Showing posts with label မှတ်မှတ်ရရ. Show all posts
Showing posts with label မှတ်မှတ်ရရ. Show all posts

Monday, October 15, 2012

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ


နေပြည်တော်၊ အောက်တိုဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-

-
နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

-
အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊

-
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊

-
နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
         
ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။


http://www.president-office.gov.mm/zg/briefing-room/news/2012/10/15/id-1476
 

Monday, October 1, 2012

Thursday, September 13, 2012

ဘာပဲဖြစ်ဖြစ် ဒီလိုသံတမန်တွေကို သတ်ဖြတ်ခြင်းဟာ အကြမ်းဖက်တဲ့လုပ်ရပ်ပဲ ရှုတ်ချတယ်

ဖိုး သိကြား  ၏ ဖေ့ဘွတ်ခ် စာမျက်နှာမှ ကူးယူပါသည်။

 
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက အတင်း ၀င်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦးတို့ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ်ကို လှောင်ပြောင်ထားတယ်ဆိုတာအပေါ် ဒေါသထွက်သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေအပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အစ္စလာမ်ဝါဒီတွေရဲ့ တမန်တော်မိုဟမ်မက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဇာတ်လမ်းတိုတခုကို ကန့်ကွက်တဲ့အနေ နဲ့ ဆန္ဒပြလူအုပ်ကြီးက လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို အတင်းဝင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် သံအမတ်ကြီးနဲ့သံရုံးဝန်ထမ်းတွေ သေဆုံးခဲ့ကြရတာပါ။ ဆန္ဒပြလူအုပ်က များလွန်းတာကြောင့် သံရုံးဝင်းကို စောင့်ကျပ်နေတဲ့ လစ်ဗျားလုံခြုံရေးတပ်ဖွဲ့တွေ မထိန်းနိုင်ဘဲဖြစ်ခဲ့ရပါတယ်။ တိုက်ခိုက်သူတွေဟာ သံရုံးထဲက ပစ္စည်းတွေကို လုယူကြပြီးတဲ့ နောက် အဆောက်အဦးကို မီးတင်ရှို့ခဲ့ပါတယ်။

“တမန်တော် မိုဟမ်မက်ဒ်ကို ထိပါး စော်ကားတာ ကြောင့် လူတွေက အရမ်းဒေါသထွက်နေကြတာပါ။ အမေရိကန်တွေက အခြေအနေကို အင်မတန်ဆိုးရွားအောင် လုပ်တယ်လို့ လူတိုင်းက ထင်ကြပါတယ်။ သူတို့ရဲ့တမန်တော်နဲ့ပတ်သက်ပြီး မဟုတ်တမ်းတရားပြောတာမျိုးကို လစ်ဗျားတွေက မကြိုက်ကြ ပါဘူး။ တမန်တော် မိုဟမ်မက်ဒ်ဟာ အိုဆာမာ ဘင်လာဒင် မဟုတ်ပါဘူး၊ သူဟာ တခြားလူတယောက်ယောက် မဟုတ်ပါဘူး၊ သူဟာ ကျနော်တို့ရဲ့ တမန်တော်ပါ။ သူဟာ လောကမှာ အကောင်းဆုံး လူသားပါ။ ဒါကြောင့် အဲဒီဗွီဒီယိုကို ရပ်ပစ်ဖို့ ကျနော်တို့ မှာ အခွင့်အရေးရှိရပါမယ်။ ဒီရုပ်ရှင်ကို ရပ်ပစ်ဖို့က ကျနော်တို့ရဲ့မျှော်လင့်ချက်၊ အမေရိကန်နဲ့ကျနော်တို့ကြားက ဆက်ဆံရေး ဖြစ်ပါတယ်။”

ဒေါသထွက်နေတဲ့ ဘန်ဂါဇီမြို့ခံ ဆန္ဒပြသူတဦးပြောသွားတာပါ။
လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ် အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချထားတဲ့ ကြေညာ ချက်တခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ဂါဇီက သံရုံးကို ၀င်မတိုက်ခင် နာရီပိုင်းမှာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က အခိုင်အမာ ကာရံထားတဲ့ အမေရိကန်သံရုံးကို ဆန္ဒပြ သူတွေက ကျော်ဝင်ပြီး အမေရိကန်အလံတခုကို အစ္စလာမ်မစ်စာတမ်းပါ ဘန်နာကြီးတခုနဲ့ လဲပြီးတော့ ချိတ်ဆွဲခဲ့ကြပါတယ်။

“ရှေးဟောင်းအီဂျစ်လူမျိုးတွေကနေ ဆင်းသက်လာတဲ့ အီဂျစ်လူမျိုးတဦးအဖြစ် ကျမ ဒီနေရာ ကိုရောက်လာတာပါ။ ကျမရဲ့ မူစလင်အကိုတော်တွေနဲ့ သွေးစည်းညီညွတ်တယ်ဆိုတာကို ပြသဖို့ ကျမ ဒီနေရာမှာ ဆက်နေ သွားမှာပါ။ တမန်တော်မိုဟမ်မက်ဒ်အပေါ် ရှင်တို့နိုင်ငံက ဒီလိုစော်ကားတာမျိုးကို ရှင်တို့ရဲ့ အိုဘားမားက ခွင့်ပြုတာဟာ ရှက်ဖွယ်လုပ်ရပ်ပါပဲ။”

အစွန်းရောက်ရှေးရိုးအစ္စလမ်မ်မစ်ဝါဒီတွေ အများစုဖြစ်ကြတဲ့ ကိုင်ရိုမြို့က ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်လမ်းတိုကို အစ္စရေးလ်နိုင်ငံဖွား အမေရိကန်နိုင်ငံသားတဦးက ရိုက်ကူးထုတ်လုပ်ပြီး ပြည်ပရောက် အီဂျစ်နိုင်ငံ သားCoptic ခရစ်ယာန်ဘာသာဝင် လူနည်းစုတချို့က ရန်ပုံငွေ ထောက်ပံ့ခဲ့ကြတာပါ။ အင်္ဂလိပ်ဘာသာ အာရေးဗစ်ဘာသာ စကားတွေနဲ့ ပြောထားတဲ့ ဇာတ်လမ်းကောက်နှုတ်ချက်ကို YouTube အင်တာနက်ဗွီဒီယိုစာမျက်နှာမှာ တင်ထားပါတယ်။

အငြင်းပွားဖွယ် အမေရိကန်ခရစ်ယာန်ဘုန်းကြီးတဦးဖြစ်တဲ့ Terry Jones က အဲဒီဗွီဒီယိုကို ထောက်ခံ ကြော်ညာပေးနေပါ တယ်။ သူဟာ ကိုရမ်ကျမ်းစာအုပ်တွေကို မီးတင်ရှို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးတာကြောင့် ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ လူသေတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်တော့ သူ့ရဲ့ဘုရားကျောင်းမှာ ကိုရမ်ကျမ်း စာအုပ်တအုပ်ကိုပဲ မီးရှို့ခဲ့သူပါ။

ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်မျိုး လုပ်ရတာဟာ အင်တာနက်ပေါ်မှာတင်ထားတဲ့ ရန်စလှုံ့ဆော်တဲ့ ဗွီဒီယိုတခုကို တုန့်ပြန်တာ ဖြစ်တယ်ဆိုပြီး လူတချို့က အကြောင်းပြကြတယ်လို့ ၀န်ကြီးကလင်တန်က ပြောပါတယ်။ တပါးသူရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအပေါ် မဟုတ်မတရား အပုပ်ချဝေဖန်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ရှုတ်ချသွားမှာဖြစ်တယ်လို့ ၀န်ကြီးကလင်တန်က ပြောပါတယ်။

အခုသေဆုံးသွားတဲ့ အမေရိကန်သံအမတ်ဟာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မေလကမှ ခန့်အပ်ခံခဲ့ရ တာပါ။ လစ်ဗျားနိုင်ငံမှာ အရင်တုန်းက ရာထူးတာဝန်နှစ်ခု ထမ်းဆောင်ခဲ့ဖူးပြီး ဒီ့မတိုင်ခင်က အစ္စရေးလ်၊ အီဂျစ်နဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

Source By VOA

http://online.wsj.com/article/SB10000872396390444426404577647060576633348.html 
 

Wednesday, September 12, 2012

ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့်


ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးရမှုသည် ကန်ထရိုက်အပြင် စစ်ဆေးရေးအဖွဲ့များ၌ပါ တာဝန်ရှိကြောင်း ဝေဖန်မှုများရှိနေ

အထပ်မြင့်တိုက်များတွင် တပ်ဆင်ထားသည့် အရေးပေါ်လှေခါးများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးမှုသည် ဆောက်လုပ်သည့် ကန်ထရိုက်အပြင် စစ်ဆေးသည့် အဖွဲ့များ၌ပါ တာဝန်ရှိကြောင်း နေထိုင်သူ အများပြည်သူနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူ အချို့က

 ထုတ်ဖော် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်သည့်အခါ ယခုနောက်ပိုင်းတွင် အရေးပေါ်လှေကားများ ထည့်သွင်းတည်ဆောက်ရန် သတ်မှတ်ထားကြောင်း၊ တည်ဆောက်ပြီးသည့်အခါတွင် ခိုင်ခံ့မှုရှိ၊ မရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံ စစ်ဆေးရေးအဖွဲ့မှ အဆောက်အအုံ တစ်ခုလုံးကို စစ်ဆေးပြီးမှသာ လူနေထိုင်ခွင့်ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့ရှိ အထပ် မြင့်တိုက်များ၌ အရေးပေါ်လှေကားပါဝင်သော တိုက်များရှိသော်လည်း အလွန်သေးငယ်သည့် သံတိုင်များ ဖြင့် အဖြစ်သဘော ထည့်သွင်းတပ်ဆင်ပေးခြင်းများ ပြုလုပ်ထား၍ အမှန်တကယ် အရေးပေါ်အခြေအနေတွင် လူအများ အသုံးပြု၍ရမည် မဟုတ်ကြောင်း၊ လက်ရှိတွင် မီးလောင်မှုကြောင့် ဖြစ်ပေါ်သည့်အရေးပေါ် အခြေအနေကို မကြာခဏ ကြုံတွေ့ ရသည့်အတွက်လည်း အထပ်မြင့် တိုက်နေ ပြည်သူများက ကန်ထရိုက် သို့မဟုတ် စစ်ဆေးရေးအဖွဲ့များက ပြန်လည်စိစစ်ကာ ခိုင်မာစွာပြင်ဆင် ပေးရန် လိုလားသည်ဟုဆိုကြသည်။

လတ်တလောအနေဖြင့် အလုံမြို့နယ် အထပ်မြင့် တိုက်တစ်လုံးတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံးခဲ့မှုတွင်လည်း အရေးပေါ်လှေကားပါ တစ်ပါတည်းပြုတ်ကျခဲ့ရာ ယင်းသို့ အရေးပေါ်လှေကားမျိုးမှာ ဟန်ပြသာ တပ်ထားသည့် အတွက်၊ မခိုင်ခံ့သည့်အတွက် ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းဟု အဆိုပါတိုက် တွင်နေထိုင်သူတစ်ဦးက ပြောခဲ့သည်။

“အလုံမှာဖြစ်ပွားခဲ့တဲ့ အရေးပေါ် လှေကားပြုတ်ကျလို့ လူသေဆုံးမှု ဖြစ်စဉ်ဖြစ်တဲ့နေရာကို နောက်တစ်နေ့မှာ သိခဲ့တဲ့အတွက်မြေပြင်ကိုသွား ရောက်ပြီး စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီကိစ္စဟာဆောက်လုပ်တဲ့ကန်ထရိုက် ရော၊ စစ်ဆေးတဲ့ အဖွဲ့အစည်းမှာပါ တာဝန်ရှိပါတယ်။ ကန်ထရိုက်က ဆောက်ကတည်းက လှေကားကိုအဖြစ် သဘောမျိုးလုပ်ခဲ့တယ်။ စစ်ဆေးတဲ့ အင်ဂျင်နီယာအဖွဲ့လည်း တာဝန်ရှိတာပေါ့”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတ်ပုံမှာ-စက်တင်ဘာလ ၉ ရက်နေ့က အရေးပေါ်လှေကားမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့်
အလုံမြို့နယ် ငုဝါလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ကိုတွေ့ရစဉ် 




ဓာတ်ပုံ-စောဝဏ္ဏ

Ref:EMG
Posted By Admin-KMO

Monday, August 20, 2012

ကျောင်းကုန်းရေကြီး


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ပေါ်ဝယ် င၀န်မြစ်ရေ တတ်ရောက်လွှမ်းမိုးစဉ်

 ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင်း တနေရာကို ယနေ့မြင်တွေ့ရစဉ်


ကျောင်းကုန်းမှာလေ ရေတွေကြီးလို့ လှေလေးစီးလို့ ဘုရားပန်းဝယ်


ကျောင်းကုန်းမြို့ ဆက်သွယ်ရေးရုံးရှေ့ကို ယနေ့တွေ့မြင်ရစဉ်


ကျောင်းကုန်းမြို့ အလုပ်သမားများအဖွဲ့ရုံးရှေ့ကို ယနေ့တွေ့မြင်ရစဉ်


ရေနစ်မြုပ်နေသော ကျောင်းကုန်းမြို့  မြို့ မဈေး အရှေ့ ဘက်မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့လယ် ဌာနလမ်းရဲ့ မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့လယ် ရတနာပုံလမ်းရဲ့ မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့အမှတ်(၁)ရပ်ကွက်ရဲ့ မြင်ကွင်း
 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့အမှတ်(၃)ရပ်ကွက် မြင်ကွင်း


 ကျောင်းကုန်းမြို့နယ် ရေလွှမ်းအိမ်ထောင်စုများစာရင်း

ကျောင်းကုန်းမြို့လယ် ရေပေါ်ဈေး

ယခု တင်ထားသော ဓါတ်ပုံများသည် ကိုယ်တိုင်ရိုက်ကူးထားသည့် တစ်ပုံမျှ မပါရှိပါ။ မူရင်းဓါတ်ပုံရိုက်ကူးသူများကို ကျေးဇူးအထူးတင်ရှိပါသည်။ အများအကျိုး ဆက်လက်သယ်ပိုး နိုင်ပါစေ။
asawkha kha
တို့၏ ဖေ့ဘွတ် စာမျက်နှာများမှ ကူးယူတင်ပြပါသည်။

Wednesday, August 8, 2012

ရန်သူ “ရေ”


ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ ထုတ်ပြန်ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။

၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီ
ဟု ခေါ်ဆိုရတော့မည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း၊ ရေလျှံခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ရေဘေးဒုက္ခသည်များ၊ အိုး/အိမ် ပစ် ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိသည်။

ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။

၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .

မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။

ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင်ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။

ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို တွေ့မြင် ရတော့သည်။

ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။

ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။

ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်သော အမှန်တရားများကို သိရှိလာကာ လူ့ဘဝ သက်တမ်းတစ်လျှောက် ငြိမ်းချမ်းသာယာသောဘဝကို မိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိုင် တော့မည် ဖြစ်ပေသည်။

ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

ုသတင်းဓာတ်ပုံအပြည့်အစုံကြည့်ရန် (https://www.facebook.com/media/set/?set=a.453906244630618.106425.112990405388872&type=1 )



Saturday, July 7, 2012

ဂျက်ကီချန်း အင် မြန်မာ



































ဂျက်ကီချန်းဆိုတာ....

ဟောင်ကောင်ကျွန်းက စတင်ထွက်ပေါ်လာပြီး ယနေ့ကမ္ဘာမှာ နာမည်ကျော်ကြားလှတဲ့ ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း(Jackie Chan) မြန်မာပြည်ကို ရောက်လာတယ်ဆိုတော့ ဂျက်ကီချန်းနဲ့ ပါတ်သက်ပြီး အတုယူချင်ဖွယ်ရာ ဖတ်ဖူးမှတ်ဖူးတာလေး မိတ်ဆွေများကို အကျဉ်းချုံး ပြီးပြန်လည်ဝေငှလိုက်ပါတယ်။ 

ဂျက်ကီချန်းကို ထိုစဉ်က ဗြိတိသျှကိုလိုနီ ပိုင်နယ်ဖြစ်သော ဟောင်ကောင်၊ ဝိတိုရိယတောင်မှာ မွေးဖွားခဲ့တယ်။ ဂျက်ကီချန်းကလေးဘဝက မိဘများက အတော်ကလေး နွမ်းပါးကြတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက ပြင်သစ်သံရုံးမှာ ထမင်းချက်ဖြစ်ပြီး၊ မိခင်ဖြစ်သူကတော့ အိမ်ဖေါ်လုပ်ရပါတယ်။ ဆင်းရဲလွန်းလို့ သားကလေးကို သူတပါးကို မွေးစားဖို့ပင် ကြံစည်ခဲ့ဖူးပါသတဲ့။ ဂျက်ကီချန်းရဲ့ nicknamကတော့ Paopao တဲ့။ အဓိပ္ပာယ်ကတော့ " အင်အားပြည့်ဖြိုး၍ လိမ့်နေသော ကလေးငယ်"..လို့ ဆိုရမလားပဲ။

ဒီလိုနဲ့ ဂျက်ကီချန်း အသက်(၇)နှစ်အရွယ် ကလေးဘဝမှာတင်ပဲ စည်းကမ်းတင်းကျပ် ပြင်းထန်လွန်းသည်ဟု နာမည်ကြီးတဲ့ တရုတ်အော်ပရာကျောင်းကို ပို့လိုက်ပြီး အဲသည့်မှာ (၁၀)နှစ်ကြာအောင် အဆို၊အကနဲ့ ကိုယ်ခံပညာရပ်တွေကို ပင်ပန်းကြီးစွာ သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ မနက်(၅)နာရီကနေ ညသန်းခေါင်ယံအထိ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ကြမ်းတမ်းပြင်းထန်ရုံမကဘဲ ခိုင်းတိုင်း မလုပ်ရင် ရိုက်နှက်တာတွေ၊ ထမင်းမကျွေးဘဲထားတာမျိုးတွေလည်း ခံရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘဝနာခဲ့ရတဲ့ ဂျက်ကီချန်းတယောက်ကတော့ ဘယ်လောက်ပဲ ပြင်းထန်ခက်ခဲပြီး ပင်ပန်းပါစေ ကြိုးစားပမ်းစား သင်ယူခဲ့တာကြောင့် သရုပ်ဆောင် အတတ်ရော၊ ကိုယ်ခံပညာ အတတ်ပါ ကျွမ်းကျင်ခဲ့သူဖြစ်လာခဲ့ပါတယ်။ ဒီပညာနဲ့ပဲ အစောပိုင်းတုန်းကတော့ ဟောင်ကောင် အက်ရှင်ကားတွေမှာ မင်းသားနေရာမှာ အစားထိုး သတ်ပုတ်ပေးရတဲ့ စတန့်သမားအဖြစ်ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် သူက လက်ရှိအနေအထားနဲ့ ကျေနပ်နေသူ မဟုတ်ဘူး။ မိမိတိုးတက်ရာ တိုးတက်ကြောင်းကို အမြဲရှာဖွေနေသူ တယောက်ဖြစ်လေတော့ စတန့်သမားကတဆင့် စတန့်ပြကွက်များကို ညှိနှိုင်းစီစဉ်သူဖြစ်အောင်ကြိုးစားခဲ့တယ်။ သည့်နောက်မှာတော့ ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်လာခဲ့တယ်။

အဲသည့်ခေတ်ကာလအတွင်းမှာပဲ ဂျက်ကီချန်းရှေ့မှာ အကြီးအကျယ် နာမည်ကျော်ကြားနေတဲ့ ရုပ်ရှင်မင်းသား ဘရုစ်လီ(Bruce Lee) ကွယ်လွန်သွားခဲ့တယ်။ ဘရုစ်လီ မရှိတော့တဲ့အခါ ဟောင်ကောင်က ဝီလျှံချန်း ဆိုသူ ရုပ်ရှင် ထုတ်လုပ်သူတဦးက ဂျက်ကီချန်းကို New Fist of Fury( ဒေါသလက်သီးအသစ်)လို့ အဓိပ္ပာယ်ရတဲ့ ဇာတ်ကားနဲ့ ပထာမဦးဆုံး ဘရုစ်လီနေရာမှာ အစားထိုးဖို့ရိုက်ကူးခဲ့တယ်။

ဂျက်ကီချန်းကိုယ်တိုင်လည်း မျှော်လင့်ချက်ကြီးစွာနဲ့ ဒုတိယဘရုစ်လီဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တယ်။ တကယ်တမ်း ရုံတင်လိုက်တော့ အဲသည့်ဇာတ်ကားဟာ မအောင်မြင်ခဲ့ဘူး။ ဘရုစ်လီက ဘရုစ်လီ၊ ဂျက်ကီက ဂျက်ကီ ဖြစ်နေတယ်။ ဂျက်ကီချန်းဟာ ဘရုစ်လီရဲ့ ကိုယ်ခံပညာ၊ ကစားနည်း ကစားဟန်တွေနဲ့ အသားတကျမရှိဘူးဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဂျက်ကီချန်းကတော့ စိတ်ဓါတ်ကျမသွားခဲ့ဘူး။

"မလွယ်ဘူးဗျာ၊ လုံးဝမလွယ်ဘူး၊ ဘရုစ်လီဖြစ်အောင် ကြိုးစားမနေတော့ဘဲ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင် လုပ်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်" လို့ အင်တာဗျူးတခုမှာ ဂျက်ကီချန်းကပြောဖူးပါတယ်။

ဖြစ်မလာခြင်း၊ မအောင်မြင်ခြင်းကို စိတ်ပျက်အားလျော့ခြင်းမရှိဘဲ တနည်းမဟန် တနည်းကြံတတ်ခြင်းတို့ကြောင့် ဂျက်ကီချန်းဟာ သူ့စရိုက် သူ့စွမ်းရည်များကို တစ်မျိုးတဖုံ အားထုတ်လိုက်တဲ့အခါမှာတော့ ဟောင်ကောင် ရုပ်ရှင်လောကမှာ ပြိုင်ဘက်ကင်း သရုပ်ဆောင် ဖြစ်လာရုံမကဘဲ၊ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်လောကကပါ ဒေါ်လာသန်းပေါင်းများစွာ ပေး၍ရိုက်ကူးနေရတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တယောက် ဖြစ်လာခဲ့တယ်။

ပြောချင်တာကတော့ ယနေ့မြန်မာပြည်မှာ ရောက်ရှိနေတဲ့ ဂျက်ကီချန်းရဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဓါတ်ပုံတွဲရိုက်ရုံအဖြစ်သာ သူ့ကိုအသိအမှတ်ပြုတာမဟုတ်ဘဲ သူ့စိတ်ဓါတ်၊ သူ့အခက်အခဲတွေကိုပါ သိရှိနားလည်ပြီး သူ့လို မဆုတ်မနစ် ကြိုးစားစေချင်ပါတယ်။ လူဆိုတာ တနေရာမှာ မစွမ်းပေမယ့် တနေရာမှာ စွမ်းနိုင်ပါတယ်။ ဘယ်နေရာမှ သုံးလို့မရဘူးဆိုတဲ့လူ မရှိပါဘူး။

ရုန်းကန်လှုပ်ရှားခြင်းမှ စွမ်းပကားဖြစ်ပေါ်၏။

အဲသည့် စွမ်းပကားဖြင့် အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်၏။

အခက်အခဲတွေကို ရင်ဆိုင်လှုပ်ရှားရင်း ပို၍ပို၍ ကြီးမားသော စွမ်းရည် သတ္တိများဖြစ်ပေါ်လာကာ မြင့်မြင့်မားမား ထူးခြားအောင်မြင်သူများ ဖြစ်လာရ၏။

ကျောက်တုံးကျောက်ခဲလေးများဟာ မြစ်ရိုးချောင်းရိုးတလျှောက် ရေစီးအတိုင်း လိမ့်ပါမြောရင်း မြစ်ထဲရှိ၊ မြစ်ကမ်းရှိ ကျောက်ဆောင်ကျောက်တုံးကြီးနဲ့ ပွတ်တိုက်မိ၍ တဖြေးဖြေး ချောမွတ်လုံးပြောင် လာသကဲ့သို့ လူသားတို့၏ ဘဝသည်လည်း ဒုက္ခဟူသော ကျောက်ဆောင် ကျောက်တုံးများနှင့် ကြိမ်ဖန်များစွာ ထိတွေ့ ပွတ်တိုက်ခံရဖန် များလာသောအခါ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်၍ အရည်အချင်းရှိစွာ တောက်ပသူများ ဖြစ်လာတတ်ကြသည်ဟု ကျွန်ုပ်ခံယူမိပါသည်။


လေးစားစွာဖြင့်

နန္ဒာ(ဂျပန်)