Thursday, July 14, 2011

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံရနိုင်ဖွယ် ရှိသော ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်ရှိ ပရဟိတ ကျောင်းနှစ်ကျောင်းတွင် စောင့်ရှောက်ထား

nun1

တစ်ဖက်နိုင်ငံသို့ ရောင်းစားခံ ရနိုင်ဖွယ်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှ ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာဒိုးပင် ပရဟိတ မိဘမဲ့ ကလေးကျောင်းများတွင် စောင့်ရှောက်ထားကြောင်း သတင်းရရှိပါသည်။

"နမ့်ဆန်မြို့နယ် မိုင်မန်ကျေး ရွာ ဆရာတော်က ဆရာလေးရဲ့ အစ် ကိုတော်တယ်။ သူကနေပြီး နမ့်ဆန် မြို့နယ်ထဲက တစ်ဖက်နိုင်ငံကို ရောင်းစားခံရတော့မယ့် ကလေးတွေ နဲ့ ရောင်းစားခံရမယ့် အလားအလာ ရှိတဲ့ကလေး အယောက် ၆၀ ကို မေလတုန်းက ပြင်ဦးလွင်ကို လာပို့တယ်။ ကလေးတွေထဲမှာ အသက် နှစ်နှစ်ကနေ ၁၅ နှစ်အတွင်းရှိတဲ့ ယောက်ျားလေး အယောက် ၃၀ နဲ့ မိန်းကလေး အယောက်၃၀ ပါပါတယ်။ ဆရာလေးရဲ့ကျောင်းက သီလရှင်သင် ပညာရေးကျောင်းဆိုတော့ ယောက်ျားလေး အယောက် ၃၀ ကို အောင်ချမ်းသာရွာက ဒိုးပင်ပရဟိတ မိဘမဲ့ကလေးကျောင်းကို ပြန်လွှဲပေးလိုက်တယ်"ဟု ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားခဲ့ပါသည်။

အဆိုပါ ကလေးငယ်များမှာ ဆင်းရဲလွန်းသောကြောင့် တစ်ဖက်နိုင်ငံသို့ မိဘကိုယ်တိုင်ရောင်းစားရန် ပြင်ဆင်နေခြင်း၊ မိဘများတောင်ယာ လုပ်ငန်းသွားရောက် လုပ်ကိုင်နေစဉ် လူကုန်ကူးသူများ၏ စည်းရုံးမှု ခံရခြင်း၊ လက်ဖက်လုပ်ငန်း မကောင်းသောကြောင့် ရပ်တည်ရန် ခက်ခဲခြင်း၊ မိစုံဖစုံမရှိခြင်း စသည်တို့ကြောင့် လူကုန်ကူးခံရရန် အလားအလာရှိနေသဖြင့် မိုင်မန်ကျေးရွာ ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယင်းကဲ့သို့ လာရောက် ပို့ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

nun2

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) ရှိ ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် စောင့်ရှောက်ထားသော ကလေးငယ် ၃၃၅ ဦးရှိပြီး ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ မိုင်းကိုင်၊ နမ့်ဆန်၊ မြစ်ကြီးနားနှင့် စစ်ကိုင်းတို့မှ ကလေးငယ်များ ပါဝင်ကြောင်း သိရပါသည်။

"ဆရာလေးတို့က စစ်ကိုင်းကနေ ပြင်ဦးလွင်ကို ၂၀၀၁ ခုနှစ်မှာ ပြောင်းလာတော့ စစ်ကိုင်းကနေ မိဘတွေကိုယ်တိုင် ပေးလိုက်တဲ့ ကလေး နှစ်ယောက်အပါအ၀င် သီလရှင် အပါး ၄၀ နဲ့စခဲ့တာ။ ဒိုးပင်ပရဟိတ ဆရာတော်ကို အားကျတော့ ငါဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ အခုဆိုရင် ကလေးငယ် ၃၃၅ ဦး အထိရှိလာပါပြီ။ ဒီကလေးတွေထဲမှာ မိခင်ကိုယ်တိုင်ရောင်းစားဖို့ ပြင်နေတဲ့ ကျောက်မဲက ကလေးတောင်ပါတယ်။ မိခင်လက်ထဲကနေ ဆရာလေးက ကျပ်သုံးသောင်းပေးပြီး ၀ယ်ခဲ့ရတယ်။ အဲဒီတုန်းက ကလေးက သုံးနှစ်လောက်ပဲ ရှိသေးတယ်။ အခု အဲဒီကလေး ငါးတန်းတောင် ရောက်နေပြီ"ဟု ရွှေစင်မင်း ကျောင်းအုပ်ဆရာကြီးက မိန့်ကြားခဲ့ပါသည်။

အဆိုပါ သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် မူကြိုသီလရှင်နှင့် ကျောင်းသူ ၃၀ ဦး၊ သီလရှင်ဝတ် ပထမတန်း ၅၀ ဦး၊ ဒုတိယတန်း ၃၅ ဦး၊ တတိယတန်း ၃၅ ဦး၊ စတုတ္ထတန်း ၄၀ ဦး၊ ပဉ္စမတန်း ၃၀ဦး၊ ဆဋ္ဌမတန်း ၃၀ ဦး၊ သတ္တမတန်း ၂၈ ဦး၊ အဋ္ဌမ တန်း ၁၀ ဦး၊ န၀မတန်း ၁၀ ဦး၊ ဒသမတန်း သုံးဦး၊ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လေးဦးတို့ကို စောင့်ရှောက်ထားကြောင်း သိရှိရသည်။

http://www.weeklyeleven.com

Wednesday, July 13, 2011

မလေးရှားတွင် မူကြိုကျောင်းသားများနှင့် ဆရာများကို ဓားစာခံ လုပ်ထားသူ ပစ်ခတ်ခံရပြီး သေဆုံး ...

w64107
ဇူလိုင်လ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာသော ကလေးငယ်များကို တွေ့ရစဉ်

မူကြိုကျောင်းသား ၃၀ နှင့် ဆရာလေးဦးကို ၇ နာရီကြာ ဓားစာခံ လုပ်ထားသူသည် ဦးခေါင်းတွင် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အထူး ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံကို ၀င်ရောက် စီးနင်းပြီး ၀င်ရောက် စီးနင်းသူအား လက်ဖြောင့် တပ်သားက တစ်ချက်တည်းဖြင့် ပစ်ခတ်နိုင်ခဲ့ကာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးများနှင့် ဆရာများကို ထိခိုက်မှု မရှိဘဲ ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ကလေးများမှာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ကြောက်ရွံ့သည့်အသွင် မရှိဘဲ ဆရာများ ဦးဆောင်ကာ သီချင်းများ သီဆို ထွက်လာခဲ့ကြပြီး စောင့်ကြိုနေသော မိဘများနှင့် တွေ့ဆုံခဲ့ကြသည်။

ကလေးများကို ဓားစာခံ လုပ်သူသည် တူတစ်လက်နှင့် တောခုတ်ဓားကို ကိုင်ဆောင်ထားခဲ့ပြီး ကလေးများကို လွှတ်ပေးရန် ညှိနှိုင်းချိန်တွင် သေနတ်တစ်လက် မပေးပါက ကလေးများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ဝင်ရောက် စီးနင်းသူသည် ယင်းဒေသရှိ အခြား မူကြိုကျောင်း တစ်ခုကိုလည်း ၂၀၁၀ ပြည့်နှစ်က တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း ဂျိုဟိုပြည်နယ် ဒုရဲချုပ် ဂျာလာလူဒင်အဗ္ဗဒူလ်ရာမန်က ပြောကြားခဲ့သည်။ ထိုစဉ်က ခြောက်နှစ်အရွယ် ကလေးတစ်ဦးမှာ တူဖြင့် ထုသတ်ခံခဲ့ရပြီး ထိုစဉ်က ယင်းလူဆိုးမှာ လွတ်မြောက်ခဲ့သည်။

http://www.weeklyeleven.com/

Sunday, July 10, 2011

အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ကျော် မလေးရှား အာဏာပိုင်များ ဖမ်းဆီး ( နောက်ဆက်တွဲ သတင်း)

http://gallery.thestar.com.my/thumbnails/1992/018613518.jpg
Photo : the star

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊ မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။

မလေးရှားအတိုက်အခံ နိုင်ငံရေးပါတီတွေပြောတာက သူတို့ရဲ့ ခေါင်းဆောင်တချို့လည်း အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားပြီး နံမည်ကြီး အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ အန်န၀ါ အီဗရာဟင်လည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ တော်တော်များများက အ၀ါရောင် ဘောလုံးတွေနဲ့ ပန်းတွေကို ကိုင်လာပြီး ပြည်သူလူထု အဓွန့်ရှည်ပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ကွာလာလမ်ပူမြို့ထဲက အားကစားကွင်းကြီး တခုဆီကို ချီတက်လာကြတဲ့ ဆန္ဒပြသူတွေကို တားဆီးတဲ့အနေနဲ့ ရဲတွေက လမ်းမတွေ တော်တော်များများကို သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားပါတယ်။ အတိုက်အခံ အုပ်စုတွေ စုပေါင်းထားတဲ့ ဘာရှစ် လို့ခေါ်တဲ့ ညွှန့်ပေါင်းအဖွဲ့က အခု ဆန္ဒပြပွဲကို အနောက်က ထောက်ခံပံ့ပိုးနေတာ ဖြစ်ပြီး ဒီကနေ့ဆန္ဒပြပွဲမှာ လူ ၅ သောင်း ပါဝင်ဆန္ဒပြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရဲတွေကတော့ ဆန္ဒပြတဲ့သူက ၆ ထောင်နီးပါးပဲ ရှိတာလို့ဆိုပါတယ်။ အေပီသတင်းမှာတော့ လူ ၂ သောင်းကနေ ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်ကျရင် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လက်ရှိ အစိုးရအဖွဲ့က အကောင်အထည်ဖေါ်ဖို့ မဲဝယ်ယူတာတွေ မဲလိမ်တာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

ဒီကနေ့တရက်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ဆန္ဒပြမှုလည်း ဆန့်ကျင်သူတွေနဲ့ တချိန်တည်းလိုလိုမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ သူတို့ကိုတော့ ရဲတွေက ဘာမှ အနှောက်အယှက် မပေးခဲ့ကြပါဘူး။

Source by :http://www.voanews.com/



ဓာတ်ပုံ ရုပ်သံ သတင်းများကို တင်ပေးပြီးသား
ဖြစ်ပြီး ဤနေရာကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

Saturday, July 9, 2011

မလေးရှား ဆန္ဒပြပွဲ ပုံရိပ်များ



လမ်းတွေတောင် ရှင်းလို့ပါလားကွယ်။

သူတို့တွေက ဆိုးဆိုးဝါးဝါး မဖြစ်အောင် နိုင်နင်းမတဲ့လေ။

သူတို့ကလည်း ယာဉ်ကြော ရှင်းကြသတဲ့။




အရောင်းအ၀ယ် ပါးတော့သည်ပေါ့။
ရုတ်ရုတ် ရုတ်ရုတ်တော့ မလုပ်နဲ့ ကားပေါ်တင်ခေါ်သွားလိုက်မယ်.. ဟွင့်။
ဘယ်ညာ ဘယ်ညာ...

ဒီလို ဒီလို စုစုရုံး။
ဆာတု ဒူးဝါး တီးဂါး ပစ်....ဒက်ဒက် ဒက်ဒက်ဒက်.....
မိုးကို ထိုးမယ့် လက်သီးတွေ

ပုဝါ မကူ ရေမရူကြေးလေ။
ချီလေတဲ့ ချီလေ....

အနာဂတ်ရဲ့ သားကောင်းတွေ
ရိုက်မယ်...ငြိမ်ပါ။

စည်းလုံးခြင်းသည် အင်အား။ ပျော်တော့ ပျော်စရာကြီးနော်...

ဘူတာရုံနဲ့ လူလာရုံ မှားတွားတယ်.. ဟီးဟီး


နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်

ဟေ့လူကြီး ဘယ်အပေါ်တက်ဆော့နေတာလဲ။ ပြုတ်ကျဦးမယ်.. အမြန်ပြန်ဆင်းခဲ့။

တာဝါ ထိပ်အထိ တက်ပြီး ရေလောင်းချရမယ် ရဲဘော်။

ညှိညှိ နှိုင်းနှိုင်းပေါ့ကွာ။

မနက်က အိမ်မှာ မျက်နှာသစ်ဖို့ မေ့လာလို့ ဗျ။
(သူများတွေ ဒုက္ခရောက်တာကို မင်းက ပြောင်နေတယ် ဟုတ်လား မိုးယံ)

မနေ့ကတော့ ဘယ်လမ်းတွေ ပိတ်မယ်.. ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆန္ဒပြမယ်လို့ ဖုန်းတွေက နေ တစ်ဆင့် message တွေပို့ပေးပါတယ်။ ယနေ့ အချိန်ထိ သိရ ကြားရဲ့ တဲ့ အခြေအနေ အတိုင်းဆို မနက်ဖြန် အထိ ဆက်လက် ဆန္ဒပြနေဦးမယ်လို့ အမောင်မိုးယံတော့ ခန့်မှန်းမိပါကြောင်း။(မှားချင်လည်း မှားမှာပေါ့နော)

8pm: Police, on their Facebook page, said 1,667 people had been detained as at 6.40pm - 1,500 were men and 151 were women, along with 16 children who accompanied them.

ည ၈ နာရီ အချိန်မှာ တော့ ဆန္ဒပြသူပေါင်း ၁၆၆၇ ယောက်ကို ထိန်းသိမ်းထားလိုက်ပြီး၊ အမျိုးသား ၁၅၀၀ နဲ့ အမျိုးသမီး ၁၅၁ ယောက်နဲ့ သူတို့နဲ့ အတူ ပါဝင်ခဲ့တဲ့ ကလေးငယ် ၁၆ ယောက်ကိုပါ ထိန်းသိမ်းထားတယ်လို့ မလေးရှား ရဲများက ၄င်းတို့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖေါ်ပြခဲ့ပါ သတဲ့။