Monday, January 31, 2011

မင်းဒင်ရဲ့ သက်ခိုင်ရှာပုံတော်




တစ်လလုံးစာအတွက် စာရင်းတွေချုပ်၊ အချောသတ်ပြီးသကာလ ပရင့်ထုတ် စာအုပ်ချုပ်မယ့် အဆင့်ရောက်အောင် အပေါက်ဖောက် အဖုံးပါအဆင့်သင့်လုပ်ပြီး အထက်လူကြီးကိုအပ်ခဲ့တယ်၊ မနက်ဖြန် ကမ္ဘာကျော်မိုးယံ အနားယူမယ်။ အရေးကြီးရင် ဖုန်းဆက်လိုက်ပါ၊ ရောက်ရာအရပ်က သာဓုခေါ်.. အဲ... ဟုတ်ပေါင် အမြန်လာခဲ့မယ်လို့။ဒီလို ဒီလို ဟိုယောင်ဒီကြောင်နဲ့ အိပ်ယာဝင်နောက်ကျသွားတယ်။ ရှင်းတယ်လေ စောစောအိပ်ရင်တောင် နေဖင်ထိုးမှ ထတဲ့ကောင်က အိပ်ယာဝင်နောက်ကျတော့ မနက် ဆယ့်တစ်နာရီခွဲမှနိုးတယ်။ ကမန်းကတန်း ရေချိုး ၊ ဒယ်အိုးထဲက ထမင်းကြော်ကို သုံးဇွန်းလောက် ပါးစပ်ထဲပစ်ထည့်ပြီး ရေတစ်ခွက်နဲ့ အစာအိမ်နှိုးလိုက်တယ်။ တော်သေးတာက ကားကြုံအဆင်သင့်ရှိနေလို့ ၊ တက္ကစီ တစ်တန် ရထားတစ်တန် စီးရရင် ဒီနေ့ ဘာမှကို အရာထင်မှာမဟုတ်ဘူး။ မနက် ဆယ့်နှစ်နာရီ ချိန်းထားတဲ့ ညီငယ် နေဇော်လင်းက နေ့လည်တစ်နာရီမှာ ရောက်လာတယ်။


ကဲ...စတင်ပါပြီ နေဇော်လင်းနဲ့ မိုးယံပေါင်းမွှေတဲ့ပွဲ။ ပြောတော့ ကမ္ဘာကျော်သလေး ဘာလေးနဲ့ မြို့ထဲတောင် နှံ့အောင် မသွားတတ်တဲ့မိုးယံ ၊ နေဇော်လင်းသာ မကယ်ရင် သေဖွယ်ရာ......အဲ စာအုပ်ဝယ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆုံဖြစ်ခဲ့ကြတိုင်း များသောအားဖြင့်တော့ ရွှေတောင်မှာဆုံတတ်ပါတယ်။ သူဖုန်းဆက်တော့လဲ ကျွန်တော့်ကို ဘယ်မှာလဲတဲ့၊ သူ “ ရွှေတောင်” စားသောက်ဆိုင်ထဲမှာ တက်ရှာတာ မတွေ့တဲ့၊ အဲဒီ အချိန်ကျွန်တော်က ကားပေါ်မှာပဲရှိသေးတာ ဒါပေမယ့် နောက် ငါးမိနစ်နေရင်ရောက်ပါပြီ၊ ဒါနဲ့ နေဇော်လင်းကို အဲဒီဆိုင်မှာပဲ စောင့်နေဖို့မှာထားတယ်.. ကျွန်တော်က အိတ်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေကို အလုပ်မှာပစ္စည်းတွေတင်တုန်းက စိုက်ပေးထားခဲ့တော့ ပိုက်ဆံကပြတ်နေပြီ။ ကုမ္ပဏီကနေလည်း ပြန်မထုတ်ရသေးတော့။ ဒီနေ့သွားမှာလာမှာ လှူမှာတန်းမှာ၊ စားမှာမသောက်မှာရယ် ၀ယ်ဖို့ခြမ်းဖို့ရယ်ကို ကာဗာဖြစ်အောင် ပိုက်ဆံသွားထုတ်ရဦးမှာ။ ဒါကြောင့် သူ့ကို ခဏစောင့်ခိုင်းထားတာ၊ ဒါနဲ့ ပိုက်ဆံဝင်ထုတ်တယ်ပေါ့လေ.. ထုံးစံအတိုင်းပါပဲ လူများနေတော့ ခဏတော့စောင့်ရသပေါ့။ ဒါပေမယ့် မျက်နှာစိမ်းတွေ မဟုတ်တော့(ကိုယ်က ညိုချောကိုး) မြန်ပါတယ်.. ပိုက်ဆံထုတ်ပြီး ဆိုင်ထဲမှ လှည့်အထွက် ကျေးဇူးရှင်လေးက မစောင့်နိုင်တော့လို့ ကိုယ့်နောက်လိုက်လာတာနဲ့ ဆိုင်ဝ မှာ ၀င်တိုက်မလိုဖြစ်ပြီး။ နှစ်ယောက်သား ကားဂိတ်ဆီကို ချီတက်ခဲ့ကြတယ်။ ဒီနေ့က ကိစ္စနှစ်ခုကို တစ်ရက်တည်းနဲ့ အဆုံးသတ်အောင်လုပ်ရမှာ ဆိုတော့ သုတ်ချေတင်ကြသပေါ့လေ.. ဆရာတော် ဆန်နီနေမင်း က မလေးရှားရောက်တော့ ဖုန်းဆက် ထားတယ်.. ကိုယ်လဲသွားဖူးမယ်၊ ဆရာတော့်ကိုလဲ လျှောက်တင်စရာတွေရှိတော့ မသွားလို့မဖြစ် နောက်လဆို ဆရာတော်ကလဲ စင်္ကာပူသွားမယ် စင်္ကာပူကနေ မြန်မာပြည်ပြန်မှာ အခုတောင် သီရိလင်္ကာ မှ ကျောင်းပြီးလို့ မလေးရှားကို သာသနာရေး ကိစ္စတွေကြောင့်လှည့်လာတာ။ဆရာတော်နဲ့ တွေ့ဖို့သွားတဲ့ ခရီးလမ်း ဒုက္ခတွေပါရေးရရင် သက်ခိုင်ရှာပုံတော်ကနေ ရှည်ပုံတော်ဖြစ်သွားမှာစိုးလို့ ဒီမှာတင် အေသင်ချိုဆွေ (ရပ်)။


ဆရာတော့်ဆီကနေ ကေအယ်လ်ကိုပြန်ရောက်တော့ ညနေ လေးနာရီကျော်နေပြီ အခုထိ သက်ခိုင် စာအုပ်ဝယ်မယ့် နေရာကို မရောက်ကြသေးဘူး။သို့သော်လည်း နှစ်ယောက်စလုံးက နေ့လည်စာ မစားရသေးဘူး၊ ကိုယ်ကတော့နေနိုင်တယ်လေ ဗိုက်ဆာတဲ့ အကျင့်မရှိသလို ကွမ်းယာကလဲ ပါးစပ်ထဲမပြတ်ပဲကိုး လေခံပြီးဗိုက်မဆာဘူး၊ ညီငယ် နေဇော်လင်းကတော့ လူရိုး ဆေးလိပ်မသောက် ကွမ်းမစား သေရည်သေရက်ဆို ဝေလာဝေးသမား။ လူကလည်း ခပ်အေးအေးသမားလေး။ သူ့ကိုတော်တော် အားနာနေမိပြီ သူ့မှာ ကိုယ့်ကို ကူညီဖို့အတွက် ရဲထွန်းဇော်နဲ့ တွေ့ဖို့ အစီအစဉ်တောင် ပျက်သွားခဲ့ သေးတယ်။ ဒါနဲ့ပဲ ထမင်းဆိုင်ခေါ်သွားပြီး ထမင်းကြော်တစ်ပွဲ အတင်းကျွေးရတယ်.၊ ဒီလိုမှ အဆင်ပြေမှာလေ၊ သက်ခိုင်ရှာပုံတော်ကို သူက လမ်းပြမှာ ၊ ဒါကြောင့် နောက်ထပ်သူ့ကို ညှင်းဖို့ တော်တော်အားနာနေပြီ။ သူကလဲ ယိုင်ချင်နေပြီကိုး။



ဒီလိုနဲ့ SS 2 က ရတနာရာမကျောင်း၊ ဆရာတော် ဦးစရိယ ဆီကို စာအုပ်ဝယ်ဖို့ ဆက်လက်ထွက်ခွါ။ ကိုယ့်ကတော့ အရူးလွယ်အိတ်ထဲ ကွမ်းယာတွေ အပြည့်ဖြည့်ပြီး။ ကားဂိတ်ကိုရောက်တော့ ဘယ်ကားစီးရမလဲမသိ ၊ ဒါနဲ့ပဲဆရာတော်ဆီဖုန်းဆက်မေး ၊ ဆရာတော်မိန့်တဲ့ ကားနံပါတ် ကိုစောင့်ပြီး စီးခဲ့ကြတယ်။ အဲဒီမှာခက်တာက ကိုယ်ကလဲ အရင်နှစ်နှစ်လောက်တုန်းက ညဖက်ကြီး သူငယ်ချင်းအိမ်ကို သူရာမှီဝဲဖို့ ဆိုင်ကယ်နဲ့ပဲ သွားဖူးတာ၊ အဲဒီနားက ဘုန်းကြီးကျောင်းကို မသိဘူး။ သွားဖူးတဲ့ ညီငယ်နေဇော်လင်းကလဲ မေ့တေ့တေ့ ။ အဲဒီနေ့က ဘယ်လိုဖြစ်တယ်လဲ မသိပါဘူး ကားတွေကလဲ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတာက လိပ်ပေါ်တက်ခွစီးသွားရင် မြန်ဦးမယ်၊ နှစ်ဘီး သုံးပတ်လှိမ့်လိုက် ခဏရပ်လိုက် ခြောက်ဘီး လေးပတ်လှိမ့်လိုက် ရပ်လိုက် လုပ်နေတာနဲ့ ဒီညအဖို့ စာအုပ်ဝယ်ရမယ့် ဘုန်းကြီးကျောင်း ရောက်ပါ့မလား တောင်တွေးမိသေး။ အဲဒါနဲ့ တစ်နာရီကျော်ကျော် ကားစီးပြီးလို့ ဆရာတော်ပြောတဲ့ အဆောက်အဦးနား ရောက်တော့ ဆရာတော့်ကို ဖုန်းဆက်ပြီး ဆင်းလိုက်တာပဲ။ ဒါတောင် တစ်မှတ်တိုင်ကျော်သွားသေး ပြောတော့သာ တစ်မှတ်တိုင် ပြန်လျှောက်ရတော့ အဝေးကြီး။ ဒီကြားထဲ ဘုန်းကြီးကျောင်းက ဘယ်မှာဆိုတာ သေချာမသိတော့ ဖုန်းဆက်လိုက် လေးငါးလှမ်းလှမ်းလိုက်၊ ဟိုကွေ့ ဒီကွေ့လိုက် ဖုန်းဆက်လို့။ ဒါနဲ့ပဲ လုံးလည်ချပ်ပြားဖြစ်နေပြီး ဆယ်မိနစ်လျှောက်ရမယ့် ခရီးကို သုံးဆယ့်ငါးမိနစ် လျှောက်လိုက်ရတယ်... ဒါတောင် ဘုန်းကြီးကျောင်းရှေ့တည့်တည့် ရောက်နေတာတောင် ရွှေတိဂုံကွယ်သလိုဖြစ်နေလို့လား မသိပါဘူး။ ဘေးလမ်းကြားထဲ ချိုးကွေ့ဝင်သွားသေးတယ်။ ဒါနဲ့ ဆရာတော့်ကို ဖုန်းထပ်ဆက်တော့ ။ အခု မောင်တို့ ရောက်နေတဲ့နေရာက ဘုန်းကြီးကျောင်းရှေ့မှာပဲတဲ့။ အခုတင် ကျောင်းက ဘောင်းဘီရှည် အင်္ကျီလက်ပြတ်နဲ့ ဒကာတစ်ယောက် ထွက်သွားတယ်၊ တွေ့လိုက်လား ဆိုတော့ ကိုယ်လည်း မယောင်မလည် ဟိုကြည့်ဒီကြည့်ပေါ့။ တော်သေးတာက ကိုယ်တော်ချောက ရှေ့တည့်တည့် လမ်းလျှောက်လာတယ်။ ဒါနဲ့ပဲ အဲဒီနောင်ကြီးကို မေးတော့။ ဟုတ်တယ် အခု ကိုယ်က ဆရာတော်ခိုင်းတဲ့ ကိစ္စကြောင့် သွားရဦးမယ် ညီတို့ ဒီအတိုင်းတည့်တည့် လျှောက်သွားလိုက် ဆိုတော့မှ ကျောင်းရှေ့မိုးဖွဲဖွဲ ထဲမှာ ဆရာတော်က အဆောင်းမပါပဲ ကိုယ်တော်ချော နှစ်ယောက်ကို ခရီးဦးကြိုလေရဲ့။ ပြီးတော့ ဆရာတော်က အအေးချတိုက်တယ်။



ဆရာတော်က ဆရာကြီး ဦးမင်းဒင် ကို ဖြစ်ပျက်ရှာပုံတော်ပြီးရင် ပျက်ဖြစ်ရှာပုံတော် ရေးသင့်တယ်လို့ တိုက်တွန်းထားတယ်တဲ့။ အဲဒီ ဒကာကြီးက မြန်မာစာကို ပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့လူ လို့ ချီးမွမ်း မိန့်ကြားသေးတယ်။ ဒီလိုနဲ့ပဲ ဆရာတော်က လူငယ်တွေ အခုလို စာအုပ်ကိုဖတ်သင့်ကြောင်း နဲ့ စာအုပ်အပေါ် ဆရာတော်ရဲ့ သဘောထားတွေကို မိန့်ပါတယ်။ အချိန်ကတော့ ည ရှစ်နာရီကျော်နေပြီ ၊ ဒီလိုနဲ့ ဆရာတော်နဲ့ စကားအနည်းငယ် ပြောပြီး ဘုရားရှိဦး ဆရာတော်ကိုဦးချပြီး စာအုပ်ဝယ်တယ်၊ ပြီးတော့ ကျောင်းအတွက် ဝေယျာဝစ္စ အလှူငွေထည့်ပြီးတော့ ကျောင်းကနေ အပြန်ခရီးကို သုတ်ချေ တင်ရတော့တယ်။ အလာတုန်းကတော့ တစ်ဖက်က လာပြီး။ ပြန်ထွက်တော့ တစ်လမ်းဖြစ်သွားလို့ ကားဂိတ်ကို လိုတာထက် ပိုလျှောက်လိုက်ရသေးတယ်။ နေဇော်လင်းကတော့ ပြောရှာပါတယ်။ “ နောက်တစ်ခါ ကိုမိုးယံနဲ့ ဘုန်းကြီးကျောင်းဆို အဲဒီနေ့ခွင့်ယူမယ်” တဲ့ ။ သူ့ကို ညစာကျွေးဖို့ဖိတ်တာတောင် မစားနိုင်တော့ဘူး ၊ သူ့ခမျာ နောက်တစ်နေရာသွားဖို့ အချိန်အတော်လင့်နေရှာပြီ ။ လူကလဲ တော်တော်ဟန်ချက်ပျက်နေပြီ။ ဒါနဲ့ပဲ ည ကိုးနာရီကျော်အောင် ကားဂိတ်မှာ ယောင်တောင်တောင် ထိုင်စောင့်နေဖြစ်ကြတယ်။ ကံကောင်လို့ကျွန်တော်တို့ စီးရမယ့် ကားတစ်စီးပေါ်လာတယ်၊ ကဗျာကယာ ပြေးတက်ကြပြီး ထိုနေ့ည ကေအယ်ကို ဆယ်နာရီ ထိုးခါနီးမှ ပြန်ရောက်တယ်။



သက်ခိုင်ရှာပုံတော်ပြီးဆုံးပြီ။ ဖြစ်ရပ်အမှန် သမိုင်းစာမျက်နှာများကို လက်ဝယ် ပိုင်ပိုင်ရခဲ့ပြီလေ။ ဆရာကြီးရဲ့ စာအုပ် မင်းဒင်ရဲ့သက်ခိုင်ဟာ ဘယ်လောက်အဖိုးတန်သလဲ ဆိုတာကို ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ကိုယ်က ချီးမွမ်းခန်း ဖွင့်မယ်ဆိုရင် မြင်းထိန်းငတာ လို အခြေအနေဖြစ်သွားမှာမို့။ ကိုယ်တိုင် မချီးမွမ်းတော့ပါဘူး။

ဆရာကြီးရဲ့ အရေးအသား၊ လူငယ်တို့လက်လှမ်းမမှီ မြင်တွေ့ခွင့်မရခဲ့ရတဲ့ နိုင်ငံရေးသမိုင်း၊ ကျွန်တော်တို့ ရင်ထဲက နိုင်ငံတော်ရဲ့ အခြေအနေအမှန်ကို ဖွင့်ထုတ်ပြထားတဲ့ သမိုင်းစာအုပ်၊ ဆရာကြီးရဲ့ ဇတ်ကောင် သက်ခိုင် တို့ရဲ့ ဘ၀ဖြတ်သန်းစဉ်များကို လက်ကမချနိုင်အောင် ရင်သပ်ရှုမော ဖတ်ရှုရတော့မှာပေါ့။ ဆရာကြီးရဲ့ ဆိုက်မှာ မတင်ရသေးပဲ ကျန်ရှိနေသေးတဲ့ အခန်းများကတော့

(၉၀) မယားပြိုင်ဟု ခေါ်တွင်စေရမည်

(၉၁) ကမ္ဘာခြားလေသူများ

(၉၂) သပွတ်အူထဲက သက်ခိုင်

(၉၃) ညစ်သမျှကို

(၉၄) သေရွာပြန် သက်ခိုင်

(၉၅) စိုးမြတ်နဲ့ သက်ခိုင်


(၉၆) ယစ်ထုပ်သက်ခိုင်

(၉၇) သက်ခိုင်ရဲ့ ကုဏ္ဍလိနီ


(၉၈) ကာမဘုံသား ၊ ဆုံလည်နွား

(၉၉) တရုတ်သံအမတ်ကြီးလျန်တုန်းနှင့်သက်ခိုင်


(၁၀၀) မောင်ဝိတ်နှင့် အတုံ့အလှည့်

(၁၀၁) မဆုံးသော နိဂုံး တို့ပါဝင်သော စာမျက်နှာ ၇၀၀ ကျော် အလေးချိန် တစ်ကီလို ရှိသော စာအုပ်ကြီးကို လက်မမချနိုင်အောင် ဆွဲဆောင်မှု ကောင်းလှတယ်ဆိုတာကတော့.....။ ပြောမယုံ ကြုံဖူးမှသိ။

ဖြည့်စွက်ချက်... မလေးရှားနိုင်ငံမှ သူငယ်ချင်းများကတော့ လွယ်ကူစွာဝယ်လိုလျှင် ဇေယျာစတိုး (ကွာလာလမ်ပူ) တွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။

9 comments:

ကိုဇော် said...

ကောင်းတယ် ကောင်းတယ်. . .
မနေ့ကတည်းက ဖတ်လိုက်တယ်။ ကောင်းလို့ ဘာမှကို မပြောတော့တာ. . . ဂွတ်ထ. .

မောင်မျိုး said...

ငါလည်း ၀ယ်မယ်လုပ်နေတုန်း မန်းနီးပြတ်နေလို့း) ၀ယ်တာတော့ ၀ယ်ရမယ် ။

သဉ်ဇာ - Thinzar said...

မနေ့ကတောင် ရတနာ ရာမကျောင်းကို သွားဝယ်မလို့။ တစ်နေကုန် မိုးရွာနေတော့ မိုးတိတ်တာစောင့်ရင်း ညရောက်သွားတယ်။ KLဇေယျာ မှာ ရတဲ့ အကြောင်း သတင်းပေးတာ ကျေးဇူးတင်ပါတယ်။ ဇေယျာက နည်းနည်း သွားရလာရ လွယ်တော့ ဇေယျာမှာဘဲ သွားဝယ်လိုက်မယ်။ :-)

မိုးယံ said...

ဟုတ်ကဲ့ ကျေးဇူးပါ ။ မသဉ္ဇာ ဒါပေမယ့် ဆိုင်ပေါ်တင်ထားတာဆိုတော့ အနည်းငယ်တော့ ဈေးပိုပေးရလိမ့်မယ်ထင်ပါတယ်..

သဉ်ဇာ - Thinzar said...

ဟုတ်ကဲ့။ ဒါပေမယ့် PJ အသွားအပြန်နဲ့ဆို စရိတ်က သိပ်မကွာလောက်ဘူး :D စနေနေ့ကတောင် ဇေယျာရောက်ဖြစ်သေးတယ်။ မမေးမိလိုက်ဘူး။ ဇေယျာမှ ကုန်သွားမှ ရတနာ ရာမ ကျောင်းကို သွားဝယ်ရမယ်။ (အဲကိုက မသွားတတ်လို့။)

ရဲထွန်းဇော် said...

နောက်ကြုံမှငှါးဖတ်မယ် မ၀ယ်နိုင်လို့ ..:P

နေဇော်လင်း said...

ဟုတ်တယ်ဂျာ

အဲဒီနေ့ကလေ ..
ကိုမိုးယံ နှိက်စက်တာဗျာ
မနက်ကျတော့ ထနိုင်တော့ဝူးဂျာ
မိုးရွှာထဲ ပြေးနေရလို့ ... ဟိဟိ
ပီးတော့ ရွှာလည်နေသေး ...

နောက်တစ်ဆို လိုက်တော့ဝူး .....
ကြောက်ပါပြီဂျာ ....... ဟိဟိ

blackကော်ဖီ said...

ကျွန်တော်လဲ ဝယ်ဖတ်ကြည့်ဦးမှ....

An Asian Tour Operator said...

အပေါ်က တယောက်ယောက် ဖတ်ပြီး ရင် ဘာလီ ကို ပို့လိုက်။ လှမ်းဝယ် ခိုင်းတဲ့ သူက ၀ယ်ပြီး ဖတ်ပြီး သူများ တွေ ကို ပါဆင့်ကာ ဆင့်ကာ ထပ်ငှား နေတော့ ဘာလီ ကိုပို့တဲ့ အဆင့် ကို ရောက်ချင် မှတောင် ရောက်တော့မယ်။ :)