Friday, July 8, 2011

ဟင်္သာတမြို့တွင် ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို အမှုဖွင့်စစ်ဆေး

http://www.weeklyeleven.com/images/stories/July11/Bi/4149.jpg

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ လက်သမားရပ်ကွက် ဦးပါရဲ ဘုရားအနီး ဦးပါရဲတာကြီးတန်းလမ်း ရှိ You & me လက်ဖက်ရည်ဆိုင်တွင် ဆိုင်ရှင်က အလုပ်သမား ကလေးငယ် အားညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော တောင်ထိပ်ကွက်(ခ) မောင်စိုးထက်အောင် ၉ နှစ် အရွယ် ကလေးငယ်အား လွန်ခဲ့သည့် သုံးလ၀န်းကျင်က အလုပ်ရှင်မှ ခေါ်လာခဲ့ကြောင်း သိရှိရသည်။ ကလေးငယ်သည် သုံးလတာအတွင်း အလုပ်ဝင်ခဲ့ရသော ဟင်္သာတမြို့ရှိ You & me လက်ဖက်ရည်ဆိုင် သုံးဆိုင်စလုံးတွင် အကြိမ်ကြိမ် ထွက်ပြေးခဲ့ကြောင်း၊ ပထမနှစ်ဆိုင်တွင် ထွက်ပြေးခဲ့စဉ်က ဆိုင်ရှင်မှ ရန်ကုန်ကိုပြောင်း၍ အလုပ်လုပ်ရမည်ဟု ဆိုကာ ရန်ကုန်သို့မပို့ဘဲ ဟင်္သာတမြို့တွင်သာ ပြန်လည် အလုပ်လုပ်ကိုင်စေခဲ့ကြောင်း ယခုနောက်ဆုံး ဦးပါရဲတာ ကြီးတန်းလမ်းရှိ အဆိုပါလက်ဖက်ရည်ဆိုင်မှ ဇွန်လ ၂၅ ရက်က ထွက်ပြေးခဲ့ရာတွင် ဆိုင်ရှင်က လိုက်လံခေါ်ယူခဲ့ပြီး အိမ်အရောက်တွင် ဆိုင်ရှင် ထက်မှူး ဌေးဝင်း(ခ)စနိုး ၂၂ နှစ်ဆိုသူက မောင်ထိပ်ကွက်(ခ) မောင်စိုးထက်အောင် ၉ နှစ်အား အိပ်ခန်း ရှေ့ရှိထုပ်တန်းတွင် မီး ကြိုးနှင့် လက်ပြန်ကြိုးတုပ်၍ ဆွဲထားစဉ် ကြိုးပြတ်ကျ၍ ကလေးမေးစေ့ ထိခိုက်ကွဲအက်ခဲ့ကြောင်း၊ အခန်းရှေ့ထုပ် တန်းတွင် လက်ပြန်ကြိုးတုပ်၍ ချည်ထားကာ ရိုက်နှက်ခဲ့ပြီး ကော်ဘူးဖင်ကို မီးဖြင့်ထိုးပြီး ကော်ပူစက်များကို ကလေး၏ ကျောကုန်း၊ ခါး၊ တင်ပါးတို့ တွင် ချခဲ့ကြောင်း၊ ထို့နောက် ရေခဲသေတ္တာပေါ်ရှိ မီးပူကိုအပူပေး၍ကျောကုန်း၊ ဗိုက်နှင့်တင်ပါးတို့တွင် ထိုးခဲ့ကြောင်း၊ ထို့နောက် ကလေးမှာ တစ်ညလုံးထုပ်တန်းတွင် နေခဲ့ရကြောင်း သိရသည်။

နောက်နေ့ နံနက် ၁၁ နာရီအချိန် ဆိုင်ရှင်လင်မယားနိုးလာပြီး ကြိုးကိုဖြေပေးကာ ညက နှိပ်စက်ရာတွင် အသုံးပြုခဲ့သည်များကို ရှင်းခိုင်းခြင်း၊ မီးဖိုချောင် တွင် အလုပ်လုပ်ခိုင်းခြင်းတို့ကို အိမ်အနောက်ဘက် အခန်း၌စေခိုင်းခဲ့ကြောင်း သိရပါသည်။ နောက်ရက်အနည်းငယ်တွင် ကလေးငယ်သည် ထွက်ပြေးခဲ့ပြီး အနီးရှိ အိမ်တစ်အိမ်၌ ပုန်းအောင်းနေခဲ့ကာ အိမ်ရှင်အကူအညီဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အမှတ်(၁) ရဲစခန်း၌ ကလေး၏ အဒေါ်ဖြစ်သူက ဇွန်လ ၂၇ ရက်နေ့တွင် တိုင်ကြားခဲ့ပြီး ဟင်္သာတဆေးရုံတွင် ဆေးကုသမှုများပြုခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့တွင် ဆေးရုံမှဆင်းခဲ့ပြီး အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ခေါ်ယူထားကြောင်း သိရှိရသည်။

အဆိုပါအမှုကို ဟင်္သာတအမှတ် (၁) ရဲစခန်းမှ (ပ) ၈၇/၂၀၁၁ ပုဒ်မ ၃၂၄ ဖြင့် အရေးယူထားပြီး မြို့နယ်ဥပဒေ မှပုဒ်မ ၃၂၆/၃၄၂ ဖြင့် ပြောင်းလဲအရေးယူရန် အကြံပေးခဲ့ကြောင်း အမှုစစ် ဒုရဲအုပ်မြင့်သိန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၃၄၂ ဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် ဟင်္သာတမြို့နယ် တရားရုံးသို့ တရားခံအား အချုပ်ဖြင့် တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားသူကြီးမှ ရာကြီးအမှတ် ၁၇၂၆/၂၀၁၁ ဖြင့် လက်ခံပြီး ဇူလိုင် လ ၄ ရက်နေ့မှစ၍ ချိန်းဆိုစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

http://www.weeklyeleven.com

5 comments:

Anonymous said...

တော်တော်ရက်စက်ယုတ်မာတာပဲ။ ကလေး ကံဆိုးလိုက်တာ။ လူမသိဘဲ ခံနေရတဲ့ တခြားကလေးတွေ ဘယ်နှစ်ယောက် ရှိနေပြီလဲမသိ။

Anonymous said...

ဒီလိုအဖြစ်မျိုးတွေကိုဝိုင်းဝန်းဖေါ်ထုတ်ကြပြီးဒီလိုခလေးမျိုးလေးတွေကိုကူညီနိုင်ကြရင်သိပ်ကောင်းမှာဘဲနော်။

တောက်ပကြယ်စင် said...

ရက်စက်ယုတ်မာလှချည်လား ဆိုင်ရှင်တို့ရယ်။ (ပြုသူသစ်၊ ခံသူအဟောင်းပေါ့ကွယ်) ကလေးလေး သနားပါတယ်။

မအိမ်သူ said...

အဲဒီဆိုင်ရှင် စိတ်ကောမှန်ရဲ့လားမသိ.. ကြောက်စရာကောင်းလိုက်တာ ကလေးကိုလုပ်တဲ့ပုံက နာဇီတွေ ဖက်ဆစ်တွေ နှိပ်စက်တဲ့နည်းတွေကျနေတာဘဲ..

ယွန်း said...

ကလေးအရွယ်လေးကို ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာ... လူစိတ်ရောရှိသေးရဲ့ လားမသိဘူး ..
ဒီမှာသာဆိုရင် အဲလိုမျိုးက ထောင်ဒဏ်တသက်တစ်ကျွန်း
ဒါမှမဟုတ် သေဒဏ်လောက်ကျနိုင်တယ် ..