Showing posts with label သူများရေးခိုင်းလို့. Show all posts
Showing posts with label သူများရေးခိုင်းလို့. Show all posts

Thursday, September 8, 2011

ဘေလာ့ဂ္ဂါဆိုတာ

ကဲကဲ ...လာပါပြီ...လာပါပြီ...မဒမ်ကိုး ရဲ့ ကိုရင့် သတ်မှတ်ချက်အရ အန်ဖတ်စားတဲ့“ ခြေနှစ်ချောင်းနဲ့ နားရွက်တို ” တဲ့ ဘလော့ဂ်ဂါ အမည်ခံ ကျွန်တော်မျိုးမှ အသုံးတော်ခံရန် တဖန်ရောက်လာခဲ့ ပြန်ပါပြီ။ ဘလော့ဂ်ဒေးအမှတ် တရရေးပြီးမှ တဖန်ပြန်ကာ ဆက်သွယ်မိလာတဲ့ ဝေးကွာခဲ့သော နတ်ဆိုးလေး က လူသားအားလုံးအတွက် ကိုမိုးယံ ဆိုပြီး မသိမသာ မြှောက်ကာပင့်ကာ  တဂ် လိုက်ပြန်တာ ကို ပေါ်တော်မူ ရှေ့နေလေး ကိုကိုးအိမ်က ဘလော့ဂ်ဂါတိုင်းချစ်တဲ့ ဘလော့ဂ်ဂါကြီး ဆိုပြီး အချွန်နဲ့ တဂ် လာပြန်သဗျ။ တုံးဖလားသူကြီးလို ပြုံးပြုံးကြီး ဖြီးဖို့ရန် ၊ လာလည်ကြပါ ကိုယ့်အိမ် ပျော်စရာလေးတွေ ရှိတယ် ဆိုတဲ့နေရာကို သွားကြည့်၊ ဘလော့ဂ်ဂါ ဆိုတာ အရူးလို့ ရက်ရက်စက်စက် ဆိုရှာတဲ့ အစ်ကို ကြီးထံ နည်းခံ၊ဟိုလှည့် ဒီလှန် မွှေနောက် ပြီးပြန်တောာ့ စကားလုံးတွေကို ထွေးအန်ဖို့ ကြံကြံ ဖန်ဖန် တွေးပြန်သဗျာ။

ဘလော့ဂ်ရွာတစ်ခွင် ပြဲပြဲစင်အောင် မွှေနှောက်ဖတ်ပြီး ကိုယ်ခံစားမိသလိုပြန်ရေး သူက ရေး၊ ဖတ်ထား သိထားသမျှ ပြန်ရေးတဲ့ သူက ရေး၊ မသိတဲ့သူတွေကို သိအောင်ရေးပြ သူက ပြ၊ ချက်ထားသမျှ သွားရည်ကျအောင် တင်တဲ့ သူက တင်၊ အတင်းတွေကို သတင်းလိုလုပ်၊ သတင်းတွေကို အတင်းဖြစ်အောင် တုပ်ပြီး သကာလ၊ ရသ ရေးသူက ရေး ၊ ကဗျာ စပ်သူက စပ်၊ စာအုပ်မျှသူက မျှ ၊ သတင်းရေး သူက ရေး၊ ဓမ္မ ဟောသူက ဟော၊ သွေးဆောင်သူက သွေးဆောင်၊ နည်းညာတွေ ပြန်သင်သူက သင်ပေး နဲ့ အတော် ဟုတ်တဲ့ ဘလော့ဂ်ရွာထဲက မြန်မာ ဘလော့ဂ်ဂါဆိုတဲ့ သတ္တ၀ါတွေဟာ...ကိုယ့်ဘာသာကိုတော့ ရိုးရိုးသားသားနဲ့ အဟုတ်ကြီး ဟုတ်နေကြသူတွေပါပဲ။ ခက်တာက အဲဒီလူတွေ အားလုံးက ရွှေပြည်ကြီးကနေ ဆင်းသက် လာတဲ့ ခန္တီပါရမီ ရင့်သန် သူတွေမို့ ကျွန်တော် ဒီလိုပြောလည်း စိတ်မဆိုးပဲ ငပေါကြီးဆိုပြီး ပြုံးပြုံးကြီး ကြည့်သူက ကြည့်နေကြတယ်။ “ ဒီကောင်အရူးပဲ” ဟု နှုတ်ခမ်းဖွဖွ ခပ်ဟဟ နဲ့ စုပ်သပ်ကြသေးတယ်။ရင်းနှီးသူများကလည်း ဒီကောင်တော့ ပြန်ဖောက်လာပြီဟု ဓါတ်သိခြင်း သနားမိကြဦးမှာပဲ ။ နောက်ဆုံး မတော့ သူတို့လို လူကောင်းမဟုတ်ဘူးဆိုပြီး မဲ့ကာရွဲ့ကာဖြင့် ကျွန်တော့်ကို  ဘေးမဲ့ ပေးပြီး ပြုံးရွှင်စွာ မန့်လျက် ပြန်သွားကြ ဦးမှာပဲလေ။ တော်တော် ထူးဆန်းတဲ့ သတ္တ၀ါတွေပါကလား၊ အဲဒါကြီးကို ခေါ်တာပေါ့ဗျာ.. ဘလော့ဂ်ဂါဆိုတာ...။

တစ်ကယ်တော့ မမချစ်ချစ်ကြီး ပြောသလို “Free Land က Free Person များ” ဆိုတာ လည်းမှန်တာပဲ ။ ကိုဇော် ပြောတဲ့ အရူး ဆိုလည်း ငြင်းလို့ မရဘူး။ ကိုကိုးပြောတဲ့ မည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ် ဆိုတာလည်း  ဟုတ်နေတာပဲလေ။နောက်တစ်ခုက သူဂျီးမင်းပြောသလို အလွန်အမင်းကြွားဝါပြီး ကောလာဟလနဲ့ အတင်းတွေကို ဖျော်ဖြေသလိုလို နဲ့ ညည်းတွား တတ်တာလဲ ဟောသည် ဘလော့ဂ်ဂါများပါပဲ။ ဒါပေမယ့် ရူပါက မင်းသားရှုံးလောက် ပေမယ့်လည်း အနာဂတ်မျိုးဆက်သစ်များကို ရင်ဝယ်သားပမာ ကြိုးစားကာ စာပြရှာတဲ့ သူမျိုးကိုလည်း ဘလော့ဂ်ဂါ ခေါ်တယ်ဗျာ၊ ထူးဆန်းတာတွေ အံမခန်း တာတွေကို ဖွေရှာတင်ဆက်သူလည်း ဘလော့ဂ်ဂါ ပါပဲ၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသော်လည်း လူတိုင်းလူတိုင်းကို လာဘ်တစ်ပါးစီဖြင့် ဖတ်လာသမျှလူကို လာဘ်တစ်ပါးစီ ပေးရှာတဲ့ ဆေးဆရာ လည်း ဘလော့ဂ်ဂါပဲလေ။ တစ်ခြား ဘာသာစာတွေဖတ်ပြီး မိခင်စာ အဖြစ် အချိန်ပေးကာ ကြိုးစားပြန်ရှာတဲ့ စေတနာကြီးမား ဘာသာပြန်ဆရာများ ဟာလည်း ဘလော့ဂ်ဂါပါပဲ။ အို...အစုံစုံ ရှိတဲ့ ၀ိသေသ တွေကို ပြောရရင်ဖြင့် သည် ဘလော့ဂ်ဂါ ရဲ့ ထူးထွေ ဆန်းပြားလှတဲ့ အဓိပ္ပါယ်ကို ကျွန်တော့် ဥာဏ်တစ်ထွာဖြင့် အပြည့်အစုံ တင်ပြခြင်းငှာ မတတ်နိုင်ပါခင်ဗျာ။  တစ်ကယ်ဆိုရင် ဘလော့ဂ်ဂါဆိုတာ   ဘလော့ဂ် ဆိုတဲ့ လက်ရည်သွေး လေ့ကျင့်ရေးကွင်းကြီး ထဲမှာ မမောနိုင်မပန်းနိုင် လေ့ကျင့်နေကြတဲ့သူ စာရေးဆရာလောင်း တွေဆိုတာလည်း ခင်ဗျားတို့ အသိပါပဲလေ။ ဒါတွေကိုပြောလို့ ဒေါသတွေမပါ လာကြပါနဲ့ဦးဗျာ.....။ ခင်ဗျားတို့ သိပြီးသားကို ကျွန်တော်က နွားရှေ့ထွန်ကျူးတာ မဟုတ်သလို၊ မိချောင်းမင်းကို ရေခင်းပြတာလည်း မဟုတ်ရပါဘူးဗျာ။ တစ်ကယ်တော့ ဘုန်းကြီးကို စာချမိတဲ့ ငတိ လေးတစ်ကောင် ပါဗျာ။

ဘလော့ဂ်ရေးတဲ့ သူတွေကို ဘလော့ဂ်ဂါလို့ အလွယ် သတ်မှတ်လိုက်ရုံပါပဲ။ ဒါပေမယ့် အသီးသီးသော ဘလော့ဂ်ဂါ အစ်ကို အစ်မတို့ သိခဲ့ ရေးခဲ့ သလို အဓိပ္ပါယ်အမျိုးမျိုး ရှိပေမယ့် ။ ကျွန်တော် တစ်ယောက်တည်း သိပြီး ခင်ဗျားတို့ မသိတဲ့ ဘလော့ဂ်ဂါဆိုတဲ့ အဓိပ္ပါယ်နဲ့ လူကိုပါ မြင်သာအောင် ကျွန်တော်က ပြောပြချင်တာပါ... တစ်ကယ်တော့ “ ဘလော့ဂ်ဂါ ” ဆိုတာ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ မချော (အစိမ်းရောင်လွင်ပြင်) တို့လို ဘလော့ဂ်ရေးသော  အပျိုကြီး လူပျိုကြီးများ ကို ကိုယ်စားပြုတဲ့ စကားလုံးပါဗျာ... ဒီလိုပြောလို့ ခင်ဗျားတို့ နားရှင်းမှာ မဟုတ်သေးဘူ။ စကားလုံး ကို ပြန်ဖြည်ပြမှ ဖြစ်မှာပါ.... ဒီလိုပါခင်ဗျ.....

ဘလော့ဂ်ဂါ = ဘလာဂေါ် = ဗလာဂေါ်

ဗလာ = မရှိခြင်း၊ နတ္ထိ 

ဂေါ် = ဂေါ်မစွံခြင်း၊အိမ်ထောင်မရှိခြင်း

ဆိုတော့ကာ အိမ်ထောင်မရှိသော လူပျို အပျိုလေးများ ကို မခေါ်ဆိုနိုင်ပါဘူး။ “ ဂေါ် ” ဆိုတဲ့ စကားလုံးကြီး ခံနေသမျှ ကျွန်တော်လို ငချွတ်လေးက အန်တီတင့်ပြောသလို “ဘလော့ဂ်ဂါဆိုတာ ကိုယ့်ရင်ထဲ ကိန်းအောင် နေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားအဖြစ် ပြောင်းလဲပြီး စာဖတ် သူများကို စေတနာ သဒ္ဓါ ထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ “ဘလော့ဂ်ဂါ” အဆင့်မရောက် သေးပါဘူး။ ဘလော့ဂ်ဖတ်ရင်း ရေးရင်း သေမယ့် “ ဘလော့ဂ်မသာ” ပဲ ဖြစ်မှာပါခင်ဗျာ။


ရေးစရာမရှိတာကို အတင်းဖျစ်ညှစ်ပြီး ပေါက်ကရ ရေးလိုက်ခြင်းဖြစ်သောကြောင့် လွန်တာမှားတာ ရှိခဲ့ပါက ကိုဇော်၊ ကိုဖြစ်ကျိုးအင်း၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ အား အနူး အညွတ်  တောင်းပန် အပ်ပါသည် အစ်ကို အစ်မ တို့ခင်ဗျား....။ စာဖတ်လာသူကို နစ်နာစေလိုစိတ် အလျင်းမရှိပါ၍ တိုက်ဆိုင်မှု များ၊ မပြောမတတ် မဆိုတတ်မှုများ ရှိခဲ့ပါလျှင် မုန်းစိတ်မမြင် ချစ်စိတ်ဝင်လျှက် ဘေးမဲ့ပေးကာ အပြစ်ဆေးပေး ကြပါခင်ဗျာ။


မိုးယံ
8.9.2011 Thu
3:18 AM


Sunday, August 14, 2011

ကျွန်တော် ကြိုက်၏ မကြိုက်၏

မပြောမပြီး မတီးမမြည်... ကိုယ့်ပေါင်ကိုယ် ခပ်ဖွဖွ ထောင်းရဦးမှာပေါ့။ တဂ်ပို့စ်ဆိုတာတွေကလည်း ပါစင်နယ်လ်တွေ ငြိတာ အတော်များသားကိုး။ ဒါပေသိ ခင်မင်မှု အတိုင်းအတာ ချိန်စက်နိုင်သလို၊ အပြန်အလှန် မျှဝေမှုတွေ ထဲမှာ ပျော်ရွှင်မှုတွေ နားလည်ပေးမှုတွေနဲ့ ရင်းနှီးဖော်ရွေမှုတွေကို မြင်ခွင့်ရတယ် လို့ ယုံကြည်မိပါ၏။ ဘလော့ဂ်မှာ စာမရေးဖြစ်တာ အတော်ကြာပါပြီ။ (အရင်ကလည်း ရေးတယ် မဟုတ်လှပါဘူး) အဘယ်ကြောင့် ဆိုသော်မူကား အကျွန်ုပ်သည် ပြောချင်သည်ကများလှပြီး စာလုံးအဖြစ် ပြန်လည်ဖန်တီးနိုင်မှု အားနည်းခြင်းကြောင့် တစ်သွယ်၊ ပြောချင်သည်က တောင်ရောက်မြောက်ရောက် ဖြစ်တတ်သည်ကားတစ်ဖုံ ၊ထို့ကြောင့် စာဖတ်သူမှာ အချိန်ပေးရ၏ ။ ဆရာအောင်သင်း ပြောသလို “ အချိန်သည် အသက်၊ အသက်ဆိုတာ အချိန်ကိုခေါ်တာ ” ဒါကြောင့် ကိုယ့်စာလာဖတ်လို့ သူ့အချိန်တွေ အကျိုးမဲ့ဖြစ်ကုန်ပြီး အသက်တွေ အကျိုးမဲ့ ရှည်သွားခြင်းသည် သေခြင်းနားသို့ နီးကပ်သွားခြင်းပေတည်း။သို့ဆိုသော် အကျွန်ုပ်သည် မိတ်ဆွေ သူငယ်ချင်းများ ကို ကိုယ်ထိလက်ရောက် မသတ်သော်ကား ၊ အချိန်ကို စားသော အဖျင်းစာများဖြင့် အသင့်အသက်ကို ခိုးယူသလို မပြေးသော် ကံရာရှိမှာကိုကား အကျွန်ုပ်သည် အလွန်အမင်း စိုးရိမ်စိတ် ထားမိ၏။ “ အကျင့်ဆိုးကတော့ အဲဒါပါပဲ ဗျာ ”လိုရင်းမရောက် အချိန်ပျောက်အောင် လေကြောရှည်တဲ့ မောင်မိုးယံ လေ.။
ကဲ...ဘလော့ဂ်တစ်ခွင် ကျင်လည်နေသမျှ ပျော်ပျော်ပါးပါး ရေးနေဦးမယ့် တဂ်ပို့စ်များကို စလုံးရေး စလိုက်ရအောင်။

ကိုယ်ခန္ဓာ........

ကိုယ်ခန္ဓာဆိုတာလည်း တစ်တယ်တော့ စစ်မှန်သော တရားသဘောနဲ့ သစ္စာဆိုက်အောင် ကြည့်ရင် ဘာမှကိုယ်လည်း မဟုတ် ခန္ဓာလည်းမဟုတ်ပါဘူးဗျာ၊ ဓမ္မခန္ဓာတို့ ရူပက္ခန္ဓာ တို့တော့ ကြားဖူးသား။ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို နှံ့စပ်သူ မဟုတ်တော့လည်း တရားသဘောတွေကို ကံသေကံမ ပြောရဲသည်မရှိပါဘူး။ နာမ်နဲ့ရုပ် တရားနှစ်ပါးသာ ရှိသော်လည်း သုံးဆယ့်နှစ်ကောဌာသ ဆိုသော ရုပ်အဖွဲ့အစည်းကြီးကိုသာ အကျွန်ုပ်တို့သည် ဥာဏ်ကန်းသော မျက်စိဖြင့် သူ့ကိုယ် ငါ့ခန္ဓာ စသည်ဖြင့် အရှက်မရှိ အငြင်းပွားဖွယ်ဖြစ်နေမိကြ တတ်သည်။ ထိုထို သော အရိယာမဖြစ်သေးသော သူငါ အများထဲတွင် အ၀ိဇ္ဇာအတိ ဖုံးသော မောင်မိုးယံ ငတုံးသည်ကား အဆိုးတကာ့ အဆိုးဆုံးဖြစ်ပေတော့သည်။ အဘယ်နည်း ဟူမူကား အကျွန်ုသည် ဣိထ္တိယ (ရွှေရတုမှတ်တမ်း ကိုကြီးကျောက်ပြောသော အိပ်ရင် ထိလို့ရတဲ့) မိန်းမမျိုးကို ရုပ်ခန္ဓာချင်း တူပါလျက် ၊ အနိမ့်အမြင့် အပိန်အ၀ အဖြူ အမဲ၊ ခြောက်ပြစ်ကင်းသည်လော သုံးသပ်သေးသည်။ အချိုးအစားကို ခေါ်တော ငါးသိန်းအားဖြင့် အာသာငမ်းငမ်း ရှုမှတ်သေးသည်။ ဤသို့ ခန္ဓာ မျိုးစုံ အဖုံဖုံကို မစားရ၀ခမန်း သုံးသပ်စောကြာပြီးမှ ငါးရံ့ကိုယ်လုံး သမင်မျက်လုံး ပိတုန်းရောင် ကေသာ ဇင်ယော်တောင် မျက်ခုံး ဆင်နှာမောင်းပေါင် နှင့် တိရစ္ဆာန်မကျ လူမကသော ကိုယ်ခန္ဓာမျိုးကို နှစ်သက်တတ်၏။ ဖြူစင် ပ၀င်း ပြစ်မျိုးမှဲ့မထင် မျက်နှာ လမင်းအား နှစ်သက်၏။ ပွေး ညှင်း ၀ဲကင်း ဖြူဖြူဝင်းသော ခြေသလုံးမျိုးကား ကြိုက်၏။ တစ်ခါက ကြိုက်ခဲ့ဖူးသော ၃၄ ၂၇ ၃၈ များလည်း ကြိုက်နှစ်သက်ပါသေး၏။ ကြိုက်တာတွေချည်း စွတ်ပြောလို့ ဒီကောင့်ကို ဘာကောင်လည်း ခန့်မှန်းမိကြပြီ ဆိုမှဖြင့်အခက်။ မကြိုက်တာတွေ လှည့်ပြောပြီး အာရုံပြောင်းလိုက်တာ ကောင်းပါသည်လေ။
အရပ်ပု ခေါင်းရှည် နှမ်းခမ်းထော် မျက်လုံးစွေ နဖူးမောက် ပေါင်ကွ လိပ်ခါး ဖားဖင် များအား အကျွန်ုပ်သည် နှစ်သက်ခြင်းအလျဉ်းမရှိပါချေ။ခြေဖမိုးတွင် ခြင်ကိုက်၊ခြေသလုံးတွင် အစက်အပျောက်များပြီး အကွက်ထနေသော ပေါင်တံညို ညစ်ညစ်များမြင်မိပြီ ဆိုလျှင်ဖြင့် ထိုနေ့၌ အကျွန်ုပ်သည် ထမင်းအစားထိုး ကြက်ကြော်များကိုသာ စားသုံးတတ်၏။


အပြုအမူ......

တစ်ခါတစ်ရံ ၀ါသနာများသည် အပြုအမူဖြစ်နေတတ်သည်။ ၀ါသနာ ဆိုသည်ကလည်း ရဟန္တာမဖြစ်မခြင်း ပယ်ရခက်လိုက်သည် ဖြစ်ခြင်းဟု ကြားနာမှတ်သားဖူးပါ၏။ သို့ပေသိ အကြင်အချင်းအရာသည် အကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့်လွန်စွာ အလှမ်းကွာလွန်းပေသည်။ ယခုမူကား အကျွနုပ်နှစ်သက်သော မနှစ်သက်သော အကျင့်အပြုအမူ များကိုသာ ဖော်ပြရန် ဖြစ်သောကြောင့် အလကားရသော လေဖြင့် ပရမ်းပတာ နိုင်လှသော နှုတ်ကို စောင့်စည်းခြင်းဖြစ်ရန် လမ်းကြောင့်အမှန် ပြန်လှည့်ချေမည်။ လူဆိုတာ မျိုးကလည်း ကိုယ်သာအမှန် ထင်မှတ်စွဲသန် သူများဖြစ်သောကြောင့် အကျွန်ုပ်သည်လည်း အကျွန်ုပ်၏ ကောင်းမြတ်သော အမူအကျင့်ကလေးများကို ပြောပြလေအံ့။ အကျွန်ုပ်သည် လူလိမ္မာသား ယဉ်ပါးခြင်းဖြစ်၍ အပြုအမူကောင်းများ ရှိလေ၏။ အစားအသောက်စားရာတွင် ညှင်သာစွာ စားတတ်၏။ အသံ သိုအောင် စားတတ်၏။ မိန်းမရွှင်တို့ ကျင့်အပ်သော အမှုဖြင့် လူတစ်ကာအား သွားဖြီးသော အမှုကို ရှောင်ကျဉ်၏။ အရှက်လုံရန်နှင့် အပူအအေးမျှတရန် ရည်ရွယ်သော အ၀တ်အား ယဉ်ကျေးစွာ ၀တ်ဆင်၏။ဆံနွယ်နက်ကို ခါးအထက်တွင် အဖျားကော့ကာ ယိမ်းနွဲ့နေသော မိန်းမပျိုးမျိုးအား အာသာငမ်းငမ်းရှိတတ်၏ (ဆံပင်တွေ ဈေးကောင်းတာ ခင်ဗျားလဲသိလျက်နဲ့ဗျာ) “မကြိုက်တာကတော့ အများသားဗျ ” လောကကြီးကို အကောင်းမြင်စိတ် မရှိသည်နှင့်လည်း တိုက်ရိုက် အချိုးကျ သက်ဆိုင်နိုင်ပါသည်။ မိန်းမတို့ ဘုန်း ဆံတုံးဟု ဆိုသော်ငြား ပြတိုက်ဝင် ဆင်ယင် ထုံးဖွဲ့မှုကို ရှောင်ကျဉ်း၍ ပိတုန်းရောင်ကေသာကြော့ကို အကြောင်း မသင့်သည့်တိုင် စာကလေးသိုက် ပမာ ရှုပ်ပွနေရှာသော အကြေကောက် ငှက်သိုက် ဆံနွယ်များကို မနှစ်သက်၊ ဓါးထိသလို နှုတ်ခမ်း အရောင်ကို အနာဖေးကွာသလို အညိုရောင် လိုင်နာဆွဲသော နှုတ်ခမ်းများအား ဖနောင့်ဖြင့် ကျပ်ကျပ်ပေါက်ချင်မိသည်။ အိနြေ္ဒ နှင့် သိပ်ခါ ..အဲ အဲ. .သိက္ခာကို ထီမထင်သော ပေါင်နှစ်ခြမ်းအား ဖြဲလိုက်ကားလိုက် ပြုမူပြီး ထိုင်တတ်သော မိန်းမ မျိုးအား လေးဂွဖြင့် ပစ်ချင်မိ၏။


အစားအသောက်......

အစားအသောက်၌လည်း အကျွန်ုပ်သည် ဇီဇာကြောင်မိသေး၏။ အရွက်၌ စာရွက်ကို မစား ၊ အသား၌ သစ်သား ရှောင်၏၊ အသီး၌ ဂေါက်သီး မစား၊ ၀က်သားအားခေါင်းမှ အမြီးတိုင် မြိန်ရှက်စွာ စားသောက်တတ်၏။ ရေထဲမှ ငါးကိုကား ဒိုက်နံ့ မနံရပါက အကုန်စား၏။ အရွက်ဆိုလျှင်လည်း လက်ဖက်အသားကို စောင်းလျားသီး ငရုတ်သီး ကြက်သွန်ဖြူတို့ နှင့် ရောထောင်းထားသော ချဉ်စပ်လက်ဖက် များကို ယောက်ျားလေးပီပီ ကြိုက်နှစ်သက်၏။ အသက်ရှင်ဖို့ စားသောက်နေသော အကျွန်ုပ်သည် စားသောက်ဖို့ အသက်ရှင်နေသည် မဟုတ်သောကြောင့် ကွမ်းယာကို ဇာတိမာန်မပျက် တရစပ်ဝါးနေသော်လည်း ဖရဲသီအား အလွန်အမင်း မြင်ပြင်းကပ်၏။ ပဒိုင်းသီးအား ရူးလျှင်တောင် ကျွန်ုပ်စားလိမ့်မည် မဟုတ်။ စက်မှုစွမ်းအား ခေတ်ကျော်လွှားသည့်တိုင် နွားနှင့်ဖက်ရုန်းနေရသော အကျွန်ုပ်တို့ လို တောသူတောင်သားများအဖို့ သားသမီးပမာ နွားရတနာကို အဘယ်နည်းကြောင့် စားဝင်အံ့နည်း။

အဝတ်အစား......

အရိုးပေါ်အရွက်မဖုံးစေဖို့ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ နှီးနှောပါဝင်နေပါတယ်ပြောပြော အိန္ဒိယမှ ဆင်းသက်လာသော လုံချည်ကို မြတ်နိုး၏။ အရောင်များနှင့် အ၀တ်အစားတို့သည် လူ့စိတ်ကို ထင်ဟပ်စေ ပြောင်းလဲစေသည်ကို ရိပ်ဖမ်းသံဖမ်းကြားဖူးသော အကျွန်ုပ်သည် လည်ကတုံး လက်ရှည် အဖြူရောင် လေးများကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်သည်။အောကတ္တီပါ ဖိနပ်ကို ပိုးသားဖြင့် ချုပ်လုပ်ထားသော အပြာရောင် ၊ အစိမ်းရောင် များကို နှစ်သက်၏။ လွတ်လပ်ပေါ့ပါးသော တီရှပ်အင်္ကျီများကို နှစ်သက်သလို ဦးထုပ်ကို မချွတ်တမ်းဆောင်းတတ်၏။ အဘယ့်ကြောင့် ဆိုသော်ကား အကျွန်ုပ်၏ ကြီးကျယ်ခမ်းနားသော အတွေးအခေါ်များအား ဦးနှောက်ယိုစီးမှု မဖြစ်နိုင်ရန် ဦးထုပ်ဖြင့် ကာရံထားသည့် သဘောပင်တည်း။ သို့ပေမင့် မည်မျှလောက်ပင် မြန်မာဆန်သည်၊ ဇာတိမာန် ရှိတယ်ပြောပြော ဂုတ်သွေးစုတ်ကာ သစ်ပင်တွေကို အမြစ်က နှုတ်ပြီး ကျုပ်တို့သွေးကြော ဧရာဝတီကိုကောအောင် လူမဆန်သည့် ပေါက်ဖော်ကြီးတို့ ယဉ်ကျေးမှုမှ ဆင်းသက်သော တိုက်ပုံ အိင်္ကျီကိုတော့ဖြင့် ပွဲလမ်းသဘင်ရှိတောင် မ၀တ်ဆင်ပါ။ အလုပ်ကြမ်းသမားများ စတင် ၀တ်ဆင်ခဲ့သည့် ဂျင်းန် ဘောင်းဘီများကိုကား အကျွန်ုပ်သည် လွန်စွာ မုန်းတီး၏။အနုများနှင့် မသန်စွမ်းသူများ ၀တ်ဆင်လေ့ ရှိသော ကြိုးသိုင်းနှင့် ကွင်းထိုးဖိနပ်များအား အကျွန်ုပ်သည် လွန်စွာကျဉ်၏။



နိဂျုံးခုတ်အနေဖြင့် တင်ပြရသော်..အဲ... ဖော်ပြရသော်..အာ...ဒါလည်းမဟုတ်သေးပါဘူး။ ဒီလိုဗျာ... ရေးပြရရင်ပေါ့..။ အထက်ပါ အကြောင်းအရာတို့သည် ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖေါ်မဟုတ်သလို တရုတ်သိုင်းကားများထဲကလို သွေးသောက်ညီအစ်ကို မဟုတ်သော အွန်လိုင်းမှ ခင်မင်ရသော သူငယ်ချင်းအစ်ကိုကြီး ကညိမ်းနိုင်(မျောလွင့်တိမ်တို့နားခိုရာ) ၏ ကျွန်တော့်အပေါ် တခုတ်တရ ရှိလှသော ခင်မင်မှုအား လေးစားသော အားဖြင့် ပျော်စေရယ်စေ သဘောမျိုးသာရေးသာဖြင်းဖြစ်သောကြောင့် အဟုတ်အမှန် ယူဆကာ အမုန်းမာန် မပွားကြပါစေလိုပါ၊ ကိုကြီးဇော်ရဲ့ စကားကို ငှားပြော ရလျှင်ဖြင့် “စာရေးသူနှင့် ရေးသည့်စာကို မရောထွေးမိပါစေနှင့်” လို့ ပြောကြားရင်း မဖြစ်ညစ်ကျယ် ဦးနှောက်ကို ပရမ်းပတာ အရေးအသားဖြင့် ပျော်ရွှင်စေရန် စိတ်အရင်းခံ၍ ကျီစယ်အမှု ပြုမိပါသည်။


မိုးယံ
10:32 pm
12.8.2011 (Fri)



Tuesday, May 10, 2011

လတ်တလော စိတ်ဆန္ဒများ (တဂ်)


ကိုယ်ကလည်း အရှက်အကြောက်ကြီးတော့ ကိုယ့်အကြောင်း တွေ လူသိမှာ သိပ်ရှက်တာ။ အဲဒါကြောင့် သူတို့မေးသမျှ ဘာမှကို ဖွင့်မပြောဘူး။ပညာကနည်း အရှက်ကသည်းတော့ လူတောမတိုး ဖြစ်နေတာ၊ ပြောလိုက်ရင် ဘာသာရေး ဖတ်လိုက်ရင် ဒဿနဆိုတော့ လူတိုင်းနဲ့ ကိုယ်ကတော့ စကားပြောရတာ ခပ်ခက်ခက်ရယ်။

ဆိုရေးရှိက ဆိုအပ်စွ ပါတကား.... ကဲပါလေ၊ ပျော်စရာ ရွှင်စရာ ပေါ့ပေါ့ပါးပါးတွေဆိုတော့ ဟုတ်တာရော မဟုတ်တာရော ခပ်တည်တည် ဖွလိုက်ဦးမယ်။


(1)အစားချင်ဆုံးအစားအစာ - အဲဒါ ခက်တာပဲ၊ တစ်နေ့ တစ်နေ့ ထမင်းစားရတာကိုတောင် စိတ်ပျက်နေတဲ့ ကိုယ့်အတွက် အစားချင်ဆုံး အစားအစာဆိုတာ ဘယ်ဟာလဲ ကိုယ်လဲ သေချာမသိဘူး။ ရမယ်ဆိုရင်တော့ ကြေးအိုးတစ်ပွဲလောက် စားချင်သား။

(2)နေ့တိုင်းစားဖြစ်တဲ့အစား - မြန်မာပြည်ဖွား ဒီလူသား ရေမြေခြားလည်း ထမင်းပဲ စားပါတယ်ကွယ်။


(3)အလိုချင်ဆုံးရေမွှေး - အပုပ်ကောင် ရုပ်ဆောင်တယ် ဆိုသော်ငြား ၊ ကျန်းမာသန့်ရှင်းတဲ့ ကိုယ့်အတွက် အလိုချင်ဆုံးရေမွှေးက....... ၊ တိဝူး ကောင်းကောင်းကန်းကန်း သုံးမှ မသုံးဖူးတာ။


(4)သုံးဖြစ်နေတဲ့ရေမွှေး - Three Rose နဲ့ Follow me (Men) အဲဒါ အိပ်ယာခင်းနဲ့ ခေါင်းအုံးကို ဖျန်းတာ။မွှေးမွှေးနဲ့ အိပ်ချင်လို့.....အဲ မှားလို့ အနံ့မွှေးမွှေးလေးနဲ့ အိပ်ချင်လို့။


(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - မွေးနေ့ ဆိုတာကို လုပ်ကို လုပ်ချင်စိတ်မရှိတော့ ၊ မွေးနေ့ လက်ဆောင် မျှော်ဖို့ဝေးပေါ့ဗျာ။


(6)အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း 4G နဲ့ ထွင်းဖောက်မြင်ရတဲ့ ဒီနှစ်ကောင် ပေါ့ကွယ်။ (1) နဲ့ (2) ။


(7)သုံးဖြစ်နေတဲ့ဖုန်း - နိုကီယာ 1900 နဲ့ N 97 ရယ် နိုကီယာ 8800 (စတီးကာဗာ) ရယ်ပါ။။ (ကြွားတာတော့ မဟုတ်ပါဘူး၊ ရှိတယ်ဆိုတာ ပြောတာပါ)


(8)အရူးသွပ်ဆုံးအရာ - ဘာသာရေးနဲ့ အတွေးအခေါ် စာတွေ ဖတ်ပြီး၊ ဆင်ခြင် စဉ်းစားနေရတာမျိုးပါ။


(9)အနီးစပ်ဆုံးဂီတ - လေချွန်တယ်။


(10)အလိုချင်ဆုံးစာအုပ် - တိပိဋက မင်းကွန်းဆရာတော် ကို မှတ်တမ်းတင်ထားတဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်။


(11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ (ဆန်းလွင်)၊ စိတ်အိုင်ပက်သူ (နီကိုရဲ) ၊ အံမယ်လေး ကိုယ်ပါ လိုက်သေရတော့မယ်ထင်တယ်။


(12)အကြားချင်ဆုံးစကား - “ ဟေ့ကောင်မိုးယံ ကမ္ဘာပေါ်မှာ စစ်မဖြစ်ဖို့ လူတွေ အားလုံး သဘောတူ လက်မှတ်ထိုးလိုက်ပြီတဲ့ မင်းကြားလိုက်မိလား ” ။


(13)အဖြစ်ချင်ဆုံးဆန္ဒ - လူသားတိုင်း ဓမ္မဆိုတာ ဘာလဲလို့ နားလည်ပြီး ကျင့်သုံးစေချင်တာပါ။


(14)အလိုချင်ဆုံးဆု - ဂတိ ငါးတန် အမှန် လွတ်သော နေရာကိုရောက်ဖို့ အားထုတ်နိုင်တဲ့လူ။


(15)အသွားချင်ဆုံးနေရာ - ပါဝါ သိပ်ပြကြသော တန်ခိုးရှင်တွေရဲ့ ကင်းဝေးရာ။သန္တိသုခ တည်သောနေရာ။


(16)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဗျာ။


(17)အကြည့်ချင်ဆုံးရုပ်ရှင် - အခုပေါ်နေတယ်တဲ့ တစ်ကယ်မြင်နေရသလိုပဲဆိုတဲ့ ဟိုကားဗျာ။


(18)အပြောချင်ဆုံးစကား - မပြောရလေ ကြိုက်လေပဲ။


(19)အယုံကြည်ဆုံးလူသား - ဂေါတမ နွယ်ဖွား သိဒ္ဓိတ္ထမင်းသား။


(20)မယုံကြည်ဆုံးအရာ - ယုံကြည်လိုက် ပို့ပေးမယ်။


(21)အမုန်းဆုံးအရာ - လူ့ဘ၀ထဲ ကိုတွန်းပို့လိုက်တဲ့ အရာတွေ (အ၀ိဇ္ဇာ နဲ့ တဏှာ)။


(22)အသောက်ဖြစ်ဆုံးအအေး - Sprite နဲ့ လိမ္မော်ရည်ပါ။


(23)လတ်တလောအထိတွေ့ဆုံးအရာ - အင်တာနက် စာမျက်နှာ။


(24)မကောင်းတဲ့ကျန်းမာရေး - နှာခေါင်းပိတ်နေတယ်ဗျာ။


(25)အကောင်းဆုံးအဖော် - ဟမ် ! အဲလိုကြီးဖြေရမှာတော့ ရှက်တယ်ဗျာ။ သုံးဖူးသူတွေကိုပဲ မေးကြည့်ပါဗျာ။


(26)လက်ရှိအကြိုက်ဆုံးသီချင်း - အချိန်လွန်ငှက်။


(27)အကြောက်ဆုံးအလုပ် - ကိုယ်က နောက်တာ၊ ဟိုမှာတော့ ဒေါသတွေထွက် မျက်ရည်တွေ ကျစေတဲ့ အလုပ်မျိုး။


(28)တန်ဖိုးအထားဆုံးအရာ - သစ္စာ နဲ့ ဓမ္မ။


(29)အကြောက်ဆုံးတိရိစ္ဆာန် - ဂဠုန် ၊ တစ်ခါမှတော့ မမြင်ဖူးဘူး ဒါပေမယ့် နှုတ်သီးက ကြီးတယ်ဆိုတာကိုး၊ အဲဒါကြောင့် နာမ်နှိမ်တဲ့ သဘောနဲ့ ဂဠုန်ရာဇာကို ခြေထောက်တွေမှာ လိမ်းထားလိုက်တယ်။


(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - ကိုဇော်၊ နေဇော်လင်း၊ အုပ်ကြီး၊ အိန်ဂျယ်ရှက်ပါ၊ ရဲထွန်းဇော်။


(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုန်း ၊ ပိုက်ဆံအိတ်နဲ့အစုံပါတဲ့ အရူးလွယ်အိတ် ။


(32)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဆို။ (ဒါပဲ ထပ်မေးနေတာ ဖြေရတာ ရွှက်လိုက်တာ)


(33)စိတ်အညစ်ဆုံးအချိန် - ပိုက်ဆံ မရှိတဲ့ အချိန်ရယ်၊ ဖုန်းသိပ်ပြောရတဲ့ အချိန်ရယ်။


(34)အနေချင်ဆုံးနေရာ - ဤ ကမ္ဘာမြေ ကို ဘယ်တော့မှ ပြန်မရောက်နိုင်တဲ့ နေရာ။


(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - ဘီယာမူးပြီး အနှပ်ခန်းသွားနေတတ်တဲ့ ကောင်က နိဗ္ဗာန် ရောက်ချင်လို့တဲ့။


(36)ပေးချင်တဲ့သတင်းတစ်ခု - ဒေးဗစ်အုပ်လေ မိန်းမယူတော့မယ်တဲ့။


(37)အပျော်ဆုံးဖြစ်မယ့်အချိန် - ဒီကမ္ဘာကြီးမှာ စစ်တွေ ချုပ်ငြိမ်းပြီး ၊ လူတွေ ဓမ္မ(စစ်မှန်တဲ့ ဓမ္မ)ကို ကျင့်သုံးတဲ့ အချိန်ဟာ ကိုယ်အပျော်ဆုံးဖြစ်မှာပါ။ ( အော်.. ဒါပေမယ့် ကိုယ်လဲ အသက်ကြီးနေပြီဆိုတော့ .....)။


ကဲကဲ...တော်ကီတွေများသွားပြီး... ဘယ်သူတွေကတော့ ယောင်တောင်ပေါင်တောင်နဲ့ အမှန်အကန် စာမေးပွဲ ဖြေမလဲလို့ စမ်းကြည့်ရဦးမှာပေါ့... လာလေ့...။


နေဇော်လင်း
ငွေလမင်း (ကိုကိုငွေနဲ့ မဒမ်ငွေ)




အဆင်ပြေမယ်ဆိုရင်တော့ ရေးပေးစေချင်တာ ဆန္ဒအမှန်ပါဗျာ။ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ပေါ့။



Sunday, May 8, 2011

ကြိုက်တာတွေ (တက်ဂ်ပို့စ်)

(၁) နေ့စဉ် မနက်တိုင်း မနက်စောစော ထပြီး မနက်ခင်းလေပြင်ညှင်းက ပါးပြင်ကို ဖြတ်တိုက်တဲ့ အေစိမ့်စိမ့် လေရဲ့အရသာခံရတာကို ကြိုက်တယ်။

(၂) မျက်နှာသစ်ပြီးတာနဲ့ အဆာပြေ ထမင်းကြမ်းစားလိုက်ရတာကို ကြိုက်တယ်။

(၃) ညဖက်ကို စိန်ကြယ်ဘုရင်မ သွားတိုက်ဆေးမှုန့်နဲ့ တိုက်ပြီး မနက်အိပ်ယာထရင် ကိုးဂိတ် သွားတိုက်ဆေးနဲ့ တိုက်ရတာကိုကြိုက်တယ်။

(၄) တစ်လတစ်ခါ ဘီယာသောက်ရတာကိုကြိုက်တယ်။

(၅) ထိုင်းနိုင်ငံထုတ် Three Rose ရေမွှေးကို ကြိုက်တယ်၊

(၆) နေ့ခင်းဘက် အလုပ်ထဲမှာ အရမ်းပူအိုက်နေရင် အင်္ကျီကိုရေဆွတ်ပြီး ၀တ်ရတာကို ကြိုက်တယ်။

(၇) ရေဆူဆေးပြားကို ဖန်ခွက်ထဲထည့်ပြီး မသောက်သေးပဲ ဆေးပြားလေး ဆူနေတာကို ထိုင်ကြည့်ရတာကို နှစ်သက်တယ်။

(၈) စားပွဲရှေ့မှာ အလုပ်ထိုင်လုပ်နေရင်း တရားခွေဖွင့်ပြီးနားကြပ်တပ်ထားရတာကို ပီတိဖြစ်တယ်။

(၉) ညတိုင်း နွားနို့တစ်ခွက်သောက်နိုင်တဲ့ အခြေအနေကို ကျေနပ်တယ်။

(၁၀) ဦးထုပ်ကို မချွတ်တမ်းဆောင်းထားရတာကိုကြိုက်တယ်။ အိပ်ယာဝင် တောင် ဦးထုပ်ဆောင်း အိပ်ရတာကို ကြိုက်တယ်။

(၁၁) သီတဂူ ဆရာတော်ဘုရားကို ပူဇော်တဲ့ သီချင်းကိုကြိုက်တယ်… “ တောင်စစ်ကိုင်း ချောင်တိုင်း ရေအလှူ နေပူပူ လေပူကြမ်း….ဆောင်းချမ်း ” အဲဒီနားကို ရောက်ရင် ပလေယာ ဖွင့်ထားတဲ့ ၀င်းဒိုးကို ကြည့်လိုက်ရတာကို ကျေနပ်တယ်။

(၁၂) တောင်မြို့ ဆရာတော်အရှင်ဇနကာ ဘိဝံသ ရဲ့ ဓမ္မစင်္ကြာ တရားကို ကြိုက်တယ်… ညတိုင်း အဲဒီ ဓမ္မစင်္ကြာ နံပါတ်လေး အပုဒ်ကို နားကြပ်တပ်ပြီး နာရတာကိုကြိုက်တယ်။

(၁၃) ဘောင်းဘီရှည် ၀တ်ရတာကို နှစ်သက်တယ်…၊ ညအိပ်ယာဝင်လည်း ဘောင်းဘီရှည်ဝတ်အိတ်တယ်။ ပုဆိုးနဲ့ အိပ်လို့ကတော့ မနက်ဆိုခါးက ပုဆိုးက လည်ပင်းမှာဘယ်သူ လာစည်းပေးထားလဲ မသိဘူးး)

(၁၄) ကွမ်းယာကိုတစ်ယာပြီးတစ်ရာ ပါးစပ်ထဲပစ်ထည့်နေရတာကိုကြိုက်တယ်..၊ ၀ါးပြီး ခဏခဏ မထွေးပဲငုံထားရတာကိုပိုကြိုက်တယ်။ ည အိပ်ယာဝင်ရင် ကွမ်းယာလေး ငုံထားရတာကိုကြိုက်တယ်၊

(ပါးတစ်ဖက်လည်း လှပ်လှပ်ပဲ ကျန်တော့တယ်)။

(၁၅) မျက်နှာ မသစ်ခင် နွယ်ချို အရသာပါတဲ့ အင်ဒို ဆေးလိပ်တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၆) ညအိပ်ယာဝင်ခါနီး ကျဆိမ့်တစ်ခွက်နဲ့စီးကရက် တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၇) ကြယ်သီးတပ်စရာ မလိုတဲ့ တီရှပ်တွေကို ကြိုက်တယ်။

(၁၈) ဘောင်းဘီရှည် အကျပ်တွေကိုကြိုက်တယ်၊ ခြေထောက်နားမှာ ခပ်ပွပွဖြစ်ရင် ကြိုက်တယ်.။

(၁၉) မနက်အိပ်ယာထမှာ ရေခဲရေ အေးအေး နှစ်ခွက် သောက်ရတာကို ကြိုက်တယ်။

(၂၀) အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကောင်မလေးနဲ့ ဖုန်းပြောရတာကို ကြိုက်တယ်

(၂၀) ထိုင်းနိုင်ငံက ပိန်ညှောင်ညှောင် ဖြူဖတ်ဖြူရော် သူငယ်ချင်းနဲ့ အရှက်အကြောက်ကြီးတဲ့ မဲလုံးတို့ ဆီကို ဖုန်းဆက်ရတာ ကြိုက်တယ်

(၂၀) အ၀တ်လျှော်စက်ထဲ မထည့်ပဲ ရွှေဝါနဲ့ ဘရပ်စ်နဲ့ တိုက်ပြီးလျှော်တာကို ပိုကြိုက်တယ်။

(၂၁)ဘယ်လောက်အေးအေး ဘယ်လောက်အိုက်အိုက် စောင်တစ်ထည်နဲ့ အိပ်ရတာကို ကြိုက်တယ်။

(၂၂) မရှိတာကို ရှိတယ်အမှတ်နဲ့ တစ်ယောက်တည်း အပြစ်တင်နေရတာကို ကြိုက်တယ်။

(၂၃) လက်သည်းအရှည် နဲ့ ဆံပင်အရှည်ထားရတာကို ကြိုက်တယ်။

(၂၃) သူငယ်ချင်းကောင်မလေးဆီက အဖြေရဖို့စောင့်နေရတာကိုကြိုက်တယ်။

(၂၄)ဒဿနတွေနဲ့ စိတ်ပညာစာအုပ်တွေ ကြိုက်တယ်။ စာအုပ်တွေကို တစ်အုပ်မပြီးသေးပဲ နောက်တစ်အုပ်ကို ကောက်ဖတ်ရတာကိုကြိုက်တယ်။

(၂၅)အလွမ်းဝတ္ထုတွေကို ကြိုက်တယ်။ ဇတ်သိမ်းခန်းမှာ ပေါင်းခဲ တဲ့ မောင်လှမျိုး (ချင်းချောင်းခြံ)တွေ ကြိုက်တယ်။ မိုက်မိုက်(ပြည်)၊ အောင်ဝင်း(စိတ်ပညာ)တွေကြိုက်တယ်။

(၂၆) တစ်လတစ်ခါ ခင်မင်ရတဲ့ ဘလော့ဂ်ဂါတွေနဲ့တွေ့ရတာကို ကြိုက်တယ်။

(၂၇) ကိုယ်တိုင်ချက်စားဖြစ်တဲ့ ရောသမမွှေဟင်းတွေကိုကြိုက်တယ်။ (ကိုယ် ဟင်းချက်ပြီဆို အနားလာတဲ့လူတောင် ပုဆိုးပြင်မစည်းရဲဘူး)။

(၂၈) ငရုတ်သီးစပ်တဲ့ အစာတွေကိုကြိုက်တယ်၊ချဉ်ငန်စပ်အရသာ တွေကိုမက်မော တတ်သလို၊ ငါးပိရည်နဲ့ ဒညင်းသီးပြုတ် တို့ရတာကို ကြိုက်တယ်။

(၂၉) ပါးလှပ်လှပ်ကိုယ်နဲ့ ပြားချပ်ချပ်ဗိုက်ကိုကြိုက်တယ်… (အခုတော့ ပွပြီး ပူနေပြီ)။


မောင်မျိုးတဂ် ထားတာကြာပါပြီ။ရေးဖို့ အချိန်လုံးဝမရသေးတာရယ်။ အရှက်ကို ဗြန်ဗြန်းမကွဲအောင် ထိန်ချန်ဖို့စဉ်းစားရင်းနဲ့ ကြာသွားတာပါ။ အခုမှ လူစုံလောက်ပြီဆိုလို့ ရေးပြတာပါ။ စပ်စပ်စုစု ဖတ်လာတဲ့ သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်။


မိုးယံ


Sunday, March 27, 2011

ဗျူး (tag)

တစ်ကယ်တော့ အင်တာဗျူး ခံရတယ်ဆိုတာ အိမ်သာကျင်းတူး ရတာလောက်တော့ မခက်လှပါဘူး။ ဟုတ်တယ်လေ၊ ကိုယ့်မှာ နာမည်ကြီးမင်းသမီးတွေလို အိမ်ထောင်ဆက်များတာလည်း မဟုတ်၊ ရှိမှန်းသိတာကိုလည်း ဖော်လှန်လှစ်နေတာ မဟုတ်တော့ ကိုယ့်ပါဆင်နယ်လ် ဆိုတာလဲ အာဆင်နယ် လောက် ဘယ်သူမှ စိတ်ဝင်စားမည်မထင်။ သို့သော် မိန်းမဖျင်းတို့၏ ထုံးစံအတိုင်း စပ်စုတတ် အတင်းတုတ်တတ်သော သူများကတော့ မေးမြန်းကြပါလိမ့်မည်။ သို့ပေမယ့် ပြဿနာ ကြီးကြီးမားမားတော့လည်း မရှိပါဘူးလေ၊ ကိုယ့်ဘ၀အကြောင်းတွေ မေးရင် မှားခဲ့တာတွေ ရှိမယ်၊ မှန်တာတွေလဲ ရှိမယ်ပေါ၊ လူလို့ အမည်တပ်ခံရတဲ့ သတ္တ၀ါတစ်ကောင်ဆိုတော့လဲ အမှားနဲ့မကင်းပါဘူး။ ဘ၀မှာတစ်ခါမှားတာ လှည်းသားငါးရာနဲ့လား ဆိုတော့လည်းမဟုတ်ဘူး၊ ကိုယ့်ရပ်ကွက်ထဲက ငမူးတွေနဲ့ ၊ ဟိုဘက်ရပ်ကွက်က ထောင်ထွက် သာအေးတို့ အပေါင်းအပါတစ်စု လောက်နဲ့ရယ်ပါ လို့ ပြန်ဖြေတဲ့ မယ်မျိုးနဲ့လည်း ညီအစ်ကိုလို ရင်းနှီးတာလောက်ပဲ ရှိတာ သူ့လောက်တော့ မမှားပါဘူးဗျာ။ ငယ်ငယ်က ရှက်ကြိုးနဲ့ ချက်ကြိုးကို သူနာပြုဆရာမ မှားဖြတ်တာလေ ကိုယ်ဖြတ်ခိုင်းတာမှ မဟုတ်ပဲ။ အဲဒီတော့ အမှားဆိုတာ နည်းနည်းတော့ ရှိခဲ့တာပေါ့လို့ ပြောချင်တာပါ။ ထားပါတော့လေ.. အခု ညီလေးက အစ်ကို့ကို မေးမယ်ဆိုတာတွေမေးပါဦး။ အချိန်တော့ သိပ်မရဘူးနော်.. အစ်ကိုက အခု ဟမ်းဖုန်းကနေ ကားကို ကွန်ထရိုးလုပ်ပြီးမောင်းမဲ့ ကိစ္စအတွက် ပန်းသီးကုမ္ပဏီ နဲ့ နီဆန်း ကား ထုပ်လုပ်ရေးက သူတွေနဲ့ မိတင် ရှိသေးတယ်ကွာ။

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။

အော်.. ဒါလား၊ ဒါက တော့ညီလေးရယ်..အစ်ကိုက ၂၀၀၈ လောက်ကတည်းက ရင်းနှီးခဲ့တာပါ။ ဒါပေမယ့် ရေရေရာရာတော့ သိလှတယ်မဟုတ်ပါဘူး။ အစ်ကိုက zopia တို့ dada.net တို့လောက်သာ သုံးခဲ့ဖူးတာလေ၊ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒါတွေလဲ သိလှတယ်မဟုတ်ဘူး၊ တောသားမြို့တက် ကိုမောင်ခက် ဆိုတာ အစ်ကိုပဲလေ။ အဲဒီတုန်းက အလကား ရတဲ့မေးလ်ကို အလကားထားရင် အလကားပဲဆိုပြီး အလကားမဖြစ်အောင် အကောင့်ဝင်ထားလိုက်တာပါ၊ တစ်ကယ်တော့လည်း ကိုယ်မှ မသုံးတတ်တာ အလကားကတော့ အလကားပါပဲ။

မေ= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ ။

ဒီမေးခွန်းကတော့ ရှင်းပါတယ် ညီလေးရာ။ အစ်ကိုက အရင်ကတည်းက ဘလော့ဂ်ရေးတာမှ မဟုတ်တာ၊ ဘလော့ဂ်ကူးတာ၊ တစ်ချို့ဆို သူတို့ တန်ဖိုးထား ဖန်တီးထားတာလေးတွေကို အစ်ကိုက ကူးပြီးလူတွင်ကျယ်လုပ်တယ် ၊ သူတို့နံမည်မတပ်လို့ဆိုပြီး နည်းနည်းတော့ နှာကစ်တာပေါ့လေ။ အဲဒါကိုသူတို့က ကူးမရအောင်လုပ်ကြတယ်၊ ကူးတဲ့သူတွေကလဲ ကူးမြဲပါပဲ။ ခက်တာက အစ်ကိုကလည်း ဘယ်သူရေးလဲ သေချာမသိဘူ၊ အစ်ကိုမေးလ်ထဲ ၀င်လာကတည်းက နံမည်မှ မပါတာ၊ အစ်ကိုကတော့ နေ့စဉ်မေးက ၀င်တာပါ၊ ဘယ်ဆိုက်က ကူးတာပါ၊ အဲဒီမှာ ပို့စ်တင်တာက ဘယ်သူပါဆိုတာကို ထည့်ပေးပါတယ်။ တစ်ခါတစ်လေ အဆင့်ဆင့်ဖော်ဝပ်တွေကို ရှာရတာလဲ မောတာနဲ့ ဒီအတိုင်းတင်ပေးလိုက်တာပဲ။ အဲဒါကြောင့်ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တာနဲ့ ဘေးမှာ ၀န်ခံချက်ရေးပြီး တင်တယ်ပေါ့လေ။ သိသလောက် မှတ်သလောက်လေးကို သိစေချင်လို့ ပြန်မျှတဲ့ သဘောပါလို့။ အစ်ကို ကိုယ်တိုင်ရေးတဲ့ ပေါက်တတ်ကရတွေဆိုရင်တော့ စာရဲ့ အဆုံးမှာ မိုးယံ လို့ မဖြစ်မနေထည့်ပါတယ်။ ကိုက စာတွေဖတ်ခဲ့ပြီးတော့ ပတ်ဝန်းကျင်နဲ့ အံမ၀င်ဖြစ်ခဲ့တာ နှစ်နဲ့ချီပြီးကြာခဲ့တယ်လေ၊ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ မဖြစ်ညစ်ကျယ် ဥာဏ်နဲ့သိလာတော့ ကိုယ်ပြောချင်တာလေးတွေ ၊ ကိုယ်ဖြစ်စေချင်တာလေး တွေကို ရင်ဖွင့် ခံစားဖို့ ဆိုပြီးလုပ်ထားခဲ့တာပါ၊ အခုထိတော့ အကောင်အထည်မပေါ်သေးပါဘူး။ ပြောရရင်တော့ ကိုယ်က ပေါတောတော အကျင့်မပျောက်သေးဘူး။

ပြောင်းလဲလာတာကတော့ နိုင်ငံတစ်ကာက မိတ်ဆွေတွေနဲ့ ခင်မင်ခွင့်ရတယ်၊ လူတွေရဲ့ စိတ်ဓါတ်တွေ ပိုသိလာတယ်၊ သူငယ်ချင်းတွေ တိုးတာတယ်။ အဲဒီလို တိုးလာလို့ အဆင်ပြေတဲ့သူတွေနဲ့ အပြင်မှာ တွေ့ခွင့်ရရင် မုန့်ကပ်စားရတယ်။ အဓိကတော့ ပိုက်ဆံအကုန်သက်သာတာပေါ့လေ၊ ဘ၀တူချင်း ဂုတ်သွေးစုပ်တဲ့ မြေခွေးစုတ်ဆိုလည်းမမှားဘူးပေါ့လေ။နောက်တစ်ခုက နည်းပညာဆိုက်တွေကနေ ကိုယ်သိချင်တဲ့ စာအုပ်တွေ ဒေါင်းလို့ရတာ အတော့်ကိုအဆင်ပြေတယ်။ နောက်ပြီး ဖတ်ချင်တဲ့ အခြား စာအုပ်တွေလည်းရတယ်။ ဟိုတစ်လောကဆို မြတ်ပုလဲဖြူ ဆိုတဲ့ ညီမလေးတစ်ယောက် အကူအညီနဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ စာအုပ်တစ်အုပ် ပြန်ရတယ်၊ ဆန်းလွင်ရဲ့ ကမ္ဘာတွေးခေါ်ရှင်ကြီးများ။နောက်ပြီး ညီအစ်ကိုလို ခင်မင်ရတဲ့ ကိုဇော်တို့ ဆိုရင် ဖုန်းဆက်လိုက် မေးလ်ပို့လိုက်နဲ့ ပြဿနာ အားလုံး သူ့ဆီခေါင်းရောင်းလိုက်တယ်။ အံမယ် ဒါထက်ရှိသေးတယ် အလှပြင်ချင်ရင် မာမီအုပ်ဆီကို သွားလိုက်၊ ပေါင်းတင်းမလား၊ ဆံပင် ဗောက်ဖျောက်မလား။ အို အစုံအစုံ ပါပဲ။ စာရေးဖို့ ဆိုရင် ကိုဇော် တို့ က အစမှ အဆုံးတိုင်ကူညီတယ်။ ကိုမြစ်ကျိုးအင်းတို့ကလည်း ရေးနည်းသားနည်းတွေ သင်တယ်၊ စာဖတ်နာအောင် ဆုံးမကြတယ်။ လူကောင်းတွေနဲ့ ခင်မင်ခွင့်ရတယ်၊ အကူအညီတွေရတယ်၊ လူသားချင်းကူညီ ထောက်ထားမှုတွေ ပိုပြီးခံစားတတ်လာတယ်။

မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။

ဒါကတော့အပြည့်အစုံဖြေရင်တော်တော်ရှည်မယ်ထင်တယ်။ ဟိုအရင်က မနိုင်းနိုင်း စာတွေကို မေးလ်ထဲက တစ်ဆင့်ဖတ်တယ်။ သူ့ဆိုက်ကိုသွားဖတ်တယ်၊ သေသေချာချာမှတ်မိနေတာကတော့ ကိုဇော် ရေးတဲ့ ကျည်ဆံကာမိန့်ခွန်း အဲဒါလေးကို အမြဲအမှတ်ရနေတယ်။ နောက်သူ့ရဲ့ ခက်ဆစ်တို့ သူဌေးနှာဗူးမကျရင် အလုပ်ထွက်မယ့် လူစားများ ဆိုတာတွေက မေ့မရအောင် မှတ်မိနေတယ်။ မှတ်မိစေတဲ့ အကြောင်းတွေကလဲ ရှိနေပြီးသားကိုး။နောက်ပြီး တည်ငြိမ်အေး ကိုဆိုစီ၊လရောင်လမ်း (ကိုတေဇာ)၊ ဦးမြစ် (မြစ်ကျိုးအင်းရဲ့) အမေ့စိန်နားကပ်တို့၊ အနာဂတ်နိုင်ငံတော်တို့၊ ကိုအောင်ရဲ့ သူရဲဇတ်လမ်းတွေ ကိုမင်းဒင်ရဲ့ ကမ္ဘာမကြေ မြန်မာပြည်ဥဒါန်း၊ ဘကျောက်ရဲ့ ဟာသနှော စာတွေ၊ မရွှေစင်ဦးရဲ့ စေတနာ စာတွေ၊ ဒါတောင် မှတ်မိသလောက် ရွတ်ရင်လည်း ကြာနေမယ်။ အခု တော့ ကိုမင်းဒင်ရဲ့ သက်ခိုင်နဲ့၊ ကိုဇော် ရယ် မြစ်ကျိုးအင်းရယ် ဘကျောက် (ရွှေရတုမှတ်တမ်း) ကို ညတိုင်း တစ်ပုဒ်စီ ဖတ်နေတယ်။ ကျွန်တော်ဆိုက်ရဲ့ ဘယ်ဖက်မှာတင်ထားတဲ့ ဖတ်သည် ရဲ့ အောက်ကစာတွေ ၊နောက်ပြီး အမှောင်ထဲကအလင်းစက်.၊ နောက်ပြီး တော်တော်များများဘလော့ဂ်တွေကိုလဲ ဖတ်ပါတယ်။

မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။

အဲဒါကတော့ ပြောရခက်ခက်ပဲ၊ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လေ၊ ကျွန်တော်ကတော့ ကွန့်မန်တွေ တွေ့ရင်ပျော်နေတာပဲ။ ဘလော့ဂ်ဂါ တော်တော်များများလဲ အဲလိုပဲထင်ပါတယ်။ မှတ်ချက်တွေနဲ့ ပတ်သက်လို့တော့ ခံစားချက်တစ်ခု ရှိတာက ၊ ညီအစ်ကိုလို ခင်ရတဲ့ သိပ်တော်တဲ့ ကောင်လေးတစ်ယောက် ကျွန်တော်နဲ့ ဝေးသွားကတည်းက တော်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ဖက်က မန့်တာကသူ့အတွက် သိပ်ပြီးထိခိုက်သွားစေတာကိုး။လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်ရှိတဲ့ နေရာမှာ ကိုယ့်စိတ်ဓါတ်ကိုဖေါ်ပြတဲ့ ကွန်မန့်တွေက တန်ဖိုးတစ်ခုလို့ ကျွန်တော်ထင်မြင်ပါတယ်။အဲဒီအကြောင်းကို ရေးထားတဲ့ တစ်ယောက်ရဲ့ စာကို ကျွန်တော်တောင် တစ်ဆင့်ဖေါ်ပြဖူးသေးတယ်။ နောက်တစ်ခုက ကော်မန့်တွေ အတွက် ဒီနားမှာ ရေးထားတာလေးလဲ သဘောကျမိတယ်။အခုတစ်လောတောင် မယ်မျိုးက ကော်မန့်တစ်ခု အတွက် ခံစားနေရရှာတယ် အဲလိုတွေကြားမိရင်တော့ စိတ်မကောင်းဖြစ်မိတယ်။

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ။

်ရေးဖြစ်တဲ့စာတွေကတော့ ကဗျာ အပိုင်းအစတွေရယ်။ စိတ်အချဉ်ပေါက်လာတဲ့ ခံစားမှုမျိုးရယ်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်ရင်တော့ တစ်လွဲတွေဖြစ်နေရင် ၀င်ဖြဲတဲ့စာတွေရေးတတ်ပါတယ်။ အချစ်ကတော့ ဘယ်လိုမှ ခံစားလို့မရလို့ အချစ်အကြောင်းဆို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်တယ်။ မရေးတတ်ဖူး။ အခုတစ်လောတော့ တဂ်တဲ့စာတွေရေးတယ်၊ ခင်မင်မှုလည်းတိုး ရယ်လဲရယ်ရ၊ အသိပညာတွေလဲ ရတော့ အဲလိုမျိုး တဂ်တွေတော့ ရေးဖြစ်တယ်။ ရေးနိုင်အောင်လဲ ကြိုးစားတယ်။ ကိုယ်ရေးချင်တာလေးတွေ ရေးနိုင်ဖို့တော့ အခုအချိန်လုပြီး စာဖတ်နေတယ်။ အချိန်ပေးပြီးလာဖတ်တဲ့သူတွေကို အကျိုးမယုတ် စေချင်တာပါ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ
အဲဒါကို ဖြေဖို့တော့ နည်းနည်းဝန်လေးတယ်။ ရေးချင်တာက တော့ အတွေးအခေါ် ဒဿနတွေနဲ့ ရသ တွေပါ။ အထူးသဖြင့် စိတ်ပညာရောယှက်တဲ့ အတွေးအခေါ်မျိုး လူဘ၀ကို ထင်ဟတ်စေတဲ့ ရသမျိုးတွေရေးချင်တာ ။ အဲဒါတွေ ဖြစ်ဖို့ ၀မ်းစားပြည့်ဖို့လိုတယ်။ စာတွေများများဖတ်နေတယ်။ လူမမြင်တဲ့ နေရာတွေမှာ ရေးထားတယ်။ တန်းဝင်နိုင်လောက်ရင် တတ်သိတဲ့ လူတွေကိုပြမယ်။ပြီးတော့မှ လူမြင်ကွင်းကို ချပြမှာပါ။

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။

ဘလော့ဂ်တွေရဲ့ ကောင်းကွက်က အချိန်နဲ့ တပြေးညီ သတင်းတွေသိနိုင်တယ်။ အခု ကဒါဖီလိုမျိုး ၊ မနေ့က မြန်မာငလျင်လိုမျိုး၊ဒီနေ့ တင်ဖြစ်တဲ့ ၀ိုင်းစုလိုမျိုး၊ ပြီးခဲ့တဲ့ ဂျပန် ဆူနာမီလိုမျိုး ဒီဘလော့ဂ်တွေရဲ့ ကျေးဇူးတော်ကြောင့် အချိန်မှီ ပြင်ဆင်ဆောင်ရွက်စရာတွေကို အချိန်မဆိုင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။ စာပေနဲ့ ပတ်သက်တာတွေ လဲ မေးမြန်းဆေးနွေးနိုင်တယ်။ နည်းပညာအကူအညီတွေ အခမဲ့ရနိုင်နေတယ်။ ခင်မင်မှုတွေ တိုးစေတယ်။ လူလူချင်းရိုင်းပင်းကူညီမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာလို့မြင်ပါတယ်။ ဆိုးကွက်တွေကတော့ ရန်လိုက်ဖြစ်နေတာပ၊ဲ ဆွေးနွေးဝိုင်းပါဆို အတင်းပြောကြတယ်။ ငါတစ်ကော ကောကြတယ်။ ထင်မြင်ချက်ပေးပါဆို ဆဲကြတယ်။အမြင်မတူတာကို ရန်သူလို သဘောထားကြတယ်။ ဘာသာရေး ပုတ်ခတ်မှုတွေ ဆိုးဝါးကြတယ်။ အဲဒါတွေကိုတော့ ဆိုးကွက်တွေလို့မြင်ပါတယ်။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ

သူငယ်ချင်းတွေကိုတော့ ကောင်းတာ မှန်သမျှ ရှေ့ဆက်ပါလို့။ အားမငယ်နဲ့လို့၊ အားလုံးပဲ သိကြတဲ့ အတိုင်းလေ ဘ၀ဆိုတာကလဲ တိုက်ပွဲ ခယ်မဆိုတာက မပြစ်မှားသင့်ရာ သွားရည်စာမဟုတ်လား၊ တရုတ်လိုရှာ ကုလားလိုစု မြန်မာလို မသုံးနဲ့ဆိုတာတွေ နားမယောင်နဲ့၊ သောက်ရင်သေတတ်တဲ့ သေရည်တွေ မသောက်နဲ့၊ (ဘီယာလောက်ဆိုတော်သေး)၊ ဘယ်သူမှ အားမကိုးနဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာ။ ပိုက်ဆံပါရင် ငွေငါးရာလောက် ချေးစမ်းပါဗျာ။:D


မိုးယံ
(26.3.2011)



Monday, March 21, 2011

ချစ်သူချော့နည်း (Tag)

ချော့နည်း (၁)

နိုဝင်ဘာလ ၅ ရက်နေ့။

နံနက် ၈ နာရီ။ “တီ တီ တီ တီ …..တီ တီတီ တီ ….တီတီတီတီ ” နှိုးစက်သံက နံနက်ခင်း ကျေးငှက်သံတွေကို မသိမသာ ဖုံးလွှမ်းသွားသည်။ မိုးယံတစ်ယောက် အိပ်ယာမှထပြီး ရေချိုးလိုက်သည်။ မေမေ မွေးနေ့လက်ဆောင်ပေးထားသော ရွှေကြယ်သီးလေးကို လည်ကတုံးအင်္ကျီအဖြူတွင်တပ်ပြီး ယောလုံချည် အနက်ရောင်လေးနဲ့ တွဲဝတ်လိုက်သည်။ မနေ့ကမှ ၀ယ်လာသော အောကတ္တီပါဖိနပ် အပြာရောင်လေးကိုစွပ်လိုက်ပြီး ကိုယ့်ဘာသာကိုယ် တော်တော် သဘောကျမိသေးသည်။ ချစ်သူနဲ့ ကျွန်တော် ချစ်သူသက်တမ်း ၂ နှစ်ပြည့်တဲ့ ဒီနေ့။ ချစ်သူကို ဘုရားလိုက်ပို့ဖို့ စဉ်စားထားခဲ့သည်လေ။


တစ်ရပ်ကွက်သာခြားသော ချစ်သူက ယခုအချိန်ထိ ကျွန်တော်ချိန်းထားသော နေရာလေးသို့ရောက်မလာသေး။ မကြာပါ နောက်ကျောမှနေ၍ ဖခုံးကို လာထိသော နူးညံ့တဲ့ အထိအတွေ့။ လှည့်အကြည့်တွင် ချစ်သူမျက်နှာ လှလှလေးကြောင့် ရပ်စောင့်နေရသော ကိုယ့်ခြေထောက်တွေပင် အညောင်းပြေသွားသလို……..။

“ ဟင် ”

ချစ်သူကို စေ့စေ့ကြည့်မိတော့မှ ကျွန်တော့နှုတ်ခမ်းတစ်စုံ တိုင်ပင်မထားပဲ ပြိုင်တူ ပွင့်ဟသွားပုံက အသံထွက်မိသည်ထိ။

“ ဘာဖြစ်တာလဲဟင် ကိုမိုး ”

ကျွန်တော့ အကြိုက်ကို ခုထိ နားမလည်တာလား မသိကျိုးကျွံပြုမိတာလား ဟု ကျွန်တော်ကိုယ်တိုင်ပင် မဝေခွဲတတ်နိုင်လောက်အောင် ချစ်သူရဲ့ ၀တ်စားဆင်ယင်မှုက လွဲချော်နေသည်။ ဘုရားသွားဖူးမယ်လို့ ပြောပြီး ချိန်းခဲ့တာကို…… သူဒီနေ့ ၀တ်လာတာက ကြည့်ဦးလေ။ အင်္ကျီက လည်ဟိုက်လွန်းတာ ၊ စကတ်က ဒူးအထက်ကို ရောက်နေတာ၊ ဒေါက်ဖိနပ်က နှစ်လက်မလောက်မြင့်သေး ၊ ခန္ဓာကိုယ်ကိုလည်း တင်းကျပ်လွန်းစေတဲ့ အ၀တ်တွေကို မြင်မိတော့……..။

“ ဖြူ….. ဒီနေ့ မင်းဝတ်လာတာကို ကြည့်စမ်းပါဦး။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး တစ်ယောက်မှ ဟုတ်သေးရဲ့လားကွာ ”

“ ဘာဖြစ်လို့လဲ ကိုမိုးရဲ့ နှင်း ဒီနေ့ဝတ်လာတာက လူမြင်မကောင်းတော့အောင်ကို သရုပ်ပျက်နေလို့လား၊ အရင်တုန်းကလဲ တစ်ခါတစ်လေ ၀တ်တတ်တာပဲလေ။”

“ ဟ……ဒေါ်ဖြူရှင်းသန့် မင်းဟာက ဒီလိုနေ့မျိုးဝတ်စရာလားကွာ ”

ဒေါသကြောင့် အသံက နည်းနည်း ခက်ထန်နေသလို၊ တစ်ခါမှလည်း ဒီလို မပြောဖူးတော့ ချစ်သူလည်း ရုတ်တရက်ဆွံ့အ နေသည်။ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားသော ချစ်သူ ဖြူရှင်းသန့် ထံမှ

“ ကိုမိုးရယ်… ဖြူ့ကို ဒီလောက်လဲ အော်စရာမလိုပါဘူး..၊ ဖြူ လုပ်တဲ့ အမှားကလည်း မိုးပြိုလောက်တာ မဟုတ်ပါဘူး ”

“ ဘာ…မင်းကို ဒီနေ့ ဘုရားလိုက်ပို့မယ်လို့ ငါပြောထားတာလေ၊ မင်းက အခုလို ၀တ်လာစရာလား ”

“ ကိုမိုးနော်… ဖြူ့ကို ဘယ်တုန်းက မင်းတွေ ငါတွေနဲ့ ပြောဖူးလို့လဲ ၊ ဘာလို့ အခု ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ”

ချစ်သူရဲ့ အသံတွေ့ တုံယင်ကွဲရှနေပြီ။

“ တော်ပြီကိုမိုး၊ ကိုမိုး ဖြူ့ကို ဘာမှလာပြောမနေနဲ့တော့ ဒီနေ့လဲ ဘယ်မှလိုက်မပို့နဲ့တော့ ဖြူ ကိုမိုးကို ဒီနေ့တော်တော်စိတ်ဆိုးတယ်..။

သေပြီဆရာ။ အဲဒါမှ ဒုက္ခ ချစ်သူနဲ့တွေ့ဖို့ဆိုတာ ကျွန်တော်တို့နှစ်ယောက်အတွက် သိပ်တော့လွယ်ကူလွန်းလှသည်မဟုတ်။

“ ဖြူရယ်……. ဖက်ရှင်ဆန်းတာတွေ့တိုင်းလည်း လှတယ်မထင်နဲ့။

သူများတွေဝတ်တာလှပေမယ့်၊ ဖြူ ၀တ်ရင် လှချင်မှ လှမှာလေ။ ဖက်ရှင်ဆန်းမှ အမြင်လန်းတာ မဟုတ်ပါရပါဘူးကွယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားကို ရွေးချယ် ၀တ်တတ်မယ်ဆိုရင်လည်း စတိုင်လ် ကျကျ လှပနေနိုင်တာပဲလေ။အလှ အပဆိုတာ ကြည့်သူရဲ့ အပေါ်မှာပဲတည်ပါတယ်။ ချစ်သော မျက်စိနဲ့ ကြည့်ရင် ဘာပဲဖြစ်ဖြစ် အပြစ်မမြင်၊ လှနေမယ် လေကွယ်။

“ ဒါဆို ကိုမိုးက ဖြူ့ကို မလှဘူးလို့ ပြောတယ်ပေါ့…”

တိန်…ကိုယ့်ရှူးကိုယ်ပတ်ပြီ။

“ မဟုတ် … မဟုတ်ပါဘူး ဖြူရယ်၊ ကိုမိုး ဆိုလိုတာကလေ၊ ဖြူက အရပ်လည်းမြင့်တယ်၊ အသားကလည်း နို့နှစ်ရောင်ကလေးသန်းလို့၊ ကြည့်ဦး ပိတုန်းရောင် ကေသာတွေ လေအဝှေ့မှာဆို ယိမ်းနွဲ့နေပုံက ဘယ်လောက်ကဗျာဆန်လိုက်သလဲ။ ဖြူ့ရဲ့ မျက်ဝန်းလေးတွေနဲ့ ဒီနှုတ်ခမ်းပါးလေးတွေကိုပါမချန် ကိုမိုးဘယ်လောက်မြတ်နိုးခဲ့တယ်ဆိုတာ ဖြူက မသိချင်ယောင်ဆောင်ထား တော့မှာလား ၊ ကိုမိုးက ဖြူ့ရဲ့ မဟာဆန်တဲ့ အလှကို ကျက်သရေရှိရှိ လှစေချင်တာပါ။ ”

ချစ်သူရဲ့ မလိုမကျမှုတွေ လျော့လာတာကိုတော့ ချစ်သူ့မျက်နှာ ကဗျာလို ဖတ်နေသူအဖို့ အချိန်မဆိုင်းပဲ သိတယ်လေ။

“ တော်ပါ…ကိုကိုပိုရယ်…”

“ မပိုပါဘူးဖြူရယ်… လိုမယ်တောင်ထင်ပါသေးရဲ့”

“ ကဲပါ ကိုမိုးရယ်…ဖြူလဲ ကိုမိုး ကို စိတ်မဆိုးတော့ဘူး၊ ကိုမိုးလည်း ဒေါသတွေလျော့ ၊ ဒါဆိုအခု ဖြူတို့ ဘယ်သွားကြမလဲဟင်”

“ ကဲ …အခုမှတော့ဖြူလဲ အ၀တ်အစားပြန်လဲ မနေနဲ့တော့၊ ကိုယ်လဲ အိမ်ကို တစ်ခေါက်မပြန်တော့ဘူး၊ ဒီနေ့တော့ ကစားကွင်းပဲ သွားကြမယ်လေ။”

“ အင်း…ကောင်းသားပဲ ကိုမိုးရဲ့”

မြင်ယောင်ကြည့်ပါလေ…..။ လည်ကတုံးအဖြူ ယောပုဆိုးနဲ့ ကတ္တီပါဖိနပ် စီးထားသော ကောင်လေးကို၊ လည်ပင်းဟိုက်ဟိုက်..စကတ်တိုကျပ်ကျပ် ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ ကောင်မလေးက လက်ကလေးချိတ် ပခုံးလေးမှီပြီးလျှောက်သွားကြပုံက၊

“ အန်းတိတ်ဒီဇိုင်းနဲ့ ဖက်ရှင်အလန်း ” …….။

------------------------------------------------------------------------------------------------------

ချော့နည်း (၂)

ဟေမန်ရာသီမို့ လေပြေညင်းက ပြေပြေလေး တိုးဝှေ့နေသည်။ကန်ရေပြင်ရဲ့ လှိုင်းကြက်ခွပ် ကလေးတွေက ငွေမှင်ရောင်ထလို့။လေပြေဖြတ်အတိုက် ၀ဲလွင့်သွားသော ချစ်သူ ဧပရယ်ရဲ့ ဆံနွယ်တွေက ညနေခင်းဆည်းဆာကို တန်းဆာဆင်နေသယောင်။ ကန်ဘောင်ပေါ်က ခုံတန်းလေးပေါ်က ချစ်သူကတော့ လည်တံကျော့ကျော့ကို မော့လို့…………….။

ခပ်လှမ်းလှမ်းကမို့ နှုတ်ခမ်းပါးတို့ တင်းတင်းစေ့ထားပုံကို မမြင်မိခဲ့တာ။ ထိုနှုတ်ခမ်းပါးလေး တွေပဲပေါ့။ ချစ်စကား လှလှတွေနဲ့ စေစားတတ်ပေမယ့် တစ်ခါတစ်ရံလည်း ထိုနှုတ်ခမ်းပါးလေးတွေကပဲ နာကျင်ခံခက် စကားရက်စက်တွေ သွန်းချွေတတ်သေးသည်လေ။

“ မောင်… မောင့်လုပ်ပုံကောင်းလား ”

“ ချစ်သူရယ်….ဖြစ်ပြီးတာတွေ ပြန်မစဉ်းစားနဲ့လေ ”

“ မောင်နော်…လာနောက်မနေနဲ့၊ ဒီမှာ တစ်ကယ်တင်းနေတာ ၊ ချိန်းထားတာက ညနေ လေးနာရီ၊ အခု မောင့်နာရီကို ပြန်ကြည့်စမ်းပါဦး ၊ နိုင်ငံတစ်ကာမှာ လူတစ်ယောက်ကို ချိန်းထားချိန်ထက် နာရီဝက်ကျော်ရင် နောက်ကျသူက လူမှုရေး ကျူးလွန်တာပဲ၊ အဲဒါ မောင် သိရဲ့လား ”

ဒုက္ခတော့ ရောက်ပြီ၊ သူပြောတာတွေ ဟုတ်သလား မဟုတ်သလား ၊ကိုယ်မသိ ။

“ အဲ ….ဟိုလေ… အဲဒါက…ဟို…”

“ ဘာအခုမှ ဟိုတွေ ဒီတွေ လုပ်မနေနဲ့၊ သွား အနားကို မလာနဲ့”

“ ဧပရယ်…...၊ ချစ်သူရယ်… မောင်က အလုပ်များသွားလို့ နည်းနည်းလေးနောက်ကျသွားတာကို စိတ်ဆိုးတော့မလို့လား ဟင်”

“ စိတ်ဆိုးရမှာပဲလေ… မောင်က ချိန်းထားပြီး အမြဲလိုလိုနောက်ကျနေတာ စတိုင်လ်တစ်ခုလို ဖြစ်နေတာကိုး ”

“ စိတ်မဆိုးပါနဲ့ မောင့်ချစ်သူ ဧပရယ်လေး ရယ်၊ရွှေစိတ်တော် မညိုပါနဲ့ဗျာ ”

“မောင် နော်၊ ဧပရယ့်ကို ဒေါသထွက်အောင် မလုပ်နဲ့နော် ”

“ ဧပရယ် ရယ်…..၊ ချစ်သူတိုင်းဟာ သူတို့ရဲ့ ချစ်သူတွေနားမှာ အမြဲတမ်းရှိနေချင်တာ သဘာဝပါ။ ဒါပေမယ့်…... တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှ ဘ၀တွေ တိုးတက်တောက်ပြောင်လာမှာပေါ့။

ဧပရယ် လဲ ကြားဖူးတယ် မဟုတ်လား ။ ရေမြင့်ရင် ကြာတင့်တယ်တဲ့။ ကြာပန်းကလေးတွေနဲ့ တူတဲ့ချစ်သူရဲ့ ဘ၀မြင့်မားဖို့၊ ရေပြင်နဲ့တူတဲ့ကိုကိုက ကြိုးစားနေတာလေ၊ ကဲ…ကဲ.. ပြုံးပြပါဦး။ ”

ချစ်သူရဲ့ နှုတ်ခမ်းအစုံ ကော့ညွတ်သွားတယ်။ ညနေခင်းရဲ့ ကန်ရေပြင်ကို မြောက်ပြန်လေ ဖြတ်အတိုက် လေပြေညှင်းက အအေးဓါတ်ကဲ နေပြီမို့၊ မောင့်ရင်ခွင်ထဲ အကြင်နာငွေ့နဲ့ နွေးထွေးစေတဲ့ ထိုညနေ။

------------------------------------------------------------------------------------------------------

ချော့နည်း (၃)

နေ့လည်ခင်းက နေပြင်းသည်။ “ထားသခင်” က နေ့လည်စာအတူ စားဖို့ ချိန်ထားသောကြောင့် ဓါတ်တိုင်လေးတိုင် သာသာရှိသော အကွာအဝေးရောက်ဖို့ ခပ်သွက်သွက် လျှောက်လှမ်းနေခိုက် ရုတ်တရက် နောက်ဘက်မှ ခေါ်သံတစ်စုံ ကြားလိုက်ရသည်။

“ ကိုမိုးယံ …. ကိုမိုးယံ”

ကျက်မိထားသော အသံတစ်စုံ

အသံကြားရာဘက်သို့ ခေါင်းအငဲ့။ ရင်ထဲသို့ ဘယ်လိုမှ ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မစွမ်းသာတော့သော နွေအလယ်က ဧပရယ်ကို မြင်တွေ့မိသည်။ သြော်… ညှိမရတဲ့ သဘောထားတွေကြောင့် ငြိမ်းချမ်းစွာလမ်းခွဲခဲ့ကြသူတွေမို့…….။ အပြုံးမပျက် နှုတ်ဆက်နိုင်ကြသူတွေဖြစ်နေခဲ့ကြသည်။

“ ငါ ဘာကူညီပေးရမလဲ ဧပရယ် ”

“ ဧပရယ့် အမေ ခိုင်းထားတဲ့လို့ပါ။ အရေးကြီးပေမယ့် အမေက ရုတ်တရက် ခေါင်းတွေမူးနေလို့ ဧပရယ့်ကို လွှတ်လိုက်တာပါ၊ သိပ်မကြာပါဘူး ကိုမိုးယံ ဆယ်မိနစ်လောက်ပါ” ရုတ်တရက်မို့ မငြင်းသာ။ ထားသခင် ချိန်းထားတာကလည်း မိနစ်နှစ်ဆယ်လောက် လိုသေးတာရယ်၊ အမုန်းနဲ့ လမ်းခွဲခဲ့ကြသူတွေ မှ မဟုတ်ပဲလေ။

ဆိုင်ထဲသို့ လှမ်းဝင်တော့ ထားသခင်က ကိုယ့်ထက်အရင်ရောက်နှင့်နြေ့ပီ။

“ နေစမ်းပါဦး၊ ကိုကိုက လှေနံနှစ်ဖက်နင်းချင်တာလား၊ ထားကို အပျော် သဘောထားတာလား ”

“ ဟမ်… ထား က ဘာကိုဆိုလိုချင်တာလဲ ”

“ မုန်လာဥ မလုပ်ပါနဲ့ ကိုကိုရယ်၊ ထားမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ”

ပြဿနာရဲ့ အရိပ်အငွေ့တွေကို ၊ နားလည်လိုက်ပြီ။ မိုးယံက လူလည်ပဲလေ။

“ သြော်…ထား က ကိုကို ခုနက ကောင်မလေးကို တွဲသွားတာမြင်လိုက်လို့လား ”

“ ဘာ ခုနက ကောင်မလေးလဲ၊ အဲဒီကောင်မလေးက ဧပရယ်ဆိုတာရော၊ ကိုကိုနဲ့ ပတ်သက်ခဲ့ဖူးတာတွေရော၊ မိုးယံ ရှင်းတမ်းဆိုပြီး ကိုကိုပဲ ၀န်ခံခဲ့ပြီး ၊အခုကျတော့… အဟင့် ဟင့်”

ပြိုတော့မည့် မိုးတိမ်လို အုံ့မိုင်းလာသော ချစ်သူ မျက်နှာရိပ်ကို မြင်နေရပြီ။

“ ဗုဒ္ဓေါ ၊ ထား က မြင်လိုက်မိတာကိုး၊ ထား သ၀န်တိုတတ်တာကို ကိုကို သိပါတယ် ထားရယ်..၊ ဒါပေမယ့် ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ ကူညီလိုက်တာပါ ထားရယ်။”

“ ဒါပေမယ့် ကိုကို အခုထိ အဲဒီကောင်မလေးကို သံယောဇဉ် မကုန်သေးဘူး မို့လား”

“ ဟောင်းတိုင်း မကောင်းတာထဲမှာ ၊အချစ်ဟောင်းလည်း ပါတယ်။ ထား ကို နှလုံးသား အသစ်နဲ့ ချစ်ခဲ့ပြီးမှ အချစ်ဟောင်းဆိုတာ အချစ်သစ်လောက် မကောင်းတော့ပါဘူး ထားရယ်။ ကဲ..ကိုကို့ ရည်းစားဟောင်းတွေနဲ့ သ၀န်မတိုရဘူးနော်။ ”

“ တစ်ကယ်ယုံရတော့မှာလား”

“ ချစ်ခြင်းတရားမှာ သစ္စာမပါရင် တက်မပါတဲ့ လှေလိုပဲ။ ဦးတည်ရာ ရောက်မှာ မဟုတ်ဘူး။

ဒီတော့……. ကိုကို့ရဲ့ ချစ်ခြင်းလှေကို သစ္စာဆိုတဲ့ တက်နဲ့ထိန်းပြီး ထားရဲ့ အကြင်နာ ဆိပ်ကမ်းကို ဆိုက်ကပ်နိုင်အောင် ကိုကိုက ကြိုးစားနေသူပါ ထားရယ် ”

“ ဟွန်း … ကိုကိုနော်…စကားတတ်တိုင်း လျှောက်ပြောနေတာ မဟုတ်လား ”

“ ထားရယ်…ထားက ကိုကို့အချစ်ကို မယုံတော့ဘူးလား”

“ ယုံပါတယ်ကိုကိုရယ်… ထားက လည်းကိုကို့ကို အဆုံးရှုံးမခံနိုင်လို့ပါ ကိုကိုရယ် ”

“ ကဲပါ…ထားရယ်၊ကိုကိုလဲ ထားအပေါ် သစ္စာရှိပါတယ်၊ ထားလဲ အလွန်အကျွံ သ၀န်တိုစိတ်ကို လျော့ပါနော်၊ထား ကို စိတ်မဆင်းရဲစေချင်ဘူးကွယ်။”

“ ဟုတ်ကဲ့ပါ ကိုကိုရယ်… ထားကို မထားခဲ့ရဘူးနော် ”

“ဟောကြည့် ပြောရင်းဆိုရင်း။ ကဲကဲ တစ်ခုခု စားရအောင် ထားရယ်၊ ထားလဲ ဗိုက်ဆာနေရောပေါ့။ ”

“ ကဗျာဆရာ အိုမာခယမ်က ပြောတယ်။ ချစ်သူလေးရယ်…..၀ိုင်တစ်ခွက်ရယ်… ပေါင်မုန့်တစ်လုံးရယ် ရှိနေရင် ဘ၀မှာ ပြည့်စုံပါပြီတဲ့။ ကိုကိုလည်း အဲဒီလိုပဲ။”

“ထားကို ကြည့်ရင်း ၊ ကိုကာကိုလာ သောက်ရင်း ၊ ဟမ်ဘာဂါ စားချင်ပါတယ်ကွယ်။ ဗိုက်ဆာရင် ချစ်တဲ့အကြောင်း သိပ်မပြောနိုင်မှာစိုးရိမ်လို့ပါ။ ”

“ ဟွန်း…..ကိုကိုနော်..သိပ်ကို ပိုလွန်းတယ်”

“ မပိုပါဘူး ထားရယ်၊ထားကို ချစ်တဲ့ အချစ် တွေနဲ့ ယှဉ်ရင် ကိုကိုပြောတာတွေက ထားကို ချစ်သလောက်နဲ့ မနှိုင်းစာလောက်ပါဘူး ထားရယ်”

“ ဘာများ သုံးဆောင်မလဲ ဆရာ”

“ ညီလေးရေ ဟမ်ဘာဂါ နှစ်လုံး ကိုကာကိုလာ နှစ်ဘူး ပေးပါကွာ”

ထမင်းမပါ ဟင်းမပါပဲ၊ ချစ်သူနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချစ်တွေနှင့် တည်ခင်းထားသော ထိုနေ့ နေလည့်စာသည်။ စားဖူးသမျှသော နေ့လည်စာတိုင်းတွင် အမြိန်ရှက်ဆုံးဆိုတာကတော့။

မိုးယံ

ဝန်ခံချက်

အထက်ပါ စာပိုဒ်များထဲတွင် အပြာရောင်ခြယ်ထားသော စကားလုံးများသည် ကိုဇော် ပြောသော “ချစ်သူ ချော့နည်း” ဆိုသော စာအုပ်ပါ မသိမသာ ချော့နည်း (၂၅) နည်းထဲမှ တစ်နည်းနှင့် သိသိသာသာ ချော့နည်း (၁၄၄) နည်းထဲမှ နှစ်နည်းအား ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။တစ်ကယ်တော့လည်း ချစ်သူမရှိသူမို့ ၊ မချော့တတ်သူမို့ ရေးသားဖို့ အဆင်မပြေလွန်းလှ၍ ဘယ်သူတွေ အရင်တင်မလဲ စောင့်ရင်း အတုခိုးနေရပါသည်။ ကဗျာစောင်းထက်လှသော ဒေးဗစ်အုပ် နှင့် အတင်းတုတ်တတ်သော မယ်မျိုး တို့လဲ တင်ပြီးမှ အတုယူ ရေးဖို့ရန် ကိုဇော့် ဆိုက်ကို ငါးခေါက်တိတိပြန်ဖတ်ရပါသည်။(နုံလိုက်တာ) ထို့နောက်မဖြစ်ညစ်ကျယ်ဥာဏ်တို့ပေါင်းပြီး ဖေါ်ကျူးသော စာအစုသည် အညွှန်းကောင်း၍ လာဖတ်မိပြီး အချိန်ကုန်စေ စိတ်အနှာင့်အယှက် ဖြစ်စေခဲ့ပါမူ....။ လေးစားစွာ တောင်းပန်အပ်ပါသည်။

ဟီးဟီး အပေါ်က ရေးခဲ့တဲ့ဇတ်လမ်းတွေကို တစ်ခုမှ မယုံပါနဲ့ဗျာ ။ကိုဇော့် ကျိန်စာကြောက်လို့ ဖျစ်ညှစ်ရေးထားတာပါဗျာ။

ကျေးဇူးစကား
ရေးပါရေးပါတစ်ဖွဖွပြော ၊ ခေါင်းစဉ် စဉ်းစားပေးယုံမျှမက ဇတ်ကွက်ပါ ဖော်ပေးတတ်သော၊ ရေးသားနည်းများ လမ်းညွှန်တတ်သော ကိုဇော် နှင့် ဘာဖြစ်လဲ ရေးပေါ့ဟ၊ ရေးသာ ရေးပါကွာ၊ မင်းကလဲ စာလေးဘာလေး ရေးပါဦးဟု နားငြီးမတတ် အပူကပ်တတ်သော မောင်မျိုး နှင့် စာလာဖတ်ကာ အချိန်ပေးကြသူများအား ကျေးဇူးအထူးပါ။

ကဲထုံးစံအတိုင်းပဲပေါ့လေ... ကျမ်းစာအုပ်မရှိသော်လည်း သူ့နည်းသူ့ဟန်နှင့်ချော့တတ်သူများကို သိကျွမ်းနေတော့လည်း ဖေါ်ကောင်လုပ်ရဦးမှာပေါ့။

နေဇော်လင်း
ညီသူအိမ်
အမှောင်ထဲက အလင်းစက်များ