Wednesday, August 29, 2012

မလေးရှားနိုင်ငံ ကပုန်း(၇) ရက်သားသမီးများ နာရေးကူညီမှုအသင်းမှ တတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပပြီးစီး



မလေးရှားနိုင်ငံ ကပုန်းမြို့တွင် တည်ထောင်ထားသော (၇) ရက်သားသမီးများ ကပုန်း နာရေးကူညီမှု အသင်းမှ တတိယ အကြိမ်မြောက် သွေးလှူဒါန်းပွဲ အစီအစဉ်ကို ၂၆.၈.၂၀၁၂ တနင်္ဂနွေနေ့ နံနက် ၈နာ၇ီမှ ညနေ ၅ နာရီအထိ ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျွန်တော်တို့ ကပုန်း နာရေးကူညီမှု အသင်းက သွေးလှူဒါန်းပွဲ ပြုလုပ်ဖြစ်တာဆို အခု အကြိမ်နဲ့ဆို တတိယအကြိမ် မြောက်ပေါ့နော်။ သွေးလှူဒါန်းပွဲ ပထမကြိမ် ဒုတိယအကြိမ် ၊ တတိယအကြိမ်တွေကို ကပုန်း ဘုန်းတော်ကြီးကျောင်းမှာပဲ ပြုလုပ်ဖြစ်တာပါ။ အခုလို သွေးလှူပွဲလေး လုပ်ဖြစ်တဲ့ ရည်ရွှယ်ချက်က ဆင်းရဲ့နေတဲ့ သူတွေအတွက် လိုအပ်တဲ့ နေရာ ဆေးရုံ ၊ ဆေးခန်းတွေမှာ အခက်အခဲမရှိ အသုံးပြုနိုင်အောင်ပါ။ ဒီနေ့သွေးတွေကို
ကေအယ် ကွာလာလမ်ပူ သွေးလှူဘဏ်ကို လှူဖြစ်ပါတယ်။



ဒီနေ့ အခမ်းအနားကို မနက် ၈ ကနေ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ လုပ်ဖြစ်တဲ့ သွေးလှူပွဲမှာ သွေးအလှူရှင် ၄၂၅ ယောက်စရင်း ပေးသွင်းပြီး တကယ်လှူဖြစ်တဲ့ လူတွေက ၃၅၂ ယောက်ပဲ လှူဖြစ်ပါတယ်။ ကျန်တဲ့ လူတွေက ဆေးစစ်တဲ့ အချိန်မှာ အကြောင်း အမျိုးမျိုးကြောင့် ကျန်းမာရေး ကိစ္စလေးတွေ ရှိနေလို့ မလှူရပဲ ဖြစ်သွားပါတယ်။ အဲဒီ အတွက်လည်း ကျွန်တော်တို့ဖက်က တောင်းပန်ပါတယ်။

ဒီနေ့ သွေးလှူပွဲမှာ လာရောက်ကြတဲ့ လူဦးရေ ၇၀၀ လောက်ရှိပါတယ်။ မနက်ပိုင်းကနေ ညနေ အထိပါပဲ။ လာသမျှ လူတွေအတွက် အကျွေးအမွေးနဲ့ ပက်သက်ပြီး အဖက်ဖက်မှ ကုသိုလ်ပြု လှူဒါန်းကြတဲ့ အလှူရှင်များကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ပြီးတော့ လာရောက်ပြီး လုပ်အားဒါန ပြုတဲ့ မလေးရှားနိုင်ငံ အတွင်းရှိ ပရဟိတအဖွဲ့များကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် ဟု (၇) ရက်သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်တဲ့ ကိုဆန်းဝင်းမှ အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောကြားခဲ့ပါသည်။





လူသားတိုင်းအတွက် အရေးပေါ် လိုအပ်လျှက်ရှိသော သွေးလှူဒါန်းပွဲတွင် ရပ်ဝေးရပ်နီးမှ ရွှေမြန်မာအများ အပြား လာရောက်ကြပြီး ကြွရောက်လာကြသော ဧည့်ပရိတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ ၊ သွားလာမှု အဆင်ပြေစေရန် အတွက် ဧည့်အကြိုအပို့ကားများကို စီစဉ်ဆောင်ရွက် ပေးထားသည်ကို တွေ့ရှိရပါသည်။ မလေးရှားမှ ပရဟိတ အဖွဲ့အစည်း များမှလည်း လိုအပ်သော နေရာများမှ တက်ညီလက်ညီ ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးနေကြပြီး မင်္ဂလာရှိသော နေ့လေးတစ်နေ့ ဖြစ်သလို အားရဖွယ် မြင်ကွင်းလေးကို တွေ့ရှိရပါသည်။

မလေးရှားနိုင်ငံ ကပုန်းမြို့တွင်ရှိသော (၇) ရက်သားသမီးများ ကပုန်း နာရေးကူညီမှု အသင်းအဖွဲ့သည် မလေးရှားနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားများ၏ နောက်ဆုံးအချိန် နာရေးကိစ္စများကို ကူညီလုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နာရေးကိစ္စများအပြင် ကျန်းမာရေး စောင့်ရှောက်မှုများ သွေးလှူဒါန်းမှုများ စတာတွေကို မလေးရှားရောက် ရွှေမြန်များအတွက် အကျိုးပြုနေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။












နေဇော်လင်း

(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

0 comments: