Showing posts with label ထိုင်းသတင်း. Show all posts
Showing posts with label ထိုင်းသတင်း. Show all posts

Thursday, January 19, 2012

ဘန်ကောက်က မြန်မာများ သတိထားကြဖို့ (Daliy News, Thailand)



အန္တရာယ် သတိထားကြဖို့ပါ။ ယခုလေးတင်ပဲ ထိုင်းလူမျိုး ပေါက်ပေါက် ရောက်ရောက် မိတ်ဆွေတွေ အများကြီးနဲ့သိကျွမ်းခင်မင်တဲ့ မြန်မာမိတ်ဆွေ တစ်ယောက် ကပြောပြတဲ့ သတင်းလေးပါ။ ကိုယ့်မြန်မာလူမျိုးတွေ အန္တရယ်ဖြစ်မှာစိုးလို့ အသိပေးလိုက်ရပါတယ်။

ထိုင်းနိုင်ငံထဲကိုရောက်နေတဲ့ အကြမ်းဖက်သမားတွေကို အကုန်လုံးဖမ်းမမိသေးပါ။ ဒါကြောင့်မို့အခုရက်ပိုင်းမှာ
အထူးသဖြင့် ဘန်ကောက်မှာရှိကြတဲ့ မြန်မာများ သင်္ဘောသားများ အနေနဲ့ အနောက်နိုင်ငံလူဖြူ ဧည့်သည်အလာများတဲ့ ကောက်ဆန်လမ်း (Soi Kaosan) နာနားလမ်း (Soi-Na Na) (ဆူခွမ်ဗစ် ဆွိုင် ၄) နဲ့ အခုကြားတဲ့သတင်းအရ

သူတို့တွေအဓိက ပစ်မှတ်ထား နေတယ်လို့ သိရတဲ့ ဆူခွမ်ဗစ် ဆွိုင် အဆုတ်ခ် ( Soi Asok - ဆွိုင် ၂၁) ကပျော်ပွဲစား ရုံမျိုး တွေကို သွားပြီးငေးမော သောက်စားတာ တွေကို ရှောင်ကျဉ်စေ ချင်ပါတယ်။ ကျန်တဲ့ ကုန်တိုက်တွေ ဘာတွေကိုလည်း မလိုအပ်ရင် သိပ်မသွားတာ ကောင်းမယ် ထင်ပါတယ်။

လေးစားလျက်။

ကိုထူးဆန်း

Source by :http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A413454&xgs=1&xg_source=msg_share_post

Saturday, December 17, 2011

ယာဉ်တိုက်မှုကြောင့် မြန်မာ ၂၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ယနေ့ နံနက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှု တခုတွင် မြန်မာနိုင်ငံသား ၂၅ ဦး ဒဏ်ရာ ရရှိသွားသည်။ ကန်ဖန်ဖက် (Kamphaeng Phet) ခရိုင်၊ ကိုးစန်ဖရပ်နခေါ (Kosamphi Nakhon) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့နယ်တွင် ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး နခေါစ၀မ်မြို့နယ်သို့ ပြန်လာစဉ် ၁၈ ဘီးကားကို ၀င်ရောက် တိုက်မိခဲ့သည်ဟု ဆိုသည်။



ကားတွင် လိုက်ပါသွားသူ တဦး၏ အဆိုအရ မယ်ဆိုင်မြို့နယ်တွင် အလုပ်သမား ၅၀ ကျော် ယာယီ နိုင်ငံကူး လက်မှတ် သွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ကန်ဖန်ဖက် မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

အလုပ်သမားများကို ဦးဆောင်သည့် ထိုင်းနိုင်ငံသားတဦးက “ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ကားသမား ၂ ယောက် စလုံးကို ရဲတွေက ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရှိရပေ။ (ထိုင်းသတင်းဌာန ( thairath Online )အင်တာနက် စာမျက်နှာ http://m.thairath.co.th/content/region/223470 တွင် ဖော်ပြထားသော သတင်းကို ကိုးကား ရေးသားသည်)

Source by :http://www.irrawaddyblog.com

Friday, December 16, 2011

မြန်မာတဦး မြင်းဆေးနဲ့အဖမ်းခံရဟု ထိုင်းသတင်းတွင် ရေးသား



ရာဘ ( ခေါ် ) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၅၀ သယ်ဆောင်လာတယ်လို့ စွပ်စွဲခံထားရတဲ့ ကိုမောင်လတ်ရဲ့ အလုပ်သမားကတ် မြန်မာနိုင်ငံသား တဦးဆီက စိတ်ကြွဆေးပြား ၄၅၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်းဘက်ကို သွားမယ့် ကားပေါ်မှာ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း အာဏာပိုင်များက ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ တောင်ပိုင်း မြို့နယ် ၃ မြို့မှာ ရှိတဲ့ လူငယ်တွေကို သွား ရောက်မယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေးပြားတွေကို အပြာရောင် အိတ် ၂ လုံးထဲမှာ တွေ့ရတာ ဖြစ်ပြီး ဖုန်းတလုံး၊ ATM ကတ် တခု၊ ထိုင်းဘတ် ၂၂၃၀ တို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

မြင်းဆေး ခေါ် ရာဘ စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရတယ် ဆိုတဲ့ ကိုမောင်လတ်က အသက် ၂၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ထိုင်းအာဏာပိုင်တွေက လော လောဆယ် သူ့ကို မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုနဲ့ ထိန်းသိမ်းထားပြီးတော့ ကွင်းဆက် တရားခံများကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။



ကိုးကားသတင်းနှင့်ဓာတ်ပုံများ - မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာ http://manager.co.th/Local/ViewNews.aspx?NewsID=9540000158406
သန်းထိုက်ဦး ရေးသားသည်။

Source by :http://www.irrawaddyblog.com/

Thursday, December 15, 2011

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား



အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ထိုင်နိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်ရှိ မြန်မာကလေးများ စာသင်ကျောင်း (ထုံခမီး)တွင် စက်တင်ဘာ (၂၆)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) လက်အောက်ရှိ အမျိုးသမီးများ ပညာရေးနှင့် စွမ်းရည်မြှင့်တင်ရေး အဖွဲ့ (WEDA)က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ (၈၀)ခန့် တက်ရောက်ခဲ့ကြသည်။

အမျိုးသမီးများ အနေဖြင့် အကြမ်းဖက် ခံနေရခြင်းများကို ကိုယ်တိုင် သိရှိနားလည်ပြီး ကာကွယ်နိုင်ရန်နှင့် လူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး အကြမ်းဖက်ခြင်းများနှင့် ခွဲခြားဆက်ဆံ ခံနေရခြင်းများ လျော့နည်း ပပျောက် စေရန်အတွက် ရည်ရွယ်ပြီး ယခုလို အခမ်းအနား ပြုလုပ်ရခြင်း ဖြစ်သည်ဟု FEDမှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက ပြောပြသည်။

WEDA အဖွဲ့ခေါင်းဆောင် ဒေါ်မိစိန်က “မြန်မာအလုပ်သမား အမျိုးသမီးတွေ မသိသေးတဲ့၊ သတိမထားမိတဲ့၊ လူအားဖြင့် နှုတ်အားဖြင့် အကြမ်းဖက်ခံရတဲ့ အခြေအနေတွေ၊ အကြမ်းဖက် ခံရပြီဆိုရင် ဘယ်လို ကာကွယ်မလဲ၊ ဘယ်သူတွေကို အကူအညီ တောင်းမလဲ ဆိုတာတွေ သူတို့တွေ သိရှိလာအောင် ဒီအခမ်းအနားမှာ ရှင်းပြခဲ့ပါတယ်”ဟု ပြောပြသည်။

ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး တဦးကလည်း ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အိမ်းတွင်း အကြမ်းဖက် ခံခဲ့ရသည့် အခြေအနေများကို အခမ်းအနားတွင် ဆွေးနွေး ဖလှယ်သွားခဲ့သည်။

အခမ်းအနား တက်ရောက်ခဲ့သည့် မမိဂမ်းက “အရင်တုန်းကတော့ လင်မယားတွေ ရန်ဖြစ်ရင် ကြားမ၀င်ကောင်းဘူး။ ကြားသုံးကြား မ၀င်နဲ့ ဆိုပြီး လက်ခံ နားလည်ခဲ့တယ်။ အခုတော့ မိန်းမတွေ မတရား အနိုင်ကျင့် ခံနေရပြီ ဆိုရင် ဘယ်လို အကူအညီ ပေးမလဲ။ ဘယ်သူတွေကို အကူအညီ တောင်းရမလဲ ဆိုတာတွေ သိလာတယ်ရှင့်”ဟု ပြောပြသည်။

အခမ်းအနားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဖဲကြိုးဖြူ သင်္ကေတ အကြောင်း၊ ဥာဏ်စမ်း မေးခွန်း အစီအစဉ်၊ ကလေးငယ်များ၏ အကများ စသည်တို့ ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ဖဲကြိုးဖြူ သီချင်းကို အတူတကွ သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

Source by :http://www.ghre.org/

Monday, December 12, 2011

ထိုင်းဘုရင် ကို အကြည်အညို ပျက်စေမှု နဲ့  အမေရိကန် ဘလောက်ဂါ တစ်ဦး ကို ထောင်ချ

အသက် ၈၄ နှစ် အရွယ်ရှိ ပြီ ဖြစ်တဲ့ ထိုင်းဘုရင် ကို အကြည်အညိုပျက်စေမှု နဲ့  ထိုင်း နိုင်ငံ မှာမွေးဖွား ခဲ့ တဲ့ အမေရိကန် နိုင်ငံ သား တစ်ဦး ကို ထိုင်း တရားရုံး က ဒီနေ့ ထောင်ဒဏ် နှစ် နှစ်ခွဲ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ဂျိုးဝီချိုင်း ကော်မတ် ဂေါ်ဒွန် ဆိုတဲ့ ကော်လိုယာဒို ပြည်နယ် က ဘလောက်ဂါ နဲ့  ကားဟောင်းရောင်းဝယ် သူတစ်ဦးဟာ ထိုင်း နိုင်ငံ မှာ ပိတ်ပင် ထား တဲ့ Paul Handley ရေးတဲ့ The King Never Smiles ဆိုတဲ့ စာအုပ် ကို ဘာသာပြန် ဆို ပြီး သူရဲ့  အင်တာ နက် စာ မျက်နှာ မှာ ဖော်ပြ ခဲ့ တဲ့ အတွက်ထောင်ဒဏ်အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ သူ ဟာ ဒီစာ အုပ် ကို သူအမေရိကန် မှာ နေစဉ် ဘာသာ ပြန်ပြီး အင်တာနက် စာမျက် နှာ မှာ တင်ထား ခဲ့ တာ ဖြစ်ပြီး မေလက ထိုင်း နိုင်ငံ ကိုပြန်ပြီး ဆေးကုသ မှု ခံယူစဉ် သူ့  ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိ ပြီ ဖြစ်တဲ့ ဂေါ်ဒွန် က သူဟာ လွတ်လပ် ပြောဆို ခွင့် ကို ပဲ လုပ်ဆောင်တာ ဖြစ်တာကြောင့် သူ့  ကို မတရား တဲ့ ပြစ်ဒဏ် ပေး တာ ကို အမေရိကန် အစိုးရက ကူညီ မယ် လို့  မျှော်လင့် ကြောင်း ပြောပါတယ်။သူ ဟာ ထိုင်း မဟုတ် ဘူး ။ သူက အမေရိကန် ဖြစ်တယ်။ သူ ဟာ အမေရိကန် နိုင်ငံ ကူး လက်မှတ် ကို ကိုင်ဆောင် ထား တာ ဖြစ်ပြီး ၊ ထိုင်း နိုင်ငံ ဟာ အမေရိကန် လို မျိုးလွတ်လပ် စွာ ပြောဆို ပိုင် ခွင့် ရှိတဲ့ နိုင်ငံ မဟုတ် ဘူး လို့  သူ က ပြောပါတယ်။

ဘန်ကောက် မြို့  ရှိ အမေရိကန် သံရုံး က ကောင်းစစ်ဝန်ချုပ် အဲလိဇဘက် ပရက် ကတော့ ပြစ်ဒဏ်ဟာ ကြီး လေး လွန်းတယ် လို့  ဝေဖန်ပါတယ်။ ထိုင်း နိုင်ငံ မှာ ပြည်သူတွေ အနေနဲ့  ဘုရင် စနစ် ကို ဝေဖန်ရင် ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံရပြီး ထိုင်း ဘုရင် ကို အကြည်အညို ပျက် စေတဲ့ ဖုန်း မက်ဆေ့ခ်ျ ပို့ မှု နဲ့  ထိုင်း တစ်ဦး ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ် ခဲ့ ပါတယ်။

Source by :http://freedomnewsgroup.com/

Saturday, November 26, 2011

နိုင်ငံခြား စာသင်သံဃာများ ရေဘေးဒုက္ခ ကြုံနေရခြင်း



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မဟာချိုင်ဒေသ ၀တ်တလွန်ကျောင်းမှာ သတင်းသုံးနေသော နိုင်ငံခြားသား စာသင်သံဃာ (၁၂၃) ပါးဟာ ရေဘေးကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်မှ ကူညီကယ်ဆယ်ရေးအဖွဲ့ ဝင် တဦးဖြစ်သူ ကိုဖိုးခွားကပြောပါသည်။ ဤအခက်အခဲကို ၀က်တလွန်ကျောင်း၌ သတင်း သုံးနေသော အရှင်ဦးပုညက မြန်မာဒကာဒကာမများထံမှ အကူအညီတောင်းခံပြီး၊ လိုက်လံအကူအညီပေးနေသည်ဟု ဆိုပါသည်။

“အရှင်ဦးပုည ကတော့ ၀က်တလွန်မှာကျောင်းမှာ စာသင်နေတယ်လေ။ ရေကြီးလို့ ရေလွတ်ရာ မဟာချိုင်အနောက် ဖက်ခြမ်းကို ပြောင်းရွေ့လိုက်ပါတယ်။ ကျန်ရစ်နေတဲ့ နိုင်ငံခြားသား သံဃာတွေရဲ့ အခြေနေတွေကို သိလို့ ဒကာ၊ ဒကာမတွေထံ အလှူခံပြီး အဲဒီဒုက္ခဖြစ်နေတဲ့ သံဃာတွေကို ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲထုတ်၊ ရေသန့်ဗူး တွေကို သွားရောက်လှူတန်းခဲ့တာ (၃)ကြိမ် ရှိနေပြီးဖြစ်သည်ဟု”ဆိုပါသည်။

ဘန်ကောက်မြို့ ရေဘေးအခြေအနေနှင့် ပါတ်သက်ပြီး၊ ထိုင်းဝန်ကြီးချုပ်ကလည်း ရေဘေးမှ မကြာခင် ကင်းဝေးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ ခရိုင်မှူးများ အပါဝင် စစ်တပ်ကိုလည်း၊ ဖြစ်ပေါ်လာမဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းပါသည်၊ အခြေအနေမှာ ပိုမိုကောင်းမွန်လာနေပြီးဟု ဆိုပါသည်။ အလားတူ မဟာချိုင်ဒေသ၌လည်း၊ ရေလျော့ကျ လာနေခဲ့ပါသည်။

“ရေတော့ ကျတော့ကျတယ်။ ကျတာကလည်း တ၀က်လောက်တောင်မှ မရှိသေးဘူး။ အရင်တစ်ခေါက်ကတော့ မြန်မာသံဃာတွေ ရှိသေးတယ်။ အခုအကြိမ်ကတော့ မြန်မာစာသင်သား သံဃာတွေကတော့ တစ်ပါးမှ မရှိတော့ဘူးလေ။ ရေကြီးလို့ နီးစပ်ရာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ အနီးနားမှာ သူ့အဆက်သွယ်နဲ့ သူနေထိုင်ကြသလို ဘန်ကောက်မြို့ရဲ့ ရေမရောက်တဲ့ နေရာမှာလည်း အဆင်ပြေသလို အခန်းစုငှားပြီး နေကြပြီးတော့ ရွေ့ပြောင်းနေထိုင်ကြ တာလည်း ရှိပါတယ်။ အဆက်သွယ်မရှိတဲ့ အင်ဒိုနီးရှား၊ ဖင်လန် နိုင်ငံခြားသား ဘုန်းကြီးတွေကတော့ ရေကြီးတဲ့ နေရာဖြစ်တဲ့ ၀က်တလွန်မှာပဲ ကျန်ရစ် နေကြတယ်လေ” ဟု ပြောပါသည်။

နိုင်ငံခြား ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအား ရေဘေး အကူညီပေးနေသော အဖွဲ့များက လာရောက်ကူညီပေးခဲ့သည်ကို မတွေ့ရှိရသော်လည်း မြန်မာအဖွဲ့တချို့ကသာ ကားနဲ့ လာရောက်ပြီး အကူညီပေးခဲ့သည်ဟု အရှင် ဦးပုည သထ္ထကပြောပါသည်။


မြန်မာသံဃာတော်များလည်း နီးစပ်ရာ မြန်မာအလုပ်သမားများကြား သတင်းသုံးတော်မူကြ (ဓါတ်ပုံ - အင်တာနက်)

ဝက်တလွန်းကျောင်း၌ မြန်မာရဟန်းတော် ၁၂၇ပါး ၊ ဘင်္ဂလာဒေ့ရှ် ၁၀၀ပါး ၊ ကမ္ဘောဒီယား ၂၅ ပါး၊ ကျန်သည့် အိန္ဒိယ၊ နီပေါ၊ လာအို၊ ရဟန်းသံဃာစုစုပေါင်း အပါး ၃၀၀ ကျော်ရှိပါသည်။ ယခုလိုရေကြီးချိန်၌မူ မြန်မာသံဃာတော်များက နီးစပ်ရာ မြန်မာအလုပ်သမားများ၏ ကြား၌ အဆင်ပြေစွာ သတင်းသုံးနိုင်သော်လည်း အဆက်သွယ်မရှိသည့် နိုင်ငံခြားသား သံဃာများမှာမူ ရိက္ခာအခက်အခဲများ ဖြစ်နေကြပါသည်။ ကူညီလိုသူများ ကိုဖိုးခွား (ဖုန်း(၀၈၁ ၁၀၃ ၆၃၇၅) ဖြစ်ပြီး၊ အရှင်ဝါယမ ဖုန်း 0804585128 တို့ကို ဆက်သွယ်နိုင်ပါသည်။

ထိုင်းနိုင်ငံ မဟာချိုင်ဘက်တွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၄)သိန်းကျော် ရှိပါသည်။ ယင်းနေရာတွင် ရေးဘေး ဒုက္ခရောက်သူများသည် မြန်မာနိုင်သား အများစုဖြစ်သော်လည်း ဤ အထဲတွင် ရဟန်းသံဃာတော်များလည်း ပါဝင်နေပါသည်။ တချိန်ထဲ၌ နိုင်ငံခြား စာသင်သားရဟန်သံဃာတော်များလည်း ရေဘေးကြောင့် ဒုက္ခရောက် နေကြပါသည်။

Source by :http://www.phophtaw.org/

Tuesday, November 22, 2011

မဟာချိုင် ယာယီ ကယ်ဆယ်ရေးစခန်း ဆက်လက်ဖွင့်လှစ်ခွင့် ရရှိ



ထိုင်းအာဏာပိုင်များနှင့် မြန်မာသံမှူးတို့ ညှိနှိုင်းခဲ့ကြသဖြင့် (၄)ရက်ကြာ တင်မာမှု ရှိနေခဲ့သော မဟာချိုင် ရေဘေး ကူညီရေး ယာယီစခန်းအား မဟာချိုင်နယ်မြေ ရေမနစ်မြုပ်ခင်အထိ ဆက်လက် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့ဖွင့်လှစ်ထားသော ဘန်ကောက်မြို့နှင့် ကီလိုမီတာ တစ်ရာကျော် ဝေးသည့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသို့ ရေဘေးဒုက္ခသည်များအား ပြောင်းရွှေ့ခိုင်းရာ ဝေလံသောကြောင့် သွားရောက်ရန် အခက်အခဲရှိသဖြင့် ဒုက္ခသည်များက ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

မဟာချိုင်နယ်မြေ အလုပ်အကိုင် ရှာဖွေရေး အရာရှိနှင့် မြန်မာသံမှူးတို့အပြင် ကယ်ဆယ်ရေးစခန်းကို ဦးဆောင်သည့် အသျှင်ဝါယမ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)နှင့် မြန်မာအလုပ်သမားများက အကျေအလည် ဆွေးနွေးခဲ့ကြပြီး ပြေလည်ခဲ့ခြင်း ဖြစ်သည်။

ဦးဝါယမက “မနေ့က စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာတွေ ပြေလည် သွားခဲ့ပြီးဖြစ်တယ်။ မနိုင်မနင်း မဖြစ်အောင်တော့ ဦးဇင်းတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့ လိုတာပေါ့။ ဘာဖြစ်ဖြစ် အားလုံးစိတ်အေး သွားကြရတယ်’’ ဟု မိန့်တော်မူသည်။



ယမန်နေ့က စိတ်ဆင်းရဲ နေခဲ့ကြသည့် အလုပ်သမားများလည်း ၀မ်းသာ သွားကြသည့်အပြင် အလုပ်အသစ် ရရှိသွားသည့် အလုပ်သမား (၄၀)ကျော်တို့ စခန်းမှ ထွက်ခွာသွားသည်။ ယနေ့ ညနေပိုင်းတွင် မြန်မာသံရုံး အစီအစဉ်ဖြင့် အလုပ်သမား (၅၀)ဦးကိုလည်း နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်သည်။

ရေဘေးသင့် နေကြသည့် မြန်မာ အလုပ်သမားအနေဖြင့် ဖုန်းနံပတ် ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၄-၆၇၀၅-၇၂၇၊ ၀၈၅-၁၅၈၈-၃၆၇၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၁-၀၈၇၁-၅၃၅၊ ၀၈၇-၇၅၅၀-၉၇၅၊ ၀၈၀-၅၅၂၂-၀၆၂ များသို့ ဆက်သွယ်ပြီး အကူညီ တောင်းခံနိုင်ကြောင်း သိရသည်။

Source by :http://www.ghre.org/

Wednesday, November 16, 2011

မဟာချိုင်ရေဘေး မြန်မာ အလုပ်သမားများ​​ အခက်ကြုံနေ


မဟာ ချိုင် ရေး ဘေး သင့် မြန် မာ များ

ထိုင်းနိုင်ငံ၊ ရေကြီးမှုမှာ မြန်မာအလုပ်သမားသိန်းနဲ့ချီ အလုပ်အလုပ်နေကြတဲ့ မဟာချိုင်ဒေသမှာ ရေဘေး ဒုက္ခခံနေကြရပြီး မြန်မာ ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့် ကူညီနေရတယ်လို့ ရွှေတွံ့တေးဆရာတော် အရှင်ဝါယမက ဒီဗီဘီကို မိန့်ပါတယ်။

ရေက ဒီနေ့မှာပိုတက်လာပြီး နာရီပိုင်းအတွင်း ရေလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ စက်ရုံတွေပိတ်ထားပြီး နေအိမ် တိုက်ခန်းနဲ့ တန်းလျား​​တွေ​ ​ရေမြုပ်ကုန်တာကြောင့် ကားနဲ့ ကြိုပြီး ဘုန်တော်ကြီးကျောင်းမှာ စခန်းဖွင့်ပေးထားတာလို့ မဟာချိုင်မြို့နယ်၊ ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး​ကျောင်းက ဆရာတော်အရှင်ဝါယမက မိန့်ပါတယ်။

“မနေ့ကပဲ စခန်းကို ဖွင့်လိုက်တာ။ အလုပ်သမား တရာလောက် ရောက်နေပြီ။ ရေက အကျမရှိဘဲ ဆက်တိုက် တက်လာတဲ့အခါကျတော့ အကုန်လုံး ပြေးရတာပေါ့။ တချို့ အလုပ်ရုံတွေကတော့ နည်းနည်း အဆင်မပြေဘူး။ အလုပ်ရှင်တွေက ထိုင်း အလုပ်သမားတွေကို လစာတွေ ချက်ချင်း ရှင်းပေးလိုက်တယ်။ နေရာတွေ ရွှေ့ပေးလိုက်တယ်။ ကမ္ဘောဒီးယားတွေကိုလည်း နေရာတွေ ရွှေ့ပေးတယ်။ ဗမာတွေကျတော့ ခနနေဦး စဉ်းစားပေးမယ်ဆိုပြီးတော့ ဒီအတိုင်း ထားတယ်။ ရေက တက်လာတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့။ အဲဒီလိုဟာတွေ သတင်းရရင် ချင်ချင်းသွားရတာပေါ့။”

အလုပ်သမားတချို့က စနစ်တကျနဲ့ ရေလွတ်ရာကို ထွက်လာနိုင်ကြပေမယ့် အပြင်ပတ်ဝန်းကျင် မသိတဲ့တချို့က နေရာမှာပဲ ထိုင်နေကြပြီး​ ထွက်မလာတတ်ကြဘူးလို့လည်း​​ ​ရှင်းပြပါတယ်။

မဟာချိုင်က ရေဘေးသင့်​​​ မြန်မာအလုပ်သမားတွေကို သံဃာတော်တွေ၊ မြန်မာတွေကပဲ ၀ိုင်းဝန်းကူညီပေးနေကြရပြီး မြန်မာသံရုံးကလည်း ကူညီပေးဖို့ အကျိုးအကြောင်း ဒီနေ့ လာလျှောက် သွားတယ်လို့ မိန့်ပါတယ်။

“မနက်ဖြန်ကို သံရုံးက လာမယ်ပြောတယ်။ ဒီနေ့ကတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့ ထိုင်းအဖွဲ့ပေါ့။ အလှူရှင်တွေပေါ့ လာကြည့်သွားတယ်။ သူတို့ဆောင်ရွက်ပေးပါမယ်ဆိုတဲ့​ အကြောင်းပေါ့။ သံရုံးကလည်း ထိုင်းအစိုးရနဲ့ပေါင်းပြီး သူတို့ စောင်ရှောက်ပေးနေတယ် ​ပြောတယ်။ ဒီမှာလည်း လိုတာကြည့်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ သူတို့ စီစဉ်နေတယ်လို့လည်း လာလျှောက်တယ်။”

အခုလက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် တထောင်ကျော်ကျော်ထိ လက်သင့်ခံထားနိုင်​ပေမယ့်​ အစားအသောက်နဲ့​ ​ရေကိုတော့ ပြည်တွင်းပြည်ပက​ ​မြန်မာတွေအနေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ပေးမှ ရမယ်လို့ မိန့်ကြားသွားပါတယ်။

“အတတ်နိုင်ဆုံး စိတ်ဓာတ်အင်အားရော၊ ငွေကြေးအင်အားရော တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးပါ။ ထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်။”

မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ အနေနဲ့ မဟာချိုင် ကယ်ဆယ်ရေးစခန်း ဖုန်း ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅- ၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြသလို၊ ရေဘေးသင့်နေသူတွေကိုလည်း အဲ့ဒီဖုန်းတွေဆက်ပြီး ကူညီပေးနိုင်ကြပါတယ်။

Source by : http://burmese.dvb.no

Monday, November 7, 2011

မဟာချိုင် ရေကြီးမှု သတိပေးချက်



ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေထားတဲ့ အရေးပေါ် သတိပေးချက်ပါ။ မဟာချိုင်ရောက် မြန်မာတွေ သတိထားနိုင်ဖို့ လက်တို့ပေးဖို့ သတင်းပါ။

(မဟာချိုင် ရေကြီးမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ နောက်ဆက်တွဲ တွေ့ရတာတွေကို ထပ်တင်ပေးလိုက်ပါတယ်။)

မဟာချိုင်ဒေသ ရေကြီးလျှင် ကာကွယ်ရေး စီမံချက်

မဟာချိုင်းဒေသကို စက်မှုဇုံအထူးဒေသ အဖြစ်ထိုင်းအစိုးရမှ ကာကွယ်နေဆဲဖြစ်ပါသည်။ သဘာဝကို အံတုနေရသော လုပ်ငန်းဖြစ်သည့် အားလျှော်စွာ မမျှော်လင့်သော အခြေအနေတရပ်သို အချိန်မရွေး ရောက်နိုင်ပါသည်။

တနေ့ တခြား ရေကြီးလာနေသော မဟာချိုင်ဝန်းကျင်ဒေသ နေထိုင်ကြသော မြန်မာပြည်မှ လာရောက် အလုပ်လုပ်နေကြသော မြန်မာပြည်သားများ ကြိုတင်ပြင်ဆင်ရန် နှင့် သိထားစေရန်။

မိမိတို့ ကိုင်ဆောင်ထားသည့် နေထိုင်ခွင့်ကဒ်ပြား။

ဆေးရုံလက်မှတ်ကဒ်ပြား။

မြန်မာပတ်စပို့ ။

ကလေးမွေးစာရင်း။

စသည့် ...

၁ - အရေးကြီးသည့် စာရွတ်စာတမ်းများကို ပလပ်စတစ်ထူထူ အိပ်ထဲတွင် မီးအပူပေးပြီး အသေပိတ်ထားပါ။ ထိုအထောက်အထားများပါသည့် ပလပ်စတစ်အိပ်ကိ မိမိကိုယ်နှင့် သွားလေရာ မပျောက်အောင် တပါတည်း ကြိုးချည်သယ်ဆောင်သွားပါ။

၂ - အဖုံးပိတ်နိုင်သော ပလပ်စတစ် ရေပုံးထဲတွင် သကြားနှင့် ဆား ရောထားသော လက်ဖြစ် ဂလူးကို့  ကီလိုဝက်တထုတ်။ သောက်ရေသန့်  ၂ လီတာမှ ၄ လီတာ။ ဆန် ၅ ကီလို။ ဆီ ၂၅ ကျပ်သား။ အဝတ်ပါး၂ စုံ။ အိုးငယ် တလုံး။ မီးသွေး( ဓါတ်ငွေ့ မီးဖိုငယ်) တို့ ကို အဆင်သင့်ပြင်ထားပါ။

၃- ရုက်တရက်ရေလွမ်းမိုးမှုဖြစ်လာလျှင် နီးစပ်ရာ စာသင်ကျောင်းများ။ ဘုန်ကြီးကျောင်းများ။ ရဲကင်း အဆောက်အဦးများသို့ သွားရောက်နေထိုင်ကြပါ။

အထူးသတိပြုရန်မှာ ...

လူနေအဆောက်အဦးများ စက်ရုံ ခေါင်မိုးများတွင် နေထိုင်ခြင်း မပြုပါစေနှင့်။ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို တရားဥပဒေအရ အရေးယူခံရဖွယ်ရှိသည်။

၎- မိမိ ထွက်ခွာလာခဲ့သော အိမ်များ အခန်းများမှ လျှက်စစ်မီးကိုသေချာစွာ ပိတ်ခဲ့ပါ။ မိမိအခန်းမှ မထွက်ခွာခင် နောက်ဆုံးအချိန်အထိ သေသေချာချာ စစ်ဆေးပြီးမှ ထွက်ခွာကြပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ စိတ်ကို ပြာယာမခပ်မိအောင် သတိထားပါ။ ကူညီကြပါ။

၅- မဟာချိုင်ဒေသကြီးတခုလုံး ကားဆိုင်ကယ် အသွားအလာ ပြတ်လောက်အောင် ရေအောက်သို့  မြုတ်ခဲ့လျှင် လူအများစုဝေးရာဒေသကို မဟာချိုင်အနောက်ဖက် ရနောင်းသို့ သွားသည့် အဝေးပြေး ကားလမ်းမကြီးဖြစ်သည်။ ထိုလမ်းကြီးတလျှောက်တွင် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ထိုင်းအာဏာပိုင်များက ယာယီရုံးများ ဖွင့်လှစ်ပြီး ကူညီဆောင်ရွတ်မည်ဖြစ်သည်။

ယာယီဆက်သွယ်ရန်
ဦးမြင့်အောင် ၆၆ ၈ ၆၈၂၀၉၂၉၄
International Care
မဟာချိုင်

Source by :http://www.irrawaddyblog.com

Saturday, November 5, 2011

ရေကြီးမှုအပေါ် အမြတ်မထုတ်ဖို့ ထိုင်းမှာ အမိန့်ထုတ်



(အောက်ဖော်ပြပါသတင်းက ဘန်ကောက်ပို့စ်က သတင်းဖြစ်ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကိုမိုးသီးဇွန်က မြန်မာအလုပ်သမားများ သိရှိရေး ဘာသာပြန်ဖော်ပြကြဖို့ တိုက်တွန်းထားတာကို Sandah Aung က ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။)

ပစ္စည်းလှောင်ခြင်းနှင့် မတရား အမြတ်တင် ရောင်းချခြင်းမှ ကာကွယ်ရန် ထိုင်းအစိုးရက ရေဘေးကာလအတွင်း မရှိမဖြစ် လိုအပ်သော ကုန်စည်များရောင်းချရန် ဈေးနှုန်းများကို အကြံပြု ကြေညာလိုက်သည်ဟု လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွန် ဆာရာဖောက တနင်္လာနေ့တွင် ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ၎င်း၏ ဈေးနှုန်းထိန်းချုပ် ကုန်စည်စာရင်းတွင် ရေဘေးအတွက် လိုအပ်သော ကုန်စည်များကို ထည့်သွင်းပြီးနောက်တွင် ထိုကုန်များအား သိုလှောင်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ပြည်တွင်းကုန်သွယ်ရေးဌာနက ထိုကုန်များကို ရောင်းချသင့်သည့်ဈေးနှုန်းများကို အကြံပြုခဲ့သည်ဟု မစ္စတာ ဖွန်ကဆိုသည်။

၆၀၀ စီစီ သောက်ရေသန့်ဘူး၏ ဈေးနှုန်းကို ခုနစ်ဘတ်အထက် ဈေးနှုန်းဖြင့် မရောင်းရန်လည်းကောင်း၊ ၇၅၆ စီစီ ရေသန့်ဘူးကို ကိုးဘတ်ထက် မရောင်းရန်လည်းကောင်း၊ ၁.၅ လီတာဘူးကို ၁၄ ဘတ်ထက် ပိုမရောင်းရန်လည်းကောင်း လက်ထောက်ဝန်ကြီးက အကြံပြုလိုက်သည်။

ရေးဘေးနှင့် သက်ဆိုင်သော အခြားကုန်များအတွက် အကြံပြုဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နှစ်ဆယ့်ငါးကီလို သဲအိတ်တစ်အိတ်လျှင် ၄၅ ဘတ်စီ
အင်္ဂတေတုံး ၁၀ ဘတ်စီ
အသက်ကယ် အင်္ကျီ ၄၅၀ ဘတ်စီ
လူနှစ်ဦးဆန့် ဖိုင်ဘာလှေ ၄၅၀၀ ဘတ်စီ
လူလေးဦးဆန့် ဖိုင်ဘာလှေ ၆၅၀၀ ဘတ်စီ
ရာဘာလှေ တစ်စုံလျှင် ၂၀၀ ဘတ်စီ
ဂါလံနှစ်ဆယ်ဆန့် ရေတိုင်ကီ ၃၅၀ ဘတ်စီ
ဂါလံလေးဆယ်ဆန့် ရောတိုင်ကီ ၆၀၀ ဘတ်စီ
ရေစုတ်စက် ၄၅၀၀ ဘတ်စီ

ရေဘေးနှင့် သက်ဆိုင်သောကုန်များကို အကြံပြုဈေးနှုန်းထက် ပိုမိုရောင်းချပါက ထောင်ဒဏ် ခုနစ်နှစ်ကျခံပြီ ငွေဒဏ် ၁၄၀ ၀၀၀ ဘတ် ပေးဆောင်ရမည်ဟု မစ္စတာ ဖွန်ကဆိုသည်။

တိုးမြင့်လာသေ လိုအပ်ချက်များကို ဖြည်ဆည်းရန်နှင့် အမြတ်ကြီးစား ကုန်သည်များ ဈေးမကားနိုင်စေရန် နိုင်ငံမြောက်ပိုင်း အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ရေသန့်ထုတ်သူများကို ရေဘေးသင့် ဗဟိုလွင်ပြင်ဒေသသို့ တတ်နိုင်သရွေ့ တင်ပို့ရန် ညွှန်ကြားထားသည်ဟု မစ္စတာ ဖွန်က ပြောကြားသည်။

ကြက်ဥများ ပြတ်လတ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း မဟုတ်မှန်ဟု ဥစားကြက် မွေးမြူသူများအသင်းက ပြောကြားသည်။ ရေဘေးကြောင့် ဥစားကြက်ခြံ ငါးရာခိုင်နှုန်းသာ ပျက်ဆီးသည်ဟု သိရသည်။

ရေဘေးသတိပေးကြေညာချက်များကြောင့် ထိတ်လန့်တကြားဖြစ်ကာ ကြက်ဥများ စုဆောင်းခြင်းကြောင့် ကြက်ဥပြတ်လတ်သည်ဟု ထင်ဖွယ်ဖြစ်ခဲ့ကြောင်းကို ဥစားကြက်မွေးမြူသူများအသင်း ဥက္ကဌ မနော့ ကျူတက်တက်က ရှင်းပြသည်။

တစ်နေ့လျှင် ကြက်ဥ ၂၈ သန်းနှင့် ၂၉ သန်းကြား ထုတ်လုပ်နိုင်သော ဥစားကြက်ခြံများမှာ ပြဿနာ အနည်းငယ်သာ တွေ့ကြုံရကြောင်း သိရသည်။

ကြက်ခြံတချို့တွင် ဥစားကြက်များ သေဆုံးခဲ့သော်လည်း ကြက်မွေးမြူသူများက အချိန်မှီ ဖယ်ရှားခဲ့သဖြင့် ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း သိရသည်။

ကြက်ဥတစ်ဥလျှင် ပေါက်ဈေး သုံးဘတ်ရှိကြောင်း သိရသည်။

Source by :http://www.irrawaddyblog.com

Saturday, October 29, 2011

ဘန်ကောက် ရေကမ္ဘာ (ဓာတ်ပုံများ)


ဘန်ကောက်မြို့ အနီးတ၀ိုက် ရေဘေးသင့်ဒေသခရိုင် ၂ ခုကို ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ငြိမ်းဇော်က သူမြင်တွေ့ခဲ့သမျှကို အခုလို မှတ်တမ်းတင် ထားပါတယ်။

Pathum Thani ခရိုင် Rangsit ဒေသ မြင်ကွင်းများ

Rangsit ဒေသမှာ ထိုင်းတွေရော၊ အဲဒီဒေသမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သား တွေရော ရေနဲ့လွတ်ကင်းရာကို သွားနေကြပါပြီ။

ဟိုတုန်းကတော့ ဒီနေရာဟာ ကားတွေ တဝေါဝေါ ဖြတ်သန်းသွားလာနေလို့ လမ်းကူးဖို့မလွယ်တဲ့ နေရာပါ

ဘတ်စ်ကား၊ တက္ကစီတွေ မရှိလို့ တနိုင်စာပစ္စည်းကိုပဲ သယ်ကြရပါတယ်

ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်။

ရေကြီးမှု သတင်း ထုတ်ပြန်ရေးဌာနက ဒွန်မောင်းလေဆိပ်မှာ ရှိပါတယ်။ လေဆိပ်ထဲ ရေတွေဝင်လာတဲ့အတွက် အဲဒီဌာနကိုပါ နေရာရွှေ့ရတော့မယ်လို့ ဆိုပါတယ်။

လေဆိပ်မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဘန်ကောက်မြို့သူမြို့သားတွေ ရေဘေး လွတ်မယ့်နေရာကို ထပ်ပြောင်းရပါပြီ။

ဘန်ကောက် အပါအ၀င် ရေအကြီးအကျယ် ကြီးနေတဲ့ ခရိုင်တွေမှာ အစိုးရရုံးတွေ၊ ကျောင်းတွေကို ၅ ရက် ပိတ်လိုက်ပါပြီ။

ရေဘေးသင့်သူအပြည့်တင်လာတဲ့ ထိုင်းစစ်တပ် ကူညီကယ်ဆယ်ရေးယာဉ်

မိုးရွာလို့ ရေကြီးတာက ထိုင်းမှာ ရိုးနေပါပြီ။ ဒီတခါလောက်တော့ အကြီးအကျယ် မဖြစ်ခဲ့ဖူးပါ။ ဇူလိုင် ကတည်းက ကြီးလာတဲ့ရေကြောင့် သေဆုံးသူ အရေအတွက်က မနေ့က စာရင်းအရ ၃၆၆ ဦး ရှိပါပြီ။

ရေကြောင့် လူပေါင်း ၂ သန်းခွဲ တိုက်ရိုက် ဒုက္ခရောက်နေပြီး ကူညီကယ်ဆယ်ရေး စခန်းရောက်နေသူပေါင်း တသိန်းကျော် ရှိပါတယ်။
Pathum Thani ခရိုင် မြင်ကွင်းများ

ရေကြီးတဲ့အရပ်မို့ ကားရှိလည်း အလကားပါပဲ။

ကားတွေကို ပစ်ထားလို့မရ အိတ်ထဲထည့်ထားလို့ မရတာကြောင့် ရေမရောက်နိုင်မယ့်၊ ကိုယ် လက်လှမ်းမီတဲ့ နေရာတွေမှာ ရပ်ထားကြပါတယ်။ လမ်းပိတ်ဆို့မှုဖြစ်မှာကိုလည်း အာဏာပိုင်တို့က စိတ်ပူနေပါတယ်

ရေတိမ်နစ်ကားတစီး

ရေဘေးသတင်း စောင့်နားထောင်သူ အများအပြား အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက် အမျိုးမျိုးကြောင့်ရော၊ မကျသေးတဲ့ ရေတွေကြောင့်ပါ စိတ်ညစ်နေရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ရေဘေးသင့်ဒေသအရပ်သားတွေကို ပစ္စည်းပစ္စယတွေ ရေလွတ်ရာဒေသရွှေ့ဖို့၊ ဒီထက်ပိုပြီး ရေကြီးလာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရေး ပြင်ဆင်ထားဖို့ ပြောသွားပါတယ်။

အရေးပေါ်ကာလ သယ်ယူပို့ဆောင်နည်းတခု

ရေထဲက ရုပ်ပွားတော်ဆိုင်

ကားလမ်းကူးဖို့ ပြင်ဆင်နေသူ၂ဦး


Bang Bua Thong ခရိုင် မြင်ကွင်းများ

Bang Bua Thong ခရိုင် ဆိုပေမယ့် ဘန်ကောက်မြို့နဲ့ ထိစပ်နေတဲ့ ဒေသ ဖြစ်ပါတယ်


မိနစ်ပိုင်း သွားရမယ့် ခရီးကို နာရီနဲ့ချီပြီး ကုန်းတတန် ရေတတန် သွားနေရပါတယ်

မနေ့ညက ထုတ်လွှင့်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ရုပ်သံမိန့်ခွန်းမှာတော့ အစိုးရိမ်ရဆုံးနေရာ တွေထဲမှာ ချောင်ဖုယားမြစ် တလျှောက်ဒေသများ ပါဝင်တယ်လို့ ဆိုပါတယ် ...

Source by :http://www.irrawaddyblog.com/