သူများတွေ ကိုယ်စီကိုယ်ငှ ရေးသားပြီးခဲ့ ကြသော်လည်း အိုဗမာ နှင့်အပြိုင် အလုပ်များ ချင်ယောင် ဆောင်နေသော မောင်မိုးယံသည် တဂ်ပို့စ် လေးတစ်ပုဒ်ရေးဖို့ဖြစ်ရန်...ဖတ်လိုက်ရသည့် ဘလော့ဂ်၊ ဖတ်ဖတ်မော...။ ဒီလိုနဲ့ ဘလော့ဂ်ဒေးလဲ ကျော်သွားပြီး တဂ်မခံရတဲ့သူတွေလည်း ရေးပြီးပြီ။ တဂ်ခံရတဲ့သူတွေလည်း စုံလောက်ပြီ၊ သည်မောင်မှာတော့ ယောင်ချာချာ ကိုယ်တစ်ယောက်တည်းရူး....။ “အခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ၊ ပြီးခဲ့ပါပြီ ” ။
ဘလော့ဂ်ရွာထဲ လည်ပတ်နေသူများမှာမှ ကိုယ့်ရဲ့ လွဲလွဲလေး နည်းနည်းလောက် ပြောပြပြီး ကိုယ့်သမိုင်း ကို မလှမပ ခင်းပြရဦးပေမည်။ တုံးချက်ကတော့ တုံးဖလား သူဂျီးမင်း နဲ့ လားလားမျှ သက်ဆိုင်ခြင်း မရှိဟု ဆိုရလောက်မလိုပင် :P ။ ဒီ ဘလော့ဂ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၀၈ ခုနှစ်မှာ လုပ်ခဲ့တယ်လို့ မပီဝိုးတစ်ဝါး မှတ်သားမိပါသည်။ အတိအကျတော့ မမှတ်မိတော့ပါဘူး။ ဒီလိုနဲ့ ဘာမှန်းမသိချက်ကတော့ တစ်နှစ်ကျော်ကျော် မည်သည့်ပို့စ်မျှ ဆက်မတင်ပဲ သည်အတိုင်းပစ်ထားခဲ့ပါသည်။ ပစ်ထားခဲသည့်ဆိုသော်လည်း သိလျှက်နှင့် ပစ်ထားခဲ့ခြင်းမျိုးတော့ မဟုတ်၊ ဘာဆက်လုပ်ရမှန်းမသိပဲ ဒီအတိုင်းပဲ ဘလော့ဂ်ကလဲ သူ့ဘာသာနေ၊ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နဲ့ ဒီလိုပဲ သံသရာ အ၀ိုင်းလိုက် လည်ပတ်နေတာပါပဲ။ ထိုသို့ဖြင့် ဂလိုဘယ်မြစ် အိုင်တီပင်လယ်ကြီးထဲမှာ ပျဉ်ချပ်ဟောင်း တစ်ချပ်နဲ့ လှိုင်းပုတ်ရာ မျောလွင့်လာခဲ့သည်မှာ တစ်နှစ်ကျော်ကျော် ကြာခဲ့ပြီးမှ မတ်လ ၂၀၁၀ လောက်ရောက်မှ မျက်စိသူငယ် နားသူငယ်ဖြင့် ဘလော့ဂ်ကမ်းကပ် လာခဲ့ပါသည်။
စာဖတ်တာကို ၀ါသနာပါရုံသက်သက်ဖြင့် တင်းတိမ်နိုင်ခြင်းမရှိတော့သော စိတ်ဆန္ဒကို မျိုသိပ်နိုင်ခြင်း မရှိတော့သောကြောင့် ၊ ငါသိသလို မသိသူများ သိလာကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျှဝေမှုတွေ စတင်ခဲ့ပါသည်။ တစ်ကယ်တမ်းကြုံတွေ့လာတော့မှ တစ်ကယ် မသိသူဟာ ကိုယ်ဖြစ်နေမှန်း ကောင်းကောင်းကြီး သိခဲ့ရပါတော့သည်။ သို့သော်လည်း စေတနာ စိတ်ကို မျိုသိပ်မရတဲ့ အဆုံး ဘာပဲဖြစ်ဖြစ် ငါသိတာလည်း မျှဝေမယ်၊ သူတို့ဆီမှာလည်း သင်ယူမယ်ဆိုတဲ့ စိတ်နဲ့ ဆက်လက်တည်တံ့နေခဲ့ပါသည်။
ပျော်စရာကောင်းတဲ့ သည်ဘလော့ဂ်လောကကို ကျွန်တော် ရိုးစင်းစွာခုံမင်ပါသည်။ ပျော်ပျော်နေတတ်တဲ့ ကိုယ့်အတွက် မိတ်ဆွေသူငယ်ချင်းများစွာ တိုးပွားမှုကို တန်းဖိုးမဖြတ်နိုင်ပါ။ လူကို ကြည့်ရင် မျက်မှောင်ကြုတ်ပြီးမှ ကြည့်တတ်တဲ့ ကိုယ့်အတွက် ဘဘော့ဂ်မှ တစ်ဆင်ခင်မင်ခွင့်ရတဲ့ သူများကို ကျေးဇူးတင်မဆုံးဖြစ်မိပါ၏။ ခေါင်းမာသောကိုယ့်ကို ဖျောင်းဖျသူရှိ၏။ နားမလည်သော ကိုယ့်ကို ရှင်းပြပေးသူများရှိ၏။ အားငယ်သော ကိုယ့်ကို တွဲခေါ်ပေးသူရှိ၏။ ကန်းနေသော ကိုယ့်ကို လမ်းပြေပေးသူရှိ၏။ အထီးကျန်သော ကိုယ့်ကို ဖော်ရွေရင်းနှီးသူများလည်း ရှိ၏ ။ ပျော်စရာ အတိပြီးသော လောကငယ်ကလေးအဖြစ် ခံစားမိပါသည်။
အမှတ်တရတွေ များစွာကို စာစီရလျှင်ဖြင့် ရှည်လျားထွေးပြားနိုင်သလို မေ့လျော့တတ်သော ကိုယ့်ကြောင့် ကျန်ရစ်ခဲ့သူများရှိနေနိုင်ပါသည်။ သို့သော် ကျင်လည်ရာ ၀န်းကျင်မှာ ဖြတ်သန်းခဲ့ရသမျှ သက်တမ်းတစ်လျောက် မမြှီးအမောက် မတည့်မှုများနှင့် ကူညီလက်တွဲသူများ၊ ခင်မင် ပျူငှာသူများ၊ ရင်းနှီးဖော်ရွေသူများကို မှိတ်မိသလောက် ချရေးကြည့်ပါမည်။
ကိုဇော်...... နဲ့စတင်ခင်မင်ဖို့ ဖြစ်လာတဲ့ ဇတ်လမ်းကို အခုထိမှတ်မိနေတုန်းပဲ။ ကိုယ့်က စာသာ မရေးတတ်တာ စာရေးဆရာတွေရဲ့ စားလုံးပေါင်းသတ်ပုံကျ တယ်စစ်ချင်သကိုး။ ကိုဇော်ကလည်း ဦးတိကျ အဲဒီမှာ ကုလည်မနဲ့ ကုလားမကို ဆွေးနွေးရင်း ကိုယ့်ဘက်က သူ့ကို အထင်မှားတာ၊ သူ့ဘာသာ တင်ထားတဲ့စာကို ကိုယ်ကသွားဖတ်သေးတယ်၊ ကိုယ့်ကို ရည်ရွယ်ရမလား ရန်တွေ့သေးတယ်၊ အဲဒါနဲ့ တစ်ညလုံး ကိုယ်တောင်းပန်း သူကလဲ မဟုတ်ပါဘူးငြင်း နောက်ဆုံးမှ နားလည်မှု လွဲခြင်းတဲ့လေ။ အဲဒါနဲ့ပဲ အခုတော့အရင်းနှီးဆုံး မိတ်တွေတွေ ဖြစ်လာတယ်.။ ကိုယ့်ရဲ့ ခေါင်းစားမှုတွေကို ဒိုင်ခံရှင်း ပေးသူဖြစ်လာတယ်။ သူက အတွေးသမား၊ ကိုယ်က အဆိုးမြင်သမား၊ ဒါပေမယ့် အတွဲတော့ညီသား။
ဏီလင်းညို... သူက အလွမ်းဓါတ်ခံကောင်းသူ၊ ကိုယ်ကတော့ အဆွေးသမား၊ အဲဒီမှာ စတွေ့တာပဲ သူ့ကို အများက ကိုဏီ ခေါ်တယ်.. ခင်တဲ့သူတွေက အညိုခေါ်တယ်.... ကိုယ်က အန်တီညိုလို့ ခေါ်တယ်။ အဲဒီလိုနဲ့ တစ်မြေတည်းနေသူချင်းတူတော့ ဖုန်းတွေဆက်ကြ၊ ညဖက်ဆို ဂျီတော့မှာ ပြောကြနဲ့ အဆင်ကိုပြေလို့။ ကိုယ်က နောက်တတ် ပြောင်တတ်လွန်းတဲ့ မျက်နှာရူးဆိုတော့ (ငယ်ငယ်က) ၊ ရည်းစား စကားပြောတာတောင် ကောင်မလေးက “ ဟဲ့ မိုးယံရယ် နင်ငါ့ကို လာမစပါနဲ့ ၊ အဲလိုတော့ မနောက်နဲ့လေဟယ်” စသည်ဖြင့် အဲသည်လို ကြီးတွေပြန်ပြောလွှတ်တော့ ကိုယ်ချစ်တာ ကြီးက နောက်သလိုလို..။ အဲလို ဇတ်လမ်းတွေပြောပြတော့ သူက အဲဒီအကြောင်းကို နောက်တစ်ပုဒ်ကျရင် ထည့်ရေးချင်ပါတယ် ဆိုပြီးခွင့်တောင်းပြီးကတည်းက သူ့ကျန်းမာရေး ကြောင့် မြန်မာပြည်သာ ရောက်သွားသည်။ အဲသည် အကြောင်းတော့ မရေးဖြစ်တော့ဘူး။ ( မဆိုးပါဘူး... ငါ အရှက်မကွဲသေးဘူးပေါ့။)
အဲဒီနောက်မှာ တော့
ကိုမြစ်ကျိုးအင်းက ဂျီတော့ပ်မှာအတ်လာတယ် .ကိုယ့်မှာတော့အဲဒီ တုန်းက သူ့နံမည်ဖတ်ပြီး ဒီက ဘာသာရေးအဖွဲ့က ဓမ္မမိတ်ဆွေမှတ်နေတာ နောက်မှ ကိုရီးယားမင်းသား မြန်မာဇတ်ဆရာမှန်းသိတာ။ သူ့ကျေးဇူးတွေလည်း ကိုယ့်မှာ များတယ်။ ကိုယ့်လို ငပြောင်က စာရေးချင်တယ်ပြောတော့ ၊ စကားပြော စကားပြေ က အစ သူ လနဲ့ချီပြီး လေ့လာထားတဲ့ ပညာတွေကို အလွယ်ဖြစ်အောင် ထုတ်နှုတ်ပေးသေတယ်။ ဒါပေမယ့်လည်း ကိုယ်ကတော့ အခုထိ ဆရာကောင်းရဲ့ တပည့်မိုက် ဖြစ်နေတုန်းပဲ။
ဘကျောက်.....။ရွှေရတုမှတ်တမ်း ရုတ်တရက် နှုတ်ဆက်သွားသူမို့ ဖြေပါသော်လည်းမပြေ၊ သတိရဆဲပါ ဘကျောက်ရေ။ ဘိုးတော် ဘလော့ဂ်ဂါ နတ်ကြီးက နေမကောင်းပါလျှက်ကယ်နှင့်ကိုယ့်ကို စကားတွေ ပြောပေးဖော်ရသည်။ မနေ့တစ်နေ့ကမှ သည်လောကထဲ ၀င်ပေမယ့် ဘကျောက်က ကိုယ့်ကို ရင်းရင်းနှီးနှီး စကားတွေပြေတယ်၊ ပျော်ပျော်ရွှင်ရွှင် နောက်ပြောင်ကြသည်။ ကိုယ်နဲ့သူ အသံနဲ့ ပြောနေရင်း သူ့ကီးဘုတ်က တစ်ဂျောင်းဂျောင်း ရိုက်သံကို မေးကြည့်တော့ ဒီမှာ ခုနှစ်ယောက်တစ်ယောက် ချဲနေတာတဲ့။နောက်တစ်ခါ ကိုယ်နဲ့စာရိုက်နေရင်း အရင်လောက် မသွက်လို့မေးကြည့်တော့ ဘလော့ဂ်ဂါ တစ်ယောက်နဲ့ ပြောနေလို့တဲ့။ ဘလော့ဂ်ဂါတွေအပေါ် ရင်းနှီးခင်မင်မှု ကြီးမားလှသော ကိုကြီးကျောက်က ရုတ်တရက်ကြီး နှုတ်ဆက်သွားခဲ့လေ။လွမ်းတယ် ဘကျောက်ရယ်....။
နောက်ပြီး
အုပ်ကြီး... ။ ဒေးဗစ်အုပ်လို့ သူ့ကိုကိုယ်က ခေါ်တယ်၊ ကဗျာဆရာ လူပျိုကြီးပေါ့။ သူ့ကဗျာတွေက တိုတိုရှင်းရှင်းနဲ့ ဖတ်လို့အရသာရှိတယ်၊ သူ့ကဗျာတွေထဲကမှ တရားဓမ္မနှင့် ဆိုင်သော ဆိုတဲ့ ခေါင်းစဉ်အောက်က ကဗျာတွေ နှစ်သက်တယ်၊ ကိုယ်ကြိုက်တဲ့ကဗျာတွေ သူ့ဆီက ယူပြီး ကိုယ့်ဆီမှာတင်တယ်။ နောက်တော့ အလကားယူလွန်းလို့တဲ့ ကူးမရအောင် ပိတ်လိုက်ရော..၊ အဲဒါကြောင့် အခုထိ အထီးကြီးကျန်နေတာ.. :D ဟီးဟီး ...။
နေဇော်လင်း... ။ သူက အသက်ငယ်သလောက် ပညာက မသေးဘူး၊ သူများအပေါ်လည်း စေတနာထားတယ်၊ ကိုယ့်လိုလည်း ငပွေးမဟုတ်ဘူး။ ကူညီတဲ့စိတ်အပြည့်ရှိတယ်။ ၀ါသနာတူချင်းဖြစ်တာကြောင့် သူနဲ့ ပေါင်းမိပြီး ကျွန်တော့်ဘလော့ဂ်မှာပါ ကျွန်တော်မအားချိန်တွေဆို သူက သတင်းတွေတင်ပေးတတ်တယ်။ အရမ်းသိတတ်တဲ့ ညီလေးပေါ့။
ကိုသက်တန့်ချို ရဲ့ဆိုက်ကိုတော့ ဟိုးအရင်ကတည်းက သဘောကျတယ်..ထူးထူးဆန်းဆန်းလေးတွေ ၊ တစ်နေ့တစ်ခေါက် အမြဲရောက်ဖြစ်တယ်။
သူကြီးမင်း(ကိုကိုမောင် ပန်းရနံ့) ရဲ့ စာတွေကို နှစ်သက်တယ်၊ သူ့ဆီက တရားသံဝေဂ ယူစရာတွေ ရတတ်တယ်။ (လူပျိုကြီး ဖြစ်နည်းတော့မယူလိုပါ)။
ကိုအောင်(ပျူနိုင်ငံ) ဆီကနေ သရဲဇတ်လမ်းတွေကို ဖတ်ဖြစ်တာ၊ မှတ်မှတ်ရရ အဲဒီတုန်းက တာမွေက ကားရဲ့ အကြောင်း၊သူနဲ့ ဘကျောက်တို့ သရဲဇတ်လမ်းတွေ သိပ်ရေးတယ်၊ အချစ်အကြောင်းအရေးနည်းတယ် အဲဒါကြောင့် သဘောကျတာ
။မောင်မျိုးကတော့ သူ့ဘ၀ထဲက အကြောင်းတွေ ကို ရိုးရိုးလေးနဲ့ ရယ်စရာတွေရေးတတ်လို့... ရုပ်တည်ကြီးနဲ့ ချစ်ဖို့ကောင်းလို့သူ့ကို အတော်ခင်တယ်၊ကျွန်တော်တို့နဲ့ အတွဲညီလွန်းတဲ့ မေပယ်လ် ဆိုတဲ့ တစ်ယေက်တို့
ညီသူအိမ် ဖြစ်ပြီးနောက်မှာ ပျောက်သွားတာ အခုဆိုဘယ်ဆီနေမှန်းမသိတော့ဘူး. သတိရပေမယ့်၊ အဆက်အသွယ်တော့ပြတ်သွားပါပြီ :( ။ စာအုပ်ကောင်းတွေကို အပင်ပန်းခံ ရှာဖွေပြီး ရိုက်တင်ပေးတဲ့
မရွှေစင်ကိုတော့ လွှတ်ကိုကျေးဇူးတင်သဗျာ၊ ဆရာမခင်ခင်ထူးရဲ့ စာတွေဆို ဒီမှာဝယ်ရတာဈေးကြီးသလောက် မမချစ်ချစ်ကြီး ဆီမှာကျတော့ ကြိုက်တဲ့အချိန် သွားဖတ်ယုံပဲ။ ထူးထူး ဆန်းဆန်းတွေတင်တဲ့
ကိုပီတာကြီး ကိုတော့ တရားနဲ့ပတ်သက်တာတွေ မေးမြန်းလို့လည်းရ သတင်းထူးတွေဖတ်ရ...ကိုယ့်ခံယူချက်ကလည်း သူ့သဘောနဲ့ တူတာမို့....။
ကိုမင်းဒင်ရဲ့ ဆိုက်ကိုတော့ နေ့တိုင်းသွားဖတ်ဖြစ်တယ်.. ကံဆိုးတာက သူ့စာတွေဖတ်မပြီးခင် သူ့ဆိုက်အဟတ်ခံလိုက်ရတော့......။
ကိုဆိုစီ ရဲ့ သူမတူတဲ့ အတွးတွေ ဇတ်လမ်းတွေကိုလည်း အချိန်ပေးပြီး ဖတ်ဖြစ်တယ်။ အခုနောက်ပိုင်း ပျောက်သွားပြီဖြစ်တဲ့ ဂျူလိုင်ဖြူ ... အိမ်ထောင်ကျသွားတော့ မရေးတော့ဘူးထင်တာပဲ။မ
ယွန်း တစ်ယေက်ကတော့ အလှအပကြိုက်ပုံများ တစ်ခါသွားရင် သူ့အိမ်လေးက တစ်မျိုးလှနေတတ်တာ...အခုတော့သူလည်း မရေးတော့ဘူးလား မသိပါဘူး။
အန်တီကြည်လို့ ကျွန်တော်ခေါ်တဲ့ ဒိုင်ယာရီတွေရေးတဲ့ ကြည်ကြည်ကတော့ ခရီးတွေချည်းလွှတ်ထွက်နေပြီး ခရီးသွားပို့စ်တွေကို ရယ်ရယ်မောမော ရေးတတ်တယ်။သူ့ကိုတော့ လက်လန်တယ်၊ ကျွန်တော့်ကို မဟုတ်မဟုတ်တွေထင်တာကိုး... :P ...။
ရဲထွန်းဇော် ကတော့ အခုနောက်ပိုင်း ဖေ့ဘွတ်လိုင်းဘက်ရောက်သွားပြီ။
ရေးမိရေးရာ အဖြာဖြာ ဖြိုးမောင်နဲ့ ကိုထွဋ် တို့က အစ အားလုံးကို ကျေးဇူးတင်တယ်...ဘာလို့လဲဆိုတော့ ဒီလူတွေရဲ့ မှတ်သားစရာ အတွေ့အကြုံတွေ ၊ စေတနာနဲ့ ရေးသားတင်ပြမှုတွေ ဟာ ကိုယ့်အတွက် ပညာယူစရာတွေ ဖြစ်နေတာရယ်...။ အဲဒီ လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတာရယ်ကြောင့် အထီးကျန်မဆန်ပဲ လူပေါင်းဆန့်လာတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိလို့ပါ။
အထက်က ရင်းနှီးသူတွေတင်မကပဲ ဟိုးတစ်လောက ဗိုင်းရပ်ကိစ္စကြောင့် လင့်ခ်တွေ ဖြုတ်ရင်း ပျောက်ကုန်တဲ့ လူတွေကို ပြန်မတွေ့တော့တာ အရမ်းနှမြောဖို့ကောင်းတယ်။ မှိတ်မိသလောက် ပြောရရင်တော့... နတ်ဆိုးလေး၊ လင်းခေတ်ဒီနို၊ ကိုကိုးအိမ်၊ သုခမနမ်းတော်...၊ ....၊ ....။ အဲဒီသူတွေရဲ့ လင့်ခ်တွေကို ပြန်ရှာပေမယ့် မတွေ့သေးဘူး...။ သိသူများ ပြောပေးကြပါကုန်။
ဒီဘလော့ဂ်မြစ်ပြင်ကျယ်ထဲမှာ မြန်မာဘာသာဖြင့် ဘလော့ဂ်တစ်သောင်းကျော် ရှိပါတယ်..ကျွန်တော် တစ်ထောင်ပြည့်အောင် မဖတ်ဖူးသေးဘူး။ ဒါပေမယ့် ဘလော့ဂ်ဂါတွေဟာ သူတို့သန်ရာ သန်ရာဖြင့် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုကြတာပါပဲ။ (အကျိုးယုတ်စေသူတွေလည်း ရှိနိုင်ပါတယ်)။ ဒါပေမယ့် အားလုံးကို ကျွန်တော်လေးစားတယ်...ကိုယ့်ဝါသနာ အလျောက်ပဲဖြစ်ဖြစ် ကိုယ့်စေတနာ လောက်ပဲ ဖြစ်ဖြစ် အားလုံးလိုလိုဟာ အဖိုးအခ တစ်ပြားမှ မရပါပဲ အချိန်ကုန် လူပင်ပန်းခံပြီး ရေးသားနေကြသူတွေ ဆိုတော့ လေးစားအားကျမိပါသည်။ပို့စ်နဲ့ မဆိုင်ပဲ ပုဂ္ဂိုလ်ရေးတွေကို ပို့စ်မှာ လာမန့်ပြီး ဆဲဆို သမှု ပြုကြသူများကိုတော့ အားကြီးစိတ်ပျက်ပါသည်။ တစ်ချို့သော ဘလော့ဂ်တွေမှာဆို ပို့စ်နဲ့တင် မဟုတ်ပဲ ကွန်မန့်တွေကြောင့် ပိုလိုတောင် ဖတ်ရတာ အရသာရှိလှပါတယ်၊ ဒါပေမယ့် ပို့စ်နဲ့ ဘာမှ မဆိုင်ပဲ ဆဲဆိုနေတဲ့ ဆိုက်တွေကိုတော့ စိတ်ပျက်မိတာအမှန်။
သည် ဘလော့ဂ်ဒေးကို သတိတရဖြင့် တဂ်လာသော ကိုအောင်(ပျူနိုင်ငံ)ကို ကျေးဇူးတင်ပါသည်။ ရေးတာ နောက်ကျသဖြင့် အားနာမိပါသည်။ သို့သော်လည်း
ဆရာဟန်လို ရုပ်ဖြောင့်သော မင်းသားမဟုတ်သဖြင့် ဇတ်လမ်းတွဲလည်း မရိုက်နိုင်တော့ပါ။ သည်ကြားထဲ မျက်လုံးက စပ်နေသဖြင့် စားလုံးပေါင်းများကို ပြန်လည်စစ်ဆေးရန် အချိန်နည်းလှသဖြင့်၊ ဆရာဟန်ကို တော်တော်ကြီး သတိရမိသေးသည်။
ကိုပီတာ့ဆီမှာဖတ်မိတော့မှ ဘလော့ဂ်ဒေးဖြစ်လာပုံလေး သိလို့ ငါးခုလောက်မျှ ဆိုတော့ မျှရမှာပေါ့လေ။
(1) www.buddhafm.net တရားဓမ္မများကို နှစ်ဆယ့်လေးနာရီပတ်လုံး ထုတ်လွှင့်ပေးနေပါသည်။ ကျွန်တော့် ဘလော့ဂ်လေးရဲ့ ညာဖက်မှာလည်း ချိတ်ထားပါတယ်ခင်ဗျာ။ မိမိ နာယူချင်သော တရားတော်များကိုလည်း info@buddhafm.net ကို မိမိစက်ရှိ GTALK တွင် invited လုပ်ပြီး တောင်းဆိုနိုင်ပါတယ်။
(2) http://www.burmaborn.com/ တရားတော် အသံဖိုင်များကို နာယူနိုင်သလို ရုင်မြင်သံကြားဖြင့်လည်း တိုက်ရိုက်နာယူ ကုသိုလ်ပြုနိုင်ပါသည်။
(3) http://www.minthukha.net/ နိုင်ငံရေးကို စိတ်ဝင်စားသူများနှင့် လေ့လာချင်သူများအတွက် စာအုပ်များကို ကူးယူနိုင်ပါသည်။
(4) http://www.naungmoon.com/ နေ့စဉ်နဲ့ အမျှ ငွေဈေးအတက်အကျ။
(5) http://www.sagarwarmyae.info/index.php?option=com_content&view=article&id=2693&Itemid=97 ဆိုက်အတော်များများက စာအုပ်တွေကို စုစည်းပြီး လအလိုက် တင်သမျှကို ဒေါင်းနိုင်အောင် စီစဉ်ပေးထားတဲ့ စကားဝါမြေ။
မိုးယံ
4.9.2011 တနင်္ဂနွေ
မနက် ၄ နာရီ ၃၂ မိနစ်။