Showing posts with label စီးပွားရေး သတင်း. Show all posts
Showing posts with label စီးပွားရေး သတင်း. Show all posts

Wednesday, June 15, 2011

အမေရိကန်ဒေါ်လာဈေး ကျပ် ၇၄၀ အထိ ကျဆင်းလာ

6375

၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာဈေးများ ဆက်တိုက် ကျဆင်းလာရာမှာ ဇွန်လ ၁၁ ရက် နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၄၀ အထိ ကျဆင်းလာခဲ့ကြောင်း သတင်းရရှိသည်။

“ဒီလထဲမှာ အမေရိကန်ဒေါ်လာ ဈေးတွေ ဆက်တိုက်ဆိုသလိုပဲ ကျလာတယ်။ အဲလိုကျတဲ့အချိန်မှာပဲ ကျပ် ၇၅၀ အထိကျမယ်၊ ကျပ် ၇၀၀ အထိကျမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာတယ်။ တချို့ကတော့ exchange rate တစ်ခုခုနဲ့ သတ်မှတ်ပြီးတော့ နှုန်းရှင်ထားနိုင်တယ်ဆိုတဲ့ အသံမျိုးတွေလည်း ထွက်တယ်။ သက်ဆိုင်ရာဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန် ကြေညာတာမျိုးလည်း မတွေ့ရပါဘူး။ တစ်ရက်တစ်ခြား ထိုးကျလာတာက Demand မရှိလို့လည်း ဖြစ်နိုင်သလို ကောလာဟလကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

“အခုလက်ရှိ ကျဆင်းနေတဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းက ၂၀၀၄ခုနှစ်က ဈေးနှုန်းထက်တောင် နိမ့်ကျနေတယ်။ အဲဒီတုန်းကရွှေဈေးက ကျပ်နှစ်သိန်းဝန်းကျင်ပဲ ရှိတယ်။ အခု ရွှေဈေးက ကျပ်ခြောက်သိန်း အထက်မှာရှိတယ်။ အခုဈေးနဲ့နှိုင်းယှဉ်လိုက်ရင် ဒေါ်လာဈေးက သိသိသာသာကြီးကို ကျနေတာပါ။ ပို့ကုန် လုပ်ငန်းတွေအတွက်တော့ ထိခိုက်နေပါတယ်”ဟု ပြည်ပသို့ဆန်တင်ပို့နေသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ငွေကြေးဈေးကွက်ရှိ ပေါက်ဈေးများမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၅၀ နှင့် ကျပ် ၇၆၀ ကြား၊ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၆၆၅ ကျပ် နှင့် ကျပ် ၆၇၀ ကြား၊ ပြည်ပပို့ကုန်မှ ရငွေ(earning) ဈေးမှာ ၇၈၃ ကျပ်နှင့် ၇၈၅ ကျပ်ကြားရှိကြောင်းသိရသည်။

အစဉ်အလာအားဖြင့် ဈေးမာခဲ့သော အမေရိကန်ဒေါ်လာဈေးမှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ တဖြည်းဖြည်းလျော့ဆင်းခဲ့ကြောင်း နှင့် ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းတွင် ကျပ် ၁၀၀၀ လောက်ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ရာမှထပ်မံကျဆင်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလတွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ အောက်သို့ထိုးဆင်းခဲ့ကာ ပြည်ပပို့ကုန်မှရငွေ မှာလည်း ၈၀၅ ကျပ်နှင့် ၈၁၅ ကျပ် ကြားတွင်သာရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာဈေးကျဆင်းမှုကို ၂၀၁၀ ပြည့်နှစ်အတွင်း ၀င်ရောက်လာသော ပြည်ပရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက်သကဲ့သို့ ဈေးကွက်အတွင်းသို့ အကြောင်းတရားအမျိုးမျိုးဖြင့် ၀င်ရောက်လာသော hot money များကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အလားတူပင် အိမ်ခြံမြေဈေးကွက်အတွင်းမှ တစ်ဆင့် ၀င်ငွေရလမ်း ၀င်ရောက်လာသော ငွေများကြောင့်လည်း သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ကြသည်။

“ဒါကို ဘယ်သူမှအတိအကျ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ ထင်ကြေးမျိုးပေးနေ ကြတာပါ။ အမှန်က အ၀င်များနေလို့ဖြစ်တဲ့သဘောပါ။ နောက်ဆုံးတော့ ဒေါ်လာဈေးကျတော့ ပြည်ပပို့ ကုန်တင်ပို့သူနဲ့ တကယ်ထုတ်လုပ်သူတွေ ထိခိုက်တာတော့ အမှန်ပဲ” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောပြခဲ့သည်။

၂၀၁၀ ပြည့်နှစ် Economic and Social Commission for Asia and the Pacific (ESCAP) မှ ထုတ်ပြန် ထားသောစာတမ်းများ အရ Asia Pacific Region အတွင်း hot money များဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်မူ ငွေကြေးဈေးကွက် မရှိသည့်အတွက် သက်ရောက်မှု သိပ်မရှိနိုင်ဟူသော သုံးသပ်ချက်များ ရှိသကဲ့သို့ အခြားနည်းလမ်းဖြင့် ဥပမာ ရင်းနှီးမြှုပ်နှံမှု ပုံစံအားဖြင့်လည်းကောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့် ချိတ်ဆက်၍လည်းကောင်း ၀င်ရောက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

http://www.weeklyeleven.com/

Wednesday, September 8, 2010

ငါးသိန်းတန်ဖုန်း CDMA 800 MHz များတွင် 3G စနစ်ဖြင့် အင်တာနက် ၀န်ဆောင်မှုပေးမည်။



ငါးသိန်းတန်ဖုန်းများတွင် 3G စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

ငါးသိန်းဖုန်းများတွင် voice only သာရရှိနေရာမှ Data Service အနေဖြင့် အင်တာနက်ရရှိရန် ၀န်ဆောင်မှုပေးခြင်းကို ယခုနှစ်ကုန် မတိုင်မီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ငါးသိန်းဖုန်းမှာ Internet access ပေးနိုင်ဖို့အတွက် 2.5G က နေ3G အထိ တိုးမြှင့်မှာပါ။ သိပ်မကြာခင်မှာ ၀န်ဆောင်မှုပေးသွားနိုင် ပါမယ်" ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။

ငါးသိန်းဖုန်းများတွင် အင်တာနက် ၀န်ဆောင်မှုကို စတင်ပေးချိန်တွင် အရေအတွက် ကန့်သတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လုံးရေ လေးသောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် လုံးရေတစ်သောင်းအထိ သာ ၀န်ဆောင်မှုပေးသွားရန်ရှိပြီး ၀န်ဆောင်မှုရယူလိုသူသည် လျှောက်လွှာစနစ်ဖြင့် လျှောက်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။


"အင်တာနက်ဝန်ဆောင်မှုကို စပေးချိန်မှာတော့ လုံးရေအကန့် အသတ်ရှိပါတယ်။ အင်တာနက် သုံးတဲ့ဟန်းဆက်ကလည်း CDMA 800 WML သုံး 3G စနစ်ပါတဲ့ ဟန်းဆက်အမျိုးအစား ဖြစ်ရပါမယ်။ အင် တာနက်ဝန်ဆောင်မှုပေးထားတဲ့ RUM ကတ်ထည့်ပြီးကွန်ပျူတာနဲ့ လည်း သုံးနိုင်ပါမယ်။ ပြောရရင် Mobile tele ကတစ်ဆင့်ပေးမယ့် အင်တာနက်ဝန်ဆောင်မှုပါ"ဟု ၎င်း က ထပ်မံရှင်းပြခဲ့သည်။

3G Internet Service ၀န်ဆောင်မှုပေးခြင်းအတွက် ကောက်ခံမည့် နှုန်းထားမှာလည်း Voice အတွက် ကောက်ခံသည့်နှုန်းထားနှင့် တူညီမည်မဟုတ်ဘဲ နှုန်းထားတစ်မျိုး ပြောင်းလဲမည် ဖြစ်ကြောင်းလည်း သိရသည်။

http://www.news-eleven.com

Saturday, July 3, 2010

ပုဂ္ဂလိကစက်သုံးဆီဆိုင်များ စရောင်းပြီ

ိုင်ငံတော်ပိုင် စက်သုံးဆီအရောင်းဆိုင်များကို လေလံဆွဲလွှဲပြောင်းလုပ်ကိုင်သည့် ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ယနေ့မှစ၍ စတင်ရောင်းချနေပြီဟု စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။ စက်သုံးဆီ ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို ယခင်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။ စက်သုံးဆီ ဓာတ်ဆီတစ်ဂါလန်လျှင် ၂၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။



ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များဖြစ်သွားခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးအပြောင်းအလဲပေါ်မူတည်၍ ပြည်တွင်းရှိ အရောင်းဈေးနှုန်းများ ပြောင်းလဲခြင်းရှိမည်ကို ၀ယ်ယူသူများက စိုးရိမ်နေကြသည်ဟု စက်သုံးဆီဝယ်ယူသုံးစွဲသူများထံမှ သိရသည်။ “ဆိုင်တွေက ၀န်ဆောင်မှုဆိုပြီး ကောင်မလေးတွေရော၊ ကောင်လေးတွေရော အများကြီးပဲ ခန့်ထားကြတာ၊ ကျွန်တော်တို့ကတော့မြင်နေကျမဟုတ်တော့ မျက်လုံးထဲမှာ လူတွေအများကြီးရှုပ်နေသလို ထင်ရတယ်။ အဓိက ကတော့ ဈေးနှုန်းပါပဲ။ ဈေးနှုန်းအ ပြောင်းအလဲရှိမှာကိုပဲ စိတ်ပူရတာ” ဟု ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။ “ပုဂ္ဂလိကဆိုင်တွေဖြစ်သွားတဲ့အတွက် ဆိုင်ကတော့ ကိုယ်ကြိုက်တဲ့နေရာမှာထည့်လို့ရသွားတယ်။ နီးတဲ့ဆိုင်၊ ကိုယ်နဲ့ အဆင် ပြေတဲ့ဆိုင် နောက်ပြီး အချိန်အတွယ်မှန်တဲ့ဆိုင်မှာပဲ ထည့်ဖြစ်မယ်ထင်တယ်” အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ယခင်ဝန်ထမ်းများထဲမှ တချို့က ပုဂ္ဂလိကဆိုင်များတွင် အချိန်အကန့်အသတ်ဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများထံမှ သိရသည်။

Thursday, June 24, 2010

မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စထပ်မှ တတိယထပ် အထိကိုသာ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်မည်

မေလ ၂၄ ရက်တွင် မီးလောင်ခဲ့ရသော ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး ၏ ပဉ္စမထပ်(ခေါင်မိုးထပ်)မှ တတိယထပ်၏ ခေါင်မိုးအထိကိုသာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းအထပ်များကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စမထပ်မှ တတိထပ်၏ ခေါင်မိုး (စတုတ္ထထပ်၏ကြမ်းပြင်) အထိမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဈေးကြီး အား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်များ လာတော့မည်

နိုင်ငံတကာတွင် ကျယ်ပြန့်စွာသုံးစွဲလျက်ရှိသည့် e-bus ticket ခေါ် အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်စနစ်ကို ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ပါရမီနှင့် အဓိပတိယာဉ်လိုင်းများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုကားလက်မှတ်များအတွက် နည်းပညာပိုင်းပံ့ပိုးပေးမည့် အီးထရိတ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၃ ရက်တွင် ပြောကြားသည်။ ထိုစနစ်သည် ကြိုတင်ငွေ ထည့်သွင်းထားသော ယာဉ်စီးခကတ်ဖြစ်ပြီး ကတ်ကိုကားများတွင် တပ်ဆင်ထားသည့် စက်ရှေ့ ၁၀ စင်တီမီတာအကွာအဝေးတွင်ပြသပါက သတ်မှတ်ကားခကို အလိုအလျောက် နှုတ်ယူသွားမည့်စနစ်ဖြစ်သည်။ “ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေးနဲ့ ဆွေးနွေးပြီးသွားပါပြီ။

Monday, June 21, 2010

ငွေထုတ်ရလွယ်ပြီး အကန့်အသတ်မရှိထုတ်ယူနိုင်သည့် Online Smart Card လာပြီ

ရန်ကုန်၊ သက်တမ်းသုံးနှစ်အသုံးပြုနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၏ Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအား မြန်မာနိုင်ငံရှိ ဘဏ်ကြီးခုနစ်ဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
ယင်း Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ဘဏ် ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂)တို့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ထုတ်ပြန်ချက်များအရ သိရသည်။
Online Smart Card အသုံးပြုရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ စာရင်းရှင်စာရင်း(သို့) ငွေစုဘဏ်စာရင်းတစ်ခုခု ဖွင့်လှစ်ထားသူဖြစ်ရမည်ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ်ရခြင်းအတွက် အနည်းဆုံး ငွေသားဆယ်သိန်းဖြင့် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီးပါက Online Smart Card တစ်ခုနှင့် Online ငွေ မှတ်စာအုပ် Online Pass book စာအုပ်တို့ကို ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ငွေထုတ်ငွေသွင်းပြုရာတွင်လည်း Online Account တွင် ကျပ်သောင်းဂဏန်းအလီလီဖြင့် အကန့်အသတ်မရှိ ငွေ သွင်းငွေထုတ်ပြုလုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ Online Accountအသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများအတွက် ငွေလွှဲခတွင် တစ်ရာကျပ်လျှင် ဆယ်ပြားနှုန်း သုညဒသမတစ် ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

Thursday, June 3, 2010

ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုနှင့် ရုံတင်စနစ်

Share

၂၀၀၉ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှု အရေအတွက် သိသာစွာ မြင့်တက်လာခဲ့သည်။ ဆင်ဆာကျပြီး ပရိသတ်ရှေ့ချပြရန်တန်း စီစောင့်ဆိုင်းနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများမှာ ယခုရုံတင်စနစ် နှင့်တွက်ပါက ၂၀၁၁ ခုနှစ်အထိ ရောက်ရှိနေပြီး လက်ရှိရိုက်ကူးနေသော ဇာတ်ကားများသည်၂၀၁၂ခုနှစ် အတွက် ရည်ရွယ်ရိုက်ကူး နေခြင်းဖြစ်ကြောင်း ရုပ်ရှင်လောကသားများနှင့် တာဝန်ရှိသူများထံမှ သိရှိရသည်။

ရုပ်ရှင်တစ်ကား ကုန်ကျစရိတ်၊ စောင့်ဆိုင်းရမည့် အချိန်နှင့် အကျိုးအမြတ်


ယနေ့ခေတ် ရုပ်ရှင်ဇာတ်ကားတစ်ကား ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် ကျပ်သိန်းထောင် ဂဏန်းဝန်းကျင်ရှိပြီး ရင်းနှီးထား သည့် ငွေကြေးပြန်လည်ရရှိရန် အချိန်တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းရမည်ဟု သိရသည်။ ယင်းသို့ သိန်းတစ်ထောင်ဝန်းကျင်ကို တစ်နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံထားသော်လည်း ပြန်လည်ရရှိမည့် အကျိုးအမြတ်ကိုမူ တွက်ဆရန် ခက်ခဲကြောင်း ရုပ်ရှင် လောကသားများက ဆိုပါသည်။
''လက်ရှိရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားသစ်က ၂၀၁၂ ခုနှစ်ကျမှ ရုံတင်ခွင့်ရမယ့် ဇာတ်ကားတွေပါ။ ဒါကြောင့် ၂၀၁၀ မှာရိုက်တာ ဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်မှာ ပရိသတ်အကြိုက်က ဘယ်လိုရှိနိုင်လဲ၊ ဘယ်လိုပုံစံရိုက်ရင် အဲဒီအချိန်နဲ့ အံဝင်ခွင်ကျဖြစ်မလဲ စတဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ ရုပ်ရှင်ဈေးကွက် အနေအထားကို တွက်ဆပြီး ရိုက်နေရတယ်။ အဲဒီတွက်ကိန်းမှားခဲ့ရင် သိန်းတစ်ထောင် ၀န်းကျင်ကို တစ်နှစ်ကျော်ကြာ ရင်းနှီးထားတဲ့ ထုတ်လုပ်သူရဲ့ မျှော်လင့်ချက်လည်း လွဲနိုင်ပါတယ်''ဟု ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပြောပြခဲ့သည်။

Saturday, May 22, 2010

လက်ဖက်အထွက်နည်း၍ ပလောင်လူငယ်များ တရုတ်ပြည်ကူး၍ အလုပ်လုပ်ကိုင်


ပလောင်တိုင်းရင်းသား အဓိကနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း နန်ဆန်နှင့် မန်တုံမြို့နယ်တွင် ရာသီဥတုကြောင့် ယခုနှစ် လက်ဖက်အထွက်နည်းသဖြင့် ဒေသခံလူငယ်များ စားဝတ်နေရေး ကျပ်တည်းကာ တရုတ်ပြည်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

နှစ်စဉ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှစ၍ အနည်းဆုံး တလကြာ ရွှေဖီလက်ဖက်ခူး ကာလကိုမှီပြီး ဒေသခံ ပလောင်လူငယ်များ အလုပ်ရကာ ဝင်ငွေကောင်းခဲ့သော်လည်း ယခုနှစ်တွင် လက်ဖက်အထွက် နည်းသောကြောင့် ရက်ပိုင်းမျှသာ အလုပ်လုပ်နိုင်ခဲ့သည်ဟု နန်ဆန်မြို့နယ်၊ မန်ခိုက်ကျေးရွာသူတဦးက ပြောသည်။

၎င်းက “လက်ဖက်ခူးရင် လက်ဖက်ခြံပိုင်ရှင်နဲ့ ကျမတို့က တဝက်စီရတယ်။ ဒီနှစ် ရွှေဖီချိန်မှာ (၁ဝ) ရက်လောက်နဲ့ ပြီးသွားတယ်။ လက်ဖက်က တော်တော်ကို နည်းတာ။ ရာသီဥတုကြောင့် အထွက်မကောင်းဘူး။ တယောက်မှ (၃ဝ,ဝဝဝ) ကျပ် လောက်ပဲရတယ်။ အရင်နှစ်တွေဆို အနည်းဆုံး ကျပ် (၁) သိန်းခွဲ၊ (၂) သိန်းရတယ်။ အခု လက်ဖက်ခြံမှာ မြက်ရှင်းတော့လည်း တနေ့ ကျပ် (၁,၅ဝဝ) ပဲ ရတယ်ဆိုတော့ မိသားစု စားဖို့အတွက် မလောက်ငလို့ ဒီတရုတ်ပြည် ကျယ်ဂေါင်မှာ အိမ်ဖော်အလုပ် လာလုပ်နေရတာ” ဟု ပြောသည်။

နန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်တို့မှ တရုတ်ပြည်ဘက် အလုပ်လာလုပ်သူများမှာ အသက် (၂ဝ) ဝန်းကျင် လူငယ်အများဆုံးဖြစ်ပြီး မိန်းကလေး ပိုများသည်ဟု တရုတ်နယ်စပ်ရှိ အင်ကျင်းကျောက် အရောင်တင်လုပ်ငန်းတွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသူ နန်ဆန်မြို့နယ်၊ မိုးဂဲလ်ရွာသားတဦးက ပြောသည်။

၎င်းက “နမ်းခမ်းက ပလောင်တွေကျတော့ တရုတ်နဲ့လည်း နီးတော့ အရင်ကတည်းက သွားသွားလာလာရှိပြီး အလုပ် လုပ်တာတွေရှိတယ်။ နန်ဆန်နဲ့ မန်တုံကျတော့ ဒီနှစ်မှ ထွက်လုပ်ကြတာ။ ရွာပိုင်းက ပိုများတယ်။ မိန်းကလေး ပိုများတယ်။ ဒီနှစ် လက်ဖက်က မကောင်းတော့ တနယ်လုံးနီးပါးပဲ အပြင်ထွက် အလုပ်လုပ်ရတာ” ဟု ပြောသည်။

ဒေသအတွင်း မိသားစု ရပ်တည်ရေးခက်ခဲသဖြင့် ဝင်ငွေ အတော်အတင့်ကောင်းသည့် တရုတ်ပြည်ဘက်တွင် အလုပ်လာလုပ်ပြီး ရွာရှိ မိသားစုထံသို့ ငွေကြေး ထောက်ပံ့ပေးနေရကြောင်း ပလောင်လူငယ်တဦးက ပြောသည်။

၎င်းက “ရှမ်းပြည်မြောက်ပိုင်းမှာ မြို့ပေါ်တက်ပြီး ဈေးဆိုင်တွေမှာ အလုပ်လုပ်တာလည်းရှိတယ်။ ပန်းရန်လုပ်တာလည်း ရှိတယ်။ ဒါပေမယ့် ပန်းရန်နေ့စားလုပ်တာတောင် ကျပ် (၃,ဝဝဝ) ပဲရတယ်။ အလုပ်ကလည်း ပုံမှန်မရှိဘူး။ ဒီမှာကျတော့ စရိတ်ငြိမ်း တရုတ်ငွေ အနည်းဆုံးလစာ (၄ဝဝ၊ ၅ဝဝ) ယွမ်ရတယ်။ မြန်မာငွေ (၆ဝ,ဝဝဝ) လောက်ရတော့ အိမ်ကို ပြန်ပို့နိုင်တယ်။ ကိုယ့်အဆက်သွယ်နဲ့ကိုယ် ရွာကလူ ပြန်ခေါ် အလုပ်ရှာပေးနဲ့ဆိုတော့ အဆင်ပြေကြပါတယ်။ တရုတ်စကားမတတ်တော့ နည်းနည်းအခက်ခဲရှိတယ်။ ကိုယ့်အလုပ်သမား အချင်းချင်းကပဲ ဘာသာပြန်ပေးတာပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တရုတ်ပြည်ဘက်ခြမ်း မြို့ရွာများတွင် ပန်းရန်လုပ်ငန်း၊ အင်ကျင်းကျောက်သွေး အရောင်တင်လုပ်ငန်း၊ ကားရေဆေးလုပ်ငန်း၊ အိမ်ဖော်နှင့် စားသောက်ဆိုင်များတွင် အလုပ်သမားအဖြစ် ဝင်လုပ်နေကြသည့် မြန်မာနိုင်ငံသား ထောင်နှင့်ချီရှိနေချိန်တွင် ယခုနှစ်၌ ပလောင်လူငယ်များလည်း လာရောက် အလုပ်လာလုပ်ခြင်းလည်း ဖြစ်သည်။
ခေတ်ပြိုင်

ရေထွက်ပစ္စည်း တရုတ်တင်ပို့မှု မအောင်မြင်


ယမန်နှစ်က ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး (နကသ) စခန်းမှတဆင့် မြန်မာ့ရေထွက်ပစ္စည်းများ တရုတ်ပြည်သို့ တင်ပို့မှု မအောင်မြင်ကြောင်း သိရသည်။

ယခုအခါ မူလလမ်းကြောင်းဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းကို ပြန်လည်အသုံးပြုနေရသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တရုတ်ကုန်သည်များက ဈေးကွက်ချယ်လှယ်ကာ ဈေးပြိုင်စနစ်ဖြင့် ဈေးညှိပေးနေ၍လည်းကောင်း၊ အသစ်ဖွင့်လှစ်လိုက်သည့် ကန်ပိုက်တီး နကသ စခန်းကို လုပ်ငန်းလည်ပတ်မှု ရှိစေချင်၍လည်းကောင်း ရေထွက်ပစ္စည်းများဖြစ်သည့် ရေခဲရိုက် ငါး၊ ကဏန်း၊ ငါးရှဥ့်နှင့် ပုစွန် စသည့် ရေထွက်ကုန်များကို စမ်းသပ်တင်ပို့ခဲ့သော်လည်း မအောင်မြင်သည့်အတွက် မူလလမ်းကြောင်းကို ပြန်သုံးရခြင်းဖြစ်သည်ဟု နကသ ဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။

၎င်းက “တရုတ်တွေက အုပ်စုနှစ်ခုခွဲပြီး အချင်းချင်းဈေးညှိပြီး ပေးနေတော့ ရေထွက်ကုန်အပေါ် သူတို့က ချုပ်ထားသလို ဖြစ်နေတာလည်း ပါတယ်။ နောက်တခုက ကန်ပိုက်တီးကနေပို့ရင် အဆင်ပြေမလားဆိုပြီး စမ်းသပ်တဲ့အနေနဲ့ လုပ်တာလည်း ဖြစ်နိုင်တယ်။ မအောင်မြင်တော့ ဒီဘက်မှာ ပြန်လုပ်ခဲ့ရတာ” ဟု ပြောသည်။

၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇ဝဝ) ရရှိရန် မျှော်မှန်း လျာထားသော်လည်း လျာထားချက်၏ (၇ဝ.၉၁) ရာခိုင်နှုန်းသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာစစ်အစိုးရ၏ တရားဝင် စာရင်းကိန်းဂဏန်းများကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြထားသည်။

ထိုသို့ ရေထွက်ထုတ်ကုန် ပြည်ပတင်ပို့မှုမှ လျာထားချက် မပြည့်မီသည့်အပေါ် ပို့ကုန်လုပ်ငန်းရှင်များကို အာဏာပိုင်များက အပြစ်တင်ခဲ့ပြီး၊ နောင်အခါ အလားတူ အဖြစ်မျိုး ဖြစ်ပါက အပြစ်ပေး အရေးယူသွားမည်ဟု အာဏာပိုင်များက မေ (၁ဝ) ရက်နေ့တွင် သတိပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။

ရေထွက်ပို့ကုန် လုပ်ငန်းရှင်တဦးကမူ ရေထွက်ပစ္စည်းများ ကန်ပိုက်တီးလမ်းကတဆင့် တင်ပို့ရန် စီစဉ်ခဲ့မှုကြောင့် မှောင်ခိုတင်ပို့မှုဘက်သို့ ဦးတည်သွားစေခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးမရှိသကဲ့သို့ ကုန်သည်များလည်း ပိုပြီး နစ်နာစေကြောင်း ပြောသည်။

၎င်းက “မန္တလေးကနေ မြစ်ကြီးနားအထိ တက်၊ အဲဒီကနေ ကန်ပိုက်တီးသွားဆိုတော့ လမ်းခရီးကြမ်းတာကော၊ အချိန်ကြာတာရော ကဏန်းတွေ ပိုသေကြတယ်၊ အရှုံးဆုံး ပိုကြီးတယ်။ အဲဒီတော့ ဗန်းမော်ကတဆင့် လိုင်ဇာလမ်း ဒါမှမဟုတ် လွယ်ဂျယ်လမ်း၊ နမ်းခမ်း-မံဝိန်းလမ်းဘက် ရောက်သွားတယ်။ အခုချိန်အထိ အဲဒီကနေ ငါးရှဥ့်တွေ၊ ကဏန်းတွေ ပို့နေကြတုန်းပဲ။ ချင်းရွှေဟော်ဘက်ကလည်း သွားနေကြတယ်။ ဆိုတော့ နိုင်ငံတော်လည်း အခွန်မရဘူး။ ကုန်သည်ကလည်း လမ်းမှာ ဟိုကြေး၊ ဒီကြေးနဲ့ ပေးရဆိုတော့ အကျိုးမရှိဘူး” ဟု ပြောသည်။

ရေထွက်ပစ္စည်းသည် မြန်မာ့ ပြည်ပပို့ကုန် တင်ပို့မှုပမာဏတန်ဖိုး စာရင်းတွင် စတုတ္ထအဆင့်နေရာတွင် ရှိသည်။ ရေထွက်ပစ္စည်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် အဓိက အများဆုံး တင်ပို့နေပြီး ထိုင်း၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံတို့ကိုလည်း တင်ပို့နေသည်။

Thursday, May 20, 2010

ကြက်သွန်နီ ဈေးနှုန်းကျ၊ တောင်သူများ အရှုံးပေါ်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံခြားသို့ ကြက်သွန်နီ တင်ပို့မှု တားမြစ်ထားရာမှ ပြည်တွင်း လိုအပ်ချက်ထက် ပိုလျှံနေသဖြင့် ကြက်သွန်နီ ဈေးနှုန်းများ ထိုးကျသွားရာ တောင်သူများ အရှုံးပေါ်လျှက်ရှိသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ကြက်သွန်နီ အသေးဈေးနှုန်းမှာ ကျပ် ၉ဝဝ နှင့် အကြီးဈေးနှုန်းမှာ ကျပ် ၁၄ဝဝ အထိ ဈေးကောင်းရခဲ့သဖြင့် တောင်သူများက ပိုမိုစိုက်ပျိုးခဲ့သော်လည်း ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသောကြောင့် လက်ရှိ ကြက်သွန်နီ ဈေးနှုန်းများ ထိုးကျလာခဲ့ရာ အသေးတပိဿာ ၁၅ဝ ကျပ်၊ အကြီးဈေး ကျပ် ၂ဝဝ သို့ပင် ဆိုက်ရောက်နေသည်။

ပခုက္ကူ ကြက်သွန်လက္ကားပွဲရုံ ပိုင်ရှင်တဦးက “ပြီးခဲ့တဲ့နှစ်က ကြက်သွန်ဈေးကောင်းတော့၊ တောင်သူတွေက ကြက်သွန်ကို ဒီနှစ် အားထားစိုက်ကြတယ်။ သူတို့ စိုက်တဲ့နှစ်ကျမှ နိုင်ငံခြားတင်ပို့မှုတွေ ပိတ်ထားတယ်။ ပြီးတော့ ဈေးကွက်ကျတော့ သူတို့ အရှုံးပေါ်တာပေါ့။ တောင်သူတွေအနေနဲ့ ကြက်သွန်ဈေးကွက် မကောင်းလို့ ငြီးနေကြတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အများဆုံး ကြက်သွန်စိုက်ပျိုးသည့် ဒေသများမှာ စစ်ကိုင်းတိုင်း မုံရွာ၊ မကွေးတိုင်း ပခုက္ကူနှင့် ရေနံချောင်းမြို့နယ်များ ဖြစ်သည်။ ပြည်တွင်း၌ အများဆုံး ဖြန့်ဖြူးနေသည့် ဒေသများတွင် မန္တလေးတိုင်း ကျောက်ဆည်၊ ဧရာဝတီတိုင်း မြောင်းမြနှင့် မကွေးတိုင်း ဆိပ်ဖြူမြို့တို့လည်း ပါဝင်သည်။

“ကြက်သွန်မျိုး၊ စိုက်ပျိုးစရိတ်၊ ရေနံဆီဖိုး၊ မြေသြဇာဖိုးနဲ့ ပိုးသတ်ဆေးဖိုးတွေပါတွက်ရင် လုပ်အားခတောင် ရှုံးသေးတယ်။ ကြက်သွန်ဈေးနှုန်းတွေ ထိုးကျနေပေမယ့် ဝယ်လက်က မရှိဘူး။ အခု နိုင်ငံခြားတင်ပို့တဲ့ ဝယ်လက်တွေ ပိတ်ထားတယ်။ အဲဒီလို ဝယ်လက်မရှိဘူးဆိုရင် ကြက်သွန်တွေကို မြေသြဇာလုပ်ပစ်ဖို့ပဲ ရှိတယ်” ဟု ရေနံချောင်းရှိ ကြက်သွန်နီ တောင်သူတဦးက ပြောသည်။

နှစ်စဉ် နိုင်ငံခြားတင်ပို့မှုမှာမူ ပုံမှန်အခြေအနေ မရှိကြောင်းနှင့် ပြည်တွင်းဈေးနှုန်း မြင့်တက်ပါက တင်ပို့ခွင့် မပြုကြောင်း ရန်ကုန်ရှိ စက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) တာဝန်ရှိသူတဦးက ပြောသည်။ မြန်မာ့ကြက်သွန်များကို တရုတ်၊ မလေးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အဓိကထား တင်ပို့နေခြင်း ဖြစ်သည်။

အစိုးရတရားဝင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ကြက်သွန်နီ တန်ချိန် ၁၈၄ဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော် ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်ပိုင်းတွင် အကောင်းစား ကြက်သွန်နီ ဈေးနှုန်းမှာ တပိဿာလျှင် ကျပ် ၁၈ဝဝ အထိပင် မြင့်တက်သွားခြင်းကြောင့် တရုတ်နှင့် အိန္ဒိယထံမှ စက်တင်ဘာ-အောက်တိုဘာလအတွင်း တန်ချိန်ပေါင်း ၁၄ဝ ခန့် မှာယူတင်သွင်းခဲ့ရသေးသည်။

''ကြက်သွန်ဈေးကျတယ်ဆိုတာက စီးပွားရေးရဲ့ အင်အားစုရော (အဝယ်နဲ့ အရောင်း) အဝယ်လက်နည်းလို့ ကျတာပေါ့။ သူရဲ့ သက်ရောက်မှုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ စိုက်ပျိုးထုတ်လုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဝင်ငွေနည်းမယ်။ တဖက်က ပြည်ပကို ရောင်းတဲ့ ပုဂ္ဂိုလ်တွေအတွက် အနေအထား ကောင်းတယ်။ ပြည်ပဈေးကွက်ကို ယှဉ်နိုင်တယ်။ ကြက်သွန်ဈေးကျလို့ စားသုံးသူလက်ကို ရောက်ရင် စားသုံးသူတွေအတွက် ကောင်းပါတယ်'' ဟု ရန်ကုန်တက္ကသိုလ် ဘောဂဗေဒ ဆရာတဦးက မဇ္ဈိမကို ပြောသည်။

ကြက်သွန်နီ ဈေးနှုန်းများ ထူးကဲစွာ ထိုးကျခဲ့သည့် ဖြစ်ရပ်မျိုး ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတွင် ရှိခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တပိဿာ ၁၆ဝ ကျပ်အထိ လျှောကျခဲ့ပြီး မကွေးတိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ၅ဝ ကျပ်အထိပင် ဆိုးရွားစွာ ရောက်ရှိခဲ့ရသည်။ ထိုအချိန်တွင် ကြက်သွန် တောင်သူများမှာ ခူးယူခြင်း မပြုဘဲ ထားရှိခဲ့ရသည့် အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့သည်။

ဘောဂဗေဒ ပါမောက္ခဟောင်းတဦးက ''ကြက်သွန်တွေက ထိန်းသိမ်းထားရှိရတဲ့ ကာလက ၆-၇ လ လောက်ပဲ အကန့်အသတ်ရှိတယ်။ အဲဒီလို ထိန်းသိမ်းတဲ့ ကာလကျော်လာရင် အလေးချိန်က တနေ့တခြား လျော့လာမယ်။ စားသုံးဖို့ထက် ကျော်လွန်နေတယ်ဆိုရင် အလွန်အကျွံ စားသုံးပြီး (Waste) ဖြစ်လာတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ပစ္စည်းဖြစ်တယ်လို့ ကြာရှည်လည်း သိုလှောင်လို့ မရတဲ့အတွက် နစ်နာတာပေါ့။ နိုင်ငံခြားတင်ပို့မှုလည်း မရှိဘူးဆိုတော့ တောင်သူတွေပဲ နစ်နာတာပေါ့'' ဟု ပြောဆိုသည်။

Friday, April 30, 2010

ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာ့စီးပွားရေးဘဏ်များ၏ ဘဏ်စာရင်းလက်ကျန်ငွေကို ၁၀၀၀၀ ကျပ်အဖြစ်သတ်မှတ်ပြီး ကျပ် ၁၀၀၀၀ အောက်ကို အတိုးမပေးတော့ကြောင်း သိရ

၂၀၁၀ပြည့်နှစ် ဧပြီလ (၁)ရက် မှစ၍ မြန်မာ့စီးပွားရေးဘဏ်များရှိ ဘဏ်စာရင်းလက်ကျန်ငွေကို ကျပ် ၁၀၀၀၀အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ မူလက ဘဏ်စာရင်းလက်ကျန်ငွေကိုကျပ် ၁၀၀၀ ဟုသာ သတ်မှတ်ထားရာမှ ၂၀၁၀ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀၀ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက်မရှိသေးပါဘူး။ အရင်က သတ်မှတ်ထားတဲ့အတိုင်း ဘဏ်စာရင်းလက်ကျန်ငွေကို အနည်းဆုံး ရာဂဏန်းဖြစ်စေ၊ ဒါမှမဟုတ်ကျပ် ၁၀၀၀ ထားရှိရင်ရပါတယ်"ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ်ပြုလုပ်ရာတွင်လည်း တစ်ဦးတည်းငွေစာရင်းတစ်ခုနှင့် တွဲဖက်ငွေစာရင်း တစ်ခု၊ စုစုပေါင်းငွေစာရင်းနှစ်ခုသာ ပြုလုပ်ခွင့်ရှိပြီး ငွေစာရင်းနှစ်ခုထက် ပိုမိုအပ်နှံထားသောငွေစာရင်းများအား အတိုးငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရှိရသည်။ ထို့ပြင် ဘဏ်စာရင်းစာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေ ထုတ်ပြုလုပ်ခြင်းမရှိပါက ၂၀၀၉/၂၀၁၀ ဘဏ္ဍာရေးနှစ်မှစ၍ စာရင်းသေအပ်ငွေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေစုဘဏ်စာရင်းတွင် လက်ကျန်ငွေ ကျပ်ငွေတစ်သောင်းအောက်ကို ၂၀၁၀၊ ဧပြီလ ၁ ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စုံစမ်းသိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံးကျန်ငွေကိုလည်း ဧပြီ လ ၁ ရက်နေ့မှစ၍ အနည်းဆုံး ကျန်ငွေတစ်သောင်းထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်း ထုတ်ပြန် ချက်များအရ သိရှိရသည်။

"ငွေစုဘဏ်စာရင်းမှာ အနည်းဆုံးကျန်ငွေကို ကျပ်တစ်သောင်းထား ရှိဖို့ ၂၀၁၀၊ဧပြီလ ၁ ရက်နေ့ကစပြီး သတ်မှတ်လိုက်ပါတယ်၊ အဲဒီ့ လက်ကျန်ငွေကျပ်တစ်သောင်းအောက်ကိုလည်း အတိုးလုံးဝမပေးတော့ပါဘူး၊ ကျပ်တစ်သောင်းအောက် စာရင်းများကိုလည်း မတ်လ ၃၁ ရက်နေ့ကစပြီး စာရင်းသေစာရင်းကို ထည့်သွင်းသွားမှာဖြစ်ပါတယ်"ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ဦးလျှင် တစ်ဦးချင်းစာရင်းတစ်ခုနှင့်တွဲဖက်စာရင်းတစ်ခုသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ်စာရင်းဦးရေထက် ပိုမိုသည့်စာရင်းများအား ဧပြီလ ၁ ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း သိရသည်။