Tuesday, April 26, 2011

နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide)က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး အင်တာနက် ၀န်ဆောင်မှု

နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide)က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး အင်တာနက် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးစွဲသူများက အကြံပြု

နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide)က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး အင်တာနက် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးစွဲသူများက အကြံပြု ပြောဆိုခဲ့ကြပါသည်။

''ဒီနေ့ခေတ်က Borderless IT ခေတ် ဖြစ်လာတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိကနေရာမှာ နည်းပညာက ဦးဆောင်လာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ မြို့ပြကျေးလက်အရ သာမကပဲ နိုင်ငံအလိုက်ပါ နည်းပညားသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ဖြစ်နေမယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်တာ အမှန်ပါပဲ'' စင်ကာပူအခြေစိုက် Klevin Chia ဥပဒေအကျိုးဆောင်လုပ်ငန်း၏ မြန်မာနိုင်ငံရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။

''အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုကို လေ့လာကြည့်မယ်ဆိုရင် နည်းပညာကို အသုံးချနိုင်မှု ကွာဟချက် (Digital Divide) ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်တာ ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ နည်းပညာနဲ့ နည်းပညာရဲ့ စွမ်းအားကို အသုံးချနိုင်ခဲ့တာက တိုးတက်မှုရဲ့ အဓိကအချက် ဖြစ်နေတယ် ဆိုတာကို အထင်အရှား တွေ့မြင်ရပါတယ်။ Digital Divide ကိုကျဉ်းမြောင်းအောင် လုပ်ဆောင်ခြင်းက တိုးတက်မှုကို ဖြစ်ပေါ်စေတယ်လို့ ယူဆမိပါတယ်''ဟု Myanmar Book Centre ၏ စီအီးအို ဒေါက်တာသန့်သော်ကောင်းက ပြောပြပါသည်။


Pfingo နဲ့ ပတ်သက်လို့လည်း ပြန်စဉ်းစားစေချင်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းက မိသားစုဝင်တွေ ဆက်သွယ် ပြောဆိုမှုမှာ ဈေးသက်သာတဲ့ Pfingo က အဓိကပါပဲ။ ဒါကြောင့် IDD ခေါ်ဆိုမှုကရမယ့်ဝင်ငွေထက် သန်းဂဏန်း လောက်ရှိတဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စာနာစေချင်ပါတယ်...

''လက်ရှိအချိန်မှာတင် ရနေတဲ့ နည်းပညာကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းတာတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာနဲ့ချိတ်ဆက် အလုပ်လုပ်တဲ့ နေရာမှာ အားသာချက်တွေ ရခဲ့ပါတယ်။ အထူးသဖြင့် ငွေပေးငွေယူ ကိစ္စတွေအတွက် ဘဏ်တွေနဲ့ချိတ်ဆက်တဲ့ နေရာမှာ ကိုယ့်ရဲ့ ငွေစာရင်းဆိုင်ရာ အသွင်းအထုတ် အ၀င်အထွက်တွေကို ဘဏ်ကို သွားစရာမလိုဘဲ အင်တာနက်ကို သုံးပြီးတော့ စစ်ဆေးလို့ ရနေပါပြီ။ ဒါက အချက်တစ်ချက်ပဲ ရှိပါသေးတယ်။တခြား စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာလည်း လူတစ်ဦးနဲ့တစ်ဦး တွေ့နေစရာ မလိုပဲ အင်တာနက်က တစ်ဆင့် ချိတ်ဆက်တွေ့ဆုံတာတွေ လုပ်လို့ရနေပါတယ်။ စီးပွားလုပ်ငန်းရှင်ကြီးတွေက ဒါကို စတင် သုံးစွဲနေပြီ ဆိုပေမယ့် ကျန်တဲ့သူတွေ အားလုံး ကျယ်ပြန့်စွာ သုံးနိုင်ဖို့တော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ကျေးလက်၊ မြို့ပြပါမကျန် နိုင်ငံအလိုက်ပါ Digital Divide ကျဉ်းမြောင်းဖို့ဆိုတာ အရေးကြီးတဲ့ အချက် ဖြစ်တယ်လို့ မြင်မိပါတယ်''ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ဦးမြတ်သင်းအောင်က ပြောပါသည်။

မျက်မှောက်ခေတ် အနေအထားအရ နည်းပညာ သုံးစွဲခြင်း ဆိုသည် ဇိမ်ခံပစ္စည်း(Luxury goods) သုံးစွဲခြင်း မဟုတ်တော့ဘဲ လူတိုင်းအတွက် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း ဦးသန်းမောင်က သုံးသပ်ပါသည်။

''နည်းပညာ သုံးစွဲမှုဆိုတာ Luxury Goods သုံးစွဲမှု မဟုတ်တော့ပါဘူး။ အနိမ့်ဆုံးအားဖြင့် လူတိုင်း တီဗီကြည့်နေကြသလို အင်တာနက် ကြည့်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ အင်တာနက်နဲ့ နည်းပညာ ဆိုတာကလည်း ဒီနေ့ခေတ် လူတွေရဲ့ အခြေခံ လိုအပ်ချက် ဖြစ်လာပါတယ်။ မြို့သားတွေမှ၊ ချမ်းသာတဲ့သူတွေမှ သုံးရတယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ကျေးလက်မြို့ပြ တစ်ပြေးညီ သုံးစွဲရမယ့် အနေအထား ဖြစ်လာပါတယ်။ နိုင်ငံတကာနဲ့ တန်းတူ ဆက်ဆံဖို့ဆိုတဲ့ နေရာမှာလည်း အင်တာနက်က အဓိက ဖြစ်လာပါတယ်။ ဆက်သွယ်ရေးကွန်ရက်က စလို့ Digital Divide မှာ ကွာဟချက် ရှိနေမယ်ဆိုရင် နိုင်ငံတကာနဲ့အညီ ချိတ်ဆက်မှုမှာ ကျန်ရစ်ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာက စောင့်ခေါ်နေမှာ မဟုတ်ပါဘူး။ ထားခဲ့မှာပါ။ Digital Divide ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ လုပ်ဆောင်မှုက အရေးပါတဲ့ ကိစ္စ ဖြစ်လာပါတယ်''ဟု ဦးသန်းမောင် က ဆက်လက်ပြောပြသည်။

''ဒိုက်ဦးဘက်မှာ စာကြည့်တိုက်တစ်ခု တည်ထောင် ဖြစ်ပါတယ်။ အဲဒီစာကြည့်တိုက်မှာ အင်တာနက်ကိုပါ တပ်ဆင်ခဲ့တယ်။ eLibrary လုပ်ဖို့ ရည်ရွယ်ထားတာပါ။ လောလောဆယ်မှာတော့ စာအုပ်တွေအတွက် Database မရှိသေးလို့ အင်တာနက် သီးသန့်သုံးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီမှာတင် အင်တာနက်ရဲ့ အကျိုးရှိမှုကို တွေ့ခဲ့ရပါတယ်။ ဒေသခံတွေ အနေနဲ့ စာကြည့်တိုက်ကိုလာပြီး အင်တာနက်ကြည့်ပါတယ်။ စပါးဈေး၊ ပဲဈေးကအစ ကြည့်တတ်နေပါပြီ။ အရင်ကဆို ရေဒီယိုကတစ်ဆင့်ပဲ သူတို့နား ထောင်ခဲ့ရတာပါ။ ဘင်္ဂလားဒေ့ရှ်က လယ်သမားတွေ အင်တာနက် ကြည့်သလို သူတို့ကြည့်တတ်လာပါတယ်။ အားလုံး မဟုတ်ပေမဲ့ အင်္ဂလိပ်စာ အထိအတွေ့ ရှိတဲ့သူတွေ ပေါ့လေ။ ဒီလိုမျိုးတွေဟာ ကျေးလက်နေရာစုံမှာ ကျယ်ပြန့်လာရင် ပိုကောင်းလာမယ့် အခြေအနေပါ''ဟု ဦးမြတ်သင်းအောင် က ပြောပါသည်။

''နည်းပညာကို သုံးစွဲနိုင်မှုဆိုတဲ့ နေရာမှာ အခြေခံအားဖြင့် အင်တာနက်ပေါ့။ အင်တာနက် သုံးစွဲရာကနေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြား ကိစ္စတွေမှာ အသုံးချလို့ရမယ့် နည်းလမ်းတွေ ရလာမှာပါ။ ကျွန်တော်တို့ဆီမှာတော့ ကျေးလက်တွေမှာ အင်တာနက်သုံးဖို့ အလှမ်းကွာနေပါသေးတယ်။ နိုင်ငံတကာမှာတော့ ကျေးလက်မြို့ပြသာမကပဲ နိုင်ငံ အချင်းချင်း ချိတ်ဆက်မှုမှာ အင်တာနက်က အရေးပါလာပါတယ်''ဟု ဒေါက်တာသန့်သော်ကောင်းက ဆိုပါသည်။

နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် အခြေခံအချက် ဖြစ်သော အင်တာနက် သုံးစွဲခွင့် ရရှိရေးတွင် ထိုသို့ သုံးစွဲခွင့် ရရှိရန်အတွက် အင်တာနက်တပ်ဆင်စရိတ် သက်သာရန်မှာ အရေးပါကြောင်း ပြောဆိုခဲ့ကြပါသည်။

''ကျွန်တော့်အမြင်ကတော့ telecommunication sector မှာ အစိုးရက profit မယူရင် ပိုကောင်းမလားလို့ မြင်မိတယ်။ ယူလို့တော့ ရပါတယ်။ telecom sector ကို ပုဂ္ဂလိကကိုပေးပြီး ယူရင်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ပုဂ္ဂလိကကိုပေးတာ တဖြည်းဖြည်း များလာတာ တွေ့ရပါတယ်။ ပုဂ္ဂလိကကိုပေးတယ် ဆိုတာ ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ပေးတာကို ပြောတာပါ။ ပုဂ္ဂလိကများလာလို့ ပြိုင်ဆိုင်မှုတွေ များလာရင် ဈေးနှုန်းကျလာပြီး ၀န်ဆောင်မှု ကောင်းလာမှာပါ။ အခု မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိကကို ပေးတာတချို့ ရှိပေမယ့် အပြည့်အ၀ မဟုတ်ဘူးလေ။ ကျွန်တော့်သဘောကတော့ telecom secotr မှာ အစိုးရက လိုအပ်တာကို ထိန်းချုပ်ပြီး profit မယူဘူးဆိုရင် ပိုကောင်းလာမယ်၊ ပြည်သူတွေလည်း ပိုသုံးခွင့်ရပြီး အကျိုးရှိလာမယ်၊ ပြည်သူတစ်ဦးချင်းစီ ချမ်းသာလာရင် နိုင်ငံတစ်ခုလုံး ချမ်းသာလာတာပဲ မဟုတ်လား''ဟု ဒေါက်တာ သန့်သော်ကောင်းက ပြောပါသည်။

''စာကြည့်တိုက်မှာ အင်တာနက် ချိတ်တော့ တခြား ဗာဟီရတွေနဲ့ ဆယ်ငါးသိန်းလောက် ကုန်သွားတယ်။ အမှန်ဆိုရင် ဒီဈေးနှုန်းက လူတိုင်းသုံးနိုင်တာ မဟုတ်ဘူး။ လူတိုင်းသုံးနိုင်တဲ့နှုန်း ဆိုရင်တော့ ပိုပြီး ကျယ်ပြန့်လာမှာပေါ့။ ပိုပြီး ကျယ်ပြန့်လာတာနဲ့ Digital Divide ကျဉ်းမြောင်းလာမှာပါ။ အခုချိန်မှာ ငါးသိန်းတန်ဖုန်းတွေကို အသုံးများလာသလိုပေါ့။ အင်တာနက်ကိုလည်း နိုင်ငံတကာမှာလို ဈေးသက်သာအောင် တပ်ဆင်ခွင့်ပေးထားရင် ပိုသုံးလာကြမှာ အမှန်ပါပဲ။ သုံးတဲ့ သူပိုများလာရင် အင်တာနက်ကတစ်ဆင့် ရတဲ့ဝင်ငွေလည်း ပိုများလာမယ်။ အင်တာနက် အခုထက် ဈေးသက်သာလာမယ်ဆိုရင် စလောင်းတွေ တပ်သလို ကျွန်တော်လည်း အများကြီး လိုက်တပ်ပေးနိုင်တာပေါ့''ဟု ဦးမြတ်သင်းအောင်က ဆက်လက် ပြောပြပါသည်။


'နည်းပညာကို သုံးစွဲနိုင်မှုဆိုတဲ့ နေရာမှာ အခြေခံအားဖြင့် အင်တာနက်ပေါ့။ အင်တာနက် သုံးစွဲရာကနေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြားကိစ္စတွေမှာ အသုံးချလို့ရမယ့် နည်းလမ်းတွေ ရလာမှာပါ။ ကျွန်တော်တို့ ဆီမှာတော့ ကျေးလက်တွေမှာ အင်တာနက်သုံးဖို့ အလှမ်းကွာနေပါသေးတယ်။ နိုင်ငံတကာမှာတော့ ကျေးလက်မြို့ပြသာမကဘဲ နိုင်ငံအချင်းချင်း ချိတ်ဆက်မှုမှာ အင်တာနက်က အရေးပါလာပါတယ်' . . .

လက်ရှိအချိန်တွင် ပြည်တွင်း၌ အင်တာနက် တပ်ဆင်အသုံးပြုနေသူများအနက် မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်း အသုံးပြုနေသူများမှာ ကနဦး တပ်ဆင်ခ (Setup Fee) ကို အနည်းဆုံး ငွေကျပ်သိန်းနှစ်ဆယ်မှ နှစ်ဆယ့်သုံးသိန်း ၀န်းကျင်အထိ ပေးသွင်းထားရပြီး လစဉ်ကြေး အနေဖြင့် 256kb လိုင်း အသုံးပြုနေသူများမှာ တစ်လလျှင် ငွေကျပ်သုံးသောင်း၊ 512kb လိုင်း အသုံးပြုနေကြသူများမှာ လစဉ်ကြေး အနေဖြင့် တစ်လလျှင် ငွေကျပ်ငါးသောင်း၊ နှစ်စဉ်ကြေး အနေဖြင့် ငွေကျပ်ခြောက်သောင်းကို ပုံမှန် ပေးသွင်းနေရကြောင်း သိရပါသည်။ Broadband အင်တာနက်လိုင်းကို တပ်ဆင် အသုံးပြုနေကြသူများမှာ ကနဦး တပ်ဆင်ခ အနေဖြင့် FEC 920 ပေးသွင်းထားရပြီး လစဉ်ကြေး အနေဖြင့် 256 kb လိုင်းမှ 512 kb လိုင်း အထိ တစ်လိုင်းချင်းစီ အတွက် တစ်လလျင် FEC 30 မှ FEC 130 အထိပေး သွင်းနေရပြီး နှစ်စဉ်ကြေး အနေဖြင့် တစ်နှစ်လျင် FEC 60 ပေးသွင်းပြီး အသုံးပြုနေကြရသူများ ဖြစ်ပါသည်။ WiMax အသုံးပြုနေကြသူများမှာ ကနဦးတပ်ဆင်ခ အတွက် FEC 1500 ပေးသွင်းရပြီး လစဉ်ကြေးများကို 45 FEC မှ 130 FEC အထိ ပေးသွင်းပြီး နှစ်စဉ်ကြေး အနေဖြင့်မူ တစ်နှစ်ကို FEC 60 ပေးသွင်း အသုံးပြုနေရကြောင်း သိရှိရပါသည်။

''မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းထဲက လူ ၁၀၀ မှာ ၀ ဒသမ ၆၉ ယောက်နှုန်းခန့်ပဲ သုံးနိုင်တာ တွေ့ရတယ်။ ၁၀၀ မှာ တစ်ယောက်တောင် အင်တာနက် မသုံးနိုင်သေးတဲ့ အခြေအနေ ဖြစ်နေတယ်။ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်နည်းတဲ့ ပမာဏလို့ ပြောရမယ်။ အိန္ဒိယနိုင်ငံမှာ Skype ကို သုံးပြီး ဆင်းရဲတဲ့ရွာတွေက ကလေးတွေကို ပညာသင်ကြားရေး အစီအစဉ်တွေ စတင် လုပ်ဆောင်နေပါတယ်။ မြန်မာကျေးလက်ကို အင်တာနက်ရောက်ဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အမေရိကန်မှာတော့ အင်တာနက်က အခမဲ့ VoIP သုံးစွဲခွင့်နဲ့ ပတ်သက်ပြီး သူတို့ဆီကတော့ ပုဂ္ဂလိကကုမ္ပဏီက ပြည်သူတွေရဲ့ အခမဲ့ VoIP သုံးစွဲခွင့်အပေါ် လက်ဝါးကြီးအုပ်ပြီး ခြယ်လှယ်ဖို့ ကြိုးစား နေတာ တွေ့ရပါတယ်။ ဒါကို ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို လိုက်မလား။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို လိုက်မလားဆိုတာ လှုပ်ရှားမှုတစ်ခု ဖြစ်နေပါတယ်။ ဒီမှာလည်း VoIP နဲ့ ပတ်သက် ပြီး ပြည်သူတွေအတွက် သက်သာစေမယ့် လုပ်ဆောင်မှုတွေ စတင်သင့်ပါပြီ။ နိုင်ငံခြားက သာမန်ဖုန်းနဲ့ ခေါ်ဆိုတဲ့ IDD တန်ဖိုးတွေက ပြည်သူတွေအတွက် VoIP ထက်စာရင် ဈေးအရမ်းကြီးနေတယ်လေ။ အင်တာနက်သုံးစွဲမှုနဲ့အတူ VoIP သုံးစွဲမှုကလည်း တိုးတက်မှုကို အများကြီး ဖြစ်ထွန်းစေပါတယ်''ဟု ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးတင်ညွန့်က ပြောပြသည်။

နည်းပညာကွာဟမှု(Digital Divide) ဖြစ်ရသည့် အကြောင်းအရင်းများတွင် အင်တာနက် တပ်ဆင်ခနှုန်းထား ကြီးမြင့်နေခြင်းက အချက်တစ်ချက် ပါဝင်နေသကဲ့သို့ အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကလည်း အချက်တစ်ချက် ဖြစ်နေခဲ့ကြောင်း သိရပါ သည်။

''ဒီနေ့ခေတ်မှာ တောနဲ့မြို့ပြရဲ့ အဓိက ကွာဟချက်မှာ အင်တာနက်က အရေးပါလာပါတယ်။ လက်ရှိအချိန်မှာ အင်တာနက်က လူတန်းစားမရွေး အသုံးပြုနိုင်တဲ့ အနေအထား မရောက်သေးပါဘူး။ အင်တာနက်ကို သက်ဆိုင်ရာကဏ္ဍ အသီးသီးမှာ တကယ် အသုံးချနိုင်ရင် အများကြီး အကျိုးရှိမှာပါ။ ဒါပေမယ့် အင်တာနက်မြန်နှုန်း နိမ့်ကျနေပါတယ်။ မြန်နှုန်းကျဆင်းရတဲ့ ကိစ္စထဲမှာ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဆိုရင်တောင် ဒီကိစ္စရပ်တွေကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်။ တရုတ်လို နိုင်ငံမျိုးမှာ နိုင်ငံလုံခြုံရေးဆိုင်ရာ အကြောင်းကိစ္စတွေ အတွက် အင်တာနက်ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်တာ ရှိပေမယ့် မြန်နှုန်းကျသွားတာမျိုး မရှိဘူး''ဟု Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

''အင်တာနက် ကွန်နက်ရှင်ကို ကျွန်တော်တို့လို စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ ကောင်းစေချင်တာပေါ့။ အင်တာနက်ကွန်နက်ရှင်သာ ကောင်းမယ်ဆိုရင် ကျွန်တော့်တို့ လုပ်ငန်းတွေ လုပ်ရတာ စိတ်သွားတိုင်းကိုယ်ပါတာပေါ့ဗျာ။အခု ကျွန်တော်တို့ရုံးမှာက 512Kbps လိုင်းတစ်လိုင်းကို သုံးနေတယ်။ လစဉ်ကြေးက ငါးသောင်း ပေးရတယ်။ ဒေသတွင်း နိုင်ငံတစ်ခုမှာကျတော့ 30 Mbps ကို စင်ကာပူ ၆၉ ဒသမ ၁၂ ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် ကျပ် ၅၀၀၀၀ လောက်ပဲ ရှိတယ်။ အမြန်နှုန်းကျတော့ ၅၈ ဆတောင် ကွာပါတယ်။ ဒီလိုသာ တွက်ပြီးပေးမယ်ဆိုရင် ကျွန်တော်တို့ သုံးနေတဲ့ 512 Kbps ဆို တစ်လကို ၈၆၂ ကျပ်ပဲ ပေးစရာ လိုတော့မယ်။ နောက်ပြီး တခြားနိုင်ငံတွေထက် မလျော့တဲ့ နှုန်းထားနဲ့ ပေးနေရတာဆိုတော ကျွန်တော်ကတော့ဗျာ 24/7 မပျက်တဲ့ အင်တာနက်ဆက်ကြောင်းရယ်၊ ပေးရတာနဲ့တန်တဲ့ ၀န်ဆောင်မှုနဲ့ အင်တာနက် မြန်နှုန်းကိုတော့ လိုချင်ပါတယ်''ဟု အိုင်တီမန်နေဂျာတစ်ဦးက ပြောပြပါသည်။

''မြန်မာနိုင်ငံမှာ သုံးစွဲနေရတဲ့ အင်တာနက်နဲ့ ပတ်သက်ရင်တော့ လုံးဝ available မရှိသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံအတွင်းမှာပဲ အင်တာနက်နဲ့ လုပ်ချင်တာတွေ လုပ်ချင်ပေမယ့် ဘာမှလုပ်မရနိုင်အောင် ဖြစ်ရပါတယ်။ အင်တာနက် မြန်နှုန်း မကောင်းတဲ့အတွက် အင်တာနက်ရှေ့မှာ အချိန်တွေ ထိုင်ဖြုန်းနေရသလိုပါပဲ။ အင်တာနက်နဲ့ လုပ်တာချင်း အတူတူ၊ တခြား နိုင်ငံတစ်နိုင်ငံက လူတစ်ဦး တစ်နာရီအတွင်းမှာ အလုပ်တစ်ခုပြီးတယ်ဆိုရင် တစ်နာရီအတွင်း လုပ်တာချင်း အတူတူ ကျွန်တော်တို့မှာက အလုပ်မပြီးဘူး ဖြစ်နေပါတယ်' ဟု Solveware Solution ကုမ္ပဏီမှ ကိုငွေထွန်းက ပြောပြပါသည်။

လူ့စွမ်းအား အရင်းအမြစ်နှင့် ငွေကြေးစိုက်ထုတ်နိုင်မှု ရင်းနှီးအားချင်း တူသည့်တိုင်အောင် လက်ရှိ အင်တာနက်ဆက်သွယ်မှု စနစ်ကြောင့် မြန်မာနိုင်ငံမှာမူ နိုင်ငံတကာနှင့် အလှမ်းကွာမည့် အခြေအနေတွင် ရှိနေနိုင်ကြောင်း စင်ကာပူ အခြေစိုက် Thales Solution Asia မှ ဆော့ဝဲမန်နေဂျာ ကိုသန့်သူရမျိုးက သုံးသပ်ပါသည်။

''လူစွမ်းအား အရင်းအမြစ်လည်း တူမယ်၊ ငွေကြေးအရင်းအနှီးလည်း တူမယ်၊ မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံရဲ့ ပုံရိပ် ကွာဟမှုကိုလဲ မေ့ထားဦးမယ် ဆိုရင်တောင် မြန်မာပြည်က စီးပွားရေးတွေ နိုင်ငံတကာအဆင့် ရောက်လာဖို့ အင်တာနက်ကြောင့် ဝေးနေနိုင်သလို ဖြစ်နေတယ်။ Real Time Competition က နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတဲ့အခါမှာ အရေးပါတဲ့အချက် ဖြစ်နေပါတယ်''ဟု ကိုသန့်သူရမျိုးက ပြောပါသည်။

''အင်တာနက် အခြေအနေက သက်ရောက်မှု တော်တော်ရှိနေပါတယ်။ ခုအခြေအနေက စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရပါတယ်။ အင်တာနက်ကြောင့် လုပ်ငန်းကြီးတစ်ခုလုံး မလည်ပတ်နိုင်ဘဲ ရပ်နေတာမျိုး မဟုတ်ပေမယ့် ဒီအတွက် အလုပ်ချိန် ပိုပေးလိုက်ရတာမျိုးတော့ ရှိပါတယ်။ ဥပမာ-အီးမေးလ်မှာ Attachment File တစ်ခု ပါတယ်ဆိုရင်ပဲ အချိန် တော်တော်ပေးနေရပါတယ်။ ဒါမပြီးရင် နောက်ထပ် အလုပ်တွေလည်း လုပ်လို့မရတာမျိုး ကြုံရပါတယ်။ သူ့အတွက် အချိန်တစ်ခုပေးပြီး လုပ်နေရတာမျိုးပေါ့''ဟု Client Focus ကုမ္ပဏီမှ ဦးအောင်ကျော်မိုးက ပြောကြားခဲ့သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းကို အစိုးရပိုင်းက ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် Red Link ကုမ္ပဏီ၊ ၂၀၁၀ ပြည့်နှစ်တွင် SkyNet ကုမ္ပဏီနှင့် MDS ကုမ္ပဏီများ ပေါ်ထွက်လာခဲ့သည်။ ထို့အတူ FTTx အင်တာနက် ၀န်ဆောင်မှု အတွက် မန္တလေးတွင် RedLink နှင့် Fortune ရန်ကုန်တွင် E-Lite Tech ၊ တာမိုးညဲချမ်းသာထွန်းဝေ ကုမ္ပဏီလီမီတက်၊ Red Link ၊Fortune၊ High Tech Princess၊ Myanmar Digital Signature (MDS) နှင့် Kinetic Energy အစ ရှိသော ပုဂ္ဂလိက ကုမ္ပဏီများမှာ လုပ်ကိုင်ခွင့် ရရှိရန် သတင်းထွက်ပေါ်ခဲ့သည်။ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းအတွက် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိခြင်းမှာ ကောင်းမွန်သည့် လက္ခဏာ ဖြစ်သော်လည်း ပုဂ္ဂလိက ကုမ္ပဏီများ၏ ၀န်ဆောင်မှုမှာ ထူးခြားလာခြင်း မရှိသေးကြောင်း သုံးစွဲသူများမှ ပြောဆိုခဲ့ပါသည်။

''အင်တာနက် သုံးစွဲနိုင်မှုနဲ့ မြန်နှုန်းက နိုင်ငံတကာနဲ့ ကွာနေပါပြီ။ နိုင်ငံတကာနဲ့ ကွာဟမှုကို ထိန်းသိမ်းပေးဖို့ လိုသလို၊ မြို့ပြနဲ့ကျေးလက် ကွာဟမှုလည်း ထိန်းပေးစေချင်ပါတယ်။ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မှု အရေးပါပြီး ကျောင်းသား လူငယ်တွေရဲ့ အင်တာနက် သုံးစွဲနိုင်မှုက တိုင်းပြည်ရဲ့ အနာဂတ်အကျိုးနဲ့ ဆိုင်နေပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းအဆင့် ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ WiFi စနစ်နဲ့ အင်တာနက် အခမဲ့သုံးစွဲခွင့်ပြုဖို့ အကြံပြုလိုပါတယ်။ အင်တာနက် မြန်နှုန်းကလည်း နိုင်ငံတကာမှာ ရရှိနေတဲ့ မြန်နှုန်းနဲ့ ကွာနေတဲ့အပြင် တချို့ အချိန်တွေမှာဆိုရင် လက်ရှိ ပေးနေတဲ့ အင်တာနက်မြန်နှုန်းရဲ့ ၁၀ ပုံ ၁ ပုံတောင် မရပါဘူး။ တချို့လတွေမှာ တစ်လလုံးကို ၁၀ ရက် လောက်တောင် မကောင်းချင်ဘူး။ ပေးရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ၀န်ဆောင်မှု ရရှိဖို့၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်စေချင်ပါတယ်။အသုံးပြုခွင့် မပေးတော့တဲ့ Pfingo နဲ့ ပတ်သက်လို့လည်း ပြန်စဉ်းစားစေချင်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းက မိသားစုဝင်တွေ ဆက်သွယ် ပြောဆိုမှုမှာ ဈေးသက်သာတဲ့ Pfingo က အဓိကပါပဲ။ ဒါကြောင့် IDD ခေါ်ဆိုမှုက ရမယ့်ဝင်ငွေထက် သန်းဂဏန်း လောက်ရှိတဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စာနာစေချင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့ ပြည်သူလူထု အမှန်တကယ် လိုအပ်တဲ့ အင်တာနက် ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့၊ မြန်နှုန်းမြှင့်ပေးဖို့ အကြံပြုလိုပါတယ်''ဟု ကိုဝေဖြိုးက ဆက်လက် ပြောပြပါသည်။

လူဦးရေ ၅၆ သန်းရှိသော မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် အချိန်အထိ အင်တာနက်သုံးစွဲသူဦးရေ သုံးသိန်းငါးသောင်းကျော် ရှိနေကြောင်း တရားဝင် ထုတ်ပြန်မှုများအရ သိရပါသည်။ ကမ္ဘာ့နိုင်ငံများ၏ အင်တာနက် သုံးစွဲမှုကို စစ်တမ်း ကောက်ယူနေ သည့် Internet World Stats ၀က်ဘ်ဆိုက်တွင်မူ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲမှုသည့် နိုင်ငံလူဦးရေ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်း ဖော်ပြခဲ့ပါသည်။

၂၀၁၀ ပြည့်နှစ်အထိ ရရှိခဲ့သော ခန့်မှန်း ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် အိုင်တီကုမ္ပဏီပေါင်း ၂၅၀ ကျော်ရှိပြီး အဆိုပါ ကုမ္ပဏီများအနက် ၂၄ ရာခိုင်နှုန်းမှာ ဆော့ဝဲလုပ်ငန်း၊ ၂၇ ရာခိုင်နှုန်းမှာ ကုန်စည်ရောင်းဝယ်မှုလုပ်ငန်း၊ ၂၇ ရာခိုင်နှုန်းမှာ ဟာ့ဒ်ဝဲ ရောင်းချမှု လုပ်ငန်း၊ ၁၁ ရာခိုင်နှုန်းမှာ နည်းပညာဆိုင်ရာ လုပ်ငန်းနှင့် ၈ ရာခိုင်နှုန်းမှာ ကွန်ရက်ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသုံးပြုခွင့် ပေးထားသော အင်တာနက်လိုင်း အမျိုးမျိုး
Broadband
ကနဦး တပ်ဆင်ခ- FEC 1000
လစဉ်ကြေး- FEC 30 မှ FEC 130 အထိ။
နှစ်စဉ်ကြေး- FEC 60
သတ်မှတ်ထားသော Speed - 128 Kpbs မှ 512 Kbps အထိသာ။
*လက်ရှိအချိန်တွင် Broadband လိုင်း တပ်ဆင်မှု ရပ်ဆိုင်းထားသည်။

ADSL(MPT)
ကနဦးတပ်ဆင်ခ - ကျပ် ၁၄သိန်း
လစဉ်ကြေး - 256 Kbps လိုင်း အတွက် ကျပ် ၃၀၀၀၀၊ 512 Kbps လိုင်းအတွက် ကျပ် ၅၀၀၀၀။ 1Mbps လိုင်းအတွက် ကျပ်တစ်သိန်း၊ 2 Mbps လိုင်းအတွက် ကျပ် နှစ်သိန်း။
နှစ်စဉ်ကြေး - ကျပ် ၆၀၀၀၀။
သတ်မှတ်ထားသော Speed - 128Kbps မှ 2Mbps အထိသာ။ 1Mbps လိုင်းနှင့်အထက်ကို အကန့်အသတ်ဖြင့်သာ တပ်ဆင်ပေးကြောင်း သိရသည်။

ADSL (ရတနာပုံတယ်လီပို့)
ကနဦးတပ်ဆင်ခ - FEC 1000
လစဉ်ကြေး- FEC 30 မှ FEC 125 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed - 128 Kbps မှ 512Kbps အထိသာ။

WiMax
ကနဦး တပ်ဆင်ခ - FEC 1500
လစဉ်ကြေး - FEC 45 မှ FEC 130 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed - 128Kbps မှ 512Kbps အထိသာ။

င်္FTTH(Fibre to the Home)
ကနဦး တပ်ဆင်ခ - ကျပ်ကိုးသိန်း
လစဉ်ကြေး- ကျပ် ၄၅၀၀၀ မှ ၁၂၅၀၀၀ အထိ။
နှစ်စဉ်ကြေး - ကျပ် ၆၀၀၀၀ (Voice and Data)
သတ်မှတ်ထားသော Speed - 512 Kbps မှ 2Mbps အထိသာ။
တစ်ဦးချင်းစီ အတွက် ရုပ်မြင်သံကြားစံနစ်တွင် 20Mbps နှင့် အထက်၊ Internet အတွက် 50 Mbps နှင့်အထက် ရရှိနိုင်မည်ဟု ဆိုထား။
*FTTH လိုင်းအတွက် စမ်းသပ်မှု ပြုလုပ်နေဆဲကာလ ဖြစ်ကြောင်းနှင် အချို့ နေရာများ၌ စတင် သုံးစွဲလျက်ရှိ။

McWill Broadband Wireless Access
ကနဦး တပ်ဆင်ခ - ကျပ်ငါးသိန်း
နှစ်စဉ်ကြေး - ကျပ် ၆၀၀၀၀
VoIP - ၅၀ ကျပ်(တစ်မိနစ်)
Fax - ၁၀၀၀၀ကျပ် (Activation Fee)
SMS Fee - ၂၅ကျပ်(1 Message)
အင်တာနက်အသုံးပြုခ နှုန်းထားများ - 128Kbps - ၂ကျပ် (တစ်မိနစ်)၊ 256 Kbps - ၃ကျပ် (တစ်မိနစ်)၊ 512 Kpbs - ၆ကျပ် (တစ်မိနစ်) 1Mbps - ၈ကျပ် (တစ်မိနစ်)။

SkyNet- Multi-Play Services
ကနဦး တပ်ဆင်ခ - ကျပ် ၁၀သိန်းခန့်
လစဉ်ကြေး - ကျပ် ၄၀၀၀၀ မှ ၁၅၀၀၀၀(Consumer)၊ ကျပ် ၁၅၀၀၀ မှ ကျပ် ၄၀၀၀၀၀(Corporate)
ရရှိနိုင်သော မြန်နှုန်း- 128Kbps မှ 2 Mbps အထိ
ရုပ်သံဝန်ဆောင်မှု အတွက် နှစ်စဉ်ကြေး - ကျပ် ၂၁၆၀၀၀
ဖုန်းလိုင်းအတွက် နှစ်စဉ်ကြေး - ၅၀၀၀၀ ကျပ်

မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံ အချို့၏ အင်တာနက် အသုံးပြုမှု ကုန်ကျစရိတ် နှိုင်းယှဉ်ချက်
စဉ် နိုင်ငံ ပျမ်းမျှရရှိသော Connection Speed ကနဦးတပ်ဆင်ခ လစဉ်ကြေး
၁။ မြန်မာ 0.25Mbps (256Kbps) မှ 2Mbps အထိ ငွေကျပ် ၁၄ သိန်း(MPT)
၅၀၀၀၀ကျပ်*



$ 1000 (ရတနာပုံတယ်လီပို့) ၁၃၀၀၀၀ကျပ်*



$ 1500 (WiMax) ၁၃၀၀၀၀ကျပ်*
(မြန်မာနိုင်ငံတွင် အသုံးပြုခွင့်ပေးထားသော အခြား အင်တာနက် ၀န်ဆောင်မှုများကို တစ်ဖက်ပါ ဇယားတွင် ဖော်ပြထားပါသည်။)
၂။
ထိုင်း 0.50 Mbps(512Kbps)မှ 8 Mbpx နှင့်အထက်
အခမဲ့ Bath 599 (4Mbps အတွက်)
၃။ စင်ကာပူ 3Mbps မှ 100 Mbps နှင့်အထက် အခမဲ့ $26.48 (3Mbps အတွက်)
၎။ မလေးရှား 0.25Mbps မှ 100Mbps နှင့်အထက် RM908 RM 69(1Mbpsအတွက်)
၅။ အင်ဒိုနီးရှား 0.50 Mbps မှ 3Mbps နှင့်အထက် Rp 75000 Rp 195000 (384Kbps အတွက်)
၆။ ဖိလစ်ပိုင် 0.50Mbps မှ 2Mbps နှင့်အထက် အခမဲ့ P 795 (512Mbps အတွက်)

မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ IDD(International Direct Dialling) ခေါ်ဆိုခ နှုန်းထားနှင့်
အင်တာနက်မှတစ်ဆင့် VoIP ဖုန်းဖြင့် ခေါ်ဆိုမှုနှုန်းထား နှိုင်းယှဉ်ချက်
ခေါ်ဆိုမည့်နိုင်ငံ IDD ခေါ်ဆိုမှု တစ်မိနစ်နှုန်းထား
(အမေရိကန်ဒေါ်လာ)
VoIP ခေါ်ဆိုမှု တစ်မိနစ်နှုန်းထား
(Skype to Mobile ကျပ်ငွေဖြင့်)
VoIP ခေါ်ဆိုမှု တစ်မိနစ်နှုန်းထား
(Pfingo to Mobile ကျပ်ငွေဖြင့်)
ထိုင်း ၁.၄၀ ၂၀၀ ၁၀၀
ဟောင်ကောင် ၁.၇၅ ၅၀ ၅၀
မလေးရှား ၁.၇၅ ၁၅၀ ၁၀၀
ပါကစ္စတန် ၁.၇၅ ၃၀၀ ၃၀၀
စင်ကာပူ ၁.၇၅ ၅၀ ၅၀
အိန္ဒိယ ၁.၉၀ ၂၀၀ ၁၀၀
တရုတ် ၂.၂၅ ၅၀ ၅၀
ဘင်္ဂလားဒေ့ရှ် ၂.၇၀ ၃၀၀ ၁၅၀
အင်ဒိုနီးရှား ၂.၉၀ ၃၀၀ ၂၅၀
ပြင်သစ် ၃.၂၀ ၄၀၀ ၄၀၀
အီတလီ ၃.၂၀ ၅၀၀ ၆၀၀
နယူးဇီလန် ၃.၂၀ ၅၀၀ ၈၀၀
အင်္ဂလန် ၃.၂၀ ၅၀၀ ၅၀၀
ဘရာဇီးလ် ၄.၅၀ ၄၀၀ ၆၀၀
ကာတာ ၃.၂၀ ၆၀၀ ၅၀၀
ဂျပန် ၂.၇၀ ၃၀၀ ၄၀၀
တောင်ကိုရီးယား ၂.၉၀ ၂၀၀ ၁၅၀
အမေရိကန် ၄.၅၀ ၅၀ ၁၀၀
ဖိလစ်ပိုင် ၂.၉၀ ၅၀၀ ၃၀၀
ဗီယက်နမ် ၂.၇၀ ၅၀၀ ၂၀၀
ဂျာမနီ ၃.၂၀ ၅၀၀ ၄၀၀
ယူအေအီး ၄.၅၀ ၅၀၀ ၅၀၀

ဒေသတွင်း နိုင်ငံများ၏ လူဦးရေနှင့် အင်တာနက် အသုံးပြုသူ အရေအတွက်
စဉ် နိုင်ငံ လူဦးရေ အင်တာနက်သုံးစွဲသူ အရေအတွက်
၁။
မြန်မာ ၅၆ သန်း သုံးသိန်းငါးသောင်းကျော်
၂။ ထိုင်း ၆၆ သန်း ၁၆ သန်းကျော်
၃။ စင်ကာပူ ၅ သန်း ၄ သန်းနီးပါး
၎။ မလေးရှား ၂၉ သန်း ၁၆ သန်းကျော်
၅။ အင်ဒိုနီးရှား ၂၂၉ သန်း သန်း ၃၀ ကျော်
၆။ ဖိလစ်ပိုင် ၉၁ သန်း ၂၄ သန်းကျော်
၇။ ဗီယက်နမ် ၈၅ သန်း ၂၂ သန်းကျော်
၈။ ကမ္ဘောဒီးယား ၁၄ သန်း ၇ သိန်းကျော်
၉။ ဘရူနိုင်း ၄ သိန်း ၃ သိန်းကျော်
၁၀။ လာအို ၆၃ သိန်း ၅ သိန်းကျော်

http://www.weeklyeleven.com/

0 comments: