Monday, February 7, 2011

သေချာဖတ်ကြည့်ပေးပါ။ ထင်မြင်ချက်လည်း ရေးခဲ့ပေးပါ

ဦးဇင်းဆီသို့ Forward မေးလ်တစ်ခုရောက်လာလို့ ဖတ်ကြည့်လိုက်ပါတယ်။ ဖတ်ကြည့်ပြီးတော့ အောက်ဆုံးမှာမေးထားတဲ့ မေးခွန်းလေးတွေကိုဖြေပေးဖို့ စဉ်းစားနေမိပါတယ်။ အဲဒီလို မိမိထင်ရာ ဖြေလိုက်ရင်လည်း တခြားသူတွေရဲ့ အမြင်ကို မရဘဲဖြစ်မှာဆိုးလို့ မိမိထင်မြင်ချက်ကို မရေးသေးဘဲ စာဖတ်သူပရိသတ်များရဲ့ ဗဟုသုတ၊ အကြံဉာဏ်ကိုလည်း လိုချင်သေးတာမို့ အရင်ဦးဆုံး မေးလ်ထဲရောက်လာတဲ့အတိုင်း တင်ပေးလိုက်ပါတယ်။ သေချာဖတ်ပြီး ထင်မြင်ချက်လေးတွေ ပေးစေချင်ပါတယ်။ ပေးကြဖို့လည်း အနှုးအညွတ်တောင်းပန်းပါတယ်။ တကယ်လို့ ဆိုဒ်မှာ ထင်မြင်ချက်မပေးချင်ဘူးဆိုရင်လည်း ဦးဇင်းမေးလ် Sanninaymin@gmail.com မှာ မေးလ်ပို့လို့ ရပါတယ်။ ဒီထင်မြင်ချက်ပေးခြင်းသည် သင့်ရဲ့လူ့ဘ၀ရလာတဲ့ ဘ၀ခံယူချက် ဘယ်လိုရှိသလဲဆိုတာ ဖော်ပြပေးမယ်လို့ ထင်ပါတယ်။ မပေးရင်တော့ လူ့ဘ၀ရဲ့ခံယူချက် မရှိလို့ပဲ နေမှာပေါ့နော်။ Forward မေးလ်ထဲ ရောက်လာတဲ့ စာလေးကတော့ ဒီတိုင်းလေးပါပဲ။


ဦးတိဿလို့ဆိုရင် အဲသည်နယ်တစ်ဝိုက်မှာ မသိသူရှားပါတယ်။ ဘာလို့လည်းဆို တော့ ဦးတိဿက အဟောအပြောသိပ်ကောင်းတော့ အလှူပွဲအတန်းပွဲတိုင်းလိုလို သူချည်းတရားဟောနေရတာကိုး။ နောက်ပြီး ဦးတိဿက ဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဆိုတော့ မန္တလေးက နာမည်ကြီးစာသင်တိုက်ကြီးတစ်တိုက်မှာ စာချဆရာတော်လည်း လုပ်နေပါတယ်။


အဲဒီဂုဏ်ပုဒ်တွေနဲ့အညီ ဦးတိဿကလည်း အနေအထိုင်မှန်တယ်။ စကားပြောနည်းတယ်။ ရိုးသားတယ်၊ ပွင့်လင်းမှုရှိတယ်၊ ရပ်ရွာကိစ္စမှန်သမျှကိုလည်း ရှေ့တန်းကနေတက်တက်ကြွကြွကူညီလေ့ရှိပါတယ်။ အဲဒါကြောင့် ရပ်ရွာကလည်း ဦးတိဿကို ကြည်ညိုကြတယ်။ လေးစားကြတယ်၊ ချစ်ကြောက်ရိုသေကြတယ်။


အကြောင်းကိစ္စတစ်ခုခုရှိလို့ ဦးတိဿရွာကိုပြန်ခဲ့ပြီဆိုရင် မှန်မှန်ကန်ကန်ရှိကြတဲ့ သူတွေက ဦးတိဿကို ခရီးဦးကြိုဆိုပြုကြတယ်။ မမှန်မကန်နဲ့သောက်သောက်စားစား မူးယစ်သမားတွေကတော့ ကြောက်လန့်ပြီး ပြေးကုန်ကြတယ်။ အဲဒီလောက်အထိ ဦးတိဿက အရှိန်အ၀ါကြီးမားလွန်းလှပါတယ်။


ဦးတိဿမှာ မွေးချင်းငါးယောက်ရှိပါတယ်။ အဲဒီထဲမှာ ဦးတိဿက ဒုတိယမြောက် သားရတနာပဲဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံးနဲ့ ဦးတိဿအောက်နှစ်ယောက်က ကြင်ယာကိုယ်စီနဲ့တစ်အိုး တစ်အိမ်စီနဲ့ ဖြစ်နေကြပါပြီ။ ဒါပေမယ့် အသက် အငယ်ဆုံးဖြစ်တဲ့ မိသဲစုကတော့ အိမ်ထောင်မပြုသေးပဲ မိဘတွေနဲ့အတူနေပါတယ်။ ဦးတိဿမှာ အငယ်ဆုံးလည်းဖြစ် အိမ်ထောင်ကလည်းမပြုသေး၊ နောက်ပြီးမိဘတွေနဲ့ အတူနေတဲ့ မိသဲစုလေးကို ဂရုတစိုက်ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာဆိုရင်လည်း သူများထက်အောက်တန်းမကျရအောင် တက္ကသိုလ်ဘွဲ့ရတဲ့အထိ ဦးတိဿကပဲ ချီးမြှင့် ထောက်ပံ့ပေးခဲ့ပါတယ်။ မြန်မာပြည်အနှံ့ မိဘတွေကိုဘုရားဖူးပို့ပြီဆိုရင်လည်း မိသဲစုက နောက်ကနေထပ်ကြပ်မကွာ ပါပြီးသားပါပဲ။


ဦးတိဿကလည်း မိသဲစုအပေါ် ကြည့်ရှုစောင့်ရှောက်သလို မိသဲစုကလည်း အစ်ကိုဖြစ်တဲ့ ဦးတိဿအပေါ် ဂရုတစိုက် ရှိခဲ့ပါတယ်။ ဦးတိဿ မန္တလေးကနေ အကြောင်းကိစ္စနဲ့ရပ်ရွာကို ရောက်လာပြီဆိုရင်လည်း မိသဲစုကပဲ ဆွမ်းကွမ်းဝေယျာဝစ္စတွေကို တာဝန်ယူပြီး ချက်ပြုတ်ဆက်ကပ်ပေးပါ တယ်။ သင်္ကန်းဆိုရင်လည်း ဖွတ်လျှော်ပြီး မီးပူတိုက်ပေးရ၊ ဦးတိဿကြိုက်တတ်တဲ့ ဆွမ်းဘောဇဉ်ကိုလည်း မရိုးအောင် ချက်ပြုတ်ပေးလိုက်ရနဲ့ မိသဲစုမှာလည်း အစ်ကိုဦးဇင်းအတွက် မောတယ်ပန်းတယ်လို့ မရှိပါဘူး။ အဲဒီလို မောင်နှမနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကျေးဇူးတွေပြုပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြတာကိုပဲ ပတ်ဝန်းကျင်က ချီးကျူးဂုဏ်ယူနေကြပါတယ်။ အားကျမက်မောနေကြတဲ့ သူတွေလည်းရှိကြလေရဲ့။


ဦးတိဿရဲ့ မွေးရပ်ဇာတိကလေးက မြို့နဲ့အလှမ်းမဝေးလေတော့ မြို့ပေါ်က ကုန်စိမ်းသည်တွေ၊ ကုန်ခြောက်သည်တွေ၊ နောက်အသားငါးသည်တွေဟာ နေ့စဉ်နေ့တိုင်း လိုလို လာရောက် ရောင်းချနေကြပါတယ်။ တစ်ချို့ကျပြန်တော့လည်း ရွာထဲကပဲတွေ၊ နှမ်းတွေ၊ စပါးတွေ၊ ကြက်ဘဲစတဲ့ တိရစ္ဆာန်တွေကို ၀ယ်ယူပြီး မြို့ပေါ်ကို ရောင်းချနေကြတဲ့ ကုန်သည်ယောင်ယောင်၊ ပွဲစားယောင်ယောင် တွေလည်း ရှိနေကြပါတယ်။


အဲဒီအထဲမှာ မြို့ပေါ်က အမဲသားတွေကို ရွာထဲကိုလာရောင်း၊ ရွာထဲက သားသတ်နွားတွေကို မြို့ပေါ်မှာတက်ရောင်းနေတဲ့ ယာကွတ်ဆိုတဲ့ လူလည်းပါပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဧည့်သည်လာရင် ၀မ်းသာကြသလို ဧည့်သည်ပြန်ရင် လည်း လွမ်းတတ်ကြတဲ့အလေ့အထဟာ အခုချိန်ထိ အရိုးစွဲနေကြတုန်းပါပဲ။ နောက်ပြီး ရိုးသားဖြူစင်လှတဲ့ တောသူတောင်သားတွေဟာ ဧည့်သည်ဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ မရှိရှိရာကရှာကြံပြီး ဧည့်ခံတတ်ကြပါတယ်။


အဲဒီအထဲမှာ ဦးတိဿရဲ့ ခမည်းတော်ဦးလွန်းကြွယ်နဲ့မယ်တော်ဒေါ်ခင်မိုးတို့လည်း ပါပါတယ်။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ဟာ မြို့ပေါ်က အမဲအသားအရောင်းအ၀ယ် လုပ်နေတဲ့ ယာကွတ်ဆိုတဲ့ လူနဲ့လည်း ရင်းနှီးကျွမ်းဝင်နေကြပါတယ်။ သူတို့မြို့ကို သွားရင်လည်း ယာကွတ်ကကျေပြွန်အောင် ဧည့်ခံတတ်ကြသလို ကိုယ့်ဆီလာရင်လည်း ဧည့်ဝတ်မပျက်စေရပါဘူး။


ယာကွတ်ကလည်းဦးလွန်းကြွယ်ကြိုက်တတ်တဲ့ အမဲခြောက်၊ အမဲအူ၊ အမဲသဲစတဲ့ ကောင်းပေ့ဆိုတဲ့ အသားတွေကို ပို့ပေးသလို ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ကလည်း သူတို့ ယာကထွက်တဲ့ သစ်သီးဝလံတွေကို လူကြုံနဲ့တစ်လှည့်၊ သမီးနဲ့တစ်ဖုံ ပို့ခိုင်းခဲ့ပါတယ်။


အဲဒီတော့ ပညာတတ်ဘွဲ့ရလည်းဖြစ်၊ တစ်ရွာလုံးမှာ အချောဆုံးအလှဆုံးလည်းဖြစ်၊ နောက်ပြီး ဦးတိဿရဲ့အရှိန်အ၀ါကြောင့် ဘယ်လူပျိုကာလသားကမှ မော်မကြည့်ရဲတဲ့ မိသဲစုလေးဟာ သားသတ်နွားသတ်တဲ့ ယာကွတ်နဲ့အတော်ပင် ရင်းနှီးကျွမ်းဝင်နေကြပါတယ်။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့က လည်း အမဲသားမျက်နှာကြောင့် ယာကွတ်နဲ့သမီးတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို တားမြစ်ပိတ်ပင်ဖို့ ပျက်ကွက်ခဲ့ပါ တယ်။

ကျားဆိုတဲ့သတ္တ၀ါဟာ သားကောင်ကိုတွေ့တဲ့အခါ သနားတယ်ဆိုတာ မရှိသလို သူ့ရဲ့စက်ကွင်းထဲကို ရောက်လာတဲ့အခါမှာလည်း အလွတ်ပေးတယ်ဆိုတာလည်း မရှိပါဘူး။ အဲဒီတော့ ဦးတိဿရဲ့ အသည်းနှလုံးတွေနဲ့ စုပုံပြီး ချစ်ခဲ့ရတဲ့ မိသဲစုဆိုတဲ့ ယုန်သူငယ်မလေးဟာ သားသတ်ယာကွတ်ဆိုတဲ့ ကျားရှေ့မှာ မှောက်လျက်လဲသလိုမျိုး ဖြစ်ခဲ့ရပါတယ်။


ဒီအကြောင်းကို မန္တလေးမြို့ပေါ်မှာ စာချဘုန်းကြီးအဖြစ် သတင်းလည်းကြီး၊ တရားဟောဘက်မှာလည်း ထူးချွန်လှတဲ့ ဦးတိဿခမျာ ဘယ်လိုမှမသိရှာခဲ့ပါဘူး။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ရဲ့ ပြုမူပုံတွေကို ရပ်ထဲရွာထဲက မျက်စိစပါးမွှေးစူးနေကြတဲ့ ရွာသူရွာသားတွေကလည်း မျက်နှာတောင် ကောင်းကောင်း မော်မဖူးရဲကြတဲ့ ဦးတိဿကြီးကို ဘယ်သူမှလည်း မလျှောက်ရဲကြသလို လျှောက်ဖို့ရာမှာလည်း အခွင့်မကြုံခဲ့ကြပါဘူး။


ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကလည်း သားသတ်သမားယာကွတ်နဲ့ သမီးဖြစ်သူ မိသဲစုတို့ရဲ့ အခြေအနေကို တကယ်ပဲမသိရော့လေသလား၊ ဒါမှမဟုတ် အမဲသား မျက်နှာကြောင့် သိသိကြီးနဲ့ လွှတ်ပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းခံရမယ့်အခြေအနေဆိုတော့ ဘယ်သူမ မမေးမြန်းကြပါဘူး။ ဒီလိုအကြောင်းအကျိုးတွေကြောင့် ယာကွတ်နဲ့မိသဲစုတို့ရဲ့သံယောဇဉ်နှောင်ကြိုးဟာ ပိုလို့ပင် ချည်မိလျက်သား ဖြစ်နေပါတော့တယ်။


တစ်နေ့မှာ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ဟာ သူ့ရဲ့သမီးချောချောလှလှလေး မိသဲစုကို သားသတ်သမားထံ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ ပဲဆီနှင့်ခြံကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ လက်ဆောင်ပေးဖို့ရန် မြို့ကိုတစ်ယောက်တည်း လွှတ်လိုက်ပါတယ်။ သမီးဖြစ်သူဟာ မြို့ကို တစ်ခေါက်ခေါက်သွားရင် အနည်းဆုံး နှစ်ညအိပ် သုံးညအိပ် ကြာတတ်ပါတယ်။


အခုလည်းပဲ မိသဲစုသွားတာဟာ နှစ်ညအိပ်သုံးရက်ရှိပြီမို့ သမီးပြန်လာမယ့် လာလမ်းကိုသာ မှန်းမျှော်လို့ စောင့်ကြိုနေပါတယ်။ ဒါပေမယ့် သမီးကတော့ ပြန်မလာပါဘူး။ သူ့ရဲ့ကိုယ်စား “ ဖေဖေနဲ့မေမေ သမီး ယာကွတ်နဲ့လက်ထပ်လိုက်ပါပြီ။ သမီးကိုခွင့်လွှတ်ပါ“ဆိုတဲ့ လူကြုံနဲ့ပို့လိုက်တဲ့ စာလွှာလေးပဲ ပြန်လာပါတော့တယ်။


ဒီအကြောင်းကို ကြားသိသွားတဲ့ ဦးတိဿလည်း မန္တလေးကနေရွာကို ကပျာကယာနဲ့ ပြန်လာခဲ့ပါတယ်။ ရွာပြန်ရောက်တော့အသည်းပုံပြီးချစ်ခဲ့ရတဲ့ ညီမရဲ့ကယောက်ျားက လူမျိုးခြား၊ ဘာသာခြားဖြစ်နေတယ်ဆိုတဲ့ အသံလည်းကြားရော ယမ်းပုံမီးကျသလို အပြင်းအထန်ပေါက်ကွဲတော့တာပါပဲ။ ပိုပြီးဆိုးတာက မိသဲစုလေးရဲ့ ယောက်ျားက လူပျိုလူလွတ်မဟုတ်ဘဲ သားသမီးငါးယောက်အဖေ ဖြစ်နေပါသတဲ့။


ဒါပေမယ့် မိသဲစုခမျာ လှပတဲ့အပျိုရည် နဂိုလို ပြန်မဖြစ်လာတာကတစ်ကြောင်း "ပေါက်တဲ့နဖူး မထူးဘူး“ဆိုပြီး ဖြစ်ရတာကတစ်ကြောင်း၊ နောက်ပြီး မိဘည်ီကိုမောင်နှမ ကြားမှာ မျက်နှာမလှ အရှက်ရတာကတစ်ကြောင်းဆိုတော့ အဲဒီလူမျိုးခြား ဘာသာခြားရဲ့မယားငယ်အဖြစ်နဲ့ပဲ စုံးစုံးမြှုပ်သွားရပါတယ်။ အခုဆိုရင် မိသဲစုမှာ သားသမီးတွေတောင်ရနေပါပြီ။ သားသမီးတွေအားလုံး ဗုဒ္ဓဘာသာဝင်မဟုတ်ကြသလို မိသဲစုကိုယ်တိုင်ကလည်း ဘာသာပြောင်းပေးလိုက်ရတဲ့အထိဖြစ်သွားပါတယ်။


နောက်ပိုင်းကြားသိရတာက မိမိကို ပညာလည်းသင်ပေး၊ အစ်ကိုအရင်းလည်း ဖြစ်တဲ့ ဦးတိဿကြီးကိုတောင် ရှိခိုးဦးချခိုင်းလို့ မရတော့ပါဘူးတဲ့။ ဒီအကြောင်းလေးဟာ “ပြောမယုံ ကြုံမှသိ“ ဆိုတာမျိုးလို မကြုံဖူးပဲနဲ့ ပြောမယ်ဆိုရင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒီအကြောင်းဟာလည်း လုပ်ကြံပြီးရေးထားတာလည်း မဟုတ်ပါဘူး။ အထက်အညာရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အိမ်ထောင်ပြုတာ စည်းကမ်းမရှိတဲ့ မိသဲစုကိုပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ် အမျိုးသားရေးနဲ့ပတ်သက်ပြီး သွန်သင်ဆုံးမမှု ပျက်ကွက်ခဲ့တဲ့ ဦးတိဿကြီးကိုပဲ အပြစ်တင်ရမလား ။ နောက်ပြီး သားသမီးကို ဆိုဆုံးမမှုမပြုပဲ လမ်းမှားရောက်အောင် ပို့ပေးတဲ့ မိဘတွေဖြစ်တဲ့ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကိုပဲ အပြစ်တင်ရမလား စဉ်းစားစရာဖြစ်ပါတယ်။


မိမိက ဘာသာရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ဦးဆောင်ဦးရွက် ရှိနေပေမယ့် အမျိုးသားရေးဘက်မှာတော့ တစ်လုံးတစ်ပါဒမျှ သွန်သင်ဆုံးမမှုမရှိခဲ့တဲ့အတွက် အခုလို "အိတ်ပေါက်နဲ့ဖားကောက် "သလိုမျိုး ဖြစ်သွားရတာဖြစ်ပါတယ်။


နောက်ပြီး ငါ့ညီမ၊ ငါ့ဆွေမျိုး၊ ငါ့အသိုင်းအ၀ိုင်းထဲမှာ ဒီလိုလူမျိုးခြား၊ ဘာသာခြားနဲ့ဘယ်တော့မှ မညားလောက်ပါဘူးဆိုပြီး အန္တရာယ်ကို အထင်သေးခဲ့တာတွေလည်း ပါပါတယ်။ အဲဒါကြောင့် ရဟန်းတော်များအနေနဲ့ “အိတ်ပေါက်နဲ့ဖားကောက်“သလိုမျိုး မဖြစ်ရအောင် ကိုယ်နဲ့နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ အမျိုးသားရေးသတိ၊ ဘာသာရေးအသိအမြင်တွေ ပြန့်ပွားအောင် နိုးနိုးကြားကြားလေးတော့ ရှိနေစေချင်ပါတယ်။

ကျမ်းညွှန်း-အရှင်ပညောဘာသ (ဖိုးပညော-သပိတ်ကျင်း)

သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ ဒါရိုက်တာကြီးက လမ်းဘေးမှာ ဘ၀ကစုတ်ပြတ်နေတဲ့ ဘာသာခြား ကောင်မလေးကို ကယ်တင်ပေးရင်း သံယောဇဉ်တွေ တွယ်ခဲ့ကြတယ်။ ဒါပေမယ့် တစ်နေ့မှာ လူရာသွင်းဖို့ အတွက် လက်ထပ်ဖို့ ကောင်မလေးကိုပြောတော့ ဘာသာခြားကောင်မလေးက သူ့ဘာသာထဲမ၀င်နိုင်ရင် ရှင့်ကို လက်မခံဘူးတဲ့။ ကျွန်တော် မြင်နေတာကတော့ မြန်မာလူမျိုး ဗုဒ္ဓသာသနာဝင်တွေဟာ အခြားသော ဘာသာဝင်တွေလောက် ခံယူချက်မပြင်းထန်ကြပါဘူး။ ငွေကြေးနဲ့ အောင်မြင်မှု အနည်းငယ်လောက်အတွက် သံသရာနဲ့ ရင်းရဲကြတာကိုလည်း အံ့သြမဆုံး ဖြစ်မိပါတယ်။အချို့ကျတော့လဲ အသက်နဲ့ရင်းပြီးကို ခံယူချက်ပြင်းထန်တာကို ကိုယ်တွေ့ကြုံဖူးပါရဲ့ ။ လူဦးရေ သန်းငါးဆယ်ကျော်နဲ့ ယှဉ်လိုက်ရင်တော့ (မတန်မရာ လိုက်တုပြီး နမူနာပေးရရင်) မြတ်စွာဘုရားရှင် ရဲ့ လက်သဲခွံပေါ်က မြေမှုန့်လေးတွေနဲ့ မဟာပထ၀ီ မြေကြီးနဲ့ ကွာသလောက် ဖြစ်နေတာကို ရင်နာမဆုံးလို့။

4 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အားလုံးရဲ့အမှားပါ။ မိဘနှစ်ပါးလဲ အခုလို လွတ်မထားသင့်ပါဘူး။ များသောအားဖြင့် မိန်းခလေးငယ်ငယ်ဆိုတာ တိမ်းလွယ်ယိမ်းလွယ်တွေပါ။
မိဘနှစ်ပါးက သတိထားပြီး သွန်သင်ဆုံးမသင့်ပါတယ်။ ပြီးတော့ ဦးတိဿကိုယ်တိုင်ကလဲ သူ့အိမ်ကို ယာကွတ်တစ်ယောက် ၀င်ထွက်နေတဲ့အကြောင်း မသိဘဲ မနေဘူးလို့ထင်ပါတယ်။ နံရံအားလုံးနားရှိနေတဲ့ခေတ်မှာ ရပ်ရွာသတင်းမကြားရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အားလုံးအတွက် သင်ခန်းစာတစ်ပုဒ်ပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

JUSTICE999BURMA said...

ကျနော်တော့ ဒီဖက်ခေတ်ခါရဲ့ လက်တွေ့ ဘ၀ အတိုင်း ဝေဖန်ချင်ပါတယ်..

မိသဲစုနဲ့  မိဖ ၂ ပါးဟာ ယာကွတ်မှာ မယားကြီးနဲ့  သားတွေ သမီးတွေ ရှိတယ်ဆိုတာ ဘာ့ကြောင့်မသိရတာလဲ... မြို့ကိုအခေါက်ခေါက် သွားနေတယ်ဆိုရင် တစ်ခါမှ မစုံစမ်းတာလား၊ ဒါမှ မဟုတ် စိတ်ကိုမ၀င်စားတာလား၊ (ရေးသားသူရဲ့ စာထဲမှာ ယာကွတ်ဟာ အိမ်ထောင်သည်ဆိုတာမိသဲစုနဲ့  လက်ထက်လိုက်ပြီးမှ သိတဲ့ပုံမို့ ပါ။)

ဘယ်လိုသော မြန်မာ အမျိုးသမီး/သားမှ အိမ်ထောင်ကြီးနဲ့  သတ္တ၀ါကို စုံလုံးကန်းပြီး ပစ်မယူတတ်ကြပါဘူး။ ထို့ အတူ မိဖတွေဆို ပိုပြီး ကန့် ကွက်မှာပါ...

အဲ့တော့ ကျနော်ထောက်ပြချင်တာက ဘာသာရေးလဲ မဟုတ်ဘူး၊ လူမျိုးရေးလဲ မဟုတ်ပါဘူး။

မြန်မာတွေမှာ လိုအပ်နေတာ ပွင့်လင်းတဲ့ (လိင်ကိစ္စကိုပြောခြင်းမဟုတ်) ၊ ရဲတင်းသွက်လက်မှု၊ စုံလုံးပိတ်ဝါဒကို စွန့် လွှတ်မှု၊ ခေတ်ခါအလိုက် ပြောင်းလဲနိုင်မှု၊ ခေတ်နဲ့  မပြတ်တဲ့ အင်ဖော်မေးရှင်းရယူနိုင်မှု ပါပဲ....

မဆိုင်ဘူးလို့  တော့ မပြောလိုက်ကြစေချင်ဘူး...
အကယ်၍သာ သွက်လက်ထက်မြက်တဲ့ ခေတ်မှီတဲ့ မိသဲစုဖြစ်နေရင် ယာကွတ်ဆိုတဲ့ကောင် မိန်းမရှိမှန်း သိနိုင်ပါတယ်.... အဲ့တော့ ဘာလိုလဲ လို့ ပြောရမယ်ဆိုရင် .... “ရဲတင်းသွက်လက်မှု၊ မေးမြန်းစုံစမ်းနိုင်မှု၊ (မရှက်မကြောက်ပဲ)” ပါပဲ....

မြန်မာတွေမှာ “မလိုလားအပ်တဲ့ ရှက်ကြောက် ခြင်း ဟာ အ ရိုး စွဲ သ ကဲ့ သို့ ရှိနေပါတယ်”

ကျနော်ကိုတိုင်အဲ့လိုပါပဲ....

ကျေးဇူးတင်ပါတယ်..

ကိုဇော် said...

အားနာလို့ ခါးပါတာပါပဲ။
ပြီးတော့ မြန်မာတွေမှာ အဲဒီ လက်ဆောင် ပဏ္ဍာကြောင့် သားသမီးတွေကို ပေးလိုက်ရတယ် ဆိုတာ ဟိုးရှင်ဘုရင်တွေ လက်ထက်ထဲက ရှိနေခဲ့တာပဲလေ။ မိဘတွေ တော်တော်ကို ဂရုစိုက်ဖို့ သင့်တယ်။

ရွှေရတုမှတ်တမ်း said...

မိသဲစုက တက္ကသိုလ်ဘွဲ့ရဆိုတော့ ယောင်္ကျားတွေနဲ့ သိတ်မစိမ်းလောက်ပါဘူး..
ဘာသာခြားကိုယူဖို့ဆိုတာ တောသူတောင်သားက ပိုလို့တောင် ရှောင်ကြပါသေးတယ်..imformation တခုခုတော့မှားနေတယ်ထင်တယ်..အနေနီးလို့ ယူစရာယောင်္ကျားမရှိလို့ သီဘောမင်းသမီးတော် ဒလဝမ်ကုလားနဲ့ လိုက်ပြေးတယ်ဆိုတာက သမီးကညာအရွယ်ရောက်ချိန် လင်လိုချင်နေတုန်းဖြစ်တာမို့ အပြစ်မရှိပါဘူး..ရွေးစရာတွေ နံဘေးမှာ များနေတဲ့ မိန်းမလှတယောက်က ကလေး၅ယောက်အဖေ(ယူပြီးမှသိသတဲ့..ဒီလောက်သူ့အိမ်ရောက်နေတာမသိဘူးတဲ့..အံ့ရော)..ဘာသာခြားတယောက်ကို ယူတယ်ဆိုတာ ဇတ်နာအောင် တမင်ရေးထားတဲ့ အပေါစားဝတ္ထုတိုလိုပဲ ဘကျောက်တို့ယောင်္ကျားတွေတောင် ဘာသာခြားရင် တော်တော်ကြိုက်လွန်းမက ကြိုက်မှ စဉ်းစားတတ်တာမျိုးကို..တကယ်အဖြစ်မှန်သာဆိုရင်.ဘုန်းကြီးနှမက (အဲဒီအချိန် လင်ဆာနေလို့ ပဲလို့ မှတ်ချက်ပေးပါတယ်)..
မိုးယံရေ..အဲလို ဇတ်နာအောင်ရေးတဲ့ forward mail သောင်းခြောက်ထောင်တွေ ဘကျောက်ဆီ အပြုံကြီးရောက်လာတတ်လွန်းလို့ ခုနောက်ပိုင်း ဖတ်လဲမဖတ်တော့ဘူး..ယုံလဲမယုံတော့ဘူး..တယောက်ယောက်က ခပ်ညံ့ညံ့ ဇတ်တွေ ဖန်တီးပြီးရေးနေသလိုပဲ