခိုက် မှု တွေ ရှိ ပြီး သတိလစ် မေ့ မျော နေကာ ပြန်လည် သတိရရှိ အောင် ဆေးရုံ မှာ ကုသ ခံနေရ ပါတယ်။

ဆေးရုံရောက် ချိန် မှာ ညာဘက်လက် နဲ့  ဘယ်ခြေ ကျိုး နေ ခဲ့ ပြီး ဆေးရုံကုတင် မှာ သူ့  ကိုလှုပ်ရှား မပြု နိုင်အောင် စီစဉ်ထားထား ပါတယ်။ အဆိုပါ အမျိုးသမီး ခုန် ချပြီး သတိလစ် မေ့မျော နေတာ ကို အငှားယာဉ် မောင်းသူ တစ်ဦး က တွေ့ ရှိပြီး ရဲစခန်း ကို ဖုန်းဆက် အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လ က မြန်မာ အမျိုးသမီး ငယ် တစ်ဦးဟာ လည်း လေးထပ်တိုက်ပေါ်က ခုန် ချပြီး သေကြောင်း ကြံခဲ့ရာ အထ မြောက် ခဲ့ ပါတယ်။

Source by :http://freedomnewsgroup.com

Saturday, December 3, 2011

မေတ္တာ ဆုံးရှုံးသွားသူ မြန်မာများ အကြောင်း



ဒီအကြောင်းတွေ မရေးချင်၊ မပြောချင်ပါ...။

စင်ကာပူမှာ မြန်မာ မိန်းကလေးတစ်ဦး တိုက်ပေါ်က ခုန်ချသေသွား တဲ့သတင်း Oct-2011 မှာ စင်ကာပူသတင်းစာ၊ မြန်မာပြည် ဂျာနယ်တွေမှာ ပါလာတယ်။ အတိက်ကအကြောင်းတွေ ပြန်သတိရမိပါတယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရသလဲ။ သေချာတာကတော့ ရူးသွတ်တဲ့ စိတ်ဖေါက်သွားလို့ပါပါ။

အခြေခံအကြောင်းတွေကြည့်ရင် မေတ္တာဆုံးရှုံးသွားလို့ပဲ။ မိမိချစ်မြတ်နိုးရသူ၊ မိမိအားကိုးရသူ ချစ်သူ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ညီအစ်ကို၊မိဘများ သေဆုံးသွားရင် မြင့်မိုလ်တောင်ပြိုလဲသလိုဖြစ်သွားတယ်။ အသက်ရှင်ရတာ ဘာမှမျှော်လင့်ချက်မရှိတော့ဘူး ခံစားရချိန်မှာ မိမိခံစားချက်ကို နားလည်၊ နားထောင်၊ ဖြေရှင်းပေးနိုင်မဲ့သူလဲ မရှိတော့ .. ဒီတော့ ရူးသွတ်သွားတာပေါ့။

မျှော်လင့်ချက်ကတော့ လူတိုင်းရှိပါတယ်။ ငယ်ရွယ်သူများက ဆရာဝန်၊ အင်ဂျင်နီယာ၊ အနည်းဆုံး ဘွဲလေးတခု၊ သို့မဟုတ် ၀င်ငွေကောင်းတဲ့အလုပ်တခု၊ မြန်မာပြည်က ပေါ်ပင်၊ အကွက်ချောင်းနေသူများအတွက် စားကွက်ကြီးကြီးတခုရဖို့၊ ထီပေါက်သလို၊ ငွေတွေအများကြီးရဖို့ ... မျှော်လင့်နေကြပါတယ်။ အသက်ကြီးသူများကတော့ ဘုရား၊တရားနဲ့ ဖြေကြတယ်။ အချိန်က နှောင်းနေပြီးကိုး။

တချို့အသက်ကြီးသူ မြန်မာများ သူတို့ကိုယ်ကို သူတို့ ဦးတေဇ၊ ဦးဇော်ဇော်တို့လို ဖြစ်ချင်နေတုန်းပဲ။ တစ်ချို့ နိုင်ငံရေးစိတ်ဝင်စားသူများလည်း သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကို လိုက်ယှဉ်ကြတယ်။ ငါလဲလူပဲ၊ သူတို့လဲ လူပဲ၊ သူတို့တောင်ဖြစ်သေးတာ ငါက ဘာလို့မဖြစ်ရမှာလဲ ..စိတ်ထဲအားတင်းထားတယ်။

တချို့ ပိုပြီးရူးသွတ်သူ မြန်မာလူကြီးများကတော့ သူ့မိတ်ဆွေများကို ပါးစပ်ကထုတ်ဖေါ်ပြောတယ်။ စာရေးဆရာများကတော့ အင်တာနက်လောကဖြစ်လို့ သူတို့ ဘလောက်တွေထဲ၊ ၀က်ဆိုက်၊ မဂ္ဂဇင်းတွေထဲ ထည့်ရေးတယ်။ တက်လာတဲ့အစိုးရ ကောင်းတာလုပ်အောင်ဆိုပြီး နိုင်ငံပြည်သူများဘက်က ရပ်တည်ရေးသားသူများရှိသလို၊ ငါမလုပ်ရရင် ပတ်မကြီးဖေါက်မှာပဲဆိုပြီး ဒေါ်စု၊ ဦးသိန်းစိန်တို့ကို ကန့်ကွက်တယ် အော်နေသူများလည်း ရှိပါတယ်။ ဒါ သူတို့အခွင့်အရေးပဲ။ ပြောခွင့်၊ရေးခွင့်ရှိပါတယ်။

ဆေးပညာနဲ့လူမှုရေးစာတမ်းများအရ အသက်၄၀ကျော်ရင် မိမိကိုယ်ကို သတ်သေလောက်အောင် မရူးသွတ်တော့ဘူးဆိုပဲ။ သူငယ်များပဲ သတ်သေကြတယ်။ လူငယ်များပဲ စစ်တိုက်ရဲလို့ အသက်၂၅နှစ်ကျော်ရင် စစ်သားသစ်မခေါ်တော့ဘူ။ ရယ်စရာပုံပြင်တခု အသက်၄၀ကျော် မြန်မာပြည်စစ်သားစုဆောင်းရေးမှာ စစ်သားလုပ်မယ်ဆိုပြီးသွားလျှောက်တော့ အသက်ကြီးလို့ လက်မခံဘူး။

ဒီလူကြီးက အရှက်ပြေ အော်ပြောခဲ့တာကတော့ "ငါက စစ်သားနေရာ လာလျှောက်တာမဟုတ်ဘူး၊ ဗိုလ်ချုပ်နေရာလာလျှောက်တာ..ကွ" .. ဆိုပဲ။ လူကြီးတွေက ဒီလိုပါပဲ။ တချို့လဲ မြန်မာပြည်က အဖြစ်အပျက်ကြီးတခု ဥပမာ သံယာ့သပိတ်ကြီး ဖြစ်လာတာ ငါနောက်ကွယ်က ဒီလိုလုပ်လိုက်လို့ကွ နဲ့ ပြောပြီး ကျေနပ်နေသူများလည်း ရှိပါတယ်။ အဆုံးပြောရရင် လူဆိုတာ အားလုံးအရူးတွေချည်းပါပဲ။ ကိုယ်ဇနီး၊သားသမီးများနဲ့ ပြသနာကြီးများကြုံရင် ခပ်ပေါပေါ၊ ရူနှမ်းသလို လုပ်ပစ်လိုက်ရင်း ပြသနာကို ပိုကြီးမလာအောင် လုပ်ရတာမျိုးလဲရှိပါတယ်။

မြန်မာပြည်မှာလည်း အာဏာရှင်စနစ်လိုဖြစ်လာလို့ ၀န်ကြီးချုပ်ဦးနုက ၁၀နှစ် ၀န်ကြီးချုပ်လုပ်ပြီးချိန် အေးအေးဆေးဆေး စာပဲရေးတော့မယ်။ ၀န်ကြီးချုပ်ကိုတော့ သူ့လူ ဦးတင်ကို လုပ်ခိုင်းတယ်။ ဦးကျော်ငြိမ်းက အာဏာထက်ပြီး၊ စစ်တပ်နဲ့မတည့်တော့ သူ့ကို ဖ.ဆ.ဖ.လ ပါတီဥက္ကဌလုပ်ခိုင်းတယ်။ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းက လက်ခံပေမဲ့ ကိုကြီးနုပြောတာလက်ခံပါတယ် လို့ပြောခဲ့တယ်။

ဦးနုလည်း တရားဝင်စာထွက်ပြီး သူ့မြို့ကို ပြန်၊ အေးအေးပဲနေတယ်။ အာဏာလွဲမှု အဆင်ချောပြီ ထင်တုန်း .. ဦးနုဆီသတင်းတွေရောက်လာတယ်။ ဦးကျော်ငြိမ်းက ဦးနုလုပ်ထားတာတွေကို ပြင်ဆင်ဖို့လုပ်နေပြီ ..ဆိုတော့ ဦးနုက ငါဝန်ကြီးချုပ်ပြန်လုပ်တယ်ကွာ ..ဆိုပြီး ရန်ကုန်ပြန်လာတယ်။ ဒီတော့ ဦးကျော်ငြိမ်းက အစ်ကိုကြီးနုက လုပ်ဆိုလို့ ကျွန်တော်တို့လုပ်ရတာပဲ။ ၀န်ကြီးချုပ်ပြန်လုပ်မယ်ဆိုလဲ .. ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး..လို့ အစည်းအဝေးမှာ မျက်ရည်ရွှဲပြီး ပြောခဲ့တယ်လို့ ဦးနုရဲ့ တာတေစနေသား စာအုပ်မှာ ဖတ်ဖူးပါတယ်။

ဝန်ကြီးချုပ်ဦးနုလည်း အာဏာရှင်လုပ်ခဲ့တာပါပဲ။ ဦးနုက အဲဒီတုန်းက ကျွန်တော်ခပ်တည်တည်နဲ့ မနေပဲ ဦးကျော်ငြိမ်းကို ခါတိုင်းလုပ်သလိုပဲ ..ခပ်ပေါပေါပဲ .. ရယ်စရာလုပ်ပစ်လိုက်ရင် ဖ.ဆ.ဖ.လ ၂ခြမ်းကွဲပြီး၊ ဦးနေ၀င်းအာဏာသိမ်းမှုမျိုး ဖြစ်လာချင်မှ ဖြစ်မယ် ..လို့ ရေးသားထားပါတယ်။ ဒါကြောင့် ပြသနာကြီးလာရင် ခပ်တည်တည်နဲ့အနိုင်ပိုင်းပစ်တာမျိုးထက် ရူးပေါပေါနဲ့အနိုင်ပိုင်းတာမျိုးက တခါတလေ ရှုံးနိုမ့်သူကို ဖြေသာပါတယ်။

မိမိကိုယ်ကို သတ်သေသူ လူငယ်များအကြောင်း ပြန်ဆက်ပါမယ်။ ကျွန်တော့် ဘ၀မှာ ငယ်စဉ်က ဘယ်တော့မှ ဆေးရုံကို ပက်လက်နဲ့မနေစေရဘူး လို့ ကြုံးဝါးပြောဆိုခဲ့ဖူးပါတယ်။ သူများကို လုံးဝဒုက္ခမပေးဘူး။ ပက်လက်နေပြီး သူများကို မှီခို၊ ငွေကုန်ရမဲ့ ဘ၀ရောက်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်..လို့လဲ ခံယူခဲ့ပါတယ်။ အသက်တွေ ၄၀ကျော်လာချိန်လည်း ဒီစိတ်ထားက မပြောင်းသေးပါဘူး။ ကိုယ်တိုင် သေမတတ် ဆေးရုံမှာပက်လက် ခံပြီးတဲ့နောက်ပိုင်းမှ စိတ်နေစိတ်ထားပြောင်းသွားပါတယ်။

ဒါမှမပြောင်းလဲသေးရင် လူငရဲနဲ့တမလွန်ငရဲ ၂ခုက ကျွန်တော့ကို စောင့်ကြိုနေမှာ သေချာပါတယ်။ အဲဒီတုန်းက သားသမိးမကောင်းရင် အမွေပြက်ပဲ။ ခြေမမကောင်းရင် ခြေမကို ဖြတ်ပစ်ရမယ် ..ဆိုတဲ့ စိတ်ဓါတ်နဲ့ မိသားစု၊ အလုပ်အကိုင်မှာ ကျင့်သုံးခဲ့တဲ့အတွက် ဘ၀အောင်မြင်မှု ရသင့်သလောက် မရခဲ့ပါ။ နောက်ဆုံး မိမိကိုယ်တိုင် ပက်လက်နဲ့ ဘာမှမလုပ်နိုင်ပဲ ဆေးရုံကိုရောက်ခဲ့ပါတယ်။ အရမ်းနောင်တရခဲ့ပါတယ်။ ဆေးရုံမရောက်ခင် မြန်မာဆေးခန်းတခုက မြန်မာဆရာဝန်တစ်ဦးထံ အရင်ပြကြည့်ခဲ့ပါတယ်။ မိမိကျန်းမာချိန်မှာတော့ မြန်မာစကားနဲ့ ကိုယ့်ကျန်းမာရေးအတွက် မြန်မာဆရာဝန်ဆီ ဈေးကြီးကြီးပေးပြီး သွားပြသူများကို အားပျော့သူများလို့ ဝေဖန်ခဲ့ပါတယ်။ စင်ကာပူမှာ ဈေးချိုတဲ့ ပေါ်လီကလင်းနစ် (သို့မဟုတ်) အင်္ဂလိပ်စကားပြောဆေးခန်း များစွာရှိတာပဲ ..လို့ ဝေဖန်ခဲ့ပါတယ်။ တကယ် မိမိကိုယ်တိုင် အကြီးကျယ်နာမကျန်းဖြစ်တဲ့အခါ စင်ကာပူက ဆရာဝန်များ၊ အထူးကုများ၊ အစိုးရဆေးရုံကြီးများကို အားကိုးပြီး ငွေကုန်ခံ ပြသခဲ့ပါတယ်။ မသက်သာတော့ မြန်မာဆရာဝန်ဆီပဲ ပြေးရတယ်။

ဟုတ်ပါတယ်။ မြန်မာလို ကိုယ့်ပြသနာ၊ကျန်းမာရေးကို ဆရာဝန်ဆီ မြန်မာစကားနဲ့ပဲ ပြောပြရတော့ စိတ်သက်သာရပါတယ်။ အဲဒီ မြန်မာဆရာဝန် ကျွန်တော့ကို အားဆေးများသွင်းပါတယ်။ အခြားတဖက် ၂ခန်းမှာလည်း ပိုလီကျောင်းသူ၂ယောက် စာမေးပွဲဖြေဖို့ အားနည်းတာနဲ့ အားဆေးသွင်းနေရတယ်လို့ ပြောပါတယ်။ ကျွန်တော် နောက်နေ့ ဒီ မြန်မာဆရာဝန်ဆီပြန်လာပြတော့ အလှုငွေကောက်ပါတယ်။

မနေ့က အားဆေးလာသွင်းတဲ့ ပိုလီကျောင်းသူလေးတစ်ယောက် အိမ်ပြန်သွားပြီး တိုက်ပေါ်က ခုန်ချသေသွားပြီး၊ ဆူဆိုက်ဆိုတော့ အင်ရှုရင့်အသက်အာမခံမရဘူး။ သူ့အတွက် အလှုခံနေတာ ဆိုလို့ အလှုငွေထည့်လိုက်ရတယ်။

မိတ်ဆွေတဥိး၊ လူငယ်တယောက်ကပြောတယ်။ စင်ကာပူမှာ ပေါ်လီဒီပလိုမာကို အထင်ကြီးပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်က တ၀က်တပျက်ထွက်လာတယ်။ ပေါ်လီကျောင်းပြီးအလုပ်လုပ်မှပဲ အဆင့်ပိုမြင့်ဖို့ ဒီဂရီတက်ရမယ်ဆုံးဖြတ်တယ်။ သြစတြေးလျှားမှာ ကျောင်းလျှောက်တော့ အိုကေတယ်။ ရန်ကုန်က ဖခင်ဖြစ်သူကလဲ အားပေးတယ်။ ရုတ်ရက် ဖခင်ရန်ကုန်မှ ဆုံးသွားတော့ အားကိုးရမဲ့ မြင့်မိုလ်တောင်ကြီး ပြိုသွားရှာတယ်။ ဒီကောင်က အခန်းဖေါ်တွေကို ဒါး စားပွဲပေါ်စိုက်ထားရင်း ဘုတောနေတယ်။ အခန်းဖေါ်တွေ မနေရဲလို့ အပြင်ထွက်နေရတယ် ..ဆိုတာကြားရတယ်။

စိတ်ညစ်ပြီး သေချင်တယ်ဆိုပဲ။ ခရစ်ယန်ဓမ္မ ဆရာတစ်ယောက်ကို အကူညီတောင်းလို့ ခရစ်ယန်မဟုတ်သော်လည်း မေတ္တာလိုအပ်တာဖြစ်မယ်ဆိုပြီး သွားစကားပြောတယ်။ လက်ခံပြောဆိုပြီး တနာရီကြာတဲ့အချိန် အပြန်အလှန်ပြောလို့ ရင်းနှီးလာတယ်။ နောက် လူငယ်ကပြောတယ်။ ဆရာ .. ကျွန်တော့ ဆရာကို ဖက်ထားချင်တယ်။ ဒါမှ ကျွန်တော့်စိတ်တွေ ပိုပြီးငြိမ်းချမ်းမယ်လို့ထင်ပါတယ် ..ဆိုတော့ ဆရာက ..ရပါတယ်ပြောပြီး ဆရာကို ဖက်ထားတယ်။

ဆရာလည်း အလိုက်သင့် ကိုယ့်သားလိုသဘောထားပြီး ပြန်ဖက်ပေးထားတာပေါ့။ ၅မိန်ကြာတဲ့အချိန် လူငယ်က ဆရာ ကျွန်တော်မရတော့ဘူး.. ကိုင်တော့မယ်နော် ဆိုပြီး သူ့လက်က ဆရာပေါင်ပေါ်ရောက်လာလို့ ခရစ်ယန်ဆရာလဲ အမြန်ပြန်ပြေးလာရတယ်။ နောက်မကြာပါဘူး။ ဒီလူငယ်လဲ တိုက်ပေါ်က ခုန်ချသေသွားရှာပါတယ်။

ရုံးမှာလည်း သူငယ်ချင်းကိုအောင်က ဖုန်းဆက်ပြီး သူငယ်ချင်းရဲ့သားဖြစ်သူ ၁၉နှစ်အရွယ်တစ်ဦး တိုက်ပေါ်က ခုန်ချသေသွားတယ်ပြောပြတယ်။ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း မြိုပြအင်ဂျင်နီယာတဦးရဲ့သားပါ။ မိဘကလည်း စင်ကာပူမှာ အလုပ်ထဲမှာပဲအချိန်ကုန်၊ သားက ကိုယ့်တူ၊သားသမီးများကို အချိန်မပေးနိုင်၊ သင်္ကြန်အကတိုက်နေတဲ့ သူ့ရီးစား မြန်မာမိန်းကလေးကို နင့်ကိုခဏစကားပြောဖို့ခေါ်တာ၊ မထွက်ရင် တိုက်ပေါ်က ခုန်ချလိုက်မယ် ပြောတာ ..မိန်းကလေးက ငါအကတိုက်တာအရေးကြီးတယ်။

ပြီးမှပြောကြတာပဲ။ မစေါင့်နိုင်ရင်လဲ ခုန်ချချင်ခုန်ချပေါ့ ..ပြောလိုက်တာ အားလုံးရှေ့မှာ တကယ်ပဲခုန်ချ သေသွားပါတယ်။ ဒီသတင်းကြားတာနဲ့ ကျွန်တော့သား ၁၉နှစ်သား ပိုလီစာမေးပွဲဝင်ခွင့်မရသူ၊ ရီးစားနဲ့ပြသနာဖြစ်နေသူ၊ ငွေရှိမှဘ၀အဆင်ပြေမယ်ထင်သူကို ချက်ချင်းသတိရတယ်။ ဖုန်းလှမ်းဆက်တော့ သားဖြစ်သူက ဖုန်းကိုင်တယ်။ တော်သေးတာပေါ့..ငါ့သားအသက်ရှင်သေးတယ် ..ဆိုပြီး အလုံးကြီးကျသွားခဲ့ပါတယ်။ ကိုယ့်ကိစ္စပဲ သတိရ၊ ..ဒီလိုပါပဲ..။

သေကြောင်းကြံတာတောင် လူတွေက အမှတ်တရဖြစ်ကျန်ရစ် စေချင်တယ်။ ဆန်ဖရန်စစ္စကို ဂိုးဒင်းဂိတ်တံတားကြီးပေါ်က ခုန်ချသေသူ နှစ်စဉ်အများကြီးဆိုပဲ။ ဂျပန်မှာတော့ အမြန်ရထားရှေ့ ခုန်ချသေကြတယ်။ စင်ကာပူ ကတော့ တိုက်အမြင့်ကြီးပေါ်က ခုန်ချသေကြတယ်။

အခု ဂျပန်လို လူဦးရေတအားကျပ်လာတော့ ရထားလာတုန်း အကြိတ်ခံခုန်ချသေ သူများ ပေါ်လာလို့ စင်ကာပူရထား ဘူတာတွေမှာ နံရံကာထားတယ်။ ခုန်ချချင်ရင် နံရံပေါ်အရင်တက်ပြီမှ ခုန်ချရမှာဆိုတော့ နဲနဲခက်သွားတာပေါ့။ ရိုးရာနည်းလမ်းကတော့ အိပ်ဆေး၊ အဆိပ်သောက်သေခြင်းပါပဲ။

မိမိကိုယ်ကို သတ်သေခြင်းဟာ အလွန်ဆိုးဝါးတဲ့ ရာဇ၀တ်မှုကြီးဖြစ်သလို၊ အသက်အာမခံလဲမရပါဘူ။ ဘာသာတရားအားဖြင့်လဲ ဗုဒ္ဓဘာသာဆို အပယ်ငရဲကို ဘ၀အဆက်ဆက် မလွတ်နိုင်သလို၊ ခရစ်ယန်များမှာလည်း ငရဲကျမဲ့လူလို့ သတ်မှတ်ထားပါတယ်။ ဘာသာတရားတွေမှာ ဘုရားအတွက် အသေခံခြင်းဆိုတာ ရှိပေမဲ့ ၊ ဘုရားအတွက် သူများကို လိုက်သတ်ခြင်းဟာ ကြပ်တည်းစွာတာမြစ်ထားပါတယ်။ သို့သော် လူဗီဇအရ မွေးကတည်းက အတိုက်အခိုက်ဝါသနာပါသူလူသားများကတော့ ဘာသာရေးခုတုန်းလုပ်ပြီး တိုက်ခိုက်နေဦးမှာ ခန္တာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ပါ။

အလွန်ဘုရားတရားနဲ့နေထိုင်တဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ သူယောက္ခမကြီးက အမေရိကားကပြန်လာပြီး၊ စင်ကာပူမှာ သူ့မိသားစုအပေါ်အရမ်းစိတ်နာနေချိန်မှာ သားမတ်၊သမီးများက လိုလေသေးမရှိ စင်ကာပူမှာ စောင့်လျှောက်ပါတယ်။ စိတ်ရူးပေါက်လာချိန်မှာ အသက်၇၀ကျော်အရွယ်က တိုက်ပေါ်က ခုန်ချသေသွားလို့ စိတ်ကောင်းရှိတဲ့ မိဆွေ (အဖွားကြီးရဲ့သာမက်) က ဗုဒ္ဓဘာသာဝင်တစ်ဦးအတိုင်း ကိုယ်ဘယ်လောက် ကောင်းတာလုပ်ပေမဲ့ -၀တ်ကြွေးရှိတော့ သူ့အိမ်မှ ဒါမျိုးလာဖြစ်ရတယ်.. စိတ်မကောင်းကြီးစွာ ရင်ဖွင့်ပါတယ်။

နောက်ဆုံးတော့ အသက်၄၀ကျော်လာချိန်မှာ ကျွန်တော်လည်း ဘုရားကိုပဲ အားကိုးလာပါတယ်။ ခရစ်ယန်တစ်ဦးဖြစ်တော့ ပုံသက်သေကောင်းကောင်းပြဖို့ကို ဦးစားပေးပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို သူများကို နားမချချင်ပါဘူး။ အရေးကြိးဆုံးကတော့ မေတ္တာတရားပါပဲ။ ဘာသာတိုင်း၊ လူသားတိုင်း မေတ္တာလိုချင်ပါတယ်။ ကိုယ်တိုင်လဲ မေတ္တာပြချင်ပါတယ်။

မေတ္တာတရားကို ပြောရုံနဲ့ မရပါဘူး။ ကိုယ်တိုင် စတင်ပြသ၊ လက်တွေ့ကျင့်သုံးမှဖြစ်မယ်ဆိုတော့ ကိုယ့်သားသမီး၊ ဇနီးသည်နဲ့ မေတ္တာကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါတယ်။ တကယ်မလွယ်လှပါဘူး။ အထူးသဖြင့် အရင်က အိမ်ထောင်ဦးစီး၊ ငါက အဓိကငွေရှာသူပဲ ဆိုတဲ့ ငါ အာဏာရှင်စိတ်ထားကို မြန်မာစစ်အာဏာရှင်လက်အောက်က ကြီးပြင်းလာတဲ့ ကျွန်တော့ရဲ့ အားနည်းချက်ပဲ။ မိဘ၊ခင်ပွန်း။သားသမီးများကိုတောင် မေတ္တာပြဖို့ မလွယ်ပေမဲ့ တဖြေးဖြေးတော့ သာ၍မြင့်သောနေရာကို ရောက်လာမှာပါ။

ဓမ္မဆရာတစ်ဦး ဆရာစံတိုးက ပြောတယ်။ လူမှာ ဗီဇဆိုတဲ့ အတ္တစိတ်ရှိတယ်။ အဲဒီစိတ်ဟာ တခါတခါ လွတ်ထွက်လာရင် စက္ကန့်ပိုင်းအတွင်း ဆဲဆို၊ အပြစ်တင်မှု၊ ရိုက်နှက်ထိုးကြိတ်မှု၊ ကားတိုက်မှု၊ နောက်ဆုံး လူသတ်မှုတွေ ဖြစ်သွား တတ်တယ်။ ရာဇ၀တ်မှုအများစုဟာ တဒင်္ဂ ဒေါသစိတ်နဲ့ဆုံးဖြက်လုပ်ကိုင်မှုကြောင့်ဖြစ်ပါတယ်။ ဆရာစံတိုးက တရားဟောတော့ အသက်၇၀ကျော် လူကြီးက အိမ်း.. လူငယ်တွေတော့ ဒေါသစိတ်ရှိမှာပဲ၊ ငါကတော့ အသက်ကြီးပြီဆိုတော့ ဒေါသစိတ်မရှိတော့ပါဘူး.. လို့ တရားပွဲမှာ ပြောတေယ်။ ဆရာစံတိုးက အသက်ကြီးလဲ ဒေါသစိတ်ရှိပါတယ်..

ပြန်ပြောတယ်။ ဒီလိုနဲ့ ရှိတယ်၊ မရှိဘူး ၃၊ ၄ခါလောက် ငြင်းခုန်ရာက လူကြီးဒေါသနဲ့ အော်ဟစ်ပြောဆိုလာတယ်။ ဒီတော့မှ ဆရာစံတိုးက ကဲ ဦးလေး..ဒေါသဖြစ်လာပြီးမဟုတ်လား.. ရှိပါတယ်.. ဆိုနေမှပဲလို့ ပြောတော့ အဖိုးကြီးက ဒေါသနဲ့ မင်းကငါ့ကိုဒေါသထွက်အောင်လုပ်တာကိုး... လို့ပြောရင်း စိတ်လျှော့လိုက်တယ်။ ပြီးတော့ အရှက်ပြေပြောလိုက်သေးတယ် ... နောက်ဆို ငါ့ကိုဒေါသထွက်အောင်တိုင်း ဒေါသမထွက်တော့ပါဘူး.. ဆိုပဲ။

စိတ်နေစိတ်ထား ပြောင်းလဲဖို့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့၊ အတိုက်အခံခေါင်းဆောင်များ မေတ္တာစိတ်၊ မြန်မာနိုင်ငံသား စစ်မှန်တဲ့မျိုးချစ်စိတ်နဲ့ ကြိုးစား၊ ပြုပြင်ပြောင်းလဲနေပါတယ်။ သူတို့ကိုလည်း ဝေဖန်နိုင်ပါတယ်။

ဒေါသစိတ်၊ နာကျည်းစိတ်၊ မနာလိုစိတ်များ မထားဖို့ ပြောချင်ပေမဲ့၊ ဆေးလိပ်လက်ကြားကမချပဲ ..ငါ့တူ၊ ဆေးလိပ်မသောက်နဲ့၊မကောင်းဘူးကွ၊ ငါကတော့ရှိပါစေ....ဆိုပြီး မပြောချင်ပါဘူး။ ဒါကြောင့် Action Speaks Louder than Word .. အင်္ဂလိပ်ဆိုစကားအတိုင်း ကိုယ်တိုင်ပဲ အကျင့်စရိုတ်၊ စိတ်နေစိတ်ထား ပြောင်းဖို့ လုပ်ရပါတယ်။

ကျွန်တော့မိသားစု အိမ်ထောင် အတွင်းမှာပဲ စိတ်နေစိတ်ထား စတင်ပြုပြင်ပြောင်းလဲဖို့၊ မေတ္တာတရားကို ဘယ်လိုကျင့်သုံးရမလဲ။

ဇော်အောင် (မုံရွာ)
၂၃-အောက်တိုဘာ-၂၀၁၁

Source by :http://myanmarinsingapore.com/

Thursday, December 1, 2011

စင်္ကာပူကို မလာခင် သိထားရမည့် အချက်များ



မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။

ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။

ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊

အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။

အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။

အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင့် လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများ လက်အောက်တွင် အလုပ်လုပ်သော အခါမှ ဘ၀ ကို စတင်ရင်ဆိုင် ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။

Source by :**အိုင်တီမောင်မောင်**
http://jacbaburma.blogspot.com

Saturday, November 19, 2011

မြန်မာများ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ



၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့် မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင် ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။

အကြောင်းမှာ စင်ကာပူအစိုးရ၏ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲများကြောင့် အစိုးရကျောင်းဆင်းများသည်ပင် စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိရန်ပိုမို ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်ဆို Spass နဲ့ စင်ကာပူမှာနေတာ သုံးနှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့နှစ်က PR ရလိုရငြားလျှောက် ခဲ့တယ်။ ပယ်ချခံခဲ့ရတယ်” ဟု စင်ကာပူရှိ ဘွန်လေးတွင် နေထိုင်သည့် မြန်မာအင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

PR ကိုတော့ မလျှောက်ဖြစ်ဘူး။ အခုအချိန်မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင်ရတာတွေက အစ နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် PR မလျှောက်ဘူး . . .

“အခုအချိန်မှာ PR လျှောက်တဲ့ နိုင်ငံသားတိုင်းကို အရေအတွက်ပေါ် မူတည်ပြီး ထိန်းချုပ်မှု၊ ကန့်သတ်မှု အမြောက်အမြား လုပ်ခဲ့တယ်။ စင်ကာပူ သတင်းစာတွေထဲမှာလည်း အမြောက်အမြား ဖော်ပြထားပြီးခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက် ကတည်းက PR ပေးတာတွေ လျှော့ချခဲ့ကြတယ်။ အစိုးရကျောင်း ပြီးထားတဲ့သူတွေထဲမှာတောင် အခုအချိန်မှာ PR လျှောက်ထားရင် အရမ်းကိုကန့်သတ်ချက် များနေပါသေးတယ်။ ဒါပေမယ့် အစိုးရကျောင်းတက်ပြီး လို့ ဘွဲ့ရတဲ့အခါ သုံးနှစ်စာချုပ်နဲ့ စင်ကာပူမှာ အလုပ်ပြန်လုပ်ပြီးရင် သူ့ရဲ့အရည်အသွေး၊ လုပ်ဆောင်ချက်ပေါ် မူတည်ကာ PR လျှောက်ထားမှု ပြုနိုင်ကြတယ်”ဟု အစိုးရတက္ကသိုလ် SMU ၏ Assistant Director Mr. Andrew Low Kim Khoon က ရှင်းပြခဲ့သည်။

ထို့ပြင် အချို့မှာလည်း နေထိုင်ခွင့်အမျိုးအစားနှင့် လစာကောင်း ရရှိထားမှုပေါ် မူတည်ကာ စင်ကာပူ PR ကို လျှောက်ထားခြင်း မပြုသူများလည်း ရှိနေကြသည်။

“ကျွန်မဆို ဒီက အစိုးရတက္ကသိုလ်ကြီး တစ်ခုမှာတက်ပြီး အခု ပရောဂျက်တစ်ခု စ၀င်နေပြီ။ PR ကို တော့ မလျှောက်ဖြစ်ဘူး။ အခုအချိန် မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင် ရတာတွေကအစ နည်းနည်းမြင့်တယ်။ ဒါကြောင့် PR မလျှောက်ဘူး”ဟု NTU တွင် မာစတာပြီးထားသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ စင်ကာပူရှိ ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ ကောက်နုတ်ချက်များ အရ နောင်တွင် စင်ကာပူကျောင်း တက်ရောက်မည့် အလယ်တန်းအဆင့် မြန်မာအပါအ၀င် နိုင်ငံစုံမှလူငယ်များမှာ စင်ကာပူအစိုးရ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေထိုင်မည်ဆိုပါက နိုင်ငံသားအဖြစ် ခံယူခွင့်ကိုလည်း တိုးမြင့်ကူညီသွားမည်ဖြစ်ကြောင်းကို MSI ပညာရေးဝန်ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာက ဖော်ပြထားခဲ့သည်။

မြန်မာကျောင်းသားများ စင်ကာပူ PR အား ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ လွယ်ကူစွာ လျှောက်ထားရ ရှိခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရများမှာ စင်ကာပူတွင် အလုပ်ရရပြီး S passဖြင့် နေထိုင်ကာ PR လျှောက်ခြင်း၊ ပေါ်လီတက်ရောက်ပြီးသူများမှ PR လျှောက်ခြင်းများကို အများဆုံး ပြုလုပ်ခဲ့ကြသည်။

စင်ကာပူတွင် ဇွန်လကုန် လူဦးရေစာရင်း ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံသား ဦးရေ ၃ ဒသမ ၇၉ သန်း၊ နိုင်ငံခြားသား ၁ ဒသမ ၃၉ သန်းရှိပြီး ယင်းတို့ထဲမှ ၃ ဒသမ ၂၆ သန်းမှာ စင်ကာပူ နိုင်ငံသားများ ဖြစ်ပြီး ကျန်သည့် ၀ ဒသမ ၅၃ ဦးရေမှာ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့်လူများ ဖြစ်ကြောင်း ကောက်နုတ်ချက်အချို့ကို Myanmar Search International ပညာရေး ၀န်ဆောင်မှုမှ သိရှိရပါသည်။

Source by :http://first-11.com