Monday, March 21, 2011

ချစ်သူချော့နည်း (Tag)

ချော့နည်း (၁)

နိုဝင်ဘာလ ၅ ရက်နေ့။

နံနက် ၈ နာရီ။ “တီ တီ တီ တီ …..တီ တီတီ တီ ….တီတီတီတီ ” နှိုးစက်သံက နံနက်ခင်း ကျေးငှက်သံတွေကို မသိမသာ ဖုံးလွှမ်းသွားသည်။ မိုးယံတစ်ယောက် အိပ်ယာမှထပြီး ရေချိုးလိုက်သည်။ မေမေ မွေးနေ့လက်ဆောင်ပေးထားသော ရွှေကြယ်သီးလေးကို လည်ကတုံးအင်္ကျီအဖြူတွင်တပ်ပြီး ယောလုံချည် အနက်ရောင်လေးနဲ့ တွဲဝတ်လိုက်သည်။ မနေ့ကမှ ၀ယ်လာသော အောကတ္တီပါဖိနပ် အပြာရောင်လေးကိုစွပ်လိုက်ပြီး ကိုယ့်ဘာသာကိုယ် တော်တော် သဘောကျမိသေးသည်။ ချစ်သူနဲ့ ကျွန်တော် ချစ်သူသက်တမ်း ၂ နှစ်ပြည့်တဲ့ ဒီနေ့။ ချစ်သူကို ဘုရားလိုက်ပို့ဖို့ စဉ်စားထားခဲ့သည်လေ။


တစ်ရပ်ကွက်သာခြားသော ချစ်သူက ယခုအချိန်ထိ ကျွန်တော်ချိန်းထားသော နေရာလေးသို့ရောက်မလာသေး။ မကြာပါ နောက်ကျောမှနေ၍ ဖခုံးကို လာထိသော နူးညံ့တဲ့ အထိအတွေ့။ လှည့်အကြည့်တွင် ချစ်သူမျက်နှာ လှလှလေးကြောင့် ရပ်စောင့်နေရသော ကိုယ့်ခြေထောက်တွေပင် အညောင်းပြေသွားသလို……..။

“ ဟင် ”

ချစ်သူကို စေ့စေ့ကြည့်မိတော့မှ ကျွန်တော့နှုတ်ခမ်းတစ်စုံ တိုင်ပင်မထားပဲ ပြိုင်တူ ပွင့်ဟသွားပုံက အသံထွက်မိသည်ထိ။

“ ဘာဖြစ်တာလဲဟင် ကိုမိုး ”

ကျွန်တော့ အကြိုက်ကို ခုထိ နားမလည်တာလား မသိကျိုးကျွံပြုမိတာလား ဟု ကျွန်တော်ကိုယ်တိုင်ပင် မဝေခွဲတတ်နိုင်လောက်အောင် ချစ်သူရဲ့ ၀တ်စားဆင်ယင်မှုက လွဲချော်နေသည်။ ဘုရားသွားဖူးမယ်လို့ ပြောပြီး ချိန်းခဲ့တာကို…… သူဒီနေ့ ၀တ်လာတာက ကြည့်ဦးလေ။ အင်္ကျီက လည်ဟိုက်လွန်းတာ ၊ စကတ်က ဒူးအထက်ကို ရောက်နေတာ၊ ဒေါက်ဖိနပ်က နှစ်လက်မလောက်မြင့်သေး ၊ ခန္ဓာကိုယ်ကိုလည်း တင်းကျပ်လွန်းစေတဲ့ အ၀တ်တွေကို မြင်မိတော့……..။

“ ဖြူ….. ဒီနေ့ မင်းဝတ်လာတာကို ကြည့်စမ်းပါဦး။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး တစ်ယောက်မှ ဟုတ်သေးရဲ့လားကွာ ”

“ ဘာဖြစ်လို့လဲ ကိုမိုးရဲ့ နှင်း ဒီနေ့ဝတ်လာတာက လူမြင်မကောင်းတော့အောင်ကို သရုပ်ပျက်နေလို့လား၊ အရင်တုန်းကလဲ တစ်ခါတစ်လေ ၀တ်တတ်တာပဲလေ။”

“ ဟ……ဒေါ်ဖြူရှင်းသန့် မင်းဟာက ဒီလိုနေ့မျိုးဝတ်စရာလားကွာ ”

ဒေါသကြောင့် အသံက နည်းနည်း ခက်ထန်နေသလို၊ တစ်ခါမှလည်း ဒီလို မပြောဖူးတော့ ချစ်သူလည်း ရုတ်တရက်ဆွံ့အ နေသည်။ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားသော ချစ်သူ ဖြူရှင်းသန့် ထံမှ

“ ကိုမိုးရယ်… ဖြူ့ကို ဒီလောက်လဲ အော်စရာမလိုပါဘူး..၊ ဖြူ လုပ်တဲ့ အမှားကလည်း မိုးပြိုလောက်တာ မဟုတ်ပါဘူး ”

“ ဘာ…မင်းကို ဒီနေ့ ဘုရားလိုက်ပို့မယ်လို့ ငါပြောထားတာလေ၊ မင်းက အခုလို ၀တ်လာစရာလား ”

“ ကိုမိုးနော်… ဖြူ့ကို ဘယ်တုန်းက မင်းတွေ ငါတွေနဲ့ ပြောဖူးလို့လဲ ၊ ဘာလို့ အခု ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ”

ချစ်သူရဲ့ အသံတွေ့ တုံယင်ကွဲရှနေပြီ။

“ တော်ပြီကိုမိုး၊ ကိုမိုး ဖြူ့ကို ဘာမှလာပြောမနေနဲ့တော့ ဒီနေ့လဲ ဘယ်မှလိုက်မပို့နဲ့တော့ ဖြူ ကိုမိုးကို ဒီနေ့တော်တော်စိတ်ဆိုးတယ်..။

သေပြီဆရာ။ အဲဒါမှ ဒုက္ခ ချစ်သူနဲ့တွေ့ဖို့ဆိုတာ ကျွန်တော်တို့နှစ်ယောက်အတွက် သိပ်တော့လွယ်ကူလွန်းလှသည်မဟုတ်။

“ ဖြူရယ်……. ဖက်ရှင်ဆန်းတာတွေ့တိုင်းလည်း လှတယ်မထင်နဲ့။

သူများတွေဝတ်တာလှပေမယ့်၊ ဖြူ ၀တ်ရင် လှချင်မှ လှမှာလေ။ ဖက်ရှင်ဆန်းမှ အမြင်လန်းတာ မဟုတ်ပါရပါဘူးကွယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားကို ရွေးချယ် ၀တ်တတ်မယ်ဆိုရင်လည်း စတိုင်လ် ကျကျ လှပနေနိုင်တာပဲလေ။အလှ အပဆိုတာ ကြည့်သူရဲ့ အပေါ်မှာပဲတည်ပါတယ်။ ချစ်သော မျက်စိနဲ့ ကြည့်ရင် ဘာပဲဖြစ်ဖြစ် အပြစ်မမြင်၊ လှနေမယ် လေကွယ်။

“ ဒါဆို ကိုမိုးက ဖြူ့ကို မလှဘူးလို့ ပြောတယ်ပေါ့…”

တိန်…ကိုယ့်ရှူးကိုယ်ပတ်ပြီ။

“ မဟုတ် … မဟုတ်ပါဘူး ဖြူရယ်၊ ကိုမိုး ဆိုလိုတာကလေ၊ ဖြူက အရပ်လည်းမြင့်တယ်၊ အသားကလည်း နို့နှစ်ရောင်ကလေးသန်းလို့၊ ကြည့်ဦး ပိတုန်းရောင် ကေသာတွေ လေအဝှေ့မှာဆို ယိမ်းနွဲ့နေပုံက ဘယ်လောက်ကဗျာဆန်လိုက်သလဲ။ ဖြူ့ရဲ့ မျက်ဝန်းလေးတွေနဲ့ ဒီနှုတ်ခမ်းပါးလေးတွေကိုပါမချန် ကိုမိုးဘယ်လောက်မြတ်နိုးခဲ့တယ်ဆိုတာ ဖြူက မသိချင်ယောင်ဆောင်ထား တော့မှာလား ၊ ကိုမိုးက ဖြူ့ရဲ့ မဟာဆန်တဲ့ အလှကို ကျက်သရေရှိရှိ လှစေချင်တာပါ။ ”

ချစ်သူရဲ့ မလိုမကျမှုတွေ လျော့လာတာကိုတော့ ချစ်သူ့မျက်နှာ ကဗျာလို ဖတ်နေသူအဖို့ အချိန်မဆိုင်းပဲ သိတယ်လေ။

“ တော်ပါ…ကိုကိုပိုရယ်…”

“ မပိုပါဘူးဖြူရယ်… လိုမယ်တောင်ထင်ပါသေးရဲ့”

“ ကဲပါ ကိုမိုးရယ်…ဖြူလဲ ကိုမိုး ကို စိတ်မဆိုးတော့ဘူး၊ ကိုမိုးလည်း ဒေါသတွေလျော့ ၊ ဒါဆိုအခု ဖြူတို့ ဘယ်သွားကြမလဲဟင်”

“ ကဲ …အခုမှတော့ဖြူလဲ အ၀တ်အစားပြန်လဲ မနေနဲ့တော့၊ ကိုယ်လဲ အိမ်ကို တစ်ခေါက်မပြန်တော့ဘူး၊ ဒီနေ့တော့ ကစားကွင်းပဲ သွားကြမယ်လေ။”

“ အင်း…ကောင်းသားပဲ ကိုမိုးရဲ့”

မြင်ယောင်ကြည့်ပါလေ…..။ လည်ကတုံးအဖြူ ယောပုဆိုးနဲ့ ကတ္တီပါဖိနပ် စီးထားသော ကောင်လေးကို၊ လည်ပင်းဟိုက်ဟိုက်..စကတ်တိုကျပ်ကျပ် ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ ကောင်မလေးက လက်ကလေးချိတ် ပခုံးလေးမှီပြီးလျှောက်သွားကြပုံက၊

“ အန်းတိတ်ဒီဇိုင်းနဲ့ ဖက်ရှင်အလန်း ” …….။

------------------------------------------------------------------------------------------------------

ချော့နည်း (၂)

ဟေမန်ရာသီမို့ လေပြေညင်းက ပြေပြေလေး တိုးဝှေ့နေသည်။ကန်ရေပြင်ရဲ့ လှိုင်းကြက်ခွပ် ကလေးတွေက ငွေမှင်ရောင်ထလို့။လေပြေဖြတ်အတိုက် ၀ဲလွင့်သွားသော ချစ်သူ ဧပရယ်ရဲ့ ဆံနွယ်တွေက ညနေခင်းဆည်းဆာကို တန်းဆာဆင်နေသယောင်။ ကန်ဘောင်ပေါ်က ခုံတန်းလေးပေါ်က ချစ်သူကတော့ လည်တံကျော့ကျော့ကို မော့လို့…………….။

ခပ်လှမ်းလှမ်းကမို့ နှုတ်ခမ်းပါးတို့ တင်းတင်းစေ့ထားပုံကို မမြင်မိခဲ့တာ။ ထိုနှုတ်ခမ်းပါးလေး တွေပဲပေါ့။ ချစ်စကား လှလှတွေနဲ့ စေစားတတ်ပေမယ့် တစ်ခါတစ်ရံလည်း ထိုနှုတ်ခမ်းပါးလေးတွေကပဲ နာကျင်ခံခက် စကားရက်စက်တွေ သွန်းချွေတတ်သေးသည်လေ။

“ မောင်… မောင့်လုပ်ပုံကောင်းလား ”

“ ချစ်သူရယ်….ဖြစ်ပြီးတာတွေ ပြန်မစဉ်းစားနဲ့လေ ”

“ မောင်နော်…လာနောက်မနေနဲ့၊ ဒီမှာ တစ်ကယ်တင်းနေတာ ၊ ချိန်းထားတာက ညနေ လေးနာရီ၊ အခု မောင့်နာရီကို ပြန်ကြည့်စမ်းပါဦး ၊ နိုင်ငံတစ်ကာမှာ လူတစ်ယောက်ကို ချိန်းထားချိန်ထက် နာရီဝက်ကျော်ရင် နောက်ကျသူက လူမှုရေး ကျူးလွန်တာပဲ၊ အဲဒါ မောင် သိရဲ့လား ”

ဒုက္ခတော့ ရောက်ပြီ၊ သူပြောတာတွေ ဟုတ်သလား မဟုတ်သလား ၊ကိုယ်မသိ ။

“ အဲ ….ဟိုလေ… အဲဒါက…ဟို…”

“ ဘာအခုမှ ဟိုတွေ ဒီတွေ လုပ်မနေနဲ့၊ သွား အနားကို မလာနဲ့”

“ ဧပရယ်…...၊ ချစ်သူရယ်… မောင်က အလုပ်များသွားလို့ နည်းနည်းလေးနောက်ကျသွားတာကို စိတ်ဆိုးတော့မလို့လား ဟင်”

“ စိတ်ဆိုးရမှာပဲလေ… မောင်က ချိန်းထားပြီး အမြဲလိုလိုနောက်ကျနေတာ စတိုင်လ်တစ်ခုလို ဖြစ်နေတာကိုး ”

“ စိတ်မဆိုးပါနဲ့ မောင့်ချစ်သူ ဧပရယ်လေး ရယ်၊ရွှေစိတ်တော် မညိုပါနဲ့ဗျာ ”

“မောင် နော်၊ ဧပရယ့်ကို ဒေါသထွက်အောင် မလုပ်နဲ့နော် ”

“ ဧပရယ် ရယ်…..၊ ချစ်သူတိုင်းဟာ သူတို့ရဲ့ ချစ်သူတွေနားမှာ အမြဲတမ်းရှိနေချင်တာ သဘာဝပါ။ ဒါပေမယ့်…... တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှ ဘ၀တွေ တိုးတက်တောက်ပြောင်လာမှာပေါ့။

ဧပရယ် လဲ ကြားဖူးတယ် မဟုတ်လား ။ ရေမြင့်ရင် ကြာတင့်တယ်တဲ့။ ကြာပန်းကလေးတွေနဲ့ တူတဲ့ချစ်သူရဲ့ ဘ၀မြင့်မားဖို့၊ ရေပြင်နဲ့တူတဲ့ကိုကိုက ကြိုးစားနေတာလေ၊ ကဲ…ကဲ.. ပြုံးပြပါဦး။ ”

ချစ်သူရဲ့ နှုတ်ခမ်းအစုံ ကော့ညွတ်သွားတယ်။ ညနေခင်းရဲ့ ကန်ရေပြင်ကို မြောက်ပြန်လေ ဖြတ်အတိုက် လေပြေညှင်းက အအေးဓါတ်ကဲ နေပြီမို့၊ မောင့်ရင်ခွင်ထဲ အကြင်နာငွေ့နဲ့ နွေးထွေးစေတဲ့ ထိုညနေ။

------------------------------------------------------------------------------------------------------

ချော့နည်း (၃)

နေ့လည်ခင်းက နေပြင်းသည်။ “ထားသခင်” က နေ့လည်စာအတူ စားဖို့ ချိန်ထားသောကြောင့် ဓါတ်တိုင်လေးတိုင် သာသာရှိသော အကွာအဝေးရောက်ဖို့ ခပ်သွက်သွက် လျှောက်လှမ်းနေခိုက် ရုတ်တရက် နောက်ဘက်မှ ခေါ်သံတစ်စုံ ကြားလိုက်ရသည်။

“ ကိုမိုးယံ …. ကိုမိုးယံ”

ကျက်မိထားသော အသံတစ်စုံ

အသံကြားရာဘက်သို့ ခေါင်းအငဲ့။ ရင်ထဲသို့ ဘယ်လိုမှ ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မစွမ်းသာတော့သော နွေအလယ်က ဧပရယ်ကို မြင်တွေ့မိသည်။ သြော်… ညှိမရတဲ့ သဘောထားတွေကြောင့် ငြိမ်းချမ်းစွာလမ်းခွဲခဲ့ကြသူတွေမို့…….။ အပြုံးမပျက် နှုတ်ဆက်နိုင်ကြသူတွေဖြစ်နေခဲ့ကြသည်။

“ ငါ ဘာကူညီပေးရမလဲ ဧပရယ် ”

“ ဧပရယ့် အမေ ခိုင်းထားတဲ့လို့ပါ။ အရေးကြီးပေမယ့် အမေက ရုတ်တရက် ခေါင်းတွေမူးနေလို့ ဧပရယ့်ကို လွှတ်လိုက်တာပါ၊ သိပ်မကြာပါဘူး ကိုမိုးယံ ဆယ်မိနစ်လောက်ပါ” ရုတ်တရက်မို့ မငြင်းသာ။ ထားသခင် ချိန်းထားတာကလည်း မိနစ်နှစ်ဆယ်လောက် လိုသေးတာရယ်၊ အမုန်းနဲ့ လမ်းခွဲခဲ့ကြသူတွေ မှ မဟုတ်ပဲလေ။

ဆိုင်ထဲသို့ လှမ်းဝင်တော့ ထားသခင်က ကိုယ့်ထက်အရင်ရောက်နှင့်နြေ့ပီ။

“ နေစမ်းပါဦး၊ ကိုကိုက လှေနံနှစ်ဖက်နင်းချင်တာလား၊ ထားကို အပျော် သဘောထားတာလား ”

“ ဟမ်… ထား က ဘာကိုဆိုလိုချင်တာလဲ ”

“ မုန်လာဥ မလုပ်ပါနဲ့ ကိုကိုရယ်၊ ထားမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ”

ပြဿနာရဲ့ အရိပ်အငွေ့တွေကို ၊ နားလည်လိုက်ပြီ။ မိုးယံက လူလည်ပဲလေ။

“ သြော်…ထား က ကိုကို ခုနက ကောင်မလေးကို တွဲသွားတာမြင်လိုက်လို့လား ”

“ ဘာ ခုနက ကောင်မလေးလဲ၊ အဲဒီကောင်မလေးက ဧပရယ်ဆိုတာရော၊ ကိုကိုနဲ့ ပတ်သက်ခဲ့ဖူးတာတွေရော၊ မိုးယံ ရှင်းတမ်းဆိုပြီး ကိုကိုပဲ ၀န်ခံခဲ့ပြီး ၊အခုကျတော့… အဟင့် ဟင့်”

ပြိုတော့မည့် မိုးတိမ်လို အုံ့မိုင်းလာသော ချစ်သူ မျက်နှာရိပ်ကို မြင်နေရပြီ။

“ ဗုဒ္ဓေါ ၊ ထား က မြင်လိုက်မိတာကိုး၊ ထား သ၀န်တိုတတ်တာကို ကိုကို သိပါတယ် ထားရယ်..၊ ဒါပေမယ့် ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ ကူညီလိုက်တာပါ ထားရယ်။”

“ ဒါပေမယ့် ကိုကို အခုထိ အဲဒီကောင်မလေးကို သံယောဇဉ် မကုန်သေးဘူး မို့လား”

“ ဟောင်းတိုင်း မကောင်းတာထဲမှာ ၊အချစ်ဟောင်းလည်း ပါတယ်။ ထား ကို နှလုံးသား အသစ်နဲ့ ချစ်ခဲ့ပြီးမှ အချစ်ဟောင်းဆိုတာ အချစ်သစ်လောက် မကောင်းတော့ပါဘူး ထားရယ်။ ကဲ..ကိုကို့ ရည်းစားဟောင်းတွေနဲ့ သ၀န်မတိုရဘူးနော်။ ”

“ တစ်ကယ်ယုံရတော့မှာလား”

“ ချစ်ခြင်းတရားမှာ သစ္စာမပါရင် တက်မပါတဲ့ လှေလိုပဲ။ ဦးတည်ရာ ရောက်မှာ မဟုတ်ဘူး။

ဒီတော့……. ကိုကို့ရဲ့ ချစ်ခြင်းလှေကို သစ္စာဆိုတဲ့ တက်နဲ့ထိန်းပြီး ထားရဲ့ အကြင်နာ ဆိပ်ကမ်းကို ဆိုက်ကပ်နိုင်အောင် ကိုကိုက ကြိုးစားနေသူပါ ထားရယ် ”

“ ဟွန်း … ကိုကိုနော်…စကားတတ်တိုင်း လျှောက်ပြောနေတာ မဟုတ်လား ”

“ ထားရယ်…ထားက ကိုကို့အချစ်ကို မယုံတော့ဘူးလား”

“ ယုံပါတယ်ကိုကိုရယ်… ထားက လည်းကိုကို့ကို အဆုံးရှုံးမခံနိုင်လို့ပါ ကိုကိုရယ် ”

“ ကဲပါ…ထားရယ်၊ကိုကိုလဲ ထားအပေါ် သစ္စာရှိပါတယ်၊ ထားလဲ အလွန်အကျွံ သ၀န်တိုစိတ်ကို လျော့ပါနော်၊ထား ကို စိတ်မဆင်းရဲစေချင်ဘူးကွယ်။”

“ ဟုတ်ကဲ့ပါ ကိုကိုရယ်… ထားကို မထားခဲ့ရဘူးနော် ”

“ဟောကြည့် ပြောရင်းဆိုရင်း။ ကဲကဲ တစ်ခုခု စားရအောင် ထားရယ်၊ ထားလဲ ဗိုက်ဆာနေရောပေါ့။ ”

“ ကဗျာဆရာ အိုမာခယမ်က ပြောတယ်။ ချစ်သူလေးရယ်…..၀ိုင်တစ်ခွက်ရယ်… ပေါင်မုန့်တစ်လုံးရယ် ရှိနေရင် ဘ၀မှာ ပြည့်စုံပါပြီတဲ့။ ကိုကိုလည်း အဲဒီလိုပဲ။”

“ထားကို ကြည့်ရင်း ၊ ကိုကာကိုလာ သောက်ရင်း ၊ ဟမ်ဘာဂါ စားချင်ပါတယ်ကွယ်။ ဗိုက်ဆာရင် ချစ်တဲ့အကြောင်း သိပ်မပြောနိုင်မှာစိုးရိမ်လို့ပါ။ ”

“ ဟွန်း…..ကိုကိုနော်..သိပ်ကို ပိုလွန်းတယ်”

“ မပိုပါဘူး ထားရယ်၊ထားကို ချစ်တဲ့ အချစ် တွေနဲ့ ယှဉ်ရင် ကိုကိုပြောတာတွေက ထားကို ချစ်သလောက်နဲ့ မနှိုင်းစာလောက်ပါဘူး ထားရယ်”

“ ဘာများ သုံးဆောင်မလဲ ဆရာ”

“ ညီလေးရေ ဟမ်ဘာဂါ နှစ်လုံး ကိုကာကိုလာ နှစ်ဘူး ပေးပါကွာ”

ထမင်းမပါ ဟင်းမပါပဲ၊ ချစ်သူနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချစ်တွေနှင့် တည်ခင်းထားသော ထိုနေ့ နေလည့်စာသည်။ စားဖူးသမျှသော နေ့လည်စာတိုင်းတွင် အမြိန်ရှက်ဆုံးဆိုတာကတော့။

မိုးယံ

ဝန်ခံချက်

အထက်ပါ စာပိုဒ်များထဲတွင် အပြာရောင်ခြယ်ထားသော စကားလုံးများသည် ကိုဇော် ပြောသော “ချစ်သူ ချော့နည်း” ဆိုသော စာအုပ်ပါ မသိမသာ ချော့နည်း (၂၅) နည်းထဲမှ တစ်နည်းနှင့် သိသိသာသာ ချော့နည်း (၁၄၄) နည်းထဲမှ နှစ်နည်းအား ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။တစ်ကယ်တော့လည်း ချစ်သူမရှိသူမို့ ၊ မချော့တတ်သူမို့ ရေးသားဖို့ အဆင်မပြေလွန်းလှ၍ ဘယ်သူတွေ အရင်တင်မလဲ စောင့်ရင်း အတုခိုးနေရပါသည်။ ကဗျာစောင်းထက်လှသော ဒေးဗစ်အုပ် နှင့် အတင်းတုတ်တတ်သော မယ်မျိုး တို့လဲ တင်ပြီးမှ အတုယူ ရေးဖို့ရန် ကိုဇော့် ဆိုက်ကို ငါးခေါက်တိတိပြန်ဖတ်ရပါသည်။(နုံလိုက်တာ) ထို့နောက်မဖြစ်ညစ်ကျယ်ဥာဏ်တို့ပေါင်းပြီး ဖေါ်ကျူးသော စာအစုသည် အညွှန်းကောင်း၍ လာဖတ်မိပြီး အချိန်ကုန်စေ စိတ်အနှာင့်အယှက် ဖြစ်စေခဲ့ပါမူ....။ လေးစားစွာ တောင်းပန်အပ်ပါသည်။

ဟီးဟီး အပေါ်က ရေးခဲ့တဲ့ဇတ်လမ်းတွေကို တစ်ခုမှ မယုံပါနဲ့ဗျာ ။ကိုဇော့် ကျိန်စာကြောက်လို့ ဖျစ်ညှစ်ရေးထားတာပါဗျာ။

ကျေးဇူးစကား
ရေးပါရေးပါတစ်ဖွဖွပြော ၊ ခေါင်းစဉ် စဉ်းစားပေးယုံမျှမက ဇတ်ကွက်ပါ ဖော်ပေးတတ်သော၊ ရေးသားနည်းများ လမ်းညွှန်တတ်သော ကိုဇော် နှင့် ဘာဖြစ်လဲ ရေးပေါ့ဟ၊ ရေးသာ ရေးပါကွာ၊ မင်းကလဲ စာလေးဘာလေး ရေးပါဦးဟု နားငြီးမတတ် အပူကပ်တတ်သော မောင်မျိုး နှင့် စာလာဖတ်ကာ အချိန်ပေးကြသူများအား ကျေးဇူးအထူးပါ။

ကဲထုံးစံအတိုင်းပဲပေါ့လေ... ကျမ်းစာအုပ်မရှိသော်လည်း သူ့နည်းသူ့ဟန်နှင့်ချော့တတ်သူများကို သိကျွမ်းနေတော့လည်း ဖေါ်ကောင်လုပ်ရဦးမှာပေါ့။

နေဇော်လင်း
ညီသူအိမ်
အမှောင်ထဲက အလင်းစက်များ

19 comments:

အဖြူရောင်နတ်သမီး said...

ရည်းစားမရှိဘူး ဆိုတဲ့အဆိုကို ထောက်ခံရမလိုဖြစ်နေပြီ..။

ချစ်သူချော့နည်းတွေ ပျော့နေတယ်...
အားမရလိုက်တာ တကယ်ပဲ...
အပျင်းစား ချော့နည်းတွေရှိတယ် ကိုယ့်လူတို့ရေ...
သင်ချင်ရင်..လာထား..
ဒါပဲ..။


လောလောဆယ်တော့ :P လိုက်အုံးမယ်...

ကိုဇော် said...

ဟာ . . မိုးယံက အတော်ကို ချစ်သူများပါလား။ အခု နည်းနည်းလေး ချပြလိုက်တာတောင်မှ ၃ ၄ ယောက်။ တခြားသော ရည်းစားဟောင်းတွေလည်း ရှိသေးတယ် ဆိုပဲ။ မလွယ်ပါလား။

ဇာတ်လမ်းကတော့ အစ အဆုံး အသက်ဝင် နေတာပါပဲလား။ အင်းလေ. . ကိုယ်တွေ့ဖြစ်ရပ်တွေကို ရေးရတာ ဆိုတော့လည်း ထိရှမိပေမပေါ့။ နောက်ထပ် လူတွေကိုလည်း ဖတ်ဖို့ စောင့်နေပါတယ်။

Anonymous said...

comment ကို ဖတ်လို့၇တယ် ပို့စ်ထဲက စာ ဖတ်မရဘူး
ဘယ်လိုလုပ်ရတာလဲ ပြောပေးပါ တချို့ ဘလော့တွေလဲ ဖတ်မရဘူးးးးး

်ခင်မင်စွာဖြင့်
ငွေလမင်း

ခနွဲ said...

ဒါက တနည်းပေါ့လေ။ သေချာကို မှတ်သွားပါတယ်အစ်ကိုရေ.။

crystal said...

ဒီလောက်လေး ချော့တာလောက်များ...

ဒီစာအုပ်ထဲက နည်းတွေက သိပ်အသုံးဝင်မယ် မထင်ပါဘူးအေ။ :P

Maung Myo said...

အမယ် အမယ် လာသေးတယ် လူဇိုး သူခိုး ဂျပိုးး) ဘာမှရှင်းပြမနေနဲ့ ငါက တကယ်မဟုတ်လို့ အောက်က မှတ်ချက်ရေးတာ မင်းဟာက ပေါ်တင်ကြီး ငရှုပ်မှန်းသိသာတယ် ။ မင်းချော့နည်းလေးတွေက ချစ်စရာ အဲ့လိုလုပ်စမ်းပါ ဟုတ် ဟုတ် မဟုတ်ဟုတ် ရေးထည့်ပေါ့ ဘာဖြစ်လည်း ။

မဟုတ်ရင်လည်း တကယ်လက်တွေ့မှာ အကောင်ထည်ဖော်နိုင်ပါစေဗျာ ။

Maung Myo said...

သူက ကြီးကြီးကျယ်ကျယ် ...

Your comment has been saved and will be visible after blog owner approval. လုပ်ထားလိုက်သေး

မိုးခါး said...

OMG! ၁ယောက် ၂ယောက် ၃ယောက် .. :P

nYi ThU E@in said...

ချော့နည်းကိုတော့ အတုယူဖို့ လေ့လာသွားတယ်
ကံဆိုးတာက အောက်ဆုံးအပိုဒ်တွေက စာလုံးတွေ ရေစိုနေသလား မသိဘူး ၀ါးတားတားနဲ့ ဖတ်မရလို့..။ မျက်မှန်ကလဲ ညက ဖိအိပ်မိလို့ :P
ပြီးတော့ သား အဲဒီနေ့က ကျောင်းမတက်လိုက်ဘူးဆရာ..။:)

မိုးယံ said...

မွမွနတ်သာမီး... လာသင်ချင်ပါသော်လည်း စားရိတ်မရှိသေးလို့။
ကိုဇော်....ကိုယ်တွေ့ဖြစ်ရပ် မဟုတ်ဘူးလေ ကိုကိုဇော်ရယ်..
မဒမ်ငွေ.... ဇော်ဂျီလေး ပြန်အင်စတောလုပ်ရင်အဆင် ပြေမယ်ထင်ပ
မခရစ်စတယ်လ်... အစ်မရယ်.. အဲစာအုပ်တစ်ကယ် မရှိပါ...
မောင်မျိုး...လုပ်တာ မဟုတ်ပါဘူးအေ.. ၀ဲကူးတုန်းက လမ်းညွှန်ချက်တွေ လိုက်လုပ်ထားတာပါ။
မိုးခါး.... တစ်ယောက် နှစ်ယောက် သုံးယောက် တစ်ကယ် ကို ရှိလိုက်ချင်တာ.. ဟီးဟီး
ညီသူအိမ်...နင်က ငါ့ကျိန်စာမတိုက်လို့ မရေးတာလား... ကျိန်စာတိုက်လိုက်ရမလား..

ရွှေဘုန်း(စေတနာပန်းခင်း) said...

စာလေးရော၊ ကွန်မင့်တွေရော ဖတ်၇တာ တော်တော်ရီရပါတယ်။ စာမေးပွဲလေးပြိးတော့ စာလေးတစ်ပုဒ်ရေးပြိး သူများဆိုဒ်တွေမှာ စာလိုက်ဖတ်နေတာ(ကိုယ့်စာလေးလဲ လာဖတ်မလားလို့ပေါ့) ဒီစာလေးကတော့ တော်တော်အပျင်းပြေပါတယ်။ အေးချမ်းပါစေ။

မောင်စေတနာ said...

အခုမှ သိတော့တယ်ဗျာ။ ကိုမိုးယံက အဲလောက်ရှပ်မှန်း လူကြည့်တော့ ရိုးရိုးလေးရယ်။ မထင်ရဘူးဗျာ။

ချော့နည်းလေးတွေ မိုက်တယ်။
နောက်လည်း အဲလို စာတွေဖတ်ချင်ပါသေးတယ် ။

ခင်မင်လျှက်

ညီငယ်

ေ န ေ ဇာ် လင်း

sosegado said...

မရှိဘူးလို့တာပြောတယ် ရေးထားတာအသက်ဝင်နေတယ်
တကယ်ချော့ရင် လွယ်ပါစေ။

ဆွေလေးမွန် said...

စာအုပ်ထဲကနည်းတွေ ပြောပြနေတာနဲ့ကို
တော်တော်.. စုံသွားပြီ...
ဟုတ်မှာပါလေ စာအုပ်ထဲက အချက်တွေကို ကိုးကားထားတယ်ဆိုတာ...

:) :) :)

...အလင်းစက်များ said...

“ဟင်... ရှင် ရှင်... ရှင်က လှေနံ ကို သုံးဖက်နင်းချင်တယ်ပေါ့..... ဟုတ်လား...... ”

“မဟုတ်ရပါဘူးကွာ... ကိုမိုးကလေ... ဟီးဟီး.. သုံးချောင်းထောက်တာ.. အဲ့ .. ဟုတ်ပေါင် မနေ့ က သုံးချောင်းထောက် ကင်မရာ ၀ယ်ဖို့ လုပ်တော့ ဧပရယ့်ဆိုင်မှာ မရှိလို့  ဖြူ့ဆိုင်ကို ၀င်ကြည့်မိတာပါကွယ်”..

“အို.. တော်ပါ.. တော်လိုက်တော့ ရှင့်မျက်နှာလည်း ကျမမကြည့်ချင်ဘူး.. ကျမမျက်နှာလည်း ကျမမကြည့်ချင်ဘူး.... ”

“မျက်နှာမသစ်ခဲ့လို့ လားဟင်... ထားသခင်”..

“ဘာ.. ရှင်... က ဒီလိုတောင် နောက်နေနိုင်တယ်ပေါ့လေ...”.... “ဖျန်း.........................................................................” (ပါးကိုလက်ဝါးနှင်း အပြားလိုက်ရိုက်ချလိုက်သံ... အဟိ.. အားရထှာ)...

ကဲ.. မှတ်ပလား ငါ့ကို ဆွဲထည့်ချင်အုန်း... မှတ်ပလား.. ဒါနဲ့  အားမရရင် ထားသခင်ကို ဖိနပ်ပါပေးလိုက်ဦးမယ်... အားရပါးရရိုက်ဖို့ ..

ကဲ... ဘယ့်နှယ့်ရှိစ ကိုရွှေလေအိုး... :)

အုပ်ကြီး said...

တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းများသည် ..
စိတ်ကူးယဉ်ဇာတ်လမ်းများထက် ..
ပို၍အသက်ဝင်ကြောင်း ..ကြားဖူးတာပဲဗျာ ..

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးယံတို့များ ချော့မဲ့ချော့တော့ သုံးယောက်တောင်
ချော့နည်းဗျူဟာ အဖြာဖြာတွေ တော်တော် ကျွမ်းလောက်ပြီ...
ချော့ရလွန်းလို့ ခေါင်းကဆံပင်လဲဖြူလောက်ပြီထင်ပါတယ်း)

မြစ်ကျိုးအင်း said...

ကိုယ့်ချစ်သူစိတ်ကို အလွတ်ရရင် ချော့နည်းကျမ်းကို အလွတ်ရသလိုပါပဲ။
ပေါ့ပေါ့ပါးပါးဆိုတော့ ဖတ်ရတာ ရွှင်မြူးပါတယ်။

ကိုယ့်ဆိုဒ်လည်း ကိုယ်ပြန်ချော့အုံး ဝင်ရတာ တအားလေးတယ်။ ထိုင်စောင့်နေရလို့ စိတ်တောင်မရှည်ဘူး။ ညဦးပိုင်းက လာသေးတယ်။ ကြာလွန်းလို့ ပြန်ပိတ်လိုက်ရတယ်။ အဲဒီလို စိတ်မရှည်ဘဲ ပြန်ပြန်ထွက်သွားရတာတွေ များပြီ။ ဘလော့ဂ်တွေကို ပေါ့ပေါ့ပါးပါး ဝင်ရလွယ်အောင် ဖန်တီးထားရင် အကောင်းဆုံးလို့ ထင်မိပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ယုံပါဝူးဗျို့...ညာနေတာပါဗျို့...:P:P:P
သင်တန်းတက်ဖို့ ပြင်ထားနော် အကို...:D
အားပေးသွားလျှက်
ညီမလေး။
ကောင်းသောနေ့လေးဖြစ်ပါစေ။