Thursday, September 8, 2011

ဘေလာ့ဂ္ဂါဆိုတာ

ကဲကဲ ...လာပါပြီ...လာပါပြီ...မဒမ်ကိုး ရဲ့ ကိုရင့် သတ်မှတ်ချက်အရ အန်ဖတ်စားတဲ့“ ခြေနှစ်ချောင်းနဲ့ နားရွက်တို ” တဲ့ ဘလော့ဂ်ဂါ အမည်ခံ ကျွန်တော်မျိုးမှ အသုံးတော်ခံရန် တဖန်ရောက်လာခဲ့ ပြန်ပါပြီ။ ဘလော့ဂ်ဒေးအမှတ် တရရေးပြီးမှ တဖန်ပြန်ကာ ဆက်သွယ်မိလာတဲ့ ဝေးကွာခဲ့သော နတ်ဆိုးလေး က လူသားအားလုံးအတွက် ကိုမိုးယံ ဆိုပြီး မသိမသာ မြှောက်ကာပင့်ကာ  တဂ် လိုက်ပြန်တာ ကို ပေါ်တော်မူ ရှေ့နေလေး ကိုကိုးအိမ်က ဘလော့ဂ်ဂါတိုင်းချစ်တဲ့ ဘလော့ဂ်ဂါကြီး ဆိုပြီး အချွန်နဲ့ တဂ် လာပြန်သဗျ။ တုံးဖလားသူကြီးလို ပြုံးပြုံးကြီး ဖြီးဖို့ရန် ၊ လာလည်ကြပါ ကိုယ့်အိမ် ပျော်စရာလေးတွေ ရှိတယ် ဆိုတဲ့နေရာကို သွားကြည့်၊ ဘလော့ဂ်ဂါ ဆိုတာ အရူးလို့ ရက်ရက်စက်စက် ဆိုရှာတဲ့ အစ်ကို ကြီးထံ နည်းခံ၊ဟိုလှည့် ဒီလှန် မွှေနောက် ပြီးပြန်တောာ့ စကားလုံးတွေကို ထွေးအန်ဖို့ ကြံကြံ ဖန်ဖန် တွေးပြန်သဗျာ။

ဘလော့ဂ်ရွာတစ်ခွင် ပြဲပြဲစင်အောင် မွှေနှောက်ဖတ်ပြီး ကိုယ်ခံစားမိသလိုပြန်ရေး သူက ရေး၊ ဖတ်ထား သိထားသမျှ ပြန်ရေးတဲ့ သူက ရေး၊ မသိတဲ့သူတွေကို သိအောင်ရေးပြ သူက ပြ၊ ချက်ထားသမျှ သွားရည်ကျအောင် တင်တဲ့ သူက တင်၊ အတင်းတွေကို သတင်းလိုလုပ်၊ သတင်းတွေကို အတင်းဖြစ်အောင် တုပ်ပြီး သကာလ၊ ရသ ရေးသူက ရေး ၊ ကဗျာ စပ်သူက စပ်၊ စာအုပ်မျှသူက မျှ ၊ သတင်းရေး သူက ရေး၊ ဓမ္မ ဟောသူက ဟော၊ သွေးဆောင်သူက သွေးဆောင်၊ နည်းညာတွေ ပြန်သင်သူက သင်ပေး နဲ့ အတော် ဟုတ်တဲ့ ဘလော့ဂ်ရွာထဲက မြန်မာ ဘလော့ဂ်ဂါဆိုတဲ့ သတ္တ၀ါတွေဟာ...ကိုယ့်ဘာသာကိုတော့ ရိုးရိုးသားသားနဲ့ အဟုတ်ကြီး ဟုတ်နေကြသူတွေပါပဲ။ ခက်တာက အဲဒီလူတွေ အားလုံးက ရွှေပြည်ကြီးကနေ ဆင်းသက် လာတဲ့ ခန္တီပါရမီ ရင့်သန် သူတွေမို့ ကျွန်တော် ဒီလိုပြောလည်း စိတ်မဆိုးပဲ ငပေါကြီးဆိုပြီး ပြုံးပြုံးကြီး ကြည့်သူက ကြည့်နေကြတယ်။ “ ဒီကောင်အရူးပဲ” ဟု နှုတ်ခမ်းဖွဖွ ခပ်ဟဟ နဲ့ စုပ်သပ်ကြသေးတယ်။ရင်းနှီးသူများကလည်း ဒီကောင်တော့ ပြန်ဖောက်လာပြီဟု ဓါတ်သိခြင်း သနားမိကြဦးမှာပဲ ။ နောက်ဆုံး မတော့ သူတို့လို လူကောင်းမဟုတ်ဘူးဆိုပြီး မဲ့ကာရွဲ့ကာဖြင့် ကျွန်တော့်ကို  ဘေးမဲ့ ပေးပြီး ပြုံးရွှင်စွာ မန့်လျက် ပြန်သွားကြ ဦးမှာပဲလေ။ တော်တော် ထူးဆန်းတဲ့ သတ္တ၀ါတွေပါကလား၊ အဲဒါကြီးကို ခေါ်တာပေါ့ဗျာ.. ဘလော့ဂ်ဂါဆိုတာ...။

တစ်ကယ်တော့ မမချစ်ချစ်ကြီး ပြောသလို “Free Land က Free Person များ” ဆိုတာ လည်းမှန်တာပဲ ။ ကိုဇော် ပြောတဲ့ အရူး ဆိုလည်း ငြင်းလို့ မရဘူး။ ကိုကိုးပြောတဲ့ မည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ် ဆိုတာလည်း  ဟုတ်နေတာပဲလေ။နောက်တစ်ခုက သူဂျီးမင်းပြောသလို အလွန်အမင်းကြွားဝါပြီး ကောလာဟလနဲ့ အတင်းတွေကို ဖျော်ဖြေသလိုလို နဲ့ ညည်းတွား တတ်တာလဲ ဟောသည် ဘလော့ဂ်ဂါများပါပဲ။ ဒါပေမယ့် ရူပါက မင်းသားရှုံးလောက် ပေမယ့်လည်း အနာဂတ်မျိုးဆက်သစ်များကို ရင်ဝယ်သားပမာ ကြိုးစားကာ စာပြရှာတဲ့ သူမျိုးကိုလည်း ဘလော့ဂ်ဂါ ခေါ်တယ်ဗျာ၊ ထူးဆန်းတာတွေ အံမခန်း တာတွေကို ဖွေရှာတင်ဆက်သူလည်း ဘလော့ဂ်ဂါ ပါပဲ၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသော်လည်း လူတိုင်းလူတိုင်းကို လာဘ်တစ်ပါးစီဖြင့် ဖတ်လာသမျှလူကို လာဘ်တစ်ပါးစီ ပေးရှာတဲ့ ဆေးဆရာ လည်း ဘလော့ဂ်ဂါပဲလေ။ တစ်ခြား ဘာသာစာတွေဖတ်ပြီး မိခင်စာ အဖြစ် အချိန်ပေးကာ ကြိုးစားပြန်ရှာတဲ့ စေတနာကြီးမား ဘာသာပြန်ဆရာများ ဟာလည်း ဘလော့ဂ်ဂါပါပဲ။ အို...အစုံစုံ ရှိတဲ့ ၀ိသေသ တွေကို ပြောရရင်ဖြင့် သည် ဘလော့ဂ်ဂါ ရဲ့ ထူးထွေ ဆန်းပြားလှတဲ့ အဓိပ္ပါယ်ကို ကျွန်တော့် ဥာဏ်တစ်ထွာဖြင့် အပြည့်အစုံ တင်ပြခြင်းငှာ မတတ်နိုင်ပါခင်ဗျာ။  တစ်ကယ်ဆိုရင် ဘလော့ဂ်ဂါဆိုတာ   ဘလော့ဂ် ဆိုတဲ့ လက်ရည်သွေး လေ့ကျင့်ရေးကွင်းကြီး ထဲမှာ မမောနိုင်မပန်းနိုင် လေ့ကျင့်နေကြတဲ့သူ စာရေးဆရာလောင်း တွေဆိုတာလည်း ခင်ဗျားတို့ အသိပါပဲလေ။ ဒါတွေကိုပြောလို့ ဒေါသတွေမပါ လာကြပါနဲ့ဦးဗျာ.....။ ခင်ဗျားတို့ သိပြီးသားကို ကျွန်တော်က နွားရှေ့ထွန်ကျူးတာ မဟုတ်သလို၊ မိချောင်းမင်းကို ရေခင်းပြတာလည်း မဟုတ်ရပါဘူးဗျာ။ တစ်ကယ်တော့ ဘုန်းကြီးကို စာချမိတဲ့ ငတိ လေးတစ်ကောင် ပါဗျာ။

ဘလော့ဂ်ရေးတဲ့ သူတွေကို ဘလော့ဂ်ဂါလို့ အလွယ် သတ်မှတ်လိုက်ရုံပါပဲ။ ဒါပေမယ့် အသီးသီးသော ဘလော့ဂ်ဂါ အစ်ကို အစ်မတို့ သိခဲ့ ရေးခဲ့ သလို အဓိပ္ပါယ်အမျိုးမျိုး ရှိပေမယ့် ။ ကျွန်တော် တစ်ယောက်တည်း သိပြီး ခင်ဗျားတို့ မသိတဲ့ ဘလော့ဂ်ဂါဆိုတဲ့ အဓိပ္ပါယ်နဲ့ လူကိုပါ မြင်သာအောင် ကျွန်တော်က ပြောပြချင်တာပါ... တစ်ကယ်တော့ “ ဘလော့ဂ်ဂါ ” ဆိုတာ ကိုဇော်ကိုမြစ်ကျိုးအင်းမချော (အစိမ်းရောင်လွင်ပြင်) တို့လို ဘလော့ဂ်ရေးသော  အပျိုကြီး လူပျိုကြီးများ ကို ကိုယ်စားပြုတဲ့ စကားလုံးပါဗျာ... ဒီလိုပြောလို့ ခင်ဗျားတို့ နားရှင်းမှာ မဟုတ်သေးဘူ။ စကားလုံး ကို ပြန်ဖြည်ပြမှ ဖြစ်မှာပါ.... ဒီလိုပါခင်ဗျ.....

ဘလော့ဂ်ဂါ = ဘလာဂေါ် = ဗလာဂေါ်

ဗလာ = မရှိခြင်း၊ နတ္ထိ 

ဂေါ် = ဂေါ်မစွံခြင်း၊အိမ်ထောင်မရှိခြင်း

ဆိုတော့ကာ အိမ်ထောင်မရှိသော လူပျို အပျိုလေးများ ကို မခေါ်ဆိုနိုင်ပါဘူး။ “ ဂေါ် ” ဆိုတဲ့ စကားလုံးကြီး ခံနေသမျှ ကျွန်တော်လို ငချွတ်လေးက အန်တီတင့်ပြောသလို “ဘလော့ဂ်ဂါဆိုတာ ကိုယ့်ရင်ထဲ ကိန်းအောင် နေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားအဖြစ် ပြောင်းလဲပြီး စာဖတ် သူများကို စေတနာ သဒ္ဓါ ထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ “ဘလော့ဂ်ဂါ” အဆင့်မရောက် သေးပါဘူး။ ဘလော့ဂ်ဖတ်ရင်း ရေးရင်း သေမယ့် “ ဘလော့ဂ်မသာ” ပဲ ဖြစ်မှာပါခင်ဗျာ။


ရေးစရာမရှိတာကို အတင်းဖျစ်ညှစ်ပြီး ပေါက်ကရ ရေးလိုက်ခြင်းဖြစ်သောကြောင့် လွန်တာမှားတာ ရှိခဲ့ပါက ကိုဇော်၊ ကိုဖြစ်ကျိုးအင်း၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ အား အနူး အညွတ်  တောင်းပန် အပ်ပါသည် အစ်ကို အစ်မ တို့ခင်ဗျား....။ စာဖတ်လာသူကို နစ်နာစေလိုစိတ် အလျင်းမရှိပါ၍ တိုက်ဆိုင်မှု များ၊ မပြောမတတ် မဆိုတတ်မှုများ ရှိခဲ့ပါလျှင် မုန်းစိတ်မမြင် ချစ်စိတ်ဝင်လျှက် ဘေးမဲ့ပေးကာ အပြစ်ဆေးပေး ကြပါခင်ဗျာ။


မိုးယံ
8.9.2011 Thu
3:18 AM


17 comments:

ကိုကိုမောင်(ပန်းရနံ့) said...

"ကျွန်တော်က နွားရှေ့ထွန်ကျူးတာ မဟုတ်သလို၊ မိချောင်းမင်းကို ရေခင်းပြတာလည်း မဟုတ်ရပါဘူးဗျာ။ တစ်ကယ်တော့ ဘုန်းကြီးကို စာချမိတဲ့ ငတိ လေးတစ်ကောင် ပါဗျာ"

ဘာထူးသေးလဲ တူတူဘဲဟာကိုး။း))

ပေါက်သွားပြီ... လက်စသတ်တော့ ကိုဇော် ဆရာမြစ် အမမချောတို့ကို ဘလော့ဂါလို့ ခေါ်ပေသကိုး။။။။
မောင်မင်းမိုးယံ တော်ပေစွ တော်ပေစွ။

ခင်မင်လျှက်

တောက်ပကြယ်စင် said...

ဘလော့ဂါရဲ့အဓိပ္ပာယ်ကို ကိုမိုးယံဖွင့်ပြတာလည်း တစ်မျိုးဖတ်ကောင်းနေပြန်ရောလား။ သဘောကျစွာ ဖတ်ပြီး ပြန်သွားပါတယ် ကိုမိုးယံရေ။ ကျန်းမာပျော်ရွှင်ပါစေနော့...

ဟန်ကြည် said...

ဟာ...ဒါဆိုရင် ဦးဟန်ကြည်တို့ ဘလော့ဂါမဖြစ်သေးဘူးပဲ...အိမ်ရှင်မကို ယောက္ခမဆီ ပြန်အပ်ထားလိုက်ဦးမှ...း)))

အဲဒီခေါင်းစဉ်ကြီးနဲ့ တက်ဂ်ခံထားရပြန်ပြီ ကမိုးယံရေ...ဘာတွေရေးလို့ ရေးရမှန်းအခုထိကို အောက်လိုင်းချလို့မရသေးတာနဲ့ သူများရေးထားတာတွေ လိုက်ဖတ်နေရတယ်...အဓိပ္ပာယ်ဖွင့်ဆိုချက်တွေတော့ စုံသလောက်ရှိသွားပြီဆိုတော့ အဲဒါလေးတွေပဲ ကော်ပီအင်ကတ်လုပ်ပြီး .... ဟုဖွင့်ဆိုကြပါသည်လို့ လုပ်ထည့်လိုက်ရင်တော့ မေတ္တာပို့သံတွေ မိုးကိုမွှန်သွားလိုက်မယ့်ဖြစ်ခြင်း...

ကိုဇော် said...

ဟဲ့တောင် . . . နင့်တော့လား။
အပြောတော့ မခံဘူးဟေ့။ ယိုးဒယား နဲ့ မြန်မာက ငတိလေးတွေလို တစ်ခါတည်း နှစ်ယောက်နဲ့ တွဲခုတ်လိုက်မဟေ့။ မှတ်ထား. . .။
ဂေါ်မစွံလို့တော့ အပြောမခံဘူး . . ဂေါ်လွန်လို့ပဲ အပြောခံမဟေ့။

မဒမ်ကိုး said...

အပြစ်ဆေးပေး မယ် လာလရော့ဟယ်

မှတ်သားသွားပါ၏
မဒိုးကန်ကလည်တယ်နော် ..အဲလိုတွေမရေးတတ်လို့
ကိုရင့်ကိုချောက်ချလိုက်တာ ဟိဟိ
သူမသိစေနဲ့း)

သက်ဝေ said...

ဘလော့ဂါရဲ့အဓိပ္ပာယ်ကို ဖွင့်ပြတာ မိုက်သဟ... :D :D

mstint said...

'ဘလော့ဂါဆိုတာ' ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ဖတ်လိုက်ရတယ် ဟာဒယရွှင်ဆေး လာသောက်ရသလိုပါပဲလား မိုးယံရယ်။ တွေးတတ် ရေးတတ်လိုက်တာနော်း)
အပြစ်ခံယူတာတောင် ကိုယ့်အတွက်ပါအောင် သယ်သွားတတ်ပါဘိး))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများနဲ့မတူအောင် ပေါက်အေပါက်ရှာရှာတွေးပြီး ပေါက်ပေါက်ရှာရှာ ရေးတဲ့ မိုးယံပါလား
ဘာဘဲဖြစ်ဖြစ် ကျုပ်တို့က ဘလော်ဂါဖြစ်ပြီဆိုတော့ ဂုဏ်ယူရမှာပေါ့လေ။
ဒီလိုဖြစ်နိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့ ..
နှစ်တွေအကြာကြီး ကြိုးစားထားရတယ်.. အဲဒီလို ဂေါ် ဖြစ်အောင်လေး)
အမေက ပြောတယ် အသက်၆၀မပြည့်မချင်း ကလေးဘဲတဲ့။
အိမ်ထောင်မပြုနဲ့ဦးတဲ့
ဒါကြောင့် အမေ့စကားနားထောင်ပြီး အသက်၆၀ပြည့်မှ အိမ်ထောင်ပြုဖို့စဉ်းစားထားသကွဲ့ ကိုမိုးယံရဲ့ ။း)

Angelhlaing(May everybody be happy and healthy! said...

ဘလော့ရဲ့ အဓိပ္ပါယ်က အဲလိုလားအကို :):) အဲဒါဆို ညီမလေးလည်း ဘလော့ဂါ မဖြစ်သေးဘူး ကြိုးစားမှပဲ :P အဟီးးး

Maung Myo said...

ကိုယ့်အသက်ကို ကိုယ် ပြန်ပြီး ဂဏန်းပေါင်းစက်နဲ့တွက်ာကည့်အုံးး ။

မောင်(စွယ်စုံကျမ်း) said...

မနောက်ပါနဲ့ ဦးလေးရယ်..အမောင့်လို ၀ိုင်းဝိုင်းလည် ဆိုဘယ်လိုလုပ်မလဲ.(အကြွေးဝိုင်းတာကိုပြောတာပါ)

ခင်မင်လေးစားစွာဖြင့်..မောင်(စွယ်စုံကျမ်း)

မြစ်ကျိုးအင်း said...

ဟင်
သူ့ဘာသာ အဓိပ္ပါယ်ဖွင့်တာ ငါတို့က ပါလိုက်ရသေး။
မိုးယံလုပ်ပုံနဲ့တော့ လူပျိုကြီး အပျိုကြီးတွေ များလာတော့မှာပဲး))

ညီရဲ said...

ကိုမိုးယံကြီးတစ်ယောက် ဘုန်းကြီး ထိပ်ခေါက်ပြီးမှ တောင်းပန်တယ်ဟေ့....

နတ်ဆိုးလေး said...

:) သိပ်ကောင်းတဲ့ ဘလော့ဂါ အဓိပ္ပါယ်....

ဟိဟိ..
ကျေးဇူးဗျို့............

SHWE ZIN U said...

ဗျို့ ဗျို့ ဗလာဂေါ် မိုးယံရေ ရီလိုက်ရတာ ဟားဟားးးးးးးးးးး မိုးယံ ရဲ့ ဖွင့်ဆိုချက် က ပျော်စရာကြီး
အမ တို့ ကတော့ ဗလာဂေါ် မဟုတ်တော့ဘူးနော်

မေသိမ့်သိမ့်ကျော် said...

ဟေးဟေး ဘလော့ဂါတော့ ဗလာဂေါ် ဆိုပဲ။ ကြံကြံဖန်ဖန်ပြောတတ်ပါပေ့ ကိုမိုးယံရယ်။း)


ခင်တဲ့

Anonymous said...

ခွိခွိ မှန်လိုက်လေ မှန်လိုက်လေ စွေ့စွေ့ခုန်ရယ်ရအောင် မှန်လိုက်လေ ဟိဟိ

ဘလော့ဂါဆိုတာ ဂလိုကိုး မှတ်သွားပြီဗျို့

မောင်ဘကြိုင်