Thursday, December 1, 2011

စင်္ကာပူကို မလာခင် သိထားရမည့် အချက်များ



မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။

ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။

ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊

အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။

အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။

အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင့် လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများ လက်အောက်တွင် အလုပ်လုပ်သော အခါမှ ဘ၀ ကို စတင်ရင်ဆိုင် ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။

Source by :**အိုင်တီမောင်မောင်**
http://jacbaburma.blogspot.com

3 comments:

Law Shay said...

အစိုးရကျောင်းတွေမှာ တနာရီ ၈ ဒေါ်လာကနေ တနာရီ ၄၀ ဒေါ်လာအထိ ရတဲ့ အလုပ်တွေ ရှိပါတယ်။ ပထမ စာသင်နှစ်ဝက်ပြီးတာနဲ့ ရှာဖွေပြီး လုပ်နိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင် ရှာဖွေပြီး လုပ်နေပါတယ်။ လုပ်လို့ရပါတယ်။ တရားဝင် ၁၆ နာရီအထိ (တပါတ်ကို) လုပ်နိုင်ပါတယ်။

ပြဿနာက ကျွန်တော်က အဲဒီအလုပ်တွေ ရှိတယ်ပြောလိုက်တိုင်းမှာ မြန်မာကျောင်းသားတွေက မလုပ်ချင်ကြတာပဲ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းစာမို့လို့ ခေါင်းရှုပ်တယ်ဆိုပြီး ဆဲဗင်းအလဲဗင်းတို့ ဘာတို့မှာ ဈေးရောင်းတဲ့ တနာရီ ၄ ဒေါ်လာတန် အလုပ်မျိုးပဲ ခေါင်းအေးတယ်ဆိုပြီး လုပ်ကြပါတယ်။ ဘာအကျင့်လဲတော့ မသိပါဘူး။

အစိုးရကျောင်းတွေမှာ ကျောင်းက စာစစ်တာ၊ စာသင်တာ စတဲ့အလုပ်တွေလုပ်ရင် လူလူသူသူ ဂုဏ်လဲရှိ၊ အတွေ့အကြုံလဲရတဲ့အပြင် အလုပ်ရှာဖို့ ကိုယ်ရေးမှတ်တမ်း (စီဗွီ) ရေးတဲ့အခါမှာလဲ ထည့်ရေးရင် မျက်နှာပန်းလှပါတယ်။

ညိမ်းနိုင် said...

ပြောစရာတော့အများကြီးပဲ...ထားပါတော့....စလုံးက ကိုကို
မမတွေပြောကြပါလိမ့်မယ်...:)))၊အရေးအကြီးဆုံးတစ်ခု
ပဲပြောပါတော့မယ်...၊စလုံးကိုလာတဲ့သူတွေမှာ အလိုအပ်
ဆုံးကတော့ ကံ ပါပဲ...၊ဘီအီးနဲ့ပြီး ပြီး အလုပ်မရလို့ပြန်
သွားရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...၊ဘာမှသိပ်
မတတ်ဘူး...၊ဒါပေမယ့် အလုပ်ကောင်းကောင်းရသွားတဲ့
ဘွဲ့ရသူငယ်ချင်းတစ်ယောက်ရှိတယ်(ပြီးခဲ့တဲ့တနင်္ဂနွေက
တောင် ပန်နစူလာမှာတွေ့လို့စကားပြောဖြစ်သေး၊တပတ်
လုံးနေလို့ တစ်နာရီစာအလုပ်မလုပ်ရဘူးတဲ့...၊ကဲ ဟန်
မကျဘူးလားဗျာ...:))။အချိန်ပိုင်းအလုပ်တွေလည်း ထို
နည်းလည်းကောင်းပါပဲ၊တနာရီ ၈ကျပ်အထက်ရတဲ့သူ
တွေရှိပါတယ်..၊တချို့ဆို ပုံမှန်လခစားသမားတွေ
ထက်တောင် ဝင်ငွေကောင်းသေးတယ်ဗျ...၊
နောက်တစ်ခုကတော့ ဘိလပ်စာ၊တရုတ်စာ လုပ်လာ
စေချင်ပါတယ်၊ဂျီတီအိုင်၊ဘီတက်ခ်ျ၊ဘီအီးသမားတွေ
ရော၊သာမန်ဘွဲ့ရတွေပါ အော်တိုကက် သင်လာစေချင်
ပါတယ်...။ပြောရရင် ကံနဲ့ ပညာသာ အားကိုးလာခဲ့
ကြပါဗျိုး....၊ကျန်တာကတော့ ပန်နစူလာမှာ အားလုံး
ဖြေရှင်းလို့ရပါကြောင်း.....:)))

ကိုကိုမောင်(ပန်းရနံ့) said...

လာတဲ့သူတွေကလာပြီး လုပ်စားတဲ့သူတွေကလဲ လုပ်စားကြဦးမှာပါဘဲလေ။ ကိုယ်တွေ့ကြုံဖူးမှ လူတွေက ယုံတတ်ကြတဲ့အမျိုးကလား။