Monday, September 24, 2012

အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး



ပုသိမိခရိုင်၊ ငပုတောမြို့နယ်တွင် (၂)လအတွင်း အစွယ်ဖြတ်ခံရပြီး သေဆုံးနေသော ဆင်နှစ်ကောင်တွေ့ရှိခဲ့ သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ တရားခံကို မဖမ်းဆီးနိုင်သေးကြောင်း ငပုတောမြို့ခံများထံမှ သိရှိ ရသည်။


သြဂုတ်လ (၅)ရက်နေ့က မြစ်တရာကြိုးဝိုင်းကျောက်ဖျာရွာနားက ချင်းချောင်းထဲမှာ
တောင်ကျရေနှင့် သေ၍ မြောလာသည့် ဆင်နှင့်၊ စက်တင်ဘာလ(၁၈)ရက်က သစ်ပုပ်ကြိုးဝိုင်း အမှတ်(၁၁၄)သဇင်ကွင်းရွာအနားတွင် အစွယ်ဖြတ်ခံရပြီး သေနေသည့် ဆင်တွေ့ရ သည့်အတွက် စုစုပေါင်း ဆင်(၂)ကောင် တွေ့ရှိကြောင်း ငပုတော မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်
လိုသူတစ်ဦးက ဆိုထားသည်။ငပုတောမြို့နယ်သည် ဧရာဝတီတိုင်းအတွင်း ဆင်အနင်းခံရပြီး သေဆုံးသော        လူဦးရေအမျာဆုံးမြို့နယ် တစ်ခု ဖြစ်ပြီး သေဆုံးနေသောဆင်များလည်း မကြာခဏတွေ့ရှိရသော မြို့နယ်ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာဆိုရင် နည်းနည်းလောက်နေ၀င်ပြီဆိုတာနဲ့လယ်ကွင်းနားမှာ ဆင်တွေရောက်လာလို့အပြင်မထွက်ရဲဘူး၊ အမှန်တော့ တိရစ္ဆာန်တွေက စည်းရှိတယ်၊ လူတွေ စည်းမရှိလို့ ဒါမျိုးဖြစ်နေတာ”ဟု ငပု တောမြို့နယ်၊ တောင်ချောင်းကျေးရွာတွင် နေထိုင်သော လယ်သမားတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းတွင် လွန်ခဲ့သည့် နှစ်အတွင်းကလည်း ငွေဆောင်မြို့နယ်၊ ဥတိုချောင်းအနီးတွင် ဆင် သတ်၊ ဆင်အစွယ်ဖြတ်သောသူများ ဖမ်မိခဲ့ပြီး မကြာမီကျင်းပမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် အဆိုပါကိစ္စများ အတွက် ဆွေးနွေးသွားဖွယ်ရှိကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။

“အခုဖြစ်နေတာ ဒေသခံတွေက ဆင်သေတွေတွေ့လို့ သွားတိုင်ရင် အာဏာပိုင်တွေက ပြန်ပြီး တိုင်တဲ့သူကို လမ်းပြခိုင်းတယ်၊ တရားခံကို မမိရင် သတင်းပေးတဲ့သူကို မသင်္ကာပြန်ဖြစ်လို့ ဒေသခံတွေက ဆင်သေ တွေ့လည်း အကြောင်းမကြားရဲဘူး” ဟု ငပုတောမြို့ခံတစ်ဦးက ပြောသည်။

၎င်းကပင် ဆက်လက်ပြီး ထိုအကြောင်းများကြောင့် ဆင်များမှာ သတ်ပြီး အမြှုပ်ခံရခြင်း၊ သတ်ပြီးလျှိုများ၊ ချောက်များအတွင်း ပစ်ချခံရခြင်းများရှိသည့်နေရာသို့ တာဝန်ရှိသူများ အရောက်အပေါက် နည်းသည့်အတွက် တစ်နှစ်လျှင်ဆင်ကောင်ရေ မည်မျှ သေဆုံးနေသည်ကို ခန့်မှန်းရန်ခက်ခဲကြောင်း မှတ်ချက်ပြုပြောကြား ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဆင်ကောင်ရေ (၅၀၀)ခန့်သာ ကျန်ရှိတော့ပြီး တရားမ၀င်ဆင်သတ်၊ ဆင်စွယ်ဖြတ်မှုများ ပြုလုပ်နေပါက မကြာမီကာလအတွင်း မြန်မာ့ဆင်များပျောက်ကွယ်သွားနိုင်ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြစ်မခမီဒီယာ

4 comments:

Unknown said...

ရက်စက်လိုက်တာ။
ကောင်းရာမွန်ရာရောက်ပါစေ။

့မြတ်နိုးသူ(MUFL) said...

ဆင်စွယ်ဖြတ်တဲ့ပုံကြည့်ပီးစိတ်မကောင်းဖြစ်ရပါတယ်
ရက်စက်ကြမ်းကြုတ်တဲ့သူပဲနော်

Anonymous said...

ဆင်ကိုသတ်တဲ့နောင်ဘ၀မကောင်းတဲ့ဟာဖြစ်ပါေ

mstint said...

အကြင်နာတရားခေါင်းပါးသူအတွက် ရက်စက်ဘို့ မခဲယဉ်းဘူးပေါ့ မိုးယံရေ။ ကြမ္မာရဟတ် တစ်ပတ်လည်ချိန်ဆိုတာ မကြာခင်ရောက်လာတတ်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်