Wednesday, May 25, 2011

မီးလောင်၍ တစ်နှစ်ခန့်ပိတ်ထားခဲ့သော မင်္ဂလာဈေး၏ တတိယထပ်၌ပြန်လည် ဈေးရောင်းချခွင့်ပြု ...

w63431

မီးလောင်၍ တစ်နှစ်ခန့်ပိတ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသော ရန်ကုန်မြို့ရှိ မင်္ဂလာဈေး တတိယထပ်တွင် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ဈေးရောင်းချခွင့် ပြန်ပေးခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

မင်္ဂလာဈေးသည် မြန်မာတစ်နိုင်ငံလုံးသို့ အ၀တ်အထည်နှင့် ဆေးဝါးပစ္စည်းများ အဓိက ဖြန့်ဖြူးရာ ဈေးကြီးတစ်ခု ဖြစ်ပြီး မီးလောင်ခဲ့ရခြင်းကြောင့် ရောင်းဝယ်မှု အခြေအနေများ ခေတ္တ ရပ်ဆိုင်းသွားခဲ့ရကြောင်း၊ ဈေးအတွင်းရှိ ဆိုင်များ အနေဖြင့်လည်း နီးစပ်ရာရှိ ဆိုင်ခန်းများအား ပြန်လည်ငှားရမ်း၍ ဖွင့်လှစ်ခဲ့သော်လည်း ၀ယ်လိုအားများ သိသာစွာ ကျဆင်းခဲ့ရကြောင်း ဈေးသူဈေးသားများ၏ ပြောပြချက်များ အရ သိရသည်။

''မင်္ဂလာဈေးက တစ်နိုင်ငံလုံးကို ဖြန့်ဖြူးတဲ့ ဈေးကြီးတစ်ခု ဖြစ်တော့ မီးလောင်သွားတဲ့အတွက် ရောင်းဝယ်မှုတွေ ထိခိုက်ခဲ့ပါတယ်။ ၀ယ်နေကျ ဖောက်သည်တွေ ပျက်တဲ့အပြင် ကျန်နေတဲ့ ဖောက်သည်တွေလည်း ဘယ်မှာဝယ်လို့ ၀ယ်ရမှန်း မသိအောင်ကို ခက်သွားခဲ့တယ်။အဲဒီတော့ ကျွန်တော်တို့လည်း ဈေးနဲ့နီးစပ်တဲ့ တော်ဝင်ပလာဇာမှာ ဆိုင်ခန်းငှားပြီး ဖွင့်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ဆိုင်ငှားခတွေကလည်း ဈေးအရမ်းကြီးခဲ့ပေမယ့် ဖွင့်ခဲ့ရတယ်။ မီးလောင်တာက မေလ၊ စက်တင်ဘာလ လယ်လောက်မှာ ဈေးပြန်ရောင်းချခွင့် ရပါတယ်။ ဒါပေမယ့် အရင်ကရောင်းဝယ်တဲ့ အနေအထားကို မမီပါဘူး''ဟု လက်ရှိ မင်္ဂလာဈေး မြေညီထပ်ရှိ လက်လီလက်ကား ပုဆိုးအရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောပြခဲ့သည်။

မင်္ဂလာဈေး တတိယထပ်အား မေလ ၂၀ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့် ပေးခဲ့သောကြောင့် ဆိုင်ခန်းများတွင် လိုအပ်သည့် ပြင်ဆင်မှုအချို့ ပြုလုပ်ရန် ဈေးသူဈေးသားများကို အသိပေးမှုများ ပြုလုပ်ထားသည်။

''ကျွန်မတို့က အရင် မင်္ဂလာဈေး တတိယထပ်မှာ မုန့်ဆိုင် ဖွင့်ထားတာပါ။ မီးလောင်ပြီး အခု တစ်နှစ်အလောက်ကြာမှ တတိယထပ်မှာ ဈေးပြန်ရောင်းချခွင့် ပေးခဲ့ပါတယ်။ အဲဒီ တစ်နှစ်တာ ကာလအတွင်းမှာ အရောင်းအ၀ယ်တွေကလည်း ကျဆင်းခဲ့တဲ့အပြင် ဆိုင်ငှားပြီး ဖွင့်ခဲ့ရတဲ့အတွက် စရိတ်တွေကလည်း ကြီးခဲ့တယ်။ အခု ဈေးပြန်ရောင်းခွင့် ရပြီဆိုတော့ အရင်လို အရောင်းအ၀ယ် ပုံမှန်ဖြစ်လို့ပဲ မျှော်လင့်မိတယ်''ဟု လက်ရှိ မင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းငှား ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါသည်။

မင်္ဂလာဈေး တတိယထပ်သည် ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများ ရောင်းချသည့် အထပ်ဖြစ်ကြောင်း သိရှိရသည်။ မင်္ဂလာဈေး စတုတ္ထ ထပ်မှာမူ ယခုလက်ရှိပြန်လည်ပြု ပြင်တည်ဆောက်နေသောကြောင့် ရောင်းချခွင့် မရရှိသေးကြောင်း၊ စတုတ္ထထပ်မှာ ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းချသောအထပ် ဖြစ်ကြောင်း သိရှိရသည်။

မင်္ဂလာဈေးသည် ၂၀၁၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က မီးလောင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အချိန်အကြာဆုံး မီးလောင်မှု စာရင်းဝင်သွားခဲ့ကာ ပျက်စီးဆုံးရှုံးမှုလည်း စံချိန်တင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စတုတ္ထထပ်ရှိ ဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် ခေါင်မိုးထပ်ရှိ ဂိုဒေါင်များ၊ စားသောက်ခန်းများ မီးလောင်ပျက်စီးခဲ့ရပြီး ဈေးတစ်ခုလုံးကို ပိတ်ထားခဲ့ရကာ ပျက်စီးမှုများအား ပြန်လည် ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ၂၀၁၀ စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ မြေညီထပ်မှ ဒုတိယထပ် အထိ ဆိုင်ခန်းများကို ပြန်လည် ရောင်းချခွင့် ပေးခဲ့သည်။

http://www.weeklyeleven.com/

2 comments:

ညိမ်းနိုင် said...

ကောင်းအိ...ကမိုးယံ...။

SHWE ZIN U said...

မိုးယံ ရေ

သတင်းလေး တွေ အတွက် ကျေးဇူးနော်