Wednesday, April 27, 2011

သုခ ကုသိုလ်ဖြစ်ဆေးခန်း ပြည်တွင် ဖွင့်မည်

နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ခွဲ) ကို ပြည်မြို့တွင် လာမည့် ဇွန်လအတွင်း၌ မြို့ခံ ပရဟိတ သွေးလှူရှင်အသင်းဝင် လူငယ်များ၏ အကူအညီဖြင့် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

myo-chiat-thu-kha

နာရေးကူညီမှု အသင်းကို ထူထောင်သူ ဦးကျော်သူက “ပြည်မြို့က မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူရှင် အဖွဲ့ရဲ့ အကူအညီနဲ့ ဖွင့်မှာပါ။ ဒီလူငယ်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လက်တွဲ လုပ်ခဲ့ကြပါတယ်။ သောက်သုံးရေ အတွက် ရေတွင်းရေကန် တူးဖော်ရေးတွေကို ကြီးကြပ်ဆောင်ရွက်စေပါတယ်။ အားလုံး အဆင်ပြေတယ်။ အခုလည်း ဆေးခန်းဖွင့်ဖို့ မြေနေရာ၊ အဆောက်အအုံ အသင့် ဖြစ်နေပါပြီ” ဟု ပြောသည်။

မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူရှင်များ အသင်းသည် ၂၀၁၀ ဇူလိုင် ၂ ရက်နေ့တွင် လူမှုရေး၌ တက်ကြွသူ ပြည်မြို့ခံ လူငယ် ၂၀ ခန့်ဖြင့် ရုံးခန်းဖွင့်ခဲ့ပြီး ပြည်မြို့ ဆေးရုံကြီးအပြင် တခြား သွေးလိုအပ်သည့် နေရာများသို့ ထိထိ ရောက်ရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းအဖွဲ့သည် သြ၀ါဒါစရိယ နာယက ရွှေပေါက်ပင် ဆရာတော်၏ စီစဉ်မှုဖြင့် အသင်းအဖွဲ့ မှတ်ပုံတင် ဆောင်ရွက်ရေး စီမံချက်များ ရေးဆွဲကာ ၂၀၁၁ ဇန်န၀ါရီ ၇ ရက်တွင် သက်ဆိုင်ရာသို့ တင်ပြ လျှောက်ထား ခဲ့ပြီးနောက် ထိုသို့ ပရဟိတ သွေးလှူရှင်များအသင်း ဖွဲ့စည်းခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ဇန်န၀ါရီ ၂၅ ရက် နေ့စွဲဖြင့် သက်ဆိုင်ရာက ခွင့်ပြုခဲ့သည်ဟု အသင်း အတွင်းရေးမှူး ကိုညီညီအောင်က ပြောသည်။

ဆက်လက်၍ သူက “နာရေးကူညီမှု အသင်းက ဆရာမ ဒေါ်သန်းမြင့်အောင်က ပြည်မြို့ရဲ့ မိဘမဲ့ ကျောင်း တကျောင်းမှာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ဖို့ ရောက်လာတော့ သောက်သုံးရေ ရရှိရေး၊ ရေတွင်းရေကန် တူးဖော်ရေး လုပ်ငန်းတွေ ဒီဘက်မှာ လုပ်ရင် မိုးမေတ္တာက ဦးဆောင် နိုင်မလား ဆိုပြီး ကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ သောက်သုံးရေ ရရှိရေး ကော်မတီ ဖွဲ့လိုက်ပြီး အ၀ီစိတွင်း တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ဖြစ်ခဲ့ပါတယ်” ဟု ဆိုသည်။

သို့ဖြင့် “အများပြည်သူ ကောင်းမှု၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အခမဲ့ လှူဒါန်းသည်” ဆိုသည့် ဆိုင်းဘုတ် တင်ထားသော သောက်သုံးရေ အ၀ီစိတွင်း ၁၆ တွင်းကို မိုးမေတ္တာ လူငယ်အဖွဲ့၏ ကြီးကြပ်မှုဖြင့် အောင်မြင်စွာ တူးဖော် လှူဒါန်းခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ် ပုတီးကုန်း ကျေးရွာအုပ်စုတွင် ၄ တွင်း၊ ပေါက်ခေါင်း မြို့နယ်အတွင်း ၄ တွင်း၊ နတ်မောက်မြို့နယ် လင်းကတိုး၊ ထနောင်းလှ၊ ပင်းဂွေးချို၊ ကျောင်းကုန်း၊ ကျောက်ပုံ၊ တောင်စု ကျေးရွာတို့တွင် ၆ တွင်းနှင့် ပန်းတောင်းမြို့နယ် မန်ကျည်းစုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်း တချို့တွင် အဝီစိတွင်းများ တူးဖော်ခဲ့ကြောင်း ကိုညီညီအောင်က ပြောသည်။

အ၀ီစိတွင်း တူးဖော်ရာတွင် ၎င်း ဒေသအနေအထားအရ ပေ ၁၀၀ မှ ၆၀၀ – ၇၀၀ ကျော်အထိ တူးဖော်ရလေ့ ရှိကြောင်း၊ တွင်းတတွင်း၏ တူးဖော်စရိတ်မှာ ကျပ် ၁၀ သိန်းကျော်မှ သိန်း ၃၀ အထိ ရှိတတ်ကြောင်း၊ သဲကုန်းမြို့နယ် ဆင်မြီးဆွဲ ကျေးရွာ၊ ကျူတော ကျေးရွာတို့ရှိ အ၀ီစိတွင်းများသည် ပေ ထောင်ချီ တူးဖော်သော်လည်း ရေ မထွက်၍ ငွေကြေးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ မကြာမီ လပိုင်းအတွင်း ရေနံချောင်း၊ မကွေး စသည့် မြို့နယ်များအတွင်း အ၀ီစိတွင်းများ ဆက်လက် တူးဖော်ရန် စီစဉ်နေပြီဖြစ်ကြောင်း မိုးမေတ္တာ လူငယ်အဖွဲ့၏ အဆိုအရ သိရသည်။

မိုးမေတ္တာ လူငယ်အဖွဲ့အပေါ် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ သဘောထားနှင့် ပတ်သက်၍ “ရံဖန်ရံခါ လိုအပ်လို့ လာ မေးတာမျိုးလောက်တော့ ရှိတတ်ပါတယ်။ ပြည်မြို့ရဲ့ ဆေးရုံ၊ ဆေးခန်း အရေးပေါ် သွေးလိုအပ်ချက်တွေကို ကျနော်တို့ အဖွဲ့က ကိုယ်ကျိုး မဖက်ဘဲ လုပ်ဆောင်ပေးနေတာဆိုတော့ သူတို့ အားပေးကြပါတယ်။ ကျနော်တို့ သွေးလှူရှင် အဖွဲ့ထဲမှာ အားလုံးပါနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ပါတီ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့ မူကို ကိုင်စွဲထားတဲ့ အတွက် ဘာအရိပ် အယောင်မှ အစွန်းအထင်း မခံပါဘူး” ဟု အသင်းအတွင်းရေးမှူးက ဆိုသည်။

ဇွန်လတွင် ဖွင့်လှစ်မည့် သုခ ကုသိုလ်ဖြစ် ဆေးခန်း (ပြည်) နှင့် ပတ်သက်၍ ပြည်မြို့ဒေသခံ တဦးက “ပြည်မြို့မှာ အသပြာ ဆေးခန်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် တောင်သူလယ်လုပ်တွေ၊ ချို့တဲ့သူတွေအတွက် အခမဲ့ ဆေးခန်းတခု လိုအပ် နေတာတော့ အမှန်ပါပဲ။ အများအကျိုးအတွက် အခမဲ့ တာဝန်ယူပေးမယ့် ဆရာဝန် အခက်အခဲတော့ ရှိချင် ရှိလိမ့်မယ်” ဟု ပြောသည်။

ကိုကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်းသည် ယခုလအတွင်း ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

http://www.irrawaddy.org/

0 comments: