Monday, May 30, 2011

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်ကိုးခု လက်မှတ်ရေးထိုး

6351
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ဟူကျင်တောင်တို့ကို တရုတ်နိုင်ငံ ပေကျင်းရှိ
The Great Hall of the People ခန်းမဆောင်၌ မေလ ၂၇ ရက်နေ့က တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်ကိုးခု လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ဟူကျင်တောင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ရန် မေလ ၂၆ ရက်နေ့ နံနက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းအထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာခဲ့သည်။

ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့လည်း လိုက်ပါသွားကြောင်း သိရသည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံ အတွက် အရေးပါသော ခရီးစဉ်တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သို့ စီးပွားရေး၊ နည်းပညာနှင့် အခြား အကူအညီများကို ပေးအပ်နေသလို မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ် တည်ပေးနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် တရုတ် ကွန်မြူနစ်ပါတီ အာဏာရရှိပြီးနောက် ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ သုံးရက်တာ ခရီးစဉ်အတွင်း တရုတ် သမ္မတ ဟူကျင်တောင်၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁)ကြိမ်မြောက် အမျိုးသား ကော်မတီဥက္ကဋ္ဌ ကျာချင့်လင် တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထို့ပြင် သဘောတူစာချုပ် ကိုးခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် တရုတ်ဖွံ့ဖြိုး တိုးတက်ရေးဘဏ် မှ ချေးငွေ အမေရိကန်ဒေါ်လာ ၇၆၃ သန်းအတွက် သဘောတူစာချုပ်လည်း ပါဝင်သည်။ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှု အခန်းကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။ ထို့အတူ တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံ၌ လာရောက် အခြေချနေထိုင်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရသည်။

ယခုသွားရောက်သည့် ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အတွက် နိုင်ငံတော်သမ္မတ အဖြစ် မတ်လ ၃၀ ရက်နေ့က ကတိသစ္စာ ပြုပြီးနောက်ပိုင်း ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး မေလ ၅ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် နိုင်ငံတော် သမ္မတ အဖြစ် ကတိသစ္စာ ပြုပြီးနောက် ရက်ပိုင်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ ၀င်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Xu Caihou တို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်များအတွင်း မြန်မာနိုင်ငံ နှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့် ချေးငွေဆိုင်ရာ သဘောတူ စာချုပ်များနှင့် တရုတ်-မြန်မာတပ်မတော် နှစ်ရပ်အကြား သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ် ထိစပ်နေရုံသာမက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၄ ဘီလျံ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ထက် ၅၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: AFP, Ref: Xinhua, AP, AFP

http://www.weeklyeleven.com/

3 comments:

မောင်သီဟ said...

ဘာတွေကိုဘယ်လိုသဘောတွေတူပြီး
စာချုပ်ချုပ်ခဲ့ပြန်ပြီလည်းမသိဖူး
ရင်ထိတ်လိုက်တာ
တပြည်လုံးနီးပါး ပူလောင်လွန်းလှပီ
ကောင်းကျိုးဆိုတာဘယ်မှာမှန်းသိဖူး
အခု ရာသီဥတုအရမ်းပူလောင်နေတဲ့ ဆိုးကျိုးတွေခံစား နေရပြီ....
အနှစ်တွေကဘယ်ရောက်ဘယ်ပျောက်မသိ
း)း)

ညိမ်းနိုင် said...

ဒေါ်လှလေး သန်း၇၀၀ လောက်များ....ရွေရွေ့ဆီက ပြန်ချေးရင် ၂၀၀၀
လောက်ကအသာလေး...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးး)