Tuesday, January 17, 2012

ကျောင်းအုပ်ဆိုတဲ့ သတ္တ၀ါ လူမဆန်လိုက်တာ..


 
( သတင်း နဲ့ ဓာတ်ပုံ - မြတ်မိုး / ဧရာဝတီ )
သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၂၀) ကျောင်းအနီး ဘောလုံး လာရောက် ကစားသော
ကျောင်းသား တစ်ဦး ကြိုးတုပ်ရိုက်နှက်ပြီး ၄နာရီကျော်ကြာ ကျောင်းအတွင်း ချုပ်နှောင်ခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

အ.ထ.က(၁)သင်္ဃန်းကျွန်းတွင် သတ္တမတန်း တက်ရောက်နေသော အသက် ၁၂နှစ်အရွယ်
ပြည့်စုံကို အ.မ.က(၂၀)သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ကြီး ဦးဌေးလွင်
ရိုက်နှက် ချုပ်နှောင်မှုကြောင့် ကလေးငယ်သည် သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ပြည်စုံ၏ အဒေါ်ဖြစ်သူက
ပြောသည်။

'' ကလေးက အကြောက် လွန်သွားတယ်၊ ကလေးကို တွေ့တာ နောက်ထပ် တစ်နာရီနောက်ကျရင်
အသက်တောင် မီမှာ မဟုတ်ဘူး၊ ဒဏ်ရာကြီးကြီးမားမား မရဘူး၊ အကြောက် လွန်ပြီး
ဖျားနေတာ" ဟု သင်္ဃန်းကျွန်းဆေးရုံတွင် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းအနီးတွင် ဇန်န၀ါရီ ၁၄ရက်နေ့ နံနံက် ၉နာရီတွင် ပြည်စုံသည်
သူငယ်ချင်းများနှင့် အတူ ဘောလုံး ကန်နေစဉ် ကျောင်းအုပ်ကြီး ထွ က်အော်မှုကြောင့် ကလေးငယ်များ အားလုံး ထွက်ပြေးခဲ့ပြီး ထိုထွက်ပြေးသွားသော ကလေးငယ်များထဲမှ ပြည့်စုံကို ကျောင်းအတွင်းသို့
ကျောင်းအုပ်ဆရာကြီးသည် လိမ်ညာခေါ်ဆောင်ပြီး ကျောင်းစောင့်နှစ်ဦးကို
လက်ပြန်ကြိုးတုပ်ခိုင်းပြီး ရိုက်နှက်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

'' ကျန်တဲ့ကလေးတွေက အိမ်ကို လာပြောပြောချင်း လိုက်သွားတာ၊ ကျောင်း အပေါ်ထပ်ရောက်တော့ လက်ပြန်ကြိုးတုပ်ခံထားပြီး ကြမ်းပြင်မှာ ခွေခွေလေးလဲနေတဲ့ မောင်လေးကို တွေ့လိုက်တော့ ကလေးက သတိမေ့နေပြီ" ဟု ပြည်စုံ၏ အစ်မအရင်းဖြစ်သူက ပြောသည်။
ကြိုးဖြည်ပေးပြီး အိမ်သို့ပြန်ခေါ်ရန် ကျောင်းအုပ်ဆရာကြီးကို အစ်မဖြစ်သူ ပြောရာတွင် ကျောင်းထဲသို့
အခွင့်မရှိ ၀င်ရောက်မှုဖြင့် တရားပြန်စွဲမည်ဖြစ်ကြောင်း အ.မ.က(၂၀)ကျောင်းအုပ်ကြီး ဦးဌေးလွင်က ပြောဆိုလိုက်သည်။

''မောင်လေးကြောက်တယ် ကြောက်တယ်ပြောပြီး ရေပဲတောင်းနေတယ်၊ အဲဒီ ကျောင်းအုပ်ကြီးကလဲ မောင်လေးကို ပြန်မထည့်တော့ ကျွန်မထိုင် ရှိခိုးပြီး ပြန်ခေါ်လာရတယ်"ဟု အစ်မဖြစ်သူက ဆိုသည်။

ဤအမှုနှင့် ပတ်သက်ပြီး မိသားစုက
သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ထားပြီး
မြို့နယ်ပညာရေးမှူးများထံ တိုင်ကြားထားကြောင်း သိရသည်။

ပြည့်စုံသည် ကျောင်းအတွင်းသို့ ခိုးဝင်ခဲ့ပြီး ကျောင်းဝန်း အတွင်း ဗုံးလာထောင်မည် စိုးသဖြင့် ကျောင်းလုံခြုံရေးအရ ချူပ်နှောင်ရခြင်း ဖြစ်သော်လည်း ရိုက်နှက်ခြင်း မရှိကြောင်း
ကျောင်းအုပ် ဦးဌေးလွင်က မြို့နယ်ပညာရေးမှူးရှေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး အ.မ.က(၂၀)ကျောင်းအုပ် ဦးဌေးလွင်ထံ ဆက်သွယ် မေးမြန်းရာ တွေ့ဆုံခွင့်မရရှိခဲ့ပါ။

'' ကလေးတွေကလဲ ကျောင်းထဲဝင်ဆော့တယ်၊ ဆရာကြီးက ဆုံးမတာပါ၊ ရိုက်နှက် ချုပ်နှောင်ခဲ့တာ မဟုတ်ပါဘူး" အ.မ.က(၂၀)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအကျိုးဆောင်များက ပြည့်စုံမိသားစုထံ လာရောက် ညိုနိုင်းပေးပြီး ကလေးငယ်အတွက် မုန့်များ လာရောက်ပေးခဲ့ကြောင်း ပြည့်စုံ၏ အဒေါ်ဖြစ်သူက ဆိုသည်။

''ကျွန်မတို့ လျော်ကြေးလိုချင်လို့လဲ တိုင်ထားတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို ဒီလောက်ထိ လုပ်စရာမလိုပါဘူး" ဟု ၎င်းက ပြောသည်။


 
၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ကန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ကန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။
ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။
ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။
ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။
ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။
ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။
“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။
ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။
အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။
ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။
ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။
ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။
နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။
အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။
“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့
“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ကန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ကန်းကျွန်း) 
မောက္ခမဂ္ဂဇင်း

14 comments:

Anonymous said...

ကျောင်းအုပ်က စိတ်ပုံမှန်မဟုတ်ဘူး၊ အနာဂတ် သားကောင်းတွေအတွက် ရင်လေးစရာပဲ၊ ကလေးတွေရဲ့ စိတ်ထဲကို အဆိပ်အတောက်တွေ ထည့်ပေးနေမယ့် ပုံပဲ။

ကိုရင် said...

ခက်တော့တာပဲ..၁၂နှစ်သားကလေးကို ကျောင်းထဲ ဗုံးထောင်မှာစိုးလို့တဲ့..အတော်ရယ်ရတယ်.. အင်း..ပညာရေးပိုင်းလည်း သောက်သုံးမကျတဲ့သူတွေ ဆရာဖြစ်နေပါရော့လား..

Anonymous said...

ခက်တော့ခက်နေပါပြီ ဆရာကြီးရယ်.. ကျောင်းသား တစ်ယောက်ကို ကျောင်းအုပ် က အဲလိုက်ရိုက်ရတယ် လို့  ဘယ်ပါချုပ်က သင်ပေးထားသလဲမသိဘူး =) ကျောင်းအုပ်တစ်ယောက်လုပ်နေပြီးတော့ ၁၂ နှစ်အရွယ် ဗုံးလာထောင်တာလား လာကစားတာလားဆိုတာကိုတောင် မဝေခွဲတတ်လောက်အောင်ကို ညံ့ဖျင်းနေပြီလား =) တော်တော် စိတ်ပျက်ဖို့ ကောင်းတဲ့ ကျောင်းအုပ်ပါလား ဒီလို လူမျိုးကို ပညာရေးဌာန နဲ့ မပြီးနိုင်ဘူး ရဲစခန်းတိုင်တာ တောင် နည်းသေးတယ် ထောင်ပါတစ်ခါတည်းချပစ် အေးရော

Anonymous said...

ဆရာကိုလည်း စစ်ဆေးစေချင်ပါတယ်။ဆေးခြောက်တွေများသုံးနေလို့ ဂယောင်ခြောက်ခြား လုပ်နေတာလားဆိုတာ မသိနိုင်ပါဘူး။ ပြောချင်တာတွေလည်လျောက်ပြောနေတယ်။ သူ အလုပ်အပြုတ်မှာလည်း ဆိုးနေလောက်တယ်။ ပြုတ်လည်းပြုတ်သင့်ပါတယ်။ ဆရာ တစ်ယောက်ဖြစ်ပြီး လူတွေကို ခွဲခြားလုပ်ပြီး ဆက်ဆံတာ မကောင်းတဲ့ဆရာ တစ်ယောက်ပါ။ သာရင်ပေါင်းမယ်ဆိုတဲ့ ကျောင်းအုပ်တစ်ယောက်ဆိုတာ ထင်းရှားပါတယ်

Anonymous said...

ဟုတ်တော့ ဟုတ်နေပြီ။ လူ့ အခွင့်အရေးက မရှိ။ အမေရိကားမှာ ဆိုရင်တော့ ကိုယ်မွေးထားတဲ့ ကိုယ်သားသမီးကိုတောင် နဲနဲတောင် ရိုက်လို့ မရဘူး။ အခုလို မျိုးဆိုရင်တော့ သိပ်ကြည့်လို့ ကောင်းတဲ့ပွဲပါပဲ။ ဒီကျောင်းအုပ် ဘ၀ပါပျက်သွားမယ်။

Anonymous said...

မြန်မာပြည်မှာ ဆရာဆိုတာ အာစရိယဂုဏ်နဲ့၊ ဘုရားနဲ့တစ်ဂိုဏ်းတည်းထားခဲ့ကြတာပါ။ အခုတော့ ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရတာလဲ။ ကလေးက ဗုံးထောင်မလား စဉ်းစဉ်းစားစားလည်းပြောပါဦးဗျာ။ ကလေးဘက်က တစ်ခုခုမှားတယ်ပဲ ထားပါဦး ဒီလိုဆုံးမဖို့မသင့်ဘူးလေ။ သူ့သားသမီးကိုဆိုရင် သူဒီလိုလုပ်မလား။ လုပ်မယ်ဆိုရင်တောင် သူများသားသမီးကို ဒီလိုမလုပ်သင့်ဘူးလေ။ ကလေးလေး သနားပါတယ်။ mental trauma တစ်ခုခု ရသွားမှာစိုးပါတယ်။

စံပယ်ချို said...

ဒီလိုကျောင်းအုပ်မျိုး နောက်ထပ် ရှိလာမယ်ဆိုရင်တော့ မမြင်ရတဲ့ မြန်မာပြည် အနာဂတ်မတွေးဝံ့စရာပါပဲ

Anonymous said...

ကျက်သရေမရှိတဲ့ ကောင်ကြီး... ကျောင်းအုပ်မလုပ်နဲ့ ကျောင်းသိက္ခာကျတယ်။ မင်းကိုပညာတွေသင်ပေးခဲ့တဲ့ မင်းမိဘတွေ မင်းဆရာတွေကို ငါသနားတယ်။ ကလေးတစ်ယောက်က ဗုံးထောင်တယ်လို့ထင်ရအောင် မင်းက သောက်မှန်းကန်းလန်းမသိအောင် ရူးနေလား။ ဟုတ်မှလည်းလုပ်ပါကွာ။ မင်းကိုယ်မင်းလည်းပြန်ကြည့်ပါဦး။ လူရောဟုတ်သေးလို့လားလို့။ ထောင်တွေဘာတွေချမနေနဲ့။ သတ်ပစ်ပလိုက် အဲလိုမိစ္ဆာမျိုးကို... တိုင်းပြည်ကျက်သရေယုတ်တယ်။

Anonymous said...

ဒီကျောင်းအုပ်ကို လူသိရှင်ကြား တစ်ခုခုတော့ အများသိအောင် ပညာပေးသင့်တယ် . . . သူလို လူကြောင့် မြန်မာပြည်ရဲ့ အနာဂတ် ရင်သွေးငယ်တွေ အရေး စိတ်လေးမိပါတယ် . .
အခုလိုစကားကို ကွေ့ ပတ်ရှောင်ကွင်းပြီး ပြောနေတာ သူ့ အပြစ်လွတ်အောင်လုပ်နေတာ သိသာလွန်းလှတယ် . . . ဒါမှ မဟုတ် ဒီကျောင်းအုပ်ကိုယ်တိုင်က ရူးနေတာလား . . .ဆိုက်ကို ဖြစ်နေတာထင်တယ် . . .

Violin Angle said...

ကျောင်းအုပ်ဆရာကြီးလုပ်ပြီးတော့ စဉ်းစားဥာဏ်လေးတောင်မရှိတော့ဘူးလား ၁၂အရွယ်ကလေးကဗုံးလာထောင်မလား ဒီကလေးနေရာမှာ ဆရာကြီးရဲ့ကလေးဆိုရင်ရော အဲလိုပဲလုပ်မှာလား ဒီကိစ္စက UNICEF ကိုတောင်တိုင်လို့ရတယ် ဟိုပြောတဲ့ ဆရာမကလဲ သူမြင်တာကျနေတာပဲ ဆုံးမတာနဲ့ ကလေးကဆေးရုံတောင်ရောက်သွားတယ်ဆိုတော့ ဟုတ်မှလဲလုပ်ကြအုံး ပိုက်ဆံတွေပေးရုံနဲ့ ဒီကိစ္စကပြေလည်ရင် ရဲတွေ ဥပဒေတွေဆိုတာ ဘာလုပ်ဖို့ထား ထားသေးလဲ အကုန်လုံးမီးရှို့ပစ်လိုက်ပါတော့လား ဒီလိုလူမျိုးကကျောင်းဆရာဖြစ်ဖို့မထိုက်တန်တဲ့သူပါ ထိထိရောက်ရောက်အရေးယူပေးကြပါ။။။။။။

ကိုရွှေတောသား said...

စေတနာ ၊ ၀ါသနာ ၊ အနစ်နာ အပြင် ဝေဒနာပါပေးတာကိုး

မအိမ်သူ said...

အခုဖတ်ရတဲ့အတိုင်းဆိုရင်တော့ အဲဒီကျောင်းအုပ်ကို စိတ်ရောဂါအထူးကုဆေးရုံပို့သင့်တယ်ထင်တယ်။ စိတ်မှန်ပုံမပေါ်ဘူး။ ယဉ်ယဉ်လေးရူးနေတာဖြစ်မယ်။ အဲဒါမျိုးက ပိုကြောက်ရတယ်။

Anonymous said...

ဆရာ ဆရာမတွေက ကျောင်းသားတွေကို ရိုက်ပြီး မဆုံးမရဘူးလို့ တားမြစ်ထားတယ်လေ........ သူကတော့ ရိုက်မှာပေါ့ ကျောင်းအုပ်ကြီးလေ..........ငှဲငှဲ (ကဲ လာကြ မူ လယ် ထက် ဆရာ/မ အကုန် ပြည်သူ့ နီတိ သင်တန်း မတက်မနေရ။ အမိန့် အရ ခင်ညွန့် ယခင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသား ပညာရေးကော်မတီဥက္ကဌ ) စိုးရိမ်စိတ်များစွာဖြင့် (နောင်တတရားများမပါ) အလျှင်အမြန် ကြေငြာချက်ထုတ်လိုက်သည် (ငါ့မြေးကလေးတွေကို ရိုက်မှာစိုးလို့ )

ဆူးသစ် said...

လောကကြီးက ဖောက်ပြန်နေပြီထင်ပါရဲ့ဗျာ။