
မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။
“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။
ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့် မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။
စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။
“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။
အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။
ဝန်ဆောင်မှု ပေးလိုသော ကုမ္ပဏီများ ထောင်နှင့်ချီ ရှိနေသည့်အတွက် တရားဝင် လုပ်ခွင့်ရမည့် ကုမ္ပဏီများ စာရင်း မကြာမီ ထွက်ပေါ်လာဖွယ် ရှိသည်ဟု မဟာနန်း ကုမ္ပဏီမှ တာဝန်ခံတဦးက ပြောသည်။
“မလေးရှားမှာ အေးဂျင့် လုပ်ချင်တဲ့ ကုမ္ပဏီတွေက များလာတယ်။ ကြိုတင်ငွေတောင်းပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက ရှိနေတော့ Black list ပြခံလိုက်ရတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဒါကြောင့် တရားဝင် စာရင်းထုတ်ပြန်ဖို့ မလေးရှားအစိုးရက စီစဉ်လိုက်တာပါ” ဟု မဟာနန်း ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။
စိစစ်ပြီး တရားဝင်နေထိုင်ခွင့် ရမည့် နိုင်ငံခြားသား တဦးသည် အခွန်၊ တရားမ၀င် နေထိုင်ခဲ့မှု အတွက် ဒဏ်ကြေး၊ စသည်တို့ အတွက် ရင်းဂစ် ၈၀၀ ပေးဆောင်ရမည် ဖြစ်ပြီး စာရင်းပေးသွင်းပြီးသော သူများမှာ Yellow Card ဟုခေါ်သော တရားဝင် သွားလာခွင့် ကတ် ရရှိမည်ဟု သိရသည်။
ဘဏ်အာမခံကြေး၊ ဆေးရုံ အာမခံကြေးများ၊ ကျန်းမာရေး ဆေးစစ်ချက်များ အတွက် အခြား ကုန်ကျစရိတ် အနည်းငယ်လည်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။
လအနည်းငယ် အကြာတွင် ပါမစ်ကြေး (Levy ကြေး) ပေးသွင်းပြီးနောက် တရားဝင် နေထိုင်ခွင့် လက်မှတ် ရရှိမည် ဖြစ်သည်ဟု သိရသည်။
ပါမစ်ကြေးများမှာ မတူညီဘဲ လယ်ယာ လုပ်ငန်း အတွက် ရင်းဂစ် ၃၆၀၊ ဥယျာဉ်ခြံ လုပ်ငန်း အတွက် ရင်းဂစ် ၅၄၀၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်း အတွက် ရင်းဂစ် ၁၂၀၀၊ စားသောက်ဆိုင်နှင့် ၀န်ဆောင်မှု လုပ်ငန်း အတွက် ရင်းဂစ် ၁၈၀၀ စသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။
နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ပြုရေး အတွက် စိစစ်ခြင်း အစီအစဉ် မည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မသိရသေးပေ။
၆ လ ကြာမည့် ယခု စီမံကိန်း ကာလပြီးနောက် မလေးရှား နိုင်ငံအတွင်း တရားမ၀င် နေထိုင်သော နိုင်ငံခြားသားများကို ဖမ်းဆီးရမိပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်မည် ဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။
မလေးရှားအစိုးရက ယခုကဲ့သို့ စီစဉ်နေသော်လည်း ငွေကြေး မတတ်နိုင်သည့် မလေးရှားရောက် မြန်မာပြည်သားများ အတွက် အခက်အခဲ ဖြစ်နေဦးမည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။
“တနေ့မှ ၁၈ ရင်းဂစ်ပဲ ရပြီး တလ လုံးမှ ၅၀၀ ၀န်းကျင်ပဲ ရတဲ့ အလုပ်သမားတွေ ရှိနေသေးတယ်။ မြန်မာသံရုံးကလည်း အထောက်အကူ မပေးဘူး။ မလေးရှား အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဘာမှ အကာ အကွယ် မပေးနိုင်ဘူး ဆိုရင် အခုလို တရားဝင်အဖြစ် လုပ်ပေးနေတာတွေဟာ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ပြန်ပြီး တရားမ၀င် ဖြစ်သွားကြဦးမှာပါပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကိုကျော်ထူးအောင်က ပြောသည်။
မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု မလေးရှား အခြေစိုက် Burma Campaign Malaysia (BCM) အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှ တဆင့် ၀င်ရောက်သော မြန်မာပြည်သား အရေအတွက်မှာ နှစ်စဉ် ငါးထောင် ၀န်းကျင် ရှိသည် ဟုလည်း BCM က ဆိုသည်။
Source by :http://www.irrawaddy.org/
0 comments:
Post a Comment