Tuesday, December 27, 2011

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) ရန်ကုန်မြို့တွင် ကွယ်လွန်



အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ)

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) သည် ရန်ကုန်မြို့ ဗဟိုစည် အထူးကုဆေးရုံကြီး၌ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကင်ဆာရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိသည်။ ကဗျာဆရာညွန့်ဝေ(ကသာ)သည် ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်ပြီး လုံးချင်းစာအုပ် ငါးအုပ်၊ ကဗျာပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီးဖြစ်ကာ သားနှစ်ဦးနှင့် မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။

ဆရာညွန့်ဝေ(ကသာ)၏ အမည်ရင်းမှာ ဒေါက်တာသိန်းညွန့်ဖြစ်ပြီး ၁၉၃၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ (သောကြာနေ့) တွင် တောအုပ်ကြီး ဦးလေးမောင်၊ ဒေါ်အိမ်တို့မှ မွေးဖွားသော မွေးချင်းခြောက်ယောက်အနက် တတိယမြောက်သားဖြစ်သည်။ ဇာတိ ချက်မြှုပ်မှာ တောင်တွင်းကြီးမြို့ ဖြစ်သော်လည်း ကသာမြို့တွင် ကြီးပြင်းခဲ့သည်။ အသက် ၁၅ နှစ်သား ရှစ်တန်းကျောင်းသားဘ၀တွင် ပထမဆုံး ပုံနှိပ်ကဗျာ သတင်းစုံဂျာနယ်တွင် ပါဝင်ခဲ့သည်မှ အစပြု၍ ပဒေသာ၊ ရှုမ၀၊ ငွေတာရီနှင့်မြ၀တီ၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားပြီး ကဗျာစာပေလောကတွင် ခြေချခဲ့သည်။ အိမ်ထောင်ဖက်မှာ တရားရုံးချုပ်ရှေ့နေ ဒေါ်ဝေေ၀လွင်(ကွယ်လွန်) ဖြစ်ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရုရှားနိုင်ငံ မော်စကို ဆေးပညာတက္ကသိုလ်မှ Plastic Surgery ပါရဂူ ဘွဲ့ရရှိခဲ့သည်။

ကဗျာဆရာညွန့်ဝေ(ကသာ) ၏ ထုတ်ဝေပြီး လုံးချင်းစာအုပ်များမှာ သိမှတ်ဖွယ်ရာ ဆေးပညာ(ပညာအလင်း စာပေ) ၁၉၆၇ခုနှစ်၊ 'ဇော' ဆေးပညာ ပေးဝတ္ထုရှည်(စာပေဗိမာန်)၊ စိတ်ပြတင်းကဗျာများ (ဂုဏ်ထူးစာပေ)၊ ၁၉၉၂ခုနှစ်၊ ရင်မှဆင်းသော မြစ်တစ်စင်း(ဂုဏ်ထူးစာပေ) ၁၉၉၈ ခုနှစ်နှင့် လည်ပြန်အငဲ့ (ကံ့ကော်မြိုင်စာပေ) ၂၀၀၉ ခုနှစ်တို့ဖြစ်ကြပြီး စိတ်ပြတင်း ကဗျာစာအုပ်ဖြင့်အမျိုးသားစာပေဆု (ကဗျာ)ကို ၁၉၉၂ ခုနှစ်အတွက်ရရှိခဲ့ သည်။ ၂၀၀၈ ခုနှစ်တွင်နိုင်ငံတော်မှ ၀ိဇ္ဇာပညာထူးချွန်ဆု(ဒုတိယအဆင့်) ချီးမြှင့်ခြင်းခံရပြီး ၂၀၀၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ စာပေတစ်သက်တာ စာပေဆုချီးမြှင့်ခြင်းခံခဲ့ရသည်။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆု ရွေးချယ်ရေးကော်မတီဝင်အဖြစ် ယနေ့ထက်တိုင် ဆောင်ရွက်နေဆဲဖြစ်သည်။ သက်ပြည့်အငြိမ်းစားယူပြီးဖြစ်သော်လည်း ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ၀န်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံဆေးပညာရှင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သည်။ ၀န်ထမ်ဘ၀မှ အငြိမ်းစားယူပြီးဖြစ်သော်လည်း(Plastic Surgery) ပညာဖြင့် ခွဲစိတ်ဓားကို နိစ္စဓူဝကိုင်စွဲ ခွဲစိတ်ကုသပေးခဲ့သလို ကဗျာကလောင်ကိုလည်း ဆက်လက်ပြိုင်တူကိုင်စွဲ ရေးသားခဲ့သူဖြစ်သည်။ ထို့အပြင် ဆေးသိပ္ပံတက်ရောက်စဉ် ၁၉၆၀ ၀န်း ကျင်ကာလများက ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ကဗျာဆရာညွန့်ဝေ (ကသာ) သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဗဟိုစည်အထူးကုဆေးရုံကြီးသို့ တက်ရောက်၍ သုံးပတ်ကြာဆေးကုသမှုခံယူပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးအအေးခန်းမှ ပို့ဆောင်မီးသဂြိုဟ်မည်ဟု သိရသည်။

Source by :http://www.news-eleven.com/

3 comments:

မောင်သီဟ said...

စိတ်မကောင်းစရာပါပဲ
ကောင်းရာဘုံဘဝ လှမ်းရပါစေ....

ကိုရင် said...

ကောင်းကင်ဘုံမှာ အေးချမ်းနိုင်ပါစေ..

mstint said...

ဆရာကြီး ရောက်ရာဘုံဘဝမှာ စစ်မှန်သော တရားထူး
တရားမြတ်တွေရပါစေ။

မေတ္တာဖြင့်
အန်တီတင့်