Friday, April 1, 2011

ပြောင်းပြန်ဖြစ်နေပြီ

(လူထုဒေါ်အမာရဲ့ကော်ရင်ဂျီဆိုတာလေးပြန်မျှဝေလိုက်တယ်ဒီစာလေးဖတ်မိတော့ အော် ခေတ်ကြီးရယ် တော်တော်ကို ပြောင်းပြန်ဖြစ်သွားပါလားလို့ သိရတယ် )


ကော်ရင်ဂျီ
အမေတို့ငယ်ငယ်တုန်းက ညီအစ်မချင်း ရန်ဖြစ်ရင် ‘အပ္ပနားမယား’ ‘ဂန်ဂယားမယား’ဆိုပြီး ဆဲကြလို့ အဖေ ရိုက်တာခံခဲ့ရတယ်။ အပ္ပနားတို့ဂန်ဂယားတို့ဆိုတာ တို့အရပ်ထဲမှာ ရေရောင်းနေတဲ့ ရေသည် ကော်ရင်ဂျီကုလားတွေရဲ့ နာမည်တွေပေါ့ကွယ်။
တို့ မန္တလေးမှာ ဟိုအရင်က အဝီစိတွင်းရေကို ခပ်ပြီး ရေထမ်းရောင်းတဲ့အလုပ်ကို များသောအားဖြင့် ကော်ရင်ဂျီကုလားတွေကလုပ်ကြတာ။ ဒါကြောင့် ရေသည်ကြီးဆိုတဲ့စကားထက် ‘ပန်နီဝါလား’ ဆိုတာကို တို့တစ်တွေက ပိုပြီးနားလည်တယ်။
အမေတို့ ငယ်ငယ် အင်္ဂလိပ်ခေတ်တုန်းက ရေတစ်ထမ်း ၁ပြားနဲ့ရောင်းစားရတဲ့အလုပ်ကို ဗမာတွေက သိပ်မလုပ်ချင်ကြဘူး။ ပင်ပန်းသလောက် ပိုက်ဆံမရလို့။ ဒါကြောင့် မြို့တွေမှာ ကော်ရင်ဂျီတွေက ရေထမ်းရောင်းတယ်။

ရုံးတွေ ၊ ကျောင်းတွေ၊လမ်းတွေမှာ တံမြက်စည်းလှည်းတဲ့အလုပ်ဆိုရင်လည်း ဗမာတွေလုပ်တာနည်းတယ်။ ကုလားတွေလုပ်ကြတာပဲ။ သူတို့ကို ‘ဂျာဒူးဝါလား’လို့ခေါ်တယ်။ နောက်ပြီး ရထားလုံးလို့ခေါ်တဲ့ ဘီး(၄)ဘီးနဲ့ မြင်းရထားတွေ ရှိတယ်။ အဲဒီမြင်းရထားမောင်းတဲ့အလုပ်ကိုလည်း ကုလားတွေပဲလုပ်တယ်။ သူတို့ကို ‘ဂါလီဝါလား’ လို့ခေါ်တယ်။ ရန်ကုန်ဘက်တွေမှာရှိတဲ့ လံခြားကိုလဲ ဘယ်သူဆွဲသလဲ သိလား ဒီကော်ရင်ဂျီတွေပဲပေါ့။

ကုလားမောင်းတဲ့ ရထားစီးကြတာဆိုတော့ ဒိုင်းနား-ညာချိုး။ ဘားယား-ဘယ်ချိုး။ ဆီးတား-တည့်တည့်။ အာစတေး-ဖြည်းဖြည်း။ ဂျာလတီး-မြန်မြန်။ ဟိုး-ရပ်တော့ ဆိုတဲ့ ကုလားစကားကို လူတိုင်းတတ်ကြတယ်။
ဈေးသွားတဲ့အခါ ဈေးဆွဲခြင်းဟာ လေးရင် ဘယ်တော့မှ ကိုယ့်ဖာသာ မဆွဲခဲ့ဘူး။ ဈေးထဲမှာ တောင်းကလေးတွေထမ်းပြီး “အစ်မ-ကူလီ-ကူလီ” လို့အော်နေတဲ့ ကလေးအလုပ်သ မား ကော်ရင်ဂျီကလေးတွေကို ခေါ်ပြီး အကိုင်ခိုင်းလိုက်တာပဲ။ ပေးရတာက ၂ပြား ၁ပဲကိုး။
ဟို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က တို့နိုင်ငံမှာ တို့လူမျိုးတွေက အောက်တန်းကျတယ်လို့ ထင်တဲ့ အလုပ်မျိုးတွေကို မလုပ်ဘူး။ အဲဒီကော်ရင်ဂျီတွေက ဈေးပေါပေါနဲ့ လာလုပ်ပေးနေတယ်လေ။ တို့ကလည်း မိလ္လာသိမ်းတာကအစ ကောက်စိုက်တာအဆုံး သူတို့ကိုခိုင်းတာပဲ။ သူတို့ တို့နိုင်ငံထဲ လာအလုပ်လုပ်နေတာက သိန်းနဲ့သန်းနဲ့ချီ ရှိတယ်ကွဲ့။ အောက်မြန်မာနိုင်ငံမှာ သာပြီး ပေါများသေးတယ်။
သူတို့ခမျာမယ် သူတို့နိုင်ငံက ဘယ်လောက်ဆင်းရဲနေလို့ တို့ဆီကိုလာပြီး ဒီလိုဈေးပေါပေါနဲ့ လုပ်နေသလဲတော့ မသိဘူး။ ဒါပေမယ့် တို့နိုင်ငံမှာ သူတို့နေကြ ထိုင်ကြပုံကိုပြောပြဦးမယ်နော်။
ရေထမ်းပေးနေတဲ့ ရေဖောက်သည် ကော်ရင်ဂျီတစ်ယောက်က “အစ်မ အိမ်ဘေးက အဖီကလေးအားရင် ငှားပါ။ ကျွန်တော် တစ်လ (၅)ကျပ် ပေးပါ့မယ်”ဆိုတာမျိုး လာပြောရင် အမိုးသာရှိပြီး တစ်ခန်းသာကျယ်တဲ့အဖီမို့ အိမ်ရှင်က အဖီကလည်း အားနေတာ။ တစ်လ (၅)ကျပ် ဆိုတာလည်း အလကားရနေတာ ပန်နီဝါလား လာနေရင် အိမ်စောင့် ဒလဝမ်တောင်ရသေးတယ်ဆိုပြီး ငှားလိုက်မိရော။ သူတို့က အကာကလေး တောက်တီးတောက်တဲ့ ထည့်တယ်။ ပထမတော့ အဖီကလေးထဲ ကုလား ၂ ယောက် ၃ယောက်။ နောက်တော့ ၃-၄ ယောက်။ နောက်တော့ ၅-၆ယောက်။ နောက် ၁၀ယောက် ၁၅ယောက်။ လူတွေများများလာလိုက်တာ ညများဘယ်လိုအိပ်ကြပါလိမ့်လို့ စဉ်းစားလို့တောင် မရဘူး။ တချို့လည်း အပြင်မှာ ထွက်အိပ်ကြတာပါ။
သူတို့က တစ်နေကုန်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ကြ၊ ညနေတိုင်တော့ ထန်းရည်၊ ဓနိရည် စတဲ့ အပေါဆုံးအရက်သေစာကလေး သောက်စားပြီး ပြန်လာကြ၊ အခန်းမှာ သီချင်းညည်းတဲ့လူကညည်း၊ စကားဖောင်လောက်အောင် ပြောတဲ့လူကပြော၊ တချို့က တစ်ကိုယ်ရေ မဟုတ်ဘူး၊ ကုလားဇနီး ပါလာသေးတယ်။
သူတို့မှာ စာတတ်တဲ့လူ မရှိဘူး။ သူတို့နိုင်ငံပြန်ပြီး စာရေးချင်ရင် သူတို့ လူမျိုးချင်းထဲက စာတတ်တဲ့လူကို ပိုက်ဆံပေးပြီး အရေးခိုင်းတယ်။ အဲဒီလူက စားပွဲကလေးတစ်တောင်လောက်နဲ့ လမ်းဘေးထိုင်နေတာ။ အလုပ်လုပ်လို့ ရသမျှ စုဆောင်းပြီး နေရပ်ကို တစ်လတစ်ကြိမ် ငွေပို့တယ်။ သူတို့စားတာက ပဲဟင်းနဲ့ ငရုတ်သီးတောင့်။ ထမင်းကို ပဲဟင်းဆမ်း၊ ဆားဖြူး၊ ငရုတ်သီး အတောင့်လိုက် ကိုက်စား၊ တစ်ပန်းကန်ကုန်ပြီဆိုတော့ ပန်းကန်ထဲ ရေထည့် လက်ဆေးပြီး အဲဒီလက်ဆေးရေ ပန်းကန်ဆေးရေကို မော့သောက်လိုက်တာ၊ သွန်မပစ်ဘူး။ ပလုတ်ကျင်းပြီးတော့လည်း မျိုချလိုက်တာ၊ ထမင်းတစ်စေ့ မလေလွင့်ရဘူး။
တစ်ခါတစ်ရံ သိပ်ပိုက်ဆံစုမိလို့ရှိရင် အိန္ဒိယပြန်တဲ့လူက ရှိသေးတယ်။ ခဏပြန်တာနော်။ အပြီး မဟုတ်ဘူး။ အဲဒီပြန်ရင် သူက မိန်းမရှိခဲ့ရင် သူ့မိန်းမကို ပိုက်ဆံပေးနိုင်တဲ့ အတူနေ ကော်ရင်ဂျီတစ်ယောက်ကို ငှားထားခဲ့တယ်။တစ်လ ဘယ်ရွေ့ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့။ ဒီငှားခ ယူသွားတယ်။ သူပြန်လာတော့ သူ့မိန်းမကို ပြန်ယူပြီး ပြန်ပေါင်းတယ်။
အဲဒီကော်ရင်ဂျီ အလုပ်သမားတွေဟာ တို့နိုင်ငံကို ကမ္ဘာစစ်မီးကြီးရောက်ရှိတောက်လောင်လာတော့ အိန္ဒိယကို ပြန်ပြေးကြတယ်။ ဘယ်လောက်ပြန်ရောက်လို့ ဘယ်လောက်လမ်းမှာသေသလဲမသိဘူး။ အမျုားစုကြီးက ကုန်းလမ်းကနေပြီး ခြေကျင်ပြန်ကြရတာကိုး။
စစ်ကြီးပြီးတော့ ဒီအလုပ်သမားတွေကို တို့နိုင်ငံက လက်မခံတော့ဘူးကွဲ့။ ဒါကြောင့် စစ်ပြီးမှ လူဖြစ်တဲ့ လူငယ်တွေက ကော်ရင်ဂျီ အလုပ်သမားတွေအကြောင်းကို မသိကြတော့ဘူး။ ဈေးပေါပေါနဲ့ အားမနာတမ်းခိုင်းရ စေရတဲ့လူတွေ တစ်ခါတုန်းက တို့ဆီမှာ အများကြီး ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း မသိကြတော့ဘူး။ တစ်နေ့က မလေးရှားတို့ ၊ ထိုင်းတို့မှာ တို့ဆီက အလုပ်သမားတွေ တရားမဝင် သွားရောက်လုပ်ကိုင်နေကြတာ သိန်းဂဏန်းနဲ့တောင် ရှိတယ်တဲ့။


ကလျာမဂ္ဂဇင်း၊ အမှတ် ၁၀၈၊ ၁၉၉၄ ဖေဖော်ဝါရီ

9 comments:

မိုးခါး said...

ခုခေတ်ကြီးများနော် .. တွေးကြည့်ရင် ရင်နာစရာပဲ .. ဟူးးး ရင်မောတယ် ..း((

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ဒီခေတ်ကို ဘယ်သူပြောင်းနိုင်မလဲ၊ ဒို့တွေအားလုံးမှာ တာဝန်ရှိတယ်နော်။ မိုးယုံစာဖတ်အား သိပ်ကောင်းပါတယ်။ အေးချမ်းပါစေ။ စေတနာပန်းခင်းကို လာလည်ပါဦး

crystal said...

တနေ့တော့လည်း ပြောင်းပြန် ပြန်ဖြစ်ချင်ဖြစ်အုံးမှာပါ၊ အဲ ဘယ်တစ်နေ့ဖြစ်မလဲဆိုတာတော့ ......

Anonymous said...

အခုကတော့ကွယ် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ ခေတ်ကိုးကွဲ့ ပါနီဝါလားဘဲဖြစ်ဖြစ် ဂျာဒူးဝါလားဘဲဖြစ်ဖြစ် လုပ်သင့်ရင်လုပ်ကြရတော့မှာကိုး။ အောက်ကျတာတွေ မကျတာတွေ မစဉ်းစားနိုင်တော့ပါဘူးကွယ်။ ပိုက်ဆံရဖို့လုပ်ကြရတော့မှာပေါ့။ ပိုက်ဆံမရှိရင် ခါနာ ဘယ်နဲ့စားကြမလဲကွဲ့။ (ကိုကြီးကျောက် လေသံနဲ့ ပြောကြည့်ခြင်း)။း)

Angelhlaing(May everybody be happy and healthy! said...

မရဘူး အကြွေးလာတောင်တယ် ခုပေးးး:D
အဟီး..
အကိုရေ ဘာပဲပြောပြော မြန်မာနိုင်ငံ ကြိးတိုးတက်မှု ပြောင်းလဲမှု တွေနဲ့ အမြန်ဆုံး
ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ...

Anonymous said...

ဆောင်းပါးမှာ လူမျိုးရေး ချိုးနှိမ်တဲ့ လေယူလေသိမ်း ပါနေလို့ ရင်ထဲတမျိုး ဖြစ်မိတယ်။ ဒါ ကျွန်တော် မြန်မာတိုင်းရင်းသားမိဘနှစ်ပါးက မွေးတာနော်။
နိုင်ငံခြားထွက်ရတော့ မိဘကိုရှာကျွေးဖို့ ရရာအလုပ် လုပ်ရတယ်၊ မြန်မာပြည်မှာ ဒီအလုပ်မျိုး မလုပ်ဖူးဘူးလို့ ချေးမများနိုင်ဘူး။ သမ္မာအာဇီဝဖြစ်ဖို့ပဲ အဓိကထားရတာ။ မြန်မာပြည်ထဲမှာတုန်းကလဲ ငွေမရှိလို့ ဘွဲ့လေးတစ်ဘွဲ့အပြင် ဘာသင်တန်းတွေ ဒီပလိုမာတွေမှ မတက်နိုင်လို့ ဘာဆာတီဖီကိတ်မှယူမလာနိုင်ခဲ့။ ။နိုင်ငံခြားမှာလဲ ကံကောင်းသူတွေလို အသင့်ကြို လမ်းပြမယ့် ဆွေမျိုးအသိုင်းအဝိုင်းမရှိတဲ့ ကျွန်တော်လိုလူတွေအတွက် ရရာအလုပ် ဝင်မလုပ်ချင်လို့ ဖြစ်မလား။ ဒါကို အိမ်ရှင်နိုင်ငံသားတချို့က ဆရာမကြီး ခု စာထဲ ရေးသလို သူတို့တိုင်းပြည်လာ အောက်ခြေသိမ်းလုပ်နေတဲ့ကောင်တွေ ငမွဲတိုင်းပြည်တွေကကောင်တွေဆိုတဲ့ မျက်လုံးမျက်နှာနဲ့ ဆက်ဆံတာ ခံရတာပဲ။ ကိုယ်ခံရရင် စာနာတတ်မှာပါ။

Anonymous said...

ကျနော်တို့ ဘဝကလဲ ခု ဆရာမကြီး ဂေါ်ရင်ဂျီတွေကို နှိမ်ရေးသလိုပါပဲ။ ဈေးချိုတဲ့ အခန်းတွေမှာ ကျပ်ကျပ်သပ်သပ် နေကြတယ်။ အပေါစား အသုံးအဆောင်တွေ သုံးတယ်။ အစားအသောက်ကို သူတို့အမြင်နဲ့ဆို ဆင်းရဲသားစား စားတယ်လို့ မြင်တဲ့ ဈေးပေါတာတွေ စားတယ်။ ဒီလိုဆင်းဆင်းရဲရဲနေပြီး တလတခါ အိမ်ကို ငွေပြန်ပို့တယ်။ ပိုက်ဆံစုမိရင် ကိုယ့်တိုင်းပြည် အလည်ပြန်တဲ့လူက ပြန်တယ်။

မောင်လေး said...

ကိုယ်တွေ တူဖြစ်ခဲ့တုန်းက လူသားချင်းစာနာစိတ်နဲ့ သိပ်ပြီး
မထုခဲ့ပါဘူးကွယ်...။ဟော..ကိုယ်တွေ ပေဖြစ်တော့ ခံလိုက်
ရတာ လှိမ့်နေတာပါပဲလား.....:(((
မိုးကောင်းတုန်း၇ွာထားပေါ့ကွာတွေ၊ဘာတွေ မလုပ်တော့
ပါဘူး...၊သံသရာဆိုတာ အဝိုင်းကြီးပဲလေ...နော့...။

Eagle said...

ဈေးပေါပေါနဲ့ အားမနာတိုင်း ခိုင်းရစေရတဲ့လူတွေ ကိုယ့်တိုင်းပြည်မှာ ရှိဖူးတယ် ဆိုတာကြီးကတော့ အလုပ်သမားအခွင့်အရေး ဘာမှပေးစရာ မလိုဘဲ အကြီးအကျယ် လူပါးဝလို့ရတယ်လို့ ဂုဏ်ယူသလို ဖြစ်နေမလားလို့။ ကျွန်တော်တို့လူမျိုးတွေ မဟုတ်တာကို ဂုဏ်မယူကြစေလို။
ဝိုင်းလုပ်ဝိုင်းစားလို့ စကားလှလှလေး သုံးပြီး တောကလူတွေကို အိမ်ခေါ်၊ လခ မယ်မယ်ရရမပေးဘဲ ကျွန်လိုခိုင်းတာလဲ မြန်မာပြည်မှာ ရိုးနေပြီ။ စောင့်ရှောက်ထားရတာဆိုပြီး အပေါ်စီးကတောင် ကြွားလိုက်သေးတယ်။