Wednesday, August 10, 2011

ဆရာမျိုးဟန်ကို - 2011, August လ အတွက် ဗေဒင် ဟောစတမ်း

http://i574.photobucket.com/albums/ss183/moethwaynge/myo-han.gif

ဆရာမျိုးဟန်ကို - 2011, August လ အတွက် ဗေဒင် ဟောစတမ်း ...

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရာထူးတိုးကိန်း ရှိပါသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။

ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများ အတွက်နဲ့ ငွေကုန်ကျမှုများ ရှိပါသည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီခရီးထွက်ရမည်။ သူငယ်ချင်းများနဲ့ ပြန်လည် ဆုံတွေ့ရမည်။

ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ ဆက်လက်ကြိုးစားပေးပါ။

ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ချစ်သူနဲ့ နီးရက်နဲ့ ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စာအုပ်တစ်အုပ်ထဲတွင် ငွေ ၅ ကျပ်ထည့်လိုက်ပြီး မိမိနေအိမ် ရှိစားပွဲ တစ်နေရာရာတွင် တင်ထားလိုက်ပါ။ ကံကောင်းလာမည်။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 5 8 8


၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။

ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။

ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။

ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။

ယခုလ အတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လက်ကိုင်ပဝါတစ်ထည်ကို ရေမျှော၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 8 0 5

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများထက် လူမှုရေး ကိစ္စများနေမည်။ သူတစ်ပါး ကိစ္စများတွက် မိမိ ပါဝင်နေရမည်။

ငွေကြေးကိစ္စများ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရလိုက် ကုန်လိုက် ဖြစ်နေပြီး လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။ မိသားစုအတွင်း စီးပွားရေး တိုးတက်လာမည်။ အင်္ဂါနံ ပစ္စည်းများ ဝင်မည်။

ပညာရေး ကြိုးစားနေမည့် အချိန်လေးပါ။ ကူညီသင်ပြပေးသူ ပေါ်မည်။

ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေရသော အချိန်လေး ဖြစ်ပါသည်။ အဆင်ပြေလာမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများမှာ ရန်စကားများနေရသော အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းအဖြူရောင် ၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 5 0 6

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကောင်းမွန် အဆင်ပြေနေသော အချိန်လေးဖြစ်ပါသည်။ အလုပ်အကိုင် ကိစ္စများတွင် အခုလက်ရှိ ကံကောင်း အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ စကားပြောဆိုများ အဆင်ပြေပါသည်။

ငွေကြေးကိစ္စများ ယခုလအတွင်း ကံကောင်းလာမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ငွေဝင်မည်။ အများကြီး မဟုတ်ပါ။ ပုံမှန်ဝင်မည်။ မိသားစုဝင်များ နှင့် ခဏတာ ခွဲခွာနေရမည်။ စနေနဲ့ ပစ္စည်းများဝင်မည်။ သောကြာနံများ ဝင်ပါက မကောင်းပါ။

ပညာရေး သင့်တင့် ရှိပါသည်။ ဆက်လက် ကြိုးစားပါ။

အချစ်ရေးမှာ အဆင်မပြေသေးပါ။ စိတ်ဆိုးနေ စိတ်ကောက်နေ တုန်းပါပဲ။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။

ယခုလ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက် အား သကြားလုံး ၁၇ လုံး လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 5 4 4

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလ အတွင်းမှာ အဆင်မပြေသေးပါ။ အလုပ်အကိုင်များ နေရာများ ပြောင်းရွှေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေမည်။ ခရီးယာယီ ထွက်ရမည်။ စက်ပစ္စည်းများ ပျက်မည်။

ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ ဆက်တက်ရမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ဒီလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် မိမိနှစ်သက်ရာ သစ်သီး ၅ မျိုးကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 5 5

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ နေထိုင်မှုကိစ္စများ ပြသနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေသော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီပေးသူ ပေါ်မည်။

ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ ရသလောက် ကုန်ကျမှု များရှိနေမည်။

ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။

အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိ နှင့် မိမိ ချစ်သူအကြား ပြသာနာမရှိပေမဲ့ သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ၊ ကျန်းမာရေးညံ့မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းညွှန့် ၁၂ ညွန့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 78 2

၇။ စနေသားသမီးများ အတွက်

ယခုလ အတွင်းမှာ အလုပ်ကိစ္စများ အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဝင်ငွေ များသလို ထွက်ငွေလည်း များနေမည်။ ငွေစုမိမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ စက်စ္စည်း ဝင်မည်။ ထီကံစမ်းပါ။ ခရီးယာယီများ မကြာခဏ ထွက်ရမည်။ နေရာတိုင်းလိုလို စိတ်တိုင်းမကျပဲ စိတ်တိုနေမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။

အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေး စန်းပွင့်နေသော အချိန်လေး ဖြစ်ပါသည်။ ယခုလ အိမ်ထောင်ရေးကိစ္စများမှာ တကျက်ကျက် နဲ့ စကားများနေရသော နေ့ရက်တွေများနေမည်။

အခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။ ဗိုက်အောင့်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက်အား ငွေ ၁၀ လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 7 9 0

http://api.ning.com/files/EcuyCKUotltr-4v7AnnSK24gUcjyBEaIMjtd4RGq46N0aO294N8XpXZun5DJkvfj07lP9YmS1aiE*4-4tePUAa6Kr1tQdoqz/2.gif

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

2011, August လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် ...ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/

Tuesday, August 9, 2011

လူ နှင့် ဖေ့စ်ဘုတ်

လူ နှင့် ဖေ့စ်ဘုတ်

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်ေ

နရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထာ...းတတ်သေးတာ။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။) တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။

ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။ အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ့..။ အဲ.. မင်္ဂလာဆောင်ပြီး သွေးအေးသွားပြန်တော့ ဖေ့စ်ဘုတ်ခမျာ ချောင်ထိုးခံရပြန်ရော။ စောင့်ပေတော့ ကလေးရတဲ့အထိ။ အဲ.. ကလေးရပြီဆိုလို့ကတော့ ဖေ့ဘုတ်ပေါ်ပြန်ရောက်လာကြပြန်ပါရောမဟုတ်လား..။

ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။ တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟုတ်လား။ အဲလိုပဲပေါ့။ အကောင့်တော့ သူများဖွင့် ကိုယ်ဖွင့် ဖွင့်ကြပြီး၊ တစ်လနေလို့လည်း တစ်ခါအလည်မလာ၊ လာပြန်တော့လည်း ဖင်ပူအောင်မနေကြတဲ့သူတွေပေါ့။ သူတို့အတွက် ဖေ့စ်ဘုတ်က ယောက္ခမအိမ် လေ။ အဲ… တစ်ချို့ကျပြန်တော့လည်း ဖေ့စ်ဘုတ်ကို ဘော့စ်(Boss) လိုသဘောထားကြပြန်ပါသေးတယ်။ ဒီနေ့ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုပြီး မပြတ်တမ်း Report လုပ်ကြတယ်။

တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။ တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးနေရတယ် ဆိုတာမျိုးတွေ လာလာပြောကြပြန်ပါရောလား။

တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေးတင်၊ ဝင်ကြည့်မိပလားဆို မူးနောက်နေအောင်ကို လုပ်ထားတတ်ကြတာကလား။ တစ်ချို့ တစ်ချို့တွေတော့ ဖေ့စ်ဘုတ်ကို Chat Room လုပ်ဖို့သုံးကြပြန်တယ်။ ဓါတ်ပုံတစ်ပုံအောက်မှာ ကွန်မင့်ပေးရင်းနဲ့ စကားလက်ဆုံတွေကျနေတတ်ကြတာမျိုး ကြုံဖူးမှာပေါ့။ ဟေ့ကောင်ကြီး မတွေ့တာကြာပေါ့ တို့။ ဟိုကောင်တွေနဲ့ရောတွေ့သေးလား တို့။ မင်းကတော့အရင်အတိုင်းပဲဟ၊ ခုဘယ်နိုင်ငံရောက်နေတုန်း တို့..၊ အဲဒီကနေစလိုက်ကြတာ ကွန်မင့်တွေအများကြီးဖြစ်ကုန်ရော..။

ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။ ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့။ တက်တက်ပြီး ဂိမ်းကစားကြတာကလွဲလို့ ဘာဆို ဘာမှ မလုပ်ကြဘူးတဲ့လေ။ အဲလိုကျတော့ အက်ပြီးထားတဲ့ သူငယ်ချင်းတွေက သောက်ရူးလား လို့ မေးရတော့မယ်။ (ဟိ..ဟိ.. ဒါက ရန်တိုက်ပေးတာ)။ ဆင်းရဲသား ဖေ့စ်ဘုတ်တန်းစား ဆိုတာလည်းရှိသေးတယ်။ ဆင်းရဲတော့ အကောင့် တစ်ခုကို လင်နှင့်မယား မျှပြီးသုံးကြရရှာတယ်လေ။

တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော့ ဒီလိုပဲ တိုးတိုးကြိတ်ကြိတ်ပေါ့..။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်သူရင်းငှားချ တာလည်းရှိတယ်။ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်လယ်မလုပ်ဘူး၊ သူရင်းငှားကို သီးစားပေးပြီး လယ်လုပ်ခိုင်းတာမျိုးပေါ့။ ကိုယ့်အကောင့်ကို ကိုယ်ကမဝင်ဖြစ်ဘူး၊ တစ်ခြားတစ်ယောက်က ဝင်ဝင်ပြီး activities တွေလုပ် လုပ်ပေးရတာမျိုးပေါ့..။ အများအားဖြင့်တော့ ကောင်လေးတွေက ပိုင်ရှင်၊ ကောင်မလေးတွေက သူရင်းငှားလုပ်တတ်ကြတာပေါ့..။ ဘာပဲပြောပြော ကိုယ့်ကိစ္စနဲ့ကိုယ်များနေကြတဲ့ လူမှုနယ်ပယ်ထဲက မိတ်ဆွေတွေနဲ့ Keep in touch ဖြစ်နေဖို့တော့ ဖေ့စ်ဘုတ်က အများကြီး စွမ်းဆောင်ပေးနေတာအမှန်ပါပဲ။ သဟာဖြင့် သြဘာတို့ သူများတွေလုပ်သမျှကို ဘေးထိုင်ပြီး ဘုပြောနေသလားလို့ မေးကြတော့မယ်။

ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ

။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။ ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...

ရေတဲ့သူက thwin naung Soe


From: F.W mail

တွေးတောရယ်မောခြင်းဖြင့် ကြည်နူးနိုင်ကြပါစေ။

Monday, August 8, 2011

 မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ် ယူနေ

http://www.weeklyeleven.com/images/stories/Aug11/We/64511.jpg
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် ဇန်န၀ါရီလ ၁၄ရက်နေ့က မြွေသေတ္တာများ တင်ဆောင်လာသော ကားနှစ်စီးကို ဖမ်းဆီးရမိစဉ် ကားပေါ်ပါလာသော မြွေသေတ္တာများ

မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက၀ယ်ယူနေပြီး အချို့နယ်ဒေသများ၌ ဒေသခံများ လိုအပ်သော အခြေခံ စားသောက်ကုန်များကို ကြိုတင်ပေးအပ်ကာ မှာကြားမှုများလည်း ရှိလာကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုး ကွဲစုံလင်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် အချို့သော မျိုးစိတ်တို့မှာ မျိုးသုဉ်းပျောက်ကွယ်လု အနေအထားများကို ရင်ဆိုင်လာရကာ ယင်းမှာ သစ်တောပြုန်းတီးခြင်းနှင့် အလွန်အကျွံဖမ်းဆီး ထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“ဝေးလံခေါင်သီတဲ့ နေရာတွေ က ကျေးရွာတချို့မှာ ဒေသခံတွေက စားသောက်ကုန် အခက်အခဲရှိတော့ တရုတ်ဘက်က အဲဒါမျိုးတွေ ကြိုပေးထားကြတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ကိုမှာတယ်”ဟု မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။

ဝေးလံခေါင်သီတဲ့ နေရာတွေက ကျေးရွာတချို့မှာ ဒေသခံတွေက စားသောက်ကုန် အခက်အခဲရှိတော့ တရုတ်ဘက်က အဲဒါမျိုးတွေ ကြိုပေးထားကြတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေကို မှာတယ် . . .

မြန်မာနိုင်ငံ၌ ရှားပါးလာသော မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိ အပင်နှင့်သတ္တ၀ါ ၃၉ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေ ရသော အပင်နှင့်သတ္တ၀ါ ၅၁ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိသွားနိုင်သော အပင်နှင့် သတ္တ၀ါမျိုးစိတ် ၁၁၅ တို့ ပါဝင်နေသည်။

မြန်မာနိုင်ငံမှ တောရိုင်း တိရစ္ဆာန်များနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို အဓိက ၀ယ်ယူနေသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန်အနေဖြင့် ၀ယ်ယူမှုများကာ တရုတ်နိုင်ငံမှာမူ ဆေးဝါးဖော်စပ်ရန်အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေသခံတွေဟာ နေ့စဉ်ရှင်သန်မှုအတွက် တခြားနည်းလမ်း တွေမရှိတော့ တောင်ယာခုတ်တာ၊ အမဲလိုက်တာ၊ ရွှေတူးတာတွေ လုပ် ကြတယ်။ မရှိလို့လုပ်ကြတာ။ တချို့ အိမ်တွေမှာဆို တောရိုင်းတိရစ္ဆာန်ထွက်တွေ အများကြီးစုထားတယ်။ ဘာလုပ်ဖို့လဲဆိုတော့ တရုတ်တွေ လာဝယ်တယ်လို့ ပြောပြ ကြတယ်။ ဒီကနေ ၀င်ငွေရတာ။ ဆားနဲ့လဲရတာ လည်းရှိတယ်။ သမင်တစ်ကောင်မှ ဆားတစ်ပိဿာလောက် ရတာ။ သူတို့အတွက် alternative livelihood ဖန်တီးပေးဖို့ လိုအပ်ပါတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံ တွေ့နေရသော တိရစ္ဆာန်များတွင် ဆင်၊ ကျား၊ အင်းကျား၊ ၀က်ဝံ၊ လိပ်မျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ တောင်ဆိတ်၊ မျောက်လွှဲကျော် စသည့်မျိုးစိတ်များ ပါဝင်နေသည်။

“ဒေသမှာက ၀င်ငွေအနေနဲ့ တ ခြားလည်းမရှိဘူး။ အစားအသောက် ကလည်း ရှားတယ်။ ဒီတော့ ဟို ဘက်ကလည်းလိုအပ်တာတွေ ကြို တင်ပေးပြီး လိုချင်တဲ့ပစ္စည်းတွေမှာ တာပါ”ဟု ဦးစိုးညွန့်က ဆိုပါသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ အ၀င်အထွက်ဂိတ်များတွင် တစ်ဖက် အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချမည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို ဖမ်းဆီးရမိခြင်းများလည်း ရှိခဲ့ပြီး တစ်ဖက်နိုင်ငံအထိ ပို့ဆောင် ရောင်းချမှုများလည်း ရှိနေဆဲဖြစ် သည်ဟု သိရှိရသည်။

http://www.weeklyeleven.com/

Saturday, August 6, 2011

ဆောရီးပဲ ညီမလေး .



ညီမလေးရေ။

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက်၊ ဘူးပဲပျိုးပျိုး
နွေစပါး၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ
ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ်၊ ကိုယ်လည်းအသိပဲ။

ဆောရီးပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတနပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ၊ ဆိုနီအဲရစ်ဆင်၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

ဆောရီးပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တဘက်နိုင်ငံတွေကိုပေါ့)
( .. ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ၊ မယ်ဆိုင်မှာ၊ ဘီကေကေမှာ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ... ... ... ...

ဖဦးထုပ်တွေ၊ နငယ်တွေ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ်၊ တိုလီမိုလီ၊ အချစ်ဇာတ်လမ်း၊ ပေါသွပ်၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတသပ်သပ်၊ ပါးစပ်တပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတလန် ပန်းတလန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့​ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

ဆောရီးပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တခုခုမှာ ကျွဲရိုင်းအချိုရည်
တခါသုံးဆပ်ပြာ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

ဆောရီးပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့​အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

ဆောရီးပါ ညီမလေးတို့ရေ ...။ ။

မားဆိုး

၁၄၊ မတ်၊ ၂၀၁၀။

(မြန်မာလူမျိုးမှန်ရင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီးများလည်း ကိုယ့်ကိုကိုယ် ကောင်းမွန်သင့်လျော်တဲ့တန်ဖိုးကို ထိန်းသိမ်းကြပါ)။