Wednesday, February 2, 2011

ယခုနှစ်တွင် ရန်ကုန်မြို့သို့ ရေပေးဝေနေသော ရေအရင်းအမြစ်များ လျော့နည်းခဲ့ပြီး လှော်ကားကန်မှာ လျော့နည်းမှုအများဆုံးဟု သိရ

6184
ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ပထမအဆင့်(အထရု) ကို တွေ့ရစဉ်

ယခုနှစ်တွင် ရန်ကုန်မြို့သို့ ရေပေးဝေနေသော ရေအရင်းအမြစ်များ လျော့နည်းမှု ရှိခဲ့သည်ဟု သိရပြီး လှော်ကားကန်မှာ လျော့နည်းမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

အဓိကပေးဝေနေသည့် ရေအရင်းအမြစ်များတွင် လျော့နည်းကျဆင်းမှုများ ရှိခဲ့သည့်အတွက် မြို့နေလူထု သောက်သုံးရေပြည့်ဝစွာ ရရှိရေးတွင် ရေအားဖြည့်စီမံကိန်းများဖြင့် ရေအရင်းအမြစ်များသို့ ဖြည့်တင်းကာ လျော့နည်းမှု မရှိစေရေး ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေ/သန့်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့သို့ အဓိက ရေပေးဝေလျက်ရှိသော လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူကန်နှင့် ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ပထမအဆင့်(အထရု)တို့မှ ရေပေးဝေလျက်ရှိရာတွင် လှော်ကားကန်၊ ဂျိုးဖြူကန်နှင့် ငမိုးရိပ်စီမံကိန်း တို့မှ ရန်ကုန်မြို့တွင်းသို့ တိုက်ရိုက် ရေပေးဝေမှုရှိသည်ဟုသိရပြီး ဖူးကြီးမှာ လှော်ကားကန်သို့ ရေဖြည့်လျက်ရှိကာ ထိုမှတစ်ဆင့်မြို့တွင်းသို့ ပေးဝေနေသည်ဟု သိရသည်။

ယင်းသို့ ရေအရင်းအမြစ်များမှ ပေးဝေလျက်ရှိရာတွင် ဖူးကြီးကန်သည် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလ၌ ရေလျှံသည်အထိရေအ၀င်ကောင်းခဲ့ပြီး လှော်ကားကန်သို့ နေ့စဉ်ရေဂါလန် ၅၄ သန်း ဖြည့်တင်းပေးလျက်ရှိသည်ဟု သိရသည်။ သို့သော် ပြီးခဲ့သည့် မိုးတွင်းကာလတွင် ဖူးကြီးကန် ၌ ယခင်ကဲ့သို့ မိုးရေလျှံခြင်း မရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် လှော်ကားကန်မှာလည်း ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့တွင် တိုင်းတာချက်အရ ကန်ရေချို အကျများခဲ့ပြီး ၄၆ ပေ ၅ လက်မသာ ရှိခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း ရေပြန်တက်နှုန်း နည်းပါးခဲ့ပြီး ၂၀၁၁ နှစ် ဆန်းပိုင်းတွင် ၄၉ ပေခန့်သာရှိသည် ဟု သိရသည်။ မိုးရေချိန်မှာလည်း ၆၃ လက်မသာ ရရှိခဲ့ခြင်းကြောင့် ကန်ရေကျဆင်းမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ အဆိုးဝါးဆုံး စံချိန်တင် ကျဆင်းမှုအဖြစ် ၂၀၀၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ကန်ရေအမြင့် ၄၃ ပေသာရှိခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းမှု အားကောင်းပါက ပြန်လည်မြင့်တက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ၅၁ ပေ ၁၀ လက်မ၊ ၂၀၀၈ ခုနှစ်တွင် ၅၅ ပေ ၆ လက်မကျော်၊ ၂၀၀၉ခုနှစ် တွင် ၅၀ ပေ ၆ လက်မကျော်ဖြစ်ခဲ့ပြီး ၂၀၁၀၊ ၂၀၁၁ တွင် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါ သည်။


လူနေဧရိယာတိုးလာပြီး သစ်ပင်သစ်တော နည်းပါးလာတာက ရေအရင်းအမြစ် နည်းပါးလာရတဲ့ အကြောင်းရင်းပါပဲ

ရန်ကုန်မြို့သို့ ပေးဝေနေသော ရေအရင်းအမြစ်များအနက် လှော်ကားကန်သည် ရာခိုင်နှုန်း ၅၀ ခန့် ရေပေးဝေနေသော ရေလှောင်ကန် ဖြစ်သောကြောင့် ရေလျော့နည်းကျဆင်းလာမှုကို ကုစားသည့်အနေဖြင့် အောင်တံခွန် ရေအားဖြည့် စီမံကိန်း ကို ဆောင်ရွက်ပြီးစီးခဲ့သည်ဟု သိရ သည်။ ယင်းစီမံကိန်းကို မင်္ဂလာဒုံမြို့ နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ တံခွန် တိုင်ကျေးရွာအနီးတွင် တံခွန်တိုင် ချောင်းကိုပိတ်၍ ရေဂါလန်ရှစ်သန်းဆံ့ ရေလှောင်ကန်နှင့် ရေဂါလန်ရှစ်သိန်း ဆံ့ရေလှောင်ကန်နှစ်ခုတည်ဆောက် ကာစုဆောင်းရရှိလာမည့် သဘာဝ မိုးရေများကို လှော်ကားကန်အတွင်း ဖြည့်တင်းမည့် စီမံကိန်းဖြစ်သည်။ လှော်ကား ရေလှောင်ကန်အတွင်း နေ့စဉ်ရေဂါလန်သန်း ၄၀ ခန့် ဖြည့် တင်းနိုင်မည်ဖြစ်ပြီး ရာသီမရွေးနေ့စဉ် ဖြည့်တင်းနိုင်ရန်အတွက် ငမိုးရိပ် ရေလှောင်ကန်မှ ရေများကိုလည်း ရေသွယ်တူးမြောင်းများ ဆက်သွယ် ၍ ပေးဝေသွားမည်ဖြစ်သည်။ လှော်ကားကန်ကြီးမှာ ၁၉၀၄ ခုနှစ်မှစတင်ကာ ရေပေးဝေခဲ့သည့် ရေလှောင်ကန်ဖြစ်ပြီး ရေဂါလန်သန်း ၁၂၀၀၀ ဆံ့သည်ဟု သိရသည်။

"ဖူးကြီးကန်က ခါတိုင်းရေလျှံပေမယ့် ဒီနှစ်ရေမလျှံတော့ဘူး။ လှော်ကားကန်ကတော့ ကန်ထဲမှာရေဖြည့်တာ၊ မိုးရွာသွန်းမှုနည်းခဲ့တာ၊ ပြန်သုံးတာတွေနဲ့ အရင်က recover ဖြစ်ခဲ့ပေမယ့် အခု မနိုင်တော့လို့ အောင်တံခွန်စီမံကိန်းကို ဆောင်ရွက်တာပါ။ အဲဒီ စီမံကိန်းကြောင့် ရေပိုရလာပြီး လှော်ကားကိုဖြည့်ပေးနေတဲ့ ငမိုးရိပ် ပထမဆင့်ကနေ နေ့စဉ် ငါးသန်းနဲ့ ၁၂ သန်းကြား ပေးနေတဲ့ ရေတွေကို လှော်ကားကို မပေးတော့ဘဲ မြို့တွင်း ကို တိုက်ရိုက်ပေးဝေမှာပါ။ ဖူးကြီးကန်ကတော့ စိုးရိမ်စရာ မရှိသေးပေမယ့် ဂျိုးဖြူကန်မှာ ရှိနေပါတယ်။ သူက ကန်နက်ပြီး အေးတဲ့အချိန် အပေါ်ရေမျက်နှာပြင်နဲ့ အောက်က ရေအပူချိန် မတူတဲ့အခါ ရေနောက် တတ်ပါတယ်။ အဲဒီရေတွေကို သုံးစွဲ သူတွေဆီ တိုက်ရိုက်မရောက်အောင် ရေစစ်ကန်မှာ ရေစစ်ပြီးမှ ရေထုတ်ပို့တဲ့စနစ်ကို လုပ်ထားတာပါ။ အရင်က ရေလျှံတော့ ရေစစ်ကန်ကိုရေတွန်းပို့ စရာမလိုဘဲ ရေစစ်နိုင်ခဲ့ပါတယ်။ အခု ရေမလျှံတော့ ပန့်တွေ ပြန်ထိုင်ထားရပြီး အောက်ခြေအထိ ရေထုတ် သုံးလို့ရအောင် စီမံနေတယ်။ လူနေ ဧရိယာတိုးလာပြီး သစ်ပင်သစ်တော နည်းပါးလာတာက ရေအရင်းအမြစ် နည်းပါးလာရတဲ့အကြောင်းရင်းပါ ပဲ"ဟု အင်ဂျင်နီယာဌာ(ရေ/သန့်)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

လက်ရှိ ရန်ကုန်မြို့သို့ နေ့စဉ် ရေဂါလန်သန်း ၁၆၀ ကျော် ပေးဝေ လျက်ရှိသည်ဟု သိရပြီး တိုးပွားလာမည့် ရေသုံးစွဲမှု ပမာဏအတွက် ငမိုးရိပ်စီမံကိန်း ဒုတိယအဆင့်ကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ သို့ရာတွင် ပူပြင်းခြောက်သွေ့သော အချိန်အခါများနှင့် လျှပ်စစ်မီး ပြတ်တောက်ချိန်များတွင် ရန်ကုန်မြို့နေ ပြည်သူများသောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရဆဲပင်ဖြစ်သည် ဟု သိရသည်။

ရန်ကုန်မြို့သို့ ရေပေးဝေနေသည့် ရေလှောင်ကန်ကြီးများနှင့် အ၀ီစိတွင်းများမှ နေ့စဉ်ရေပေးဝေမှု

(၁) ဂျိုးဖြူရေလှောင်ကန် - ၂၇ သန်း(ရေဂါလန်)

(၂) ဖူးကြီးရေလှောင်ကန် - ၅၄ သန်း ( ။ )

(၃) လှော်ကားရေလှောင်ကန် - ၁၄ သန်း ( ။ )

(၄) ငမိုးရိပ်ရေလှောင်ကန်(ပထမဆင့်) - ၄၅ သန်း ( ။ )

(၅) ဒဂုံတောင် ရေပေးဝေရေးစခန်းအမှတ်(၁) - ၁ သန်း ( ။ )

(၆) ဒဂုံတောင် ရေပေးဝေရေးစခန်းအမှတ်(၂) - ၁ သန်း ( ။ )

(၇) လှိုင်သာယာရေပေးဝေရေးစခန်း(သဲဖြူ) - ၁ သန်း ( ။ )

(၈) စိမ့်ဖြာ ရေစုတွင်းကျယ် - ၁ သန်း ( ။ )

(၉) အ၀ီစိတွင်းများ - ၁၆ သန်း ( ။ )

စုစုပေါင်း - ၁၆၀ သန်း( ။ )

လက်ရှိ ရန်ကုန်မြို့ရှိ လူဦးရေ - ၆ သန်းကျော်

လူတစ်ဦး တစ်နေ့ ရေဂါလန် ၃၀ ၀န်းကျင်ခန့်သာ သုံးစွဲမည်ဆိုပါက ရန်ကုန်မြို့၏ တစ်နေ့ ရေလိုအပ်ချက် ပမာဏ - ၁၈၀ သန်း(ရေဂါလန်)

(ရေတိုင်ကီတစ်လုံးလျှင် ရေဂါလန် ၅၀ ခန့်ဝင်ဆံ့သည်)

http://www.news-eleven.com/

3 comments:

blackကော်ဖီ said...

မြန်မာနိုင်ငံကလဲ သဘာဝအရင်းအမြစ်တွေ ပေါရဲ့ နဲ့ ရေမီးက ခုထိ အဆင်မပြေနိုင်သေးဘူးနော်။ ကြာလေ ပိုဆိုးလာလေလို့ တောင်ထင်မိတယ်။

ကြည်ကြည် said...

လူနေဧရိယာတိုးလာပီး
သစ်ပင်သစ်တောနည်းပါးလာလို့ ရေအရင်းအမြစ်နည်းပါးလာတာ လက်ခံတယ်။

အင်း..တစ်ချို့ နေရာတွေ မှာ လူနေဧရိယာမတိုးလာပဲ သစ်ပင်သစ်တော့ပဲနည်းပါးသွားသာတွေ ..

အမတစ်လောက ဖတ်လိုက်ရတဲ့ အာတီကယ်တစ်ခုမှာ...

အဓိကရေ အရင်းမြစ်အသုံးပြုဆုံးဟာစိုက်ပျိုးရေးလုပ်ငန်း..ရေသွယ်မြောင်းတွေ ကနေလာတဲ့ရေကို အကျိုးရှိရှိအသုံးမချပဲ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေ..

နောက် လယ်ယာမှာသုံးတဲ့ သဘ၀မဟုတ်တဲ့
ပိုးသတ်ဆေး မြေသြဇာထက် ကုန်းယာမှာသုံးတဲ့ ပိုးသတ်ဆေး မြေသြဇာတွေ က ရေအရင်းမြစ်ကိုထိခိုက်နိုင်စေတယ်..
နောက်အဲံ့ကနေ ပီးတော့ ဆားပေါက်မြေတွေဖြစ်ကုန်တာ...အခု အာဖရိက ဖြစ်နေသလိုပေါ့...တို့ တွေ လည်း သဘာဝရင်းမြစ်တွေပေါတယ်လို့ ပြောနေကြပေမယ့် ခု ရှားပါးလာတာ မျက်မြင်ပဲလေ..

မန့်တာရှည်သွားတယ်ဟယ်

မြစ်ကျိုးအင်း said...

စိတ်ဝင်စားဖို့ကောင်းသလို မဖြစ်မနေဂရုစိုက်ရမယ့် ပြဿနာပါပဲ။
ရေပေးဝေရေးစီမံကိန်းတွေ ထပ်ဆောက်သလို ပြည်သူတွေကိုယ်တိုင်လည်း ရေကိုစနစ်တကျ သုံးစွဲဖို့ ပညာပေးတွေ လုပ်သင့်ပါတယ်။
(အဝေးရောက်နေလို့ ပညာပေးတွေ လုပ်ပြီးနေမလားတော့မသိဘူး)