Thursday, March 24, 2011

စာဖတ်ပရိသတ်က ရေးခိုင်းလို့ပါ

Written by လူထုစိန်ဝင်း

w6604

ထူးခြားဖြစ်စဉ် တစ်ခုခု ကြားရပြီဆိုရင် မိတ်ဆွေများက ဖုန်းဆက်ပြီး ဘာထူးလဲလို့ အမြဲမေးတတ်ကြတယ်။ အိမ်မှာက ဂျာနယ်တိုက်ပေါင်းစုံက လူတွေ၊ စာပေလောက သားတွေ၊ နိုင်ငံခြားသား သတင်းထောက်တွေ နေ့စဉ် အ၀င်အထွက်များသလို ကျောင်းသူကျောင်းသား လူငယ်လူရွယ်တွေလည်း အလာများတာကြောင့် သတင်းစုံ ရပ်ကွက်အဖြစ် သဘောထားပြီး မေးကြတာ ဖြစ်တယ်။


စာဖတ်သူများရဲ့ ကျေးဇူး
ဟုတ်သလောက်လည်း ဟုတ်ပါတယ်။ အိမ်ထဲကအိမ်ပြင် မထွက်နိုင်တဲ့သူ ဖြစ်ပေမယ့် လူပေါင်းစုံ ၀င်ထွက် သွားလာနေတာကြောင့် သတင်းတွေနဲ့ အဆက် သိပ်မပြတ်ဘူး။ သတင်းတွေနဲ့ အဆက်မပြတ်တော့ ခေတ်ကို မျက်ခြည်မပြတ်ဘူး။ မေတ္တာနဲ့ လာရောက်ကြ သူတွေကို ကျေးဇူးတင်ရပါတယ်။ 'နီးရာနက' တွေအပြင် စာဖတ်သူများရဲ့ ကျေးဇူးတွေလည်း မကင်းပါဘူး။ မြန်မာပြည် အနှံ့အပြား က စာနဲ့ရေးသူကရေး၊ ဖုန်းဆက်သူကဆက်ပြီး သတင်းစကားမျိုးစုံ ပါးတတ်ကြတယ်။ အဲဒီ ကျေးဇူးတွေကြောင့် ဒါလောက် အများကြီး စာတွေ ရေးနိုင်နေတာပါ။ အတော်များများက ဂျာနယ်၊ မဂ္ဂဇင်းပေါင်းစုံမှာ စာတွေအများကြီး ရေးနေနိုင်တာကို တအံ့တသြ ဖြစ်ကြတယ်။ မိတ်ဆွေများနဲ့ စာဖတ်သူများရဲ့ ကောင်းမှုကြောင့် ဒီလို ရေးနေနိုင်တာပါလို့ ပြန်ပြောရပါတယ်။
ဘကြီးမိုးရဲ့ စကား ဒီအကြောင်းပြောတော့ ဘကြီးမိုးလို့ လူသိများတဲ့ သူငယ်ချင်းကြီး မောင်မိုးသူ ပြောလေ့ပြောထရှိတဲ့ စကားကို သွားသတိရမိတယ်။ ဒေါ်ဒေါ် (လူထုအမေမာ)က မောင်မိုးသူကို ကာလသားကြီးလုပ်ပြီး လူငယ်တွေကြားမှာ တ၀ါးဝါး တဟားဟား
လုပ်နေတာ တွေ့မြင်ရတိုင်း စာမရေးဘဲ နေရကောင်းလားလို့ ကြိမ်းမောင်းလေ့ရှိတယ်။ ''မောင်စိန်ဝင်းများ ဘယ်လောက်ရေးနေ သလဲ''လို့လည်း နှိုင်းယှဉ် ပြောလေ့ရှိတယ်။ အဲဒီအခါ မောင်မိုးသူက ''ဒေါ်ဒေါ်ကလည်း သူက တစ်နေ့လုံး အိမ်ထဲမှာပဲ နေရတဲ့သူ၊ ရေးနိုင်မှာပေါ့ ကျွန်တော်တို့က လည်ရသေးတာ''လို့ ပြန်ဖြေလေ့ရှိတယ်


ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်ပွဲကြီးတွေ ဖန်တီးခဲ့တာလည်း တောသူတောင်သား
ဆင်းရဲသားတွေ မဟုတ်ပါဘူး။ မြို့နေ ရေပေါ်ဆီ လူတန်းစား (အီလစ်)တွေနဲ့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စီးပွားရေးသမား လူချမ်းသာတွေကြောင့်
စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြပြီး တိုင်းပြည်တွေပျက် လူတွေသေခဲ့ကြရတာ ဖြစ်တယ်
ဆိုတာလောက်တော့ . . .


လိုင်စင်ရဒုက္ခိတ
မှန်ပါတယ်။ အိမ်ထဲကအိမ်ပြင် မထွက်နိုင်တာလည်း အကြောင်း တစ်ခု ဖြစ်ပါတယ်။ သာရေး၊ နာရေး ဆိုတဲ့ လောက၀တ် တွေနဲ့ ကင်းလွတ်ခွင့် လိုင်စင်ရထားတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်တော့ ရှိရှိသမျ အချိန်အားလုံးကို ကိုယ်ကြိုက်သလို စီမံဖန်တီး ခွင့်ရတယ်။ စာဖတ်ချင်သလောက် ဖတ်၊ ရေးချင်သလောက် ရေးနေနိုင်တယ်။ မိတ်ဆွေ အပေါင်းအသင်း အားလုံးကလည်း ''သူက အပြင်ထွက်နိုင်ရှာတာ မဟုတ်ဘူး'' ဆိုတဲ့ မေတ္တာစိတ်နဲ့ မပျက်မကွက် လာကြတယ်။ ဂျာနယ်မဂ္ဂဇင်းတွေကလည်း အလားတူပဲ။ ''လာနိုင်တာ မဟုတ်ဘူး'' ဆိုပြီး အိမ်လာ စာမူယူကြ၊ ဂျာနယ်လာပို့ကြ လုပ်ပေးကြတယ်။ ခြုံပြောရရင်တော့ မေတ္တာတွေကြောင့် ရှင်သန်နေရတာလို့ပဲ ပြောရမှာပါ။


အလေးအနက်ဖတ်သူ
နယ်ပေါင်းစုံက စာဖတ်သူများက စာတစ်တန်၊ ဖုန်းတစ်တန်နဲ့ သတင်းပေါင်းစုံ ပြောတတ်ကြသလို သူတို့ ရေးစေချင်တာတွေလည်း ဒါလေးတော့ ရေးသင့်တာထင်တယ်။ ဟိုဟာလေးတော့ ထောက်ပြ ဝေဖန်သင့်တယ် ထင်တယ်။ ဒီကိစ္စကတော့ ပြောမှကို ဖြစ်တော့မှာ စသဖြင့် စသဖြင့်လည်း အကြံပေးဉာဏ်ပေး လုပ်တတ်ကြတယ်။ ဒါမျိုးတွေကြောင့်လည်း ရေးစရာတွေ မပြတ်ရှိနေတာ ဖြစ်ပါတယ်။ မနေ့ကလည်း မန္တလေးက စာဖတ်သူတစ်ယောက်က ဖုန်းဆက်ပြီး သူဘ၀င်မကျ ဖြစ်နေတာတွေကို ပြောပြတယ်။ သူက စာဖတ်သက် နှစ်ငါးဆယ်လောက် ရှိသူဖြစ်တယ်။ ဖတ်တဲ့အခါမှာလည်း အပျင်းပြေ အပျော်ဖတ်သဘော မဟုတ်ဘဲ
အလေးအနက်ဖတ်သူ (Serious Reader) ဖြစ်ပါတယ်။ ဖတ်ပြီးတာနဲ့ စေ့စေ့ စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်သူ(analytial thinking)လုပ်သူ ဖြစ်ပါတယ်။


အရက်သောက်တာပဲ လွမ်းစရာရှိသလား
အခုရက်ပိုင်း အတွင်း မဂ္ဂဇင်းတွေဖတ်ရင်းနဲ့ ကဗျာဆရာ မောင်ချောနွယ်တို့ ကဗျာဆရာ မောင်လေးအောင် တို့ကို တမ်းတတဲ့ အလွမ်းစာတွေဖတ်ပြီး တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်လို့ အစချီပြီး ပြောပြသွားတာပါ။ မောင်ချောနွယ်တို့ မောင်လေးအောင် တို့အကြောင်း ရေးသူတွေက သူတို့စာတွေ၊ ကဗျာတွေ အကြောင်း ခံစားပြတာတွေ သုံးသပ်ပြတာတွေ ရေးတာက နည်းနည်းလေးပဲ တွေ့ရပြီး စာတစ်ပုဒ်လုံးမှာ သူတို့နဲ့ဘယ်နေရာမှာ ဘယ်လို အရက်သောက်တဲ့အကြောင်း၊ အရက်မူးရင် သူတို့ ဘာတွေပြောပြီး ဘယ်လိုငိုတတ်တဲ့အကြောင်း စတဲ့ အရက် အကြောင်းတွေပဲ အများဆုံး ရေးကြတဲ့အကြောင်း ဒီစာတွေကို ဖတ်မိပြီး တော့ မောင်ချောနွယ်၊ မောင်လေးအောင် တို့လို ကဗျာဆရာတွေမှာ လွမ်းစရာဆိုလို့ အရက်သောက်တာ တစ်ခုတည်းပဲ ရှိသလားလို့ စာဖတ် ပရိသတ်က ထင်မှတ်သွားစေနိုင်တဲ့ အကြောင်း၊ ဒါ့အပြင် သူတို့ရဲ့ ဇနီး သားသမီးတွေ၊ ချစ်သူခင်သူတွေ အတွက်လည်း
စိတ်ထိခိုက်စရာ ဖြစ်သွားစေနိုင်ကြောင်း အကျယ်တ၀င့် ပြောပြသွားပါတယ်။


သေနတ်ထက် ကြောက်စရာကောင်းတဲ့ ကလောင်
အဆိုးဆုံးကတော့ အရက် သောက်တဲ့အကြောင်းကို ဖုံးဖုံးဖိဖိ မလုပ်ဘဲ မြိန်ရှည်ရှက်ရည်ကြီးကို ရေးနေကြတာပါပဲ။ နောက်ဆုံး သူ့စကားက တော်တော်စိတ်ပျက်ပုံရတဲ့ အသံမျိုး ဖြစ်နေတယ်။ အရက် သောက်တာကို အပြစ်မတင်ပါဘူး။ ကြိုက်လို့ သောက်တာ သောက်ကြပါ။ ဒါပေမဲ့ လူငယ်တွေ အတုယူ မမှားအောင် အရက်သောက်တာကို မြိန်မြိန်ရှက်ရှက်ကြီးတော့ မရေးကြစေချင်ဘူး။ စာပေစွမ်းအားဟာ အင်မတန်ကြီးပါတယ်။
သေနတ်ကိုင်ထားတဲ့ လက်က သူ့မှာရှိတဲ့ ကျည်တစ်ကပ်စာထက် လူပို မသတ်နိုင်ဘူး။ ကျည်ကုန်သွားရင် သူ့သေနတ်က ဘာမှ အသုံးမကျတော့ဘူး။ ထင်သလောက် ကြောက်စရာ မကောင်းဘူး။ ကလောင်ကိုင်ထားတဲ့ လက်ကတော့
လူပေါင်းမြောက်မြားစွာရဲ့ ဘ၀တွေကို ဖျက်ဆီးပစ်နိုင် တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် ပိုပြီး ကြောက်စရာကောင်းတယ်။ ဆင်ခြင်တုံတရားနဲ့ သိပ်ပြီး
သတိထားနိုင်မှ တော်ကာကျပါတယ်။


ဆင်းရဲသားမို့ အထင်သေး
မန္တလေးက စာဖတ်သူ ဒုတိယ ပြောတာကတော့ သဘာဝသရုပ်ဖော် အမည်ခံ ၀တ္ထုမျိုးတွေ ရေးသားတဲ့ စာရေးဆရာတွေနဲ့ ပတ်သက်ပါတယ်။ တောင်သူတောင်သားတွေနဲ့ ဆင်းရဲ သားတွေအကြောင်း ရေးကြသူ အများစုဟာ သူတို့တတွေ ပညာမတတ်လို့ စရိုက်ကြမ်းပုံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ငွေတစ်မတ်လောက်နဲ့ ထသတ်ကြပုံမျိုးတွေကို လူ့သဘာဝဆိုပြီး ရေးနေကြတာတွေဟာ တောသူ တောင်သား ဆင်းရဲသားတွေ အကြောင်း အမှန်တကယ် မသိဘဲနဲ့ အပေါ်စီးက
ငုံ့ကြည့်ပြီး ရေးတာတွေ ဖြစ်နေလို့၊ ဆင်းရဲသားနဲ့ တောသူ တောင်သားတွေကို အထင်မြင်သေး ရှုတ်ချ စော်ကားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။
ဆင်းရဲသားနဲ့ တောင်သူတောင်သားတွေဟာ ဆင်းရဲကြလို့ ပညာ မတတ်ကြဘူး။ အပြောအဆို အနေအထိုင် ကြမ်းတမ်းတယ်။ ကြမ်းပေမယ့် လူအချင်းချင်း ရိုင်းစိုင်း ယုတ်မာတာမျိုးတွေတော့ မရှိဘူး။ အိမ်နီးချင်းတွေ ရန်ဖြစ်ချင် ဖြစ်ကြမယ်။ ဒါပေမဲ့ သူအိမ်မှာ ဆန်မရှိဘူးဆိုရင်တော့ ကိုယ်ရှိတဲ့  ဆန်ကလေး ခွဲပေးကြတာပဲ။ သူ့အိမ်က ငါးပိရေကျို အနံ့ကလေးရရင် ပန်းကန်လေး ကောက်ဆွဲပြီး သွားတောင်းလိုက်ကြတာပဲ။ မြို့သားတွေလို ဟန်မဆောင်ဘူး။ မကောက်ကျစ်ဘူး။ မျက်နှာက ပြုံးပြီး ၀မ်းတွင်း မပုပ်ဘူးလို့လည်း မခံမရပ်နိုင် ပြောပါတယ်။


စာရေးဆရာတွေ သတိထား
ဒါတင်မက လတ်တလော ဖြစ်ခဲ့တဲ့ မန္တလေး ရေကြီးမှုမှာ ရေဘေး ဒုက္ခသည်တွေ အတွက် ထမင်းထုပ်တွေ လိုက်ကောက်တာ့
သူဌေးရပ်ကွက်တွေက တာဝန်ကျေ တစ်အိမ်တစ်ထုပ်သာ ပေးကြပေမယ့် ဆင်းရဲသား ရပ်ကွက်တွေကတော့
တစ်အိမ်ကို နှစ်ထုပ်၊ သုံးထုပ် ပေးကြတယ်။ ငါးထုပ် ခြောက်ထုပ် ပေးသူတွေလည်း ရှိတယ်။ ဘ၀တူတွေချင်းမို့ ကိုယ်ချင်းစာစိတ် ရှိကြတယ်လို့လည်း နမူနာပြ ပြောလိုက်ပါသေးတယ်။ ဒီအချက်ကို စာရေးဆရာတွေ သတိထားသင့်ကြတယ်လို့
ထင်ပါတယ်။ ဘ၀သရုပ်ဖော် ၀တ္ထု၊ သရုပ်မှန် ၀တ္ထုလို့ဆိုတဲ့ အခါတိုင်း စာရေးဆရာအများစုက ဆင်းရဲမွဲတေတာနဲ့ စုတ်ပြတ်နုံချာတာတွေပဲ ရေးတတ်ကြတယ်။
ဒါလို ရေးတာတွေ ဖတ်ရတာ များလွန်းမက များလာတော့ စာဖတ်သူတွေက ငြီးငွေ့သွားပြီး မဖတ်ချင်တော့ဘူး။ တချို့က ကိုယ့်မှာရှိတဲ့ သောကတွေနဲ့ စိတ်ဖိစီးမှုတွေ ဖြေလျော့ချင်လို့ စာဖတ် ကြပြီး တချို့က အမောအပန်းဖြေဖို့ စာဖတ်ကြတာဖြစ်တယ်။


သဘာဝမှန်၊ စရိုက်မှန်ရင်
ဆင်းရဲမွဲတေတာတွေနဲ့ ခံရတာတွေချည်း ဖတ်ရတော့ အမောတွေ အပန်းတွေ မပျောက်တဲ့အပြင် ပိုပြီးတောင် စိတ်ညစ် သွားစေတယ်။ ဆင်းရဲတဲ့အကြောင်းရေးမှ မဟုတ်ပါဘူး။ လူချမ်းသာအကြောင်း ရေးရင်လည်း လူချမ်းသာတွေရဲ့ အမူအကျင့်နဲ့ စ ရိုက်တွေကို ပီပြင်အောင် ရေးပြတတ်ရင် ဘ၀သရုပ်ဖော် ခေါ်နိုင်တာပါပဲ။ ပညာတတ် လူတန်းစားတွေအကြောင်း ရေးပြရင်လည်း ပညာတတ်တွေရဲ့ စရိုက်သဘာဝတွေကို မှန်မှန်ကန်ကန် တိတိကျကျ ရေးပြနိုင်ရင် ပီပြင်တဲ့ ဘ၀သရုပ်ဖော် ဖြစ်ပါတယ်။ လူ့သဘာဝမှန်၊ စရိုက်မှန်ကို မှန်တဲ့အတိုင်း မြင်တတ်၊ ဆင်ခြင်သုံးသပ်ပြီး ရေးပြတတ်ရင် သရုပ်မှန်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု ဖြစ်တယ်လို့ ယူဆပါတယ်။


ရေပေါ်ဆီတွေကြောင့်ပါ
ဇာတ်ထဲက လူရွှင်တော်တွေတောင်မှ ခြေမသန်တဲ့သူ၊ မျက်စိတစ်ဖက်လပ် ဖြစ်တဲ့သူ စတဲ့ အားနည်းချို့ယွင်းချက် တစ်ခုခု ရှိနေသူတွေကို မလှောင်ရ၊ မပြောင်ရ၊ မပြက်ရဘူးဆိုတဲ့ ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းကြပါတယ်။ အဖိနှိပ်ခံ ဆင်းရဲသား နင်းပြားတွေကို လှောင်ပြောင်သရော်တာ၊ နှိမ့်ချပြောဆိုတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ အခြေခံ လူ့ကျင့်ဝတ်လေးလောက်ကိုတော့ စာရေးဆရာတွေ ထိန်းသိမ်းဖို့ သိသင့်တယ်လို့ ယူဆပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကိုပဲ ကြည့်ကြည့် တောသူတောင်သား
ဆင်းရဲသားတွေကြောင့် တိုင်းပြည်ပျက်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။
ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်ပွဲကြီးတွေ ဖန်တီးခဲ့တာလည်း တောသူတောင်သား ဆင်းရဲသားတွေ မဟုတ်ပါဘူး။ မြို့နေ ရေပေါ်ဆီလူတန်းစား (အီလစ်)တွေနဲ့ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စီးပွားရေးသမား လူချမ်းသာတွေကြောင့်
စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြပြီး တိုင်းပြည်တွေပျက် လူတွေသေခဲ့ကြရတာ ဖြစ်တယ်ဆိုတာလောက်တော့ စာရေးဆရာတွေ သိသင့်ကြတယ် မဟုတ်ဘူးလားဗျာ။


www.news.eleven.com

7 comments:

Anonymous said...

ဆရာရဲ့ စာလေးကိုဖတ်သွားတယ်

ကျေးဇူးပါ
ခင်မင်စွာဖြင့်
မမချစ်ချစ်ကြီး

...အလင်းစက်များ said...

ကြိုက်တယ်........ အရမ်းကြိုက်တယ်... သောက်ရမ်းကို ကြိုက်တယ်....... ဒါဗြဲ

မိုးခါး said...

သတိထား ပြုပြင်သင့်တာတွေလို့ ထင်ပါတယ် ..

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါပဲ အကိုမိုးယံရေ။
ကျေးဇူးပါဗျို့....
ကောင်းသောနေ့လေးဖြစ်ပါစေ။

PhyoPhyo said...

ဖတ်သွားပါပြီ။
ဖတ်လိုက်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
ခင်မင်တဲ့

ဟန်ကြည် said...

စဉ်းစားသင့်တဲ့အချက်တွေပါ စာရေးနေတဲံသူတိုင်း လိုက်နာသင့်တဲ့ကျင့်ဝတ်တွေလို့ ယူဆရပါလိမ့်မယ်...ကျေးဇူးပါ

ခနွဲ said...

အမှန်တွေချည့်ပဲ။ လေးစားပါတယ်