Saturday, September 3, 2011

အမှတ်မထင်ပြုမိတတ်သည့်ကံ

အထူးသတိပြုစရာ အမှတ်မထင်ပြုမိတတ်သည့်ကံ

 လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည် ကိုပင်ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး၊ တဟားဟား ရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင် မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ် ကံများပင် ဖြစ်ပေသည်။

ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။

ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ ဆုံဖူးပါတယ်။ အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။ တစ်နှစ်နီးပါးလောက် ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ပဲ

ပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ ဆိုးကျိုးလေး တစ်ခုပါ။ နောက်တစ်ခု ကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက် ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်းတစ်ပါးကိုလည်း ကြုံဖူးပါတယ်။ အဲလိုပဲ ဒကာတစ်ယောက်က ဦးဇင်းလေးလမ်းလျှောက်တာကို ပျက်ရယ်ပြုပါတယ်။ များမကြာမီမှာပဲ အဲဒီပြက်ရယ်ပြုတဲ့ ဒကာကြီးရဲ့ ဇနီးက သမီးလေးတစ်ဦး မွေးဖွားပါတယ်။ အဲဒီကလေး မွေးရာမှာ ဦးဇင်းလေးရဲ့ညာဘက် ခြေထောက်လိုပဲ မစွမ်းမသန်လေး ဖြစ်နေပါတယ်။ တိုက်ဆိုင်တာမျိုးမဟုတ်ပဲ ဒကာရဲ့ ပြက်ရယ်ပြုလိုက်တဲ့ အကုသိုလ်ကံ ဒီဘဝမှာ သူမခံစားရပေမယ့် သူရဲ့ သွေးသားတော်စပ်တဲ့ ကလေးမှာသွားပြီး ခံစားရတာကို တွေ့ဆုံးဖူးခဲ့တာပါ။ အမှတ်မထင်ပြုလုပ်မိတဲ့ အကုသိုလ်ကံရဲ့ ဆိုးကျိုးဟာ ပြန်ပြီး ပေးဆပ်လိုက် ရတာက ပိုပြီးကြီးမား တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် အားလုံးသော ဒကာ၊ ဒကာမများလည်း သူတစ်ပါး ဒုက္ခရောက်နေသည်ကို မြင်တွေ့ပါက ပြောင်လှောင်ခြင်း မျိုးတွေ မဖြစ်အောင် ထိန်းသိမ်းစေချင်ပြီး

ထို ဒုက္ခရောက်နေသူကို သနားကရုဏာ စိတ်မျိုးမွေးသင့်ပါတယ်။ သူတစ်ပါးရဲ့အားနည်းချက်ကို ကြည့်ပြီး ပြောင်လှောင်တာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းစေချင်ပါတယ်။ တကယ်လို့ မထိန်းမိပဲ အမှတ်မထင်ပြုမိလိုက်ပါကဒီဘဝ အကျိုးမပေးသော်လည်း နောင်ဘဝမှာ အကျိုးပေးမှာပါ။ ဒါကို ဝဋ်လည်တယ်လို့ ဆိုရမှာပါ။ဝဋ်ဆိုတဲ့အရာဟာ

ဦးဇင်းတို့ ဒကာ၊ဒကာမတို့လို ပုထုဇဉ်မှမက ရဟန္တာ၊ မြတ်စွာဘုရား အပါအဝင် မည်သို့သော ပုဂ္ဂိုလ်မှ လွတ်ကင်းတာ မရှိပါဘူး။ ပြန်ပြီး ခံရစမြဲ ဖြစ်ပါတယ်။ အရှင်မဟာမောဂ္ဂလန် ရဟန္တာ အရှင်မြတ်ကြီး မြတ်စွာဘုရားရဲ့ လက်ဝဲတော်ရံကြီးဖြစ်လင့်ကစား ဘဝတစ်ခုမှာ မိဘနှစ်ပါးကို မသေမရှင် ရိုက်ခဲ့တဲ့ အကုသိုလ် ကံကြွေးကြာင့် နောက်ဆုံးပရိနိဗ္ဗာန် စံရမည့်ဘဝမှာလည်း ခိုးသားငါးရာရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်ဆိုတာ အားလုံးသော ဗုဒ္ဓဘာသာများ သိဖူး ဖတ်ဖူးကြမှာပါ ။ နောက်ဆုံး ဦးဇင်းတို့ရဲ့ ကိုးကွယ် ဆည်းကပ်နေတဲ့   မြတ်စွာဘုရားရှင် သည်ပင်လျှင် နုစဉ်အခါတုန်းက အမှတ်မထင် ပြုမိ ခဲ့တဲ့ အကုသိုလ် ကံကြောင့် ဝိပါတ်တော် (၁၂)ပါးနဲ့ နောက်ဆုံး ပရိနိဗ္ဗာန် စံတဲ့အထိ  ပေးဆပ်ခဲ့ရတယ် ဆိုတာ သိပြီးဖြစ်မှာပါ ပြောလိုတာက သူတစ်ပါး ဆင်းရဲဒုက္ခကိုဖြစ်စေ၊ သူတစ်ပါး အားနည်းချက်ကိုဖြစ်စေ၊ ကိုယ့်ရဲ့ဒုက္ခမဖြစ်အောင်၊ကိုယ့်ရဲ့အားနည်းချက် မဖြစ်အောင် အမှတ်မထင် ပြု မိတတ်တဲ့ကံကို မပြုလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တာပါ။

အမှတ်မထင်ပြုလိုက်မိသည့် ကံကလည်း ကြောက်စရာ ကောင်းလှပါတယ် ဆိုတဲ့အကြောင်းနဲ့ ထို ကြောက်စရာ ကောင်းတဲ့ ကံကို အသက်ထက်ဆုံး မပြုလုပ်မိအောင် သတိတရားနဲ့ ထိန်းသိမ်းစေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ရပါသည်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ) 

2 comments:

မဒမ်ကိုး said...

ဟုတ်တယ် ဟုတ်တယ်
အဲဒါတော့ တကယ်ယုံကြည်မိတယ်..
အမှတ်မထင်ဆိုတာကနေတကယ်ကြောက်စရာကောင်းတယ်...း(

ခင်တဲ့
မဒိုးကန်

ညီရဲ said...

ဘယ်နှယ့် တော်တော်ဆိုးတဲ့သူတွေ ဘုန်းကြီးများ သွားနောက်ရတယ်လို့ ။ ဒါမျိုးက ပြောင်တယ်တောင် မခေါ်တော့ဘူး။ စော်ကားသလို ဖြစ်နေပြီ...
နည်းတယ်တောင် ထင်မိတယ်။