Showing posts with label အနုပညာ သတင်း. Show all posts
Showing posts with label အနုပညာ သတင်း. Show all posts

Tuesday, December 27, 2011

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) ရန်ကုန်မြို့တွင် ကွယ်လွန်



အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ)

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) သည် ရန်ကုန်မြို့ ဗဟိုစည် အထူးကုဆေးရုံကြီး၌ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကင်ဆာရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိသည်။ ကဗျာဆရာညွန့်ဝေ(ကသာ)သည် ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်ပြီး လုံးချင်းစာအုပ် ငါးအုပ်၊ ကဗျာပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီးဖြစ်ကာ သားနှစ်ဦးနှင့် မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။

ဆရာညွန့်ဝေ(ကသာ)၏ အမည်ရင်းမှာ ဒေါက်တာသိန်းညွန့်ဖြစ်ပြီး ၁၉၃၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ (သောကြာနေ့) တွင် တောအုပ်ကြီး ဦးလေးမောင်၊ ဒေါ်အိမ်တို့မှ မွေးဖွားသော မွေးချင်းခြောက်ယောက်အနက် တတိယမြောက်သားဖြစ်သည်။ ဇာတိ ချက်မြှုပ်မှာ တောင်တွင်းကြီးမြို့ ဖြစ်သော်လည်း ကသာမြို့တွင် ကြီးပြင်းခဲ့သည်။ အသက် ၁၅ နှစ်သား ရှစ်တန်းကျောင်းသားဘ၀တွင် ပထမဆုံး ပုံနှိပ်ကဗျာ သတင်းစုံဂျာနယ်တွင် ပါဝင်ခဲ့သည်မှ အစပြု၍ ပဒေသာ၊ ရှုမ၀၊ ငွေတာရီနှင့်မြ၀တီ၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားပြီး ကဗျာစာပေလောကတွင် ခြေချခဲ့သည်။ အိမ်ထောင်ဖက်မှာ တရားရုံးချုပ်ရှေ့နေ ဒေါ်ဝေေ၀လွင်(ကွယ်လွန်) ဖြစ်ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရုရှားနိုင်ငံ မော်စကို ဆေးပညာတက္ကသိုလ်မှ Plastic Surgery ပါရဂူ ဘွဲ့ရရှိခဲ့သည်။

ကဗျာဆရာညွန့်ဝေ(ကသာ) ၏ ထုတ်ဝေပြီး လုံးချင်းစာအုပ်များမှာ သိမှတ်ဖွယ်ရာ ဆေးပညာ(ပညာအလင်း စာပေ) ၁၉၆၇ခုနှစ်၊ 'ဇော' ဆေးပညာ ပေးဝတ္ထုရှည်(စာပေဗိမာန်)၊ စိတ်ပြတင်းကဗျာများ (ဂုဏ်ထူးစာပေ)၊ ၁၉၉၂ခုနှစ်၊ ရင်မှဆင်းသော မြစ်တစ်စင်း(ဂုဏ်ထူးစာပေ) ၁၉၉၈ ခုနှစ်နှင့် လည်ပြန်အငဲ့ (ကံ့ကော်မြိုင်စာပေ) ၂၀၀၉ ခုနှစ်တို့ဖြစ်ကြပြီး စိတ်ပြတင်း ကဗျာစာအုပ်ဖြင့်အမျိုးသားစာပေဆု (ကဗျာ)ကို ၁၉၉၂ ခုနှစ်အတွက်ရရှိခဲ့ သည်။ ၂၀၀၈ ခုနှစ်တွင်နိုင်ငံတော်မှ ၀ိဇ္ဇာပညာထူးချွန်ဆု(ဒုတိယအဆင့်) ချီးမြှင့်ခြင်းခံရပြီး ၂၀၀၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ စာပေတစ်သက်တာ စာပေဆုချီးမြှင့်ခြင်းခံခဲ့ရသည်။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆု ရွေးချယ်ရေးကော်မတီဝင်အဖြစ် ယနေ့ထက်တိုင် ဆောင်ရွက်နေဆဲဖြစ်သည်။ သက်ပြည့်အငြိမ်းစားယူပြီးဖြစ်သော်လည်း ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ၀န်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံဆေးပညာရှင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သည်။ ၀န်ထမ်ဘ၀မှ အငြိမ်းစားယူပြီးဖြစ်သော်လည်း(Plastic Surgery) ပညာဖြင့် ခွဲစိတ်ဓားကို နိစ္စဓူဝကိုင်စွဲ ခွဲစိတ်ကုသပေးခဲ့သလို ကဗျာကလောင်ကိုလည်း ဆက်လက်ပြိုင်တူကိုင်စွဲ ရေးသားခဲ့သူဖြစ်သည်။ ထို့အပြင် ဆေးသိပ္ပံတက်ရောက်စဉ် ၁၉၆၀ ၀န်း ကျင်ကာလများက ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ကဗျာဆရာညွန့်ဝေ (ကသာ) သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဗဟိုစည်အထူးကုဆေးရုံကြီးသို့ တက်ရောက်၍ သုံးပတ်ကြာဆေးကုသမှုခံယူပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးအအေးခန်းမှ ပို့ဆောင်မီးသဂြိုဟ်မည်ဟု သိရသည်။

Source by :http://www.news-eleven.com/

Sunday, January 9, 2011

ဝိုင်းစု လင်နောက်လိုက်ပြေးလို့တဲ့




wai su nae hein wai yan |





သတင်းထူးတာလား.. ဇတ်လမ်းထဲက ဇတ်ဝင်ခန်းလားတော့ တိပါဝူးဂျာ... ကိုရဲထွန်းဇော် ဘလော့ဂ်မှာတွေ့တာနဲ့ ကိုယ်လဲရှာဖွေမွှေနှောက်ပြီးတင်ပေးလိုက်တာပါ။ အတင်းအဖျင်းဆို ကျွန်တော်က ထိပ်ဆုံးက စိတ်ဝင်စားတာကိုးဗျာ.. တစ်ကယ်သာဆိုရင်တော့ အဟင့် ဟင့်. အနော့်ဝိုင်းစု လေး ကုန်ပါပြီဗျာ..

Monday, January 3, 2011

Century Stars CONCERT

ကြော်ငြာ ထိုးတာပါဗျာ... စိတ်ဝင်စားသူများ အတွက်ပေါ့လေ... မိုးယံတို့ကတော့ သွားနိုင်မည် မထင်

Sunday, December 12, 2010

စာပေ ဟောပြောပွဲ (ကြော်ငြာ)


ဒီနေ့ ဆိုင်ရောက်တယ်.... ဈေးရောင်းတယ်... ကိုယ့်စိတ်နဲ့ မတွေ့တဲ့ ဂျာနယ်တွေ မြင်တယ်.. သတင်း တော်တော်များများက ကိုယ်ဖတ်ပြီးသားတွေ.... sexy ပုံတွေ ကို မျက်နှာဖုံးမှာ အသားပေးဖေါ်ပြကြတယ်.. ကိုယ်သိပ်မကြိုက်ဘူး... သူတို့ ကြည့်စေချင်လို့ ... ကိုယ်ကြည့်ပေးလိုက်တယ်၊ ဒီလောက်ပဲ ။ဈးရောင်းနေတဲ့ ကောင်တာမှာ စာပေဟောပြောပွဲ လက်မှတ်တွေ ရောင်းဖို့တင်တားတာ မြင်ရတယ်.. ကိုယ်နည်းနည်း စူစမ်းတယ်.. ဘ၀င်မကျဘူး... နံမည်ကြီးသက်ရှင်ထင်ရှား အောင်မြင်နေဆဲ ကိုယ်ကြိုက်တဲ့ စာရေးဆရာ ဆရာမတွေပဲ...။ ဒါပေမယ့် ခြောက်နာရီကြာ ဟောပြောပွဲအတွက် ဘ၀နဲ့ရင်းရ... အပင်ပန်းခံထားရတဲ့.. စေတနာတွေနဲ့ ပြုစုထားတဲ့ ကာယကံမြောက် ဒါနပြုပွဲအတွက် တန်ကြေးကနည်းလွန်းနေတယ် (ကိုယ့်အမြင်)

ဘာတဲ့.. စာရေးဆရာတွေ ရဲ့ ဟောပြောပွဲ လက်မှတ်က တန်ကြေး ရင်းဂစ် (၁၀) ။ အိုင်စီပွဲ တို့.. မိန်းမ ရှစ်ယောက် လှစ်ဟတဲ့ ပွဲတို့တောင် .. ၀င်ကြေးက ရင်းဂစ် ၅၀ အောက်မရှိဘူး... ထားတော့.. လောကကြီးကိုက ကိုယ်ဖြစ်ချင်တာ မဖြစ်ရ ... မဖြစ်စေချင်တာတွေ မြင်ရ... ထားတော့...ထားတော့..


ဓါတ်ပုံတွေ ဗွီဒီယိုတွေ ညံ့တာတော့နည်းနည်းသီးခံပါဗျာ.. ကိုယ်ကလဲ မကျွမ်းကျင် ဖုန်းကလဲ... ပေးရတာနဲ့ မတန်ပါဘူး... ဒီကြားထဲ အလင်းအမှောင်တွေမှ ကိုယ်က နားမလည်တာကိုး...




Monday, October 18, 2010

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီတွင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲမည်


ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့အား ပြင်ဦးလွင်မြို့ရှိ ဇာတ်ကားရိုက်ကွင်းတွင် တွေ့ရစဉ်

သရုပ်ဆောင် ပြေတီဦးနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်း လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲသွားမည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများအား ပြုလုပ်လျက်ရှိသည်ဟု သရုပ်ဆောင် ပြေတီဦးက တရားဝင်ပြောကြားလာခဲ့သည်။

"ကျွန်တော်တို့ မင်္ဂလာပွဲကို ၂၀၁၁ ဇန်န၀ါရီလထဲမှာ လုပ်ဖို့ သေချာသွားပါပြီ။ ဘယ်နှပွဲလုပ်မယ်၊ ဘယ်နေရာ တွေမှာ လုပ်မယ်ဆိုတာကတော့ စီစဉ်နေကြတုန်းပါပဲ။ လက်မှတ်ထိုးတာ၊ ထိမ်းမြားတာ၊ ဧည့်ခံပွဲလုပ်တာ စတဲ့ အစီအစဉ်တွေတော့ ပါမှာပါ။ နေရာ အတိအကျတွေ မသတ်မှတ်ရ သေးတာပဲ ရှိပါတယ်"ဟု ပြေတီဦးက ပြောပြခဲ့သည်။


ထို့အပြင် လက်ထပ်ပြီး အစီအစဉ်များနှင့် ပတ်သက်၍ "လက်ထပ်ပြီးရင် ဟန်းနီးမွန်း အစီအစဉ်ကတော့ စဉ်းစားနေတုန်းပါပဲ။ ပြည်တွင်းမှာလည်း လှတဲ့နေရာလေးတွေက အများကြီးပဲလေ။ အဲဒီနေရာလေးတွေကို သွားချင်တာမျိုးရှိသလို ပြည်ပမှာ လည်းသွားချင်တဲ့ နေရာမျိုးလေးတွေ ရှိတယ်။ ဒီတော့ ဘယ်ကိုသွားဖြစ်မလဲဆိုတာ မသေချာသေးဘူး"ဟု ပြေတီဦးက ဆက်လက် ပြောပြခဲ့သည်။

http://www.news-eleven.com/

Wednesday, September 15, 2010

တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်သာ ဖုန်းခေါ်ဆိုခ ပေးဆောင်ရသည့် မိုဘိုင်းဖုန်းများကို GSM၊ CDMA 450၊ CDMA 800 ငါးသိန်းဖုန်းများဖြင့် လဲလှယ်ပေးရန် စီစဉ်



တစ်မိနစ်လျှင် တယ်လီဖုန်း ခေါ်ဆိုခ ၂၅ ကျပ်နှုန်းဖြင့် ပေးဆောင်ရသည့် မိုဘိုင်းဖုန်းများကို GSM၊ ကမ်းရိုးတန်းဖုန်း(CDMA 450 MHz) နှင့်ငါးသိန်းတန်ဖုန်း (CDMA800 MHz)များဖြင့် လဲလှယ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအချိန်၌ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျင် ငွေကျပ် ၂၅ နှုန်းဖြင့် ပေးဆောင်နေရသည့် ဖုန်းများမှာဆယ်လူလာဖုန်းနှင့် ခြင်းဖုန်းများဖြစ်ကြောင်း၊ ၎င်းဖုန်းများကို တစ်မိနစ်လျင် တယ်လီဖုန်းခေါ်ဆိုခ ငွေကျပ် ၅၀ နှုန်းဖြင့်ပေးဆောင်ရ သည့် GSM ဖုန်း၊ ကမ်းရိုးတန်း ဖုန်းနှင့် ငါးသိန်းဖုန်းများဖြင့် လဲလှယ်ပေးသွားရန် အစီအစဉ်ရှိ ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရှိရသည်။

"သြဂုတ်လအတွင်းမှာ ဆယ် လူလာဖုန်းတွေကို ကမ်းရိုးတန်းဖုန်း (CDMA 450 MHz) ဖုန်းတွေနဲ့ လဲလှယ်ပေးဖို့စီစဉ်ခဲ့ပြီး ၀န်ကြီးဌာနခွင့်ပြုမိန့်ပါရှိတဲ့ ဆယ်လူလာဖုန်း အချို့ကို စတင်လဲလှယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာအများ ပြည်သူသုံးစွဲနေတဲ့ ဆယ်လူလာဖုန်း အနည်းငယ်ကို ကမ်းရိုးတန်းဖုန်း နဲ့လဲလှယ်ပေးပြီး နောက်ပိုင်းမှာ ဆယ်လူလာဖုန်းတွေကို ကမ်းရိုးတန်းဖုန်းတွေနဲ့ လဲလှယ်ပေးမှု ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်"ဟု ရန်ကုန်မြို့ရှိ ဆက် သွယ်ရေးဆိုင်ရာ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

"စက်တင်ဘာလဆန်းမှာ ၇၂ နံပါတ်နဲ့ စတင်တဲ့ ခြင်းဖုန်းတွေကို ငါးသိန်းဖုန်းအပြင် GSM, CDMA ဖုန်းတွေနဲ့ အစားထိုးလဲလှယ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါခြင်းဖုန်းများကို ငါးသိန်းဖုန်းများဖြင့် လဲလှယ်မည်ဆိုပါက အပိုငွေထပ်မံပေးဆောင်ရန်မလိုဘဲ အခြား GSM နှင့် ကမ်းရိုးတန်းဖုန်းများဖြင့် လဲလှယ်မည်ဆိုပါကငွေကျပ် ၅သိန်း ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်းသိရှိရသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လလအထိ GSM တယ်လီဖုန်း ၄၉၄၃၀၀ လုံး၊ CDMA (Mobile) တယ်လီဖုန်း ၅၄၅၆၅၀ လုံး၊ CDMA800တယ် လီဖုန်း ၁၅၀၀၀၀ လုံး၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀လုံးချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

Sunday, August 22, 2010

အလှမယ်များ၏ အပေါ်ပိုင်း​ ဗလာကျင်း​ ပုံများ ပြသခဲ့မှု​ အတွက်


မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့သည်
ကမ္ဘာ့နိုင်ငံ အချို့မှ နိုင်ငံကိုယ်စားပြု အလှမယ်များ၏



အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို
ပြသခဲ့ခြင်း အတွက် ဝေဖန်မှုများ ရင်ဆိုင် နေရသည်။

တစ်ကိုယ်လုံးတွင် ဆေးရောင်များ ခြယ်သကာ အပေါ်ပိုင်း အဝတ် မပါသော ဆွဲဆောင်မှု ရှိလှသည့်
ဓာတ်ပုံရှင်များ အနက် အမေရိကန် အလှယမ် ရီမာဖာကီ၊ အယ်ဘေးနီးယားမယ် အန်ဂျယ်လာ
မာတီနီ၊ အိုင်ယာလန် အလှမယ် ရိုဇာနာပါဆဲ၊ ထရီနီဒက်နှင့် တိုဘာဂို
ကိုယ်စားပြု လာတိုယာဝုဒ်တို့လည်း ပါဝင်သည်။ ယင်းတို့၏ ဓာတ်ပုံများကို
လက်စ်ဗီးဂက်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ရွေးချယ်ရေး အဖွဲ့မှ
လူထု ဆက်ဆံရေး အရာရှိ မက်မာလီအန်တန်က ယခု ဓာတ်ပုံများသည် အထူး
ညှို့ငင်အားကောင်းပြီး အမျိုးသမီးများ၏ လှပမှုကို ပေါ်လွင် စေမည်ဟု
ယူဆကြောင်း ပြောကြားခဲ့သည်။

မယ်စကြာဝဠာ ပြိုင်ပွဲ စည်းမျဉ်းအရ မယ်စကြာဝဠာဘွဲ့ အရွေးချယ်ခံရသည့် အလှမယ် ကိုယ်တိုင်မှာမူ အဝတ်မပါသော
ဓာတ်ပုံများ ရိုက်ကူးခွင့် မရှိချေ။ အန်တန်က သူမအနေနှင့် ယခုဓာတ်ပုံများသည်
ပြိုင်ပွဲ၏ အစဉ်အလာနှင့် ဂုဏ်သရေကို ထိခိုက်စေမည်ဟု မယူဆကြောင်း
ကာကွယ်ပြောကြားခဲ့သည်။ သူမက ယခုလုပ်ရပ်သည် အလှမယ်များက သူမတို့၏
ခန္ဓာကိုယ်အလှကို အနုပညာဆန်ဆန် ပြသခြင်းသာဖြစ်သည်ဟု ယူဆကြောင်းလည်း
ပြောဆိုသွားသည်။

မယ်စကြာဝဠာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

www.mymcnews.net

Sunday, August 15, 2010

အပျိုဟိုင်းကြီးရဲ့ ပျော်ရွှင်စရာ မွေးနေ့ပွဲ၊ အနုပညာ မောင်နှမများစွာဖြင့် ဆင်နွှဲ

ကြော်ငြာ ခေတ်ဦးကာလက အောင်မြင်တဲ့ ကြော်ငြာ သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်ရင်ထဲ နေရာယူနိုင်ခဲ့တဲ့ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ ပျော်ရွှင်စရာ မွေးနေ့ ပွဲကို ဂျူလိုင်(၃ဝ) ရက်နေ့၊ ညချမ်းအချိန်က မိုးရေတဖွဲဖွဲ ရွာသွန်းနေတဲ့ ကြားကနေပဲ အောင်မြင်စွာ ကျင်းပ သွားနိုင်ခဲ့ပါတယ်။ အနုပညာ အသိုင်းအဝိုင်းနှင့် မိသားစု၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် ''ချောချော''လို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် လှဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲမှာ အနုပညာ ညီအစ်မများဖြစ်ကြတဲ့ သရုပ်ဆောင် မြသဉ္ဇာလီ၊ ဆုပန်ထွာ၊ ဂန္ထဝင်၊ ဆုရွှန်းလဲ့၊ ဆုကဗျာ၊ ခွန်းဆင့်နေခြည်၊ ဖြိုးသီရိခေတ်နှင့် မော်ဒယ်လေးများ ကလည်း မွေးနေ့အမှတ်တရ ဖက်ရှင်ရှိုး လျှောက်ပြကာ ဖျော်ဖြေတင်ဆက် ခဲ့ကြပါတယ်။ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲမှ Dream Boat အဖွဲ့မှ ဆန်းထွဋ်နှင့် မောင်မောင်အေး သရုပ်ဆောင် အရိုင်းနှင့်ညောင်ညောင်၊ ဧရာတို့က အစီအစဉ် တင်ဆက်သူများအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပြီး အနုပညာရှင်များ ဖြစ်ကြသော အကယ်ဒမီလူမင်း၊ ရဝေအောင်၊ မိုးအောင်ရင်၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ ချောရတနာ၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျှင်၊ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်၊ စုစုစန္ဒီ၊ စိုးပြည့်သဇင် အစရှိသူတို့ တက်ရောက်ချီးမြှင့် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲအတွက် AROMA Shooping Centre မှ ကိုအောင်မြတ်သူနှင့် ကိုစိန်လင်း တို့ကလည်း အဝတ်အစားနှင့် မိတ်ကပ်များကို ပံ့ပိုးကူညီ ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ချောချောကို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာနဲ့ အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးမြင့်သိန်းဖေနှင့် အကယ်ဒမီမောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ကလည်း မွေးနေ့ အမှတ်တရ စကားများကို ပြောကြားပေးခဲ့ကြပါတယ်။

သရုပ်ဆောင် လှအဉ္ဇလီတင့် @ ချောချောတစ်ယောက် ကျန်းမာရေး ကောင်းမွန်စွာဖြင့် မွေးနေ့ပွဲကို ကျင်းပသွားနိုင်တဲ့ အတွက် သူမကို ချစ်ခင်ကြတဲ့ သူများက ဝမ်းသာကျေနပ်နေကြပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ ယနေ့အချိန်ထိတိုင် မိခင်ကြီးဒေါ်ခင်အေးနှင့် မိသားစုများအတွက် အနုပညာလုပ်ငန်းဖြင့် ပြန်လည် ကျေးဇူးပြုနေသလို၊ တစ်ကိုယ်တည်း နေထိုင်နေခဲ့ခြင်းကြောင့် သူမကိုချစ်ခင်ကြတဲ့ ပရိသတ်များက အားမလိုအားမရ ဖြစ်နေကြပြန်ပါတယ်။ မွေးနေ့ မင်္ဂလာပွဲ ပြီးတဲ့အခါ အခြားသော မင်္ဂလာပွဲတွေ အတွက်လည်း ကူညီပံ့ပိုးပေးချင်တဲ့သူ များပြားနေတယ်လို့ သိရပါတယ်။

လျှပ်တစ်ပြက်ဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။


Thursday, July 29, 2010

အိမ်ထောင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အချိန်အတိအကျ အသိပေးမည်ဟု အိန္ဒြာကျော်ဇင် ပြောကြား။



နာမည်ရ သရုပ်ဆောင် မင်းသားတစ်ဦးနှင့် လက်ထပ်တော့မည် ဟူသောသတင်းစကားများ ထွက်ပေါ်နေသော သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူမ၏အိမ်ထောင်ရေး အစီအစဉ်နှင့်ပတ်သက်၍ အချိန် အတိအကျ အသိပေးမည်ဟု Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။


" မအူဝဲ အခုချိန်မှာ အချစ်ရေးက အရမ်းနွေးနွေးထွေးထွေး ရှိနေပါတယ်။
အိမ်ထောင်ရေးဆိုတာက အိမ်ထောင်ရေးကံ ဆိုတာမျိုး ရှိသေးတယ်လေ။ ဒီချိန်မှာ
အိမ်ထောင်ကျတဲ့ကံ မပါသေးဘူးဆိုရင် ဘယ်လိုပဲ လုပ်ယူလုပ်ယူ မဖြစ်သေးဘူး။
ဘယ်လိုပဲ မလိုချင်သေးပါဘူး ပြောပြော အိမ်ထောင်ကျရမယ့် ကံပါလာပြီဆိုရင်
အလိုလိုနေရင်း အခြေအနေတွေ အားလုံးက လှုံ့ဆော်ပြီး အလိုလိုကို ဖြစ်သွားတာ။
လောလောဆယ်ကြီး အစီအစဉ်မျိုး တော့ မဟုတ်သေးပါဘူး"ဟု အိန္ဒြာကျော်ဇင်က
ပြောပြခဲ့သည်။



အိမ်ထောင်ပြုပြီးနောက်တွင် အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း အိန္ဒြာကျော်ဇင်က "ဒီနေ့ဒီအချိန်အထိ အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့ သက်တမ်းလည်း နည်းတော့တာမဟုတ်ဘူး။ လုပ်ခဲ့တဲ့
အနု ပညာအလုပ်တွေ ဆိုတာလည်း မနားမနေ မမောမပန်းဘဲနဲ့ကို နေ့စဉ်ရက်ဆက်
လှုပ်ရှားလာခဲ့တာ။ အဲဒီအခါ မအူဝဲအနေနဲ့ နောက်ထပ်ဘ၀တစ်ခုကို
ဖန်တီးတော့မယ်ဆိုတဲ့အချိန်မှာ နည်းနည်းလေးတော့ အပြောင်းအလဲ
လေးရှိသွားနိုင်ပါတယ်။ အိမ်ထောင်အတွက်ကို အချိန်ပေးရတာမျိုးတွေ
ရှိလာမှာပါ"ဟု ဆက်လက်ပြောပြခဲ့သည်။



အိန္ဒြာကျော်ဇင်သည် သူ၏ မင်္ဂလာအစီအစဉ်အတွက် ပရိသတ်များ အား ကြိုတင်၍ အချိန်အတိအကျ အား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ ထုတ်ပြန်နိုင်ခြင်း မရှိသေးဟု
သိရသည်။ အိန္ဒြာကျော်ဇင် လက်တွဲမည့်သူသည် သတင်းစကား အချို့ထွက်ပေါ်နေသော
သူ၏အနုပညာ လုပ်ဖော်ကိုင်ဘက် နာမည်ရမင်းသားတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

Friday, July 23, 2010

ဝတ်မှုန်ရွှေရည်က original လား?

orward mail ကရတာပါ
သေချာကြည့်မယ်ဆိုရင် နှာခေါင်း မျက်စိ ပါးစပ် ပါးရိုး မေး ရိုးတွေပါ plastic surgery လုပ်ထားတာပါ
အော် သူလဲဘာထူးလို့လဲ



Thursday, July 15, 2010

Youtube တွင် ၆ ရက်အတွင်း လူ တစ်သန်းကျော် ကြည့်ရှုသည့် Super Junior ၏ သီချင်းသစ်

Youtube တွင် ၆ ရက်အတွင်း လူ တစ်သန်းကျော် ကြည့်ရှုသည့် Super Junior ၏ သီချင်းသစ်

ဇူလိုင်လ (၇) ရက်နေ့က ထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ Super Junior ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ အထူးများပြားပြီး စတင်လွှင်တင်သည့် ရက်မှ (၆) ရက်အတွင်း နာမည်ကျော် ဗီဒီယို ရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှုသူ ၁.၂ သန်းကျော်ရှိလာပြီး ကြည့်ရှုသူအရေအတွက် ဆက်လက် တိုးတက်လျက်ရှိသည်။


ထို သီချင်းဗီဒီယိုသည် ကြည့်ရှုသူများရုံသာမက ဝေဖန်ဆွေးနွေးမှု အများဆုံး၊ နှစ်သက်သူအများဆုံး အဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited နှင့်Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်လည်း ထိပ်ဆုံးရောက်လျက်ရှိသည်။


Album အသစ် ထွက်ရှိခဲ့သော Super Junior အဖွဲဝင် ၁၀ ဦး

No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံမှသာမက ဂျပန်၊ တိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ ဘရာဇီး၊ ကနေဒါ၊ ရုရှ နှင် ဆွီဒင် နိုင်ငံများမှ လည်း ဝင်ရောက်ကြည့်ရှုကြရာ ကမ္ဘာတစ်ဝှမ်း ကိုရီးယား ပေါ့ ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အဖွဲ့ ကျော်ကြားလာပုံကို ဖော်ပြနေခြင်း ဖြစ်သည်။

ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တစ်ပါတ်အတွင်း သီချင်း Album ၂၀၀၀၀၀ ကျော်ရောင်းချခဲ့ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့မှ ဂုဏ်ပြုဆုများရရှိခဲ့သော Super Junior အဖွဲ့သည် ဇူလိုင်လ အတွက်သာမက ၂၀၁၀ ခုနှစ်အတွက် အလားအလားကောင်းများ များစွာရှိသည်ဟု သိရသည်။

Youtube တွင် လွှင်တင်ထားသော Super Junior ၏ No Other သီချင်းဗီဒီယို အသစ်

ဆိုက်ပရပ်တွင် ကျင်းပရန် စီစဉ်ထားသော ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့မှုကြောင့် ဂျနီဖာလိုပက်ဇ် ဒေါ်လာသန်း ၄၀ ကျော် လျော်ကြေးပေးရဖွယ်ရှိ

ဆိုက်ပရပ်ကျွန်း မြောက်ဘက်ရှိ တူရကီအမျိုးသားပိုင် ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားသောတေးဂီတ ဖျော်ဖြေပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့မှုကြောင့် ကမ္ဘာကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်အနေဖြင့် လျော်ကြေးငွေဒေါ်လာ သန်း ၄၀ ကျော် ပေးလျော်ရမည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


တူရကီနိုင်ငံဘက်မှ ပိုင်ဆိုင် ထားသည့် ဆိုက်ပရပ်ကျွန်းမြောက်ဘက်တွင် တည်ရှိသော ကာစီနိုဟိုတယ်တစ်ခုတွင် ဇူလိုင်လ ၂၄ ရက် နေ့၌ ကျင်းပရန် စီစဉ်ထားသည့် တေးဂီတဖျော်ဖြေပွဲကို ဂျနီဖာလို ပက်ဇ်ဘက်မှ အကြောင်းပြချက် တစ်စုံတစ်ရာမျှ မပေးဘဲ ဖျက်သိမ်းခဲ့သဖြင့် နစ်နာကြေးဒေါ်လာ ၃၅သန်း မှ သန်း ၄၀ အတွင်း ရရှိရန် တရား ဥပဒေအရ တောင်းဆိုသွားမည်ဟု သတင်းဌာနများသို့ ပြောဆိုခဲ့သည်။


၄၁ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် ဂျနီဖာလိုပက်ဇ်သည် တူရကီနှင့် ဂရိတို့ပိုင်ဆိုင်ထားသည့် ကျွန်းပေါ်တွင် ဖျော်ဖြေပွဲကျင်းပရန် သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးဆိုင်ရာဝေဖန်မှု များနှင့် ရင်ဆိုင်လာရသောကြောင့် ဂျနီဖာလိုပက်ဇ်သည် အဆိုပါဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ သူမ၏ ပြောရေးဆိုခွင့်ရှိသူက ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဂျနီဖာလိုပက်ဇ်သည် တူရကီနှင့် ဂရိ တို့အကြား အငြင်းပွားမှုဖြစ်ပေါ်နေ သော ကျွန်းပေါ်တွင် ဖျော်ဖြေပွဲကျင်းပရန် အခက်အခဲရှိသောကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

Thursday, July 8, 2010

Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်


Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်

Lady Gagaသက်ရှိထင်ရှား နာမည်ကျော်များအနက် Facebookတွင် အားပေးထောက်ခံသူ Fanအရေအတွက် ပထမဆုံး (၁၀)သန်းပြည့်သော စံချိန်အား လေဒီဂါဂါက တင်လိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့်လည်း အသက်(၂၄)နှစ်ရှိ အမေရိကန် Popအဆိုတော်လေးသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် Fanအရေအတွက် (၁၀)သန်းကျော်ရှိသည့် သက်ရှိထင်ရှား ပထမဆုံးသော လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ဂါဂါမတိုင်မီက Popဂီတ နာမည်ကျော် အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်သည်လည်း Fanဦးရေ (၁၀)သန်းပြည့်ခဲ့ဖူးသော်လည်း ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခြင်းကြောင့် ဂါဂါတစ်ဦးသည် အသက်ရှင်လျက် ရှိနေသူများအနက် ပထမဆုံး Fan(၁၀)သန်းပြည့်သူအဖြစ် ရပ်တည်နေနိုင်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားမှာလည်း ယခုအခါ Fanအရေအတွက် (၁၀)သန်းကျော်သွားပြီ ဖြစ်သော်လည်း ဂါဂါက (၁.၂)သန်းမျှ အသာရနေသည်။ ဂရမ်မီဆုရှင် Poker Faceစတား ဂါဂါသည် ဇူလိုင်လ (၇)ရက်နေ့ စာရင်းအရ Fanအရေအတွက် (၁၁.၂)သန်းပင် ကျော်သွားပြီဟု သိရသည်။ ဂါဂါက သူမကို အားပေးထောက်ခံသည့် Facebookမှ ပရိသတ်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။



Lady Gaga



အခြားနာမည်ကျော် Popအဆိုတော် ဘရစ်တနီ စပီးယားစ်မှာ Fanအရေအတွက် (၃.၂)သန်းကျော်၊ ကနေဒါ Punkအဆိုတော် အက်ဗရာလက်ဂ်ဗင်းက (၄.၁)သန်းကျော်၊ မက်ဒေါနားက (၁.၈)သန်းကျော်၊ တေလာဆွစ်ဖ်က (၆.၄)သန်းကျော် အသီးသီး ရှိနေကြောင်းလည်း သိရှိရသည်။ ဂါဂါသည် လက်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် Monster Ball Tourအတွက် မြောက်အမေရိကသို့ လှည့်လည်ဖျော်ဖြေနေကြောင်း သိရသည်။


Wednesday, June 30, 2010

ဟောလီးဝုဒ်မင်းသမီးဘ၀ကို စွန့်လွှတ်နိုင်ရှိကြောင်း အန်ဂျလီနာဂျိုလီပြောကြား

ဟောလီးဝုဒ်မင်းသမီးဘ၀ကို စွန့်လွှတ်နိုင်ရှိကြောင်း  အန်ဂျလီနာဂျိုလီပြောကြား

ဟောလီးဝုဒ် ရပ်ဝန်းတွင် အအောင်မြင်ဆုံး မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေမှုကို စွန့်လွှတ်ရန် အခြေအနေများ ရှိနေကြောင်း အန်ဂျလီနာဂျိုလီက ပြောကြားလိုက်သည်။ မင်းသားဘရတ်ပစ်တ်နှင့်အတူ ဟောလီးဝုဒ်၏ ရွှေရောင်စုံတွဲအဖြစ် နာမည်ကြီးနေသည့် ဂျိုလီက သားသမီးများအတွက် မိခင်တစ်ဦးအဖြစ် ပိုမိုအချိန်ပေးရန် သရုပ်ဆောင်အလုပ်ကို အပြီးစွန့်လွှတ်သွားရန် ဖြစ်လာနိုင်ကြောင်း ယခုလ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့သည့် Vanity Fairမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။


Angelina Jolie


“ဒီအလုပ်မှာ ကျွန်မပျော်ပါတယ်။ နောက်ပြီးတော့ အဆင့်အတန်းမြင့်မြင့်လည်း နေရာတစ်ခု ရထားပြီးပါပြီ။ ဒါပေမယ့် ကျွန်မအကြာကြီးတော့ ဟောလီးဝုဒ်မှာ ဆက်ရှိမယ် မထင်ဘူး”ဟု ဂျိုလီကဆိုသည်။ သူမသည် ယမန်နှစ်ကလည်း သားသမီးများအတွက် အနုပညာသည်ဘ၀ကို ကျောခိုင်းရန် စဉ်းစားနေမိကြောင်း ဖွင့်ဟခဲ့ဖူးသည်။ ဂျိုလီသည် The Curious Case of Benjamin Buttonမင်းသား ပစ်တ်နှင့် မွေးစားကလေး (၃)ဦးအပါအ၀င် သားသမီး(၆)ဦး ရရှိထားသည်။ အသက်(၃၅)နှစ်ရှိ ဂျိုလီသည် ပစ်တ်နှင့် တရားဝင် လက်ထပ်ထားခြင်း မရှိသေးသော်လည်း (၂၀၀၅)ခုနှစ်ကတည်းက အတူတွဲနေခြင်းဖြစ်သည်။


Angelina Jolie


ဂျိုလီသည် Vanity Fair မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလေးငယ်များအကြောင်းကိုလည်း ပြောပြသွားခဲ့ရာ သူမ၏ သမီးငယ် ရှာလိုသည် ယောက်ျားလေးဆန်ဆန် ၀တ်ဆင်လေ့ရှိပြီး ယောက်ျားလျာလေးတစ်ဦး ဖြစ်လာဖွယ်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ “အသက်(၇)နှစ်ပဲ ရှိသေးပေမယ့် သိသာပါတယ်။ ရှာလိုက မိန်းကလေး အ၀တ်အစားတွေကို သဘောမကျဘူး။ ကစားရင်လည်း ယောက်ျားလေးတွေလိုပဲ ကြမ်းကြမ်းတမ်းတမ်းနဲ့”ဟု ဂျိုလီကဆိုသည်။ ဂျိုလီနှင့် ပစ်တ်တို့သည် လမ်းခွဲရန် စီစဉ်နေကြောင်း သတင်းများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသော်လည်း ကုလသမဂ္ဂ ကလေးများဆိုင်ရာ နှလုံးလှ သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဂျိုလီက နောက်ထပ်သားသမီးယူရန်ပင် စဉ်းစားနေကြောင်း ပြောကြားသွားသည်။

Thursday, June 24, 2010

မင်းသားကြီးဟယ်ရီဆန်ဖို့ဒ် ချစ်သူနှင့်လက်ထပ်

ဟောလီးဝုဒ် မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် ၎င်းနှင့် ကာလကြာရှည်စွာ တွဲလာသည့် ချစ်သူနှင့် လက်ထပ်လိုက်ပြီဖြစ်သည်။ အသက်(၆၇)နှစ်ရှိ ဖို့ဒ်သည် ကာလီစတာ ဖလော့ဟတ်နှင့် ချစ်သက်တမ်း (၈)နှစ်ရှိခဲ့ပြီဖြစ်ပြီး နယူးမက္ကစီကိုရှိ ဒေသဆိုင်ရာ ရုံးတစ်ခုတွင် ဇွန်လ(၁၅)ရက်နေ့က လက်ထပ်လိုက်ကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိက အတည်ပြု ပြောကြားလိုက်သည်။ ဖို့ဒ်သည် နယူးမက္ကစီကိုသို့ Cowboys and Aliensဇာတ်ကား ရိုက်ကူးရန် ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းတို့စုံတွဲသည် ပြီးခဲ့သည့်နှစ် ချစ်သူများနေ့ကတည်းက တရားဝင် စေ့စပ်ထားပြီးဖြစ်သည်။

Harrison-Ford-and-Calista-Flockhart

ယခုလက်ထပ်မှုမှာ ဖို့ဒ်အတွက် တတိယအကြိမ်မြောက် အိမ်ထောင်ပြုခြင်းဖြစ်ပြီး ဖလော့ဟတ်အတွက် ပထမဆုံးဟုလည်း သိရသည်။ ဖို့ဒ်သည် ပထမအိမ်ထောင် နှစ်ဆက်နှင့် ကလေး(၄)ဦးရရှိထားပြီး မာရီမာကွစ်နှင့်(၂)ဦး၊ ဟောလီးဝုဒ် ဇာတ်ညွှန်းဆရာမ မီလီဆာမာသီဆန်နှင့် (၂)ဦးစီ ရရှိထားသည်။ ဖို့ဒ်သည် Indian Jonesဇာတ်ကား Raiders of the Lost Arkနှင့်အတူ ဟောလီးဝုဒ်တွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိလာခဲ့သည်။ ဖို့ဒ်တွင် မြေး(၃)ဦးလည်းရှိပြီး ၎င်းသည် ဒုတိယအိမ်ထောင်ဖြစ်သည့် မာသီဆန်နှင့် ကွာရှင်းစဉ်က လျော်ကြေး ပေါင်စတာလင် သန်း(၅၀)ထိ ပေးလိုက်ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဖို့ဒ်သည် နောက်ဆုံး Indiana Jonesဇာတ်ကား The Kingdom of the Crystal Skullတွင် မင်းသားငယ် ရှားလီဘော့ဖ်နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ဖို့ဒ်၏ဇနီးသည် အသက်(၄၅)နှစ်အရွယ် ဖလော့ဟတ်သည် (၁၉၉၀)ပြည့်လွန်နှစ်များက အမေရိကန် ရုပ်သံစီးရီး Ally McBealနှင့် နာမည်ရလာသူဖြစ်သည်။ ဖို့ဒ်တို့စုံတွဲသည် လော့စ်အန်ဂျိလိစ်နှင့် ၀ိုင်အိုမင်းရှိ ဧက(၈၀၀)ကျယ်သောခြံကြီးအတွင်းမှ အပမ်းဖြေ စံအိမ်ကြီးတို့တွင် တစ်လှည့်စီ နေထိုင်ကြောင်းလည်း သိရှိရသည်။

Wednesday, June 16, 2010

ချစ်သူ့ပုံပြင်နဲ့ နင်ရက်စက်တယ် သီချင်းဂယက်


ကျွန်တော် သရုပ်ဆောင် တေးသံရှင်ကိုကိုသည် ပုသိမ်မြို့၊ အမှတ်(၁၃၃) ဗ၊၊မင်းရာဇာလမ်းနေ၊ တေးရေးသူ သက်ဖြိုးမောင် (ပုသိမ်)ထံမှ ''နင်ရက်စက်တယ်၊ မင်းနဲ့အဝေး'' သီချင်း နှစ်ပုဒ်ကို ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်တွင်နေစဉ် တန်ဖိုးငွေကျပ် ငါးသောင်းဖြင့် (၂ဝဝ၈)ခုနှစ် (၇)လ၊ (၃)ရက် နေ့တွင် အပြီးအပိုင် ဝယ်ယူပြီး နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ သီချင်းနှစ်ပုဒ်မှာ တေးသံရှင်ကိုကိုမှ တေးရေးသူထံ ခွင့်ပြုချက် ရယူထားပြီး ထုတ်ဝေမည့် တေးစီးရီးတွင် အသုံးပြုခွင့် ပြုထားကြောင်း စသဖြင့် အစချီ ရေးသားထားသော ''မြန်မာနိုင်ငံ ဂီတ အစည်းအရုံး'' ဥက္ကဋ္ဌထံသို့ တိုင်ကြားစာနှင့် အတူ လျှပ်တစ်ပြက် ဂျာနယ်တိုက်သို့ ရောက်ရှိ လာခဲ့တဲ့ တေးသံရှင်ကိုကိုရဲ့ စကားသံများကို နားဆင်ခဲ့ရာ -
ကျွန်တော်က သီချင်းခွေ လုပ်မယ်လို့ ဆိုပြီးတော့ ကြိုတင်ပြီးတော့ စီစဉ်နေချိန်မှာ သူက ဘယ်လိုပြောသလဲ ဆိုတော့ သီချင်းတွေ တီးလုံးတွေရော အကုန်ထွက်လိုက်တယ်။ အဆိုတော်ဗနွန်က နင်ရက်စက်တယ် သီချင်းကို သူက ခေါင်းစဉ်လေးပြောင်းပြီး အခွေထဲမှာ ချစ်သူ့ပုံပြင် ချစ်သူ့ပုံပြင်လို့ ဆိုပြီးထွက်တော့လေ အဲဒီသီချင်းကို ကြားနေတယ်။ ကျွန်တော်နယ်က ဆိုတော့လေ သေချာ လိုက်မလုပ်တတ်ဘူး။ လိုက်မလုပ်တတ်ပဲနဲ့ အဲဒီသီချင်းက အခု အကုန်လုံးပျံ့သွားပြီ ဆိုတော့ ပေါက်သွားပြီ။ ပေါက်သွားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော့်မှာ ပိုင်ဆိုင်ခွင့်က ရှိပေမဲ့လည်း ဘာဖြစ်နေလဲဆိုတော့ ဒုတိယနေရာ ရောက်သွားတာ ပေါ့အဲဒါကို အခု အထောက်အထားနဲ့ ပြတော့ အဲဒါဟိုတစ်လောက ပွင့်ပွင့်လင်းလင်း ပြောပြမယ်နော်။ သူနဲ့သိတဲ့ ဂျာနယ်မှာ မေးလိုက်တဲ့အခါကျတော့ ပြောလိုက်တယ်။ ဗနွန်က ဖုန်းဆက်လာတယ်။ ဖုန်းဆက်ပြီး ဘယ်လိုပြောလည်း ဆိုတော့ ဒီသီချင်းက သူကိုယ်တိုင် တေးရေး၊တေးဆိုပါလို့ ပြောတယ်။ အမှန်က သူငယ်ချင်း သက်ဖြိုးမောင်က ရေးတာ။ သက်ဖြိုးမောင်က ဗနွန်ကို ရောင်းလည်း မရောင်းဘူး။ သူနဲ့အတူတူ ရေးထားတဲ့သီချင်း ဖြစ်ကြောင်း စာချုပ်စာတမ်းတွေလည်း အကုန်ရှိတော့ ဗနွန်က သက်ဖြိုးမောင်ဆီ ဖုန်းနံပါတ် တောင်းတယ်။ လိပ်စာလည်း တောင်းတယ်။ မနေ့ကလည်း ဖုန်းထပ်ဆက်တယ်။ ဗနွန်က ထပ်ဆက်ပြီး ဘာပြောလည်း ဆိုတော့ ဆွေးနွေးချင်တယ်ပေါ့နော်။ အမှန်က ဒီသီချင်းက ကျွန်တော်နဲ့ သက်ဖြိုးမောင်နဲ့ နှစ်ယောက်ရေးတာ။
ဒါဆို သီချင်းက ဘယ်လိုဖြစ်လို့ အပြင်ထွက်သွားတာလဲ။
Internet ပေါ်ရောက်သွားတာ။
ပုသိမ်မှာဆိုခဲ့တဲ့ D-Day Show ပွဲကနေ တစ်ဆင့်။ Internet ပေါ်ရောက်သွားတာ သိပ်နားမလည်ဘူး။ ပုသိမ်က Show ပွဲမှာသီချင်းဆိုရင်း အင်တာနက်ပေါ် ရောက်သွားတာလား။
ဟုတ်တယ်။ အဲဒီမှာ ရိုက်ကူးရေးပါတယ်။ အဲဒီမှာ Sample 3 ပုဒ်ကိုပေးခဲ့တယ်။ အဲဒီမှာသူတို့က edit တွေလုပ်တယ်။ မိုးဟေကိုနဲ့ မိုးအောင်ရင်နဲ့ဇာတ်ကားထဲကဟာတွေကို ပုသိမ်တက္ကသိုလ်နောက်ခံနဲ့ D-Day Anonymous ဆိုပြီး Internet ပေါ် တင်လိုက်တာ။ တေးရေးတေးဆို နာမည်မတပ်ပဲနဲ့ Internet ပေါ်တင်လိုက်တာ။ အဲဒါ ကျွန်တော့်မှာ စာချုပ်စာတမ်းအကုန်ပါတယ်။
ပုသိမ် Show ပွဲက ဘယ်တုန်းကဆိုခဲ့တာလဲ။
(၂ဝဝ၈)ခုနှစ် (၆)လပိုင်းလောက်က။
အတိအကျမှတ်မိလား။ ရက်စွဲကိုလေ။
အတိကျတော့ မမှတ်မိဘူး။
(၂ဝဝ၈)ပုသိမ် Show ပွဲမှာဆိုခဲ့တာ ပွဲမှာဆိုခဲ့တာ Show ပွဲ Title က ဘာ Title နဲ့လဲ။
ပုသိမ် D-Day ပါပဲ။ ပုသိမ်တက္ကသိုလ်ငါးနှစ်မြောက်ပွဲပေါ့။
Internet က ပြန့်သွားတယ်ဆိုတာ ဘယ်လိုသက်သေတွေရှိလဲ။
Internet ကိုတင်လိုက်တယ်၊ တင်လိုက်တော့ အကုန်လုံးက ဖွင့်ကြည့် ဖွင့်ကြည့်နဲ့ဆိုတော့ Internet ကပျံ့သွားတယ်။ ဒါပေမဲ့ သက်သေကတော့ (ရယ်လျက်)မရှိဘူးပေါ့။ အင်တာနက်ဆိုတော့လေ။ လူတိုင်းသုံးနေကြတာပဲ မဟုတ်လား။
ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်လိုလုပ်စေချင်တာလဲ။
ဘယ်လိုလုပ်ချင်လည်းဆိုတော့ ကျွန်တော်က ဒီ series မှာလည်း သုံးမယ်ဆိုတော့ အဲဒီ ပိုင်ဆိုင်ထားတဲ့ သူ့သီချင်းဖြစ်တယ် ဆိုတာကို တင်ပြချင်တာ စာသား အကြမ်းတော့ ရှိတယ်။ (၂ဝဝ၈)ခုနှစ်ထဲက ရေးထားတာ၊ အခုထွက်တဲ့ သီချင်းစာသားနဲ့တော့ မတူဘူး။ နည်းနည်းပဲတူတာ။ သက်ဖြိုးမောင် စရေးစဉ်ကတည်းက စာသားအကြမ်းရှိတယ်။
တကယ်ရေးတာက သက်ဖြိုးမောင်ပေါ့။ ဟုတ်ကဲ့။
စာချုပ်တွေလည်း ရှိတယ်။ သက်ဖြိုးမောင်တေးရေး(ပုသိမ်)လေ။ ဂီတ အစည်းအရုံးကိုလည်း အသိပေးပြီးပြီ။ အကုန်တင်ထားတယ်၊ ကြာပြီ။
အဲဒီသီချင်းကို သူက မောင်လေးကို ရောင်းထားတာလား။
ဟုတ်၊ အဲဒီသီချင်းကို ကျွန်တော် ဝယ်လိုက်တာ (၅)သောင်းနဲ့နှစ်ပုဒ်စာ။ ဝယ်ပြီးတော့ Cho: အပိုဒ်နဲ့ အောက်က စာသားတွေ ကျွန်တော် အကုန်ပြန်ပြင်တယ်။ ပြင်တဲ့အတိုင်းကြီး အခုထွက်လာတာ။ နောက် ကျွန်တော်က နယ်ရိုက်ကွင်းမှာ ကားရိုက်နေတာ ဆိုတော့ မသိလိုက်တာ။ သူငယ်ချင်းတွေက Ph: ဆက်ပြီး လှမ်းပြောတာ audio CD ထွက်ထား ပြီဆိုပြီးတော့။ အဲဒီတော့ ဖျာပုံကဆိုတော့ သိသွားတာ။ ဘယ်သူမှန်းတော့ မသိဘူး။
ဒီကိစ္စကို လန်ဘားက ပြောတာလား။
ဂီတလောကထဲက သူငယ်ချင်းတွေအားလုံးစုံစမ်းခိုင်းထားတာပါ။ အဲဒီမှာ ဖျာပုံ က ဆိုတာ ဖျာပုံက ဦးပိုင်စိုးလုပ်တဲ့ ပွဲမှာလဲ ကျွန်တော်သွားတွေ့သေးတယ်။ ကျွန်တော် သွားတဲ့အချိန်မှာ သူ(ဗနွန်)မဆိုတော့ဘူး။ ပြန်သွားတယ်။
အဲဒါဆို အဓိကက တေးရေးဆရာက မောင်လေးကိုလည်းရောင်းတယ်။ သူ့ကိုလည်း ရောင်းတယ်လား။ နှစ်ဖက်ခွစားတာလား။
မဟုတ်ဘူး မရောင်းဘူး။ တေးရေးဆရာကိုမေးပြီးသွားပြီ။ မနေ့က ဖုန်းဆက်တယ်။ သူက ကျွန်တော်ဗဒွန်ကို ပေးလိုက်တယ်ထင်လို့ ကျွန်တော့်ကို စိတ်ဆိုးနေတာ။ ကျွန်တော်က Computer နဲ့ တီးပြီးထားတာ။ တေးရေးဆရာနဲ့ကလည်း သူငယ်ချင်းပဲလေ။ ကျွန်တော် ဒီလိုမလုပ်ပါဘူး။
မောင်လေးဝယ်ပြီး ဘယ်လောက်အကြာမှာ အဲဒီသီချင်းက ထွက်သွားတာလဲ။
(၂ဝဝ၈)ခုနှစ် (၇)လပိုင်း(၃)ရက်နေ့မှာ သီချင်းဝယ်ပြီးတော့ (၂ဝဝ၉)ခုနှစ်အကုန် မှာ ထွက်သွားတာ။ လပိုင်းလောက်မှာ။ ဒီသီချင်းကို စဆိုတာကရော။ ရွှေပြည်သာမြို့နယ်၊ (၁၃) ရပ်ကွက်၊ ဓမ္မာရုံဆွမ်းလောင်းအသင်း ဆွမ်းသိမ်းအောင် ပွဲမှာစဆိုတာ။ ဘရိတ်ကီရယ်၊ မီးမီးခဲရယ်၊ ဦးချစ်ဖွယ်ရယ် အဲဒီမှာ စဆိုတာ။ စဆိုပြီး Sample 3 ပုဒ်လုပ်ပြီး အခွေကြမ်းတွေ ဝေပေးတာ။ ကျွန်တော့်အဖွဲ့ နာမည်နဲ့ပဲ ဆိုခဲ့တာ ကိုကို (G. Unit) ဆိုပြီးတော့။
မောင်လေးဘက်ကနေ ကိုယ်ဝယ်ထားတဲ့ သီချင်းကို ယူဆိုသွားတယ်လို့ ပြောတယ်။ မောင်လေးဆီက ခွင့်ပြုချက်မရှိဘူး။ တေးရေးဆရာ ခွင့်ပြုချက်လည်း မရှိဘူးဆိုပြီးတော့။ သူအောင်မြင်သွားတဲ့ အချိန်မှာ မောင်လေးတို့ဘက်ကနေ စာမျက်နှာကတစ်ဆင့် ပြောချင်တာပေါ့နော်။ ဘာလို့ မအောင်မြင်ခင်က မပြောခဲ့တာလဲ။
အောင်မြင်သွားမှ မဟုတ်ဘူး။ ကျွန်တော်က သိကို မသိလိုက်တာ။ စီးရီးလုပ်နေလို့ CD ထွက်လာတဲ့ အချိန်တုန်းက ကြားတာ ဘယ်မှာသိလည်း ဆိုတော့ TV ကြည့်နေရင်း နဲ့ သိတာ။ MRTV-4 မှာပြောလိုက်တာ။ တေးရေးတေးဆို Aနွန်ဆိုပြီးတော့။ တေးရေးကိုလည်း သက်ဖြိုးမောင် နာမည်မတပ်ဘူး။ အခုသူက တေးရေးတေးဆို သူဆိုပြီးတော့ တပ်လိုက်တာ။ Aနွန်ဆိုပြီးတော့ သူက အခုမှ ဒီတစ်ပုဒ်ထဲနဲ့ ဂီတလောကထဲ ဝင်လာတာလေ။
သူနဲ့ရောပြောပြီးပြီလား။ တိုက်ရိုက်ညှိနှိုင်းပြီးပြီလား။
သူနဲ့က ဖုန်းဆက်တာ လေးခါရှိပြီ။ သူကဆွေးနွေးချင်တယ် ညှိချင်တယ်တဲ့။ အဲဒါဘယ်လိုလုပ်ရမှန်း မသိဘူး။ ဒါပေမဲ့ ကျွန်တော့်စီးရီးပြန်ထွက်ရင် ဒုတိယလူ ဖြစ်သွားပြီ။ ကျွန်တော်ကို ဗနွန် သီချင်းကိုပြန်ဆိုသလိုဖြစ်သွားပြီ။ ဒါကြောင့် ဒီသီချင်းက အရင်ဝယ် ထားတာဆိုတာ တင်ပြချင်တာပါ။ ကျွန်တော်ဖြစ်ချင်တာ အဲဒီသီချင်းလည်း ကျွန်တော်ပြန် ဆိုဖို့ မသေချာတော့ဘူး။ ဒါပေမဲ့ သူအဲလိုလုပ်သွားတဲ့အခါမှာ ကျွန်တော့်မှာ အားကိုးစရာ မီဒီယာပဲရှိတာလေ။ ကျွန်တော်ဂီတအစည်းအရုံးတင်ထားတာ သူသိတယ်။ သိလို့ VCD ပါ ထုတ်လိုက်တာ။ ကျွန်တော်ဘာမှ လုပ်လို့မရတော့ဘူးလေ။ ကျွန်တော်က မိဘကလည်း အဝေးမှာဆိုတော့ ကျွန်တော်တစ်ယောက်ထဲ ဒီမှာ ရပ်တည်နေတာ။
မောင်လေးက အနုပညာအလုပ်တွေ ဘယ်အချိန်မှစလုပ်တာလဲ။
(၂ဝဝ၆)ခုနှစ်ထဲကပါ။
လုပ်တော့ ဘယ်နာမည်နဲ့လုပ်ခဲ့တာလဲ။
ကိုကို(G-Unit)နာမည်နဲ့ပဲ အဖွဲ့နာမည်က ဗျောက်အိုးပေါ့။
ဗျောက်အိုးဆိုတာက အရင်တုန်းက ရဲလေး၊ ဘိုလေးတို့ပါတဲ့ အဖွဲ့ကလား။
ပါတယ်၊ သူငယ်ချင်းတွေပဲ။ ကျွန်တော်နဲ့အတူနေတာကိုရသ။ သူလည်း မော်လမြိုင် ကပဲလေ။ ရန်ကုန်ကို စတက်လာထဲက သူ့အိမ်မှာပဲ ကျွန်တော်နေတာ။ Hip Hop ခွေလုပ် လတာ။ နာဂစ်လေဘေးသီချင်းရေးတယ်။ ပပဝင်းခင်၊ မေထွဋ်ခေါင် အများကြီးပဲ။ သူတို့နဲ့ ရိုက်တယ်။ အဲဒီတော့မှ ကျွန်တော် TV ဖန်သားပြင်ပေါ် စရောက်ဖူးတာပေါ့။ အဲဒီလိုနဲ့ ကားရိုက်ဖြစ်တယ်။ အခုရုပ်ရှင်ကားကြီး ရိုက်တာ။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်။ ဦးခင်စောမျိုးရိုက်တဲ့ ကားမှာ သရုပ်ဆောင် ထားပါတယ်။
လျှပ်တစ်ပြက် စာမျက်နှာမှာပါလာရင် Aနွန်တို့ဘက်ကလည်း ပြန်ရှင်းလာမှာပဲ ကိုယ့်ဘက်က မှန်တယ်ရှင်းတယ် ဆိုရင် တာဝန်ယူနိုင်လား။
ဟုတ်ကဲ့။ ရှင်းနိုင်တယ်။ တာဝန်ယူနိုင်ပါတယ်။
သီချင်းတစ်ပုဒ်ရဲ့ အောင်မြင်မှုအစ ပြဿနာ အရှုပ်အထွေးက လို့ပဲ ဆိုရမလား။ အောင်မြင် လူကြိုက်များနေတဲ့ ''ချစ်သူ့ပုံပြင်'' သီချင်းဂယက်ကတော့ ရိုက်ခတ်လို့ လာခဲ့ပါပြီ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာကတော့ ''မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိ'' စကားလေးကို လက်ကိုင်ထားပြီး စောင့်ကြည့်ကြရမှာပါပဲ။ မီဒီယာသမားက မီဒီယာ အလုပ်လုပ်ခြင်း ဖြစ်ပြီး အနုပညာသမားကလည်း အနုပညာအလုပ် လုပ်ခြင်းသာဖြစ်တဲ့ အကြောင်း အသိပေးလိုပါတယ်။

လျှပ်တပြက်ဂျာနယ်မှ...

Thursday, June 10, 2010

မလေးရှားသို့ ကိုးရက်ကြာအလည်သွားခဲ့တဲ့ ဖွေးဖွေး


မလေးရှားသို့ ကိုးရက်ကြာအလည်သွားခဲ့တဲ့ ဖွေးဖွေး





သရုပ်ဆောင်ဖွေးဖွေးသည် ဇာတ်ကားရိုက်ကူးမှုများ ခေတ္တအားလပ်ချိန်တွင် မလေးရှားနိုင်ငံ၏ အထင်ကရ နေရာများသို့ ကိုးရက်ကြာ သွားရောက်လည်ပတ်ရာမှ ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောသည်။ “အဒေါ်က ခရီးသွားလုပ်ငန်း အေဂျင်စီလုပ်တာဆိုတော့ အဒေါ်ရဲ့အစီအစဉ်နဲ့ သမီးရယ်၊ မေမေရယ်၊ အဒေါ်ရယ် သွားကြတာပါ။ နေရာစုံလည်းရောက်တယ်။ Sugeiwang, Sunway, Pyramid Theme ပန်းခြံ၊ နောက်ပြီး စင်ကာပူက ဆန်တိုဆာနဲ့ ဆင်တူတဲ့ Gentingနဲ့ KLCCတို့ကိုရောက်ခဲ့တယ်။ ဈေးဝယ်လည်းထွက်ဖြစ်တယ်။ အများဆုံးဝယ်ဖြစ်တာက အင်္ကျီ၊ ဖိနပ်နဲ့ အိတ်တွေပါ။ ခရီးစဉ်မှာ အမှတ်တရကတော့ Sunwayမှာ ရေခဲပြင်စကိတ်(Ice Skating)စီးတာ မစီးတတ်တော့ ချော်လဲပြီး လက်ကယောင်သွားတယ်။ မစီးတတ်ပေမယ့် အမှတ်တရဖြစ်အောင်ရယ်၊ ဓာတ်ပုံလည်း ရိုက်ချင်တာကြောင့် စီးဖြစ်ခဲ့တာပါ”ဟု မေ၂၆ရက်တွင်သွားရောက်ပြီး ဇွန်၃ရက်တွင် ပြန်ရောက်ခဲ့သော မလေးရှားခရီးစဉ် အတွေ့အကြုံများကို ဖွေးဖွေးက ပြောကြားသည်။ ယခုခရီးစဉ်သည် အနုပညာအလုပ်များ စတင်လုပ်ကိုင်ချိန်မှစ၍ ယခုအထိ ဖွေးဖွေးအတွက် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမပြည်ပခရီးစဉ်အဖြစ် စင်ကာပူသို့ အလည်အပတ်နှင့် ဈေးဝယ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ဖွေးဖွေးသည် ဇွန်၅ရက်မှစ၍ ဒါရိုက်တာဥက္ကာဗို ရိုက်ကူးသော ဒီဗီဒီ(သို့)ဗီဒီယိုဇာတ်ကားကို မင်းမော်ကွန်းနှင့် စတင်ရိုက်ကူးနေပြီး သီချင်းဆိုသည့်ဘက်ကို ခေတ္တရပ်နားထားကြောင်းနှင့် ယခုလအတွင်း ဗီဒီယိုဇာတ်ကားနှစ်ကား ထပ်မံရိုက် ကူးမည်ဖြစ်ကြောင်း ပြောသည်။

Wednesday, June 9, 2010

ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာသည့် ဆန်ဒြာဘူးလော့ခ်


ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာသည့် ဆန်ဒြာဘူးလော့ခ်





ခင်ပွန်းသည်၏ အိမ်ထောင်ရေး ဖောက်ပြန်မှုများကြောင့် အော်စကာဆု လက်ခံရယူပြီးနောက်ပိုင်း လူမြင်ကွင်းမထွက်ဘဲ နေခဲ့သည့် ဟောလီးဝုဒ် မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် Spike TVမှ ရွေးချယ်ချီးမြှင့်သည့် Guys Choice Awardsဆုပေးပွဲသို့ တက်ရောက်ကာ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

Sandra Bullock

(Guys Choice Awards ဆုရှင် ဆန်ဒြာဘူးလော့ခ်)

အသက်(၄၅)နှစ်ရှိ မင်းသမီးသည် ဖေဖော်ဝါရီလကတည်းက အိမ်တွင်းအောင်းနေခဲ့ပြီးမှ ဇွန်လ(၆)ရက်နေ့က Sony Pictures Studioတွင် ကျင်းပသော ဆုပေးပွဲသို့ တက်ရောက်ကာ ပရိသတ်ရှေ့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအထူးဆုအတွက် မဲပေးမှုကို အမေရိကန်စစ်တပ်မှ တပ်သားများက ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ဆုပေးပွဲတွင် ဘူးလော့ခ်နှင့်အတူ မင်းသမီး ဂျက်ဆီကာဘေးလ်၊ စကားလက်ဂျိုဟန်ဆန်နှင့် ဘရွတ်ကလင်းဒက်ကာတို့လည်း ဆုများရရှိခဲ့သည်။ ဘူးလော့ခ်၏ ပွဲတက်အစီအစဉ်ကြောင့် ပရိသတ်များသာမက ဆုပေးသည့် အဖွဲ့များပါ အံ့ဩခဲ့ရသည်။



(Guys Choice Awards ဆုရသည့် ဆီလ်ဗက်စတာစတောလုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူး အားနိုးရှာဝါဇန်ဂျာက ဆုချီးမြှင့်စဉ်)

Peopleမဂ္ဂဇင်းတွင် ဖော်ပြထားမှုအရ ဘူးလော့ခ်သည် ယခုပွဲသို့ တက်ရောက်မည်ဟု ကြိုတင်အာမခံထားမှု မရှိကြောင်း သိရသည်။ စင်မြင့်ပေါ်တွင် ဘူးလော့ခ်အမှတ်တရ ဆုလက်ခံစဉ် အတူရှိနေသည့် အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီး နစ်ကိုလက်စ်မက်ကလိန်းက “အရင်တုန်းက သူမလာဘူးလို့ပဲ ကျွန်တော်တို့ သိထားတာပါ။ သူ့အတွက်ပေးမယ့်ဆုကို တစ်ယောက်ယောက်က ကိုယ်စားလက်ခံပေးမယ်လို့ ကြိုပြီးစီစဉ်ထားတာ”ဟု Peopleသို့ ပြောကြားခဲ့သည်။



(Guys Choice Awards ဆုရှင် ချားလ်စ်သီရွန်)

သူမအား အမေရိကန် တပ်သားများက ရွေးချယ်ချီးမြှင့်ပေးသည့် ဂုဏ်ပြုဆုကို ဘူးလော့ခ်လက်သို့ Iron Manမင်းသား ရောဘတ်ဒေါင်နီဂျူနီယာက ပေးအပ်လိုက်သည့်အခါ ပရိသတ်များက သောင်းသောင်းဖြဖြ ဩဘာပေးခဲ့ကြသည်။ ယခုပွဲသို့ မင်းသမီး ချားလ်စ်သီရွန်၊ မင်းသားဆီလ်ဗက်စတာ စတောလုံးစသည့် ဟောလီးဝုဒ် နာမည်ကြီးများလည်း တက်ရောက်ကာ ဆုလက်ခံယူခဲ့ကြသည်။ ဆုများကို ရုပ်ရှင်မင်းသားမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းသွားသည့် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး အာနိုးရှာဝါဇန်ဂျာ၊ မင်းသားဆမ်မြူရယ်လ် အယ်လ်ဂျက်ဆင်စသည့် နာမည်ကြီးများက စစ်တပ်ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

Source Plannet

Tuesday, June 8, 2010

ကမ္ဘာ့ဖလားသီချင်း ဗီဒီယိုတွင် မြန်မာ ၂ ဦးပါဝင်

ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ တရားဝင် သီချင်း “Waka Waka” (This Time for Africa) ကို သုံးဘက်မြင် ရုပ်ကြွ ဗီဒီယို အဖြစ် ရိုက်ကူးရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ “ကျမတို့က အာဖရိက ကပါ” ဟူသည့် မြန်မာ ဘာသာဖြင့် ပြောကြားချက် ကိုလည်း ထည့်သွင်း ရိုက်ကူးထားသည်။

ကမ္ဘာ့ဖလားသီချင်း Waka Waka ဗီဒီယိုတွင် မြန်မာ အမျိုးသမီး တဦးလည်း ဤသို့ ပါဝင်ကပြသည်

တောင်အာဖရိက တီးဝိုင်း Freshlyground ဖြင့် ယင်းသီချင်းကို နာမည်ကျော် အဆိုတော် Shakira က သီဆိုထားပြီး ရိုက်ကူးသည့် အစီအစဉ်ကို Youtube တွင် ကြည့်ရှုနိုင်သည်။

မြန်မာ အမျိုးသမီးငယ် ၂ ဦးက ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ နိုင်ငံသား များနှင့်အတူ ပါဝင် သရုပ်ဆောင် ထားပြီး ကိုယ်ပိုင် ဘာသာ စကားဖြင့် "We're all Africa” ဟု ပြောကြားရာတွင် မြန်မာအမျိုးသမီးငယ် တဦး၏ ပြောကြားချက် ကိုလည်း ထည့်သွင်း ထားခြင်း ဖြစ်သည်။

“အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ အတွေ့ အကြုံကောင်း တခုပါပဲ။ သုံးဘက်မြင် ရုပ်ကြွနဲ့ ကျမရဲ့ ပထမဆုံးသော ဗီဒီယိုပါဘဲ”ဟု Shakiraက ဆိုသည်။

ပါဝင် သရုပ်ဆောင်ကြ သူများကလည်း ယင်းရုပ်သံတွင် ပါဝင်ခွင့်ရသည့် အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ပြောကြသည်။

Thursday, June 3, 2010

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MYANMAR WRITERS AND JOURNALISTS ASSOCIATION) က ကြေညာချက်ထုတ်ပြန်

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့(MYANMAR WRITERS AND JOURNALISTS ASSOCIATION) က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။


အဆိုပါ ထုတ်ပြန်ချက်သည် မေလ ၁၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ်၏ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများအရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။