Wednesday, September 12, 2012

ညဥ့်လမ်းပေါ်က ဘ၀များစွာ


ရေးသားသူ- သီဟ

နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။

ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသား ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။

“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့် မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။
ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့် အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင် မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည် အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင် သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့် တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။

ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့် အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့ တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။

နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင် တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့် ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ လွဲမှားနေကြောင်း သိရသည်။

“ကျွန်မတို့ ဒီနယ်မြေမှာ လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။

ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့် အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။

“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင် အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံများတွင် ပြည့်တန်ဆာများအား နေရာသတ်မှတ်၍ တရားဝင် လုပ်ကိုင်ခွင့်များ ပြုထားသောကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် ပြည့်တန်ဆာအရေအတွက်ပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင် ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို ပြောပြသည်။

“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့ ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။

“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။

“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင် အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့တော့ ထောင်ကထွက်လာရင် မထူးဇာတ်ခင်းရာကနေ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထောင်ထဲဝင်ရတဲ့ ပြည့်တန်ဆာတွေ အများကြီးပဲ ရှိတယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက် အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့် ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏ သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။

သို့သော် သူတို့၏ လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ် နေရာတစ်ခုများ ရခဲ့လျှင်သော်လည်းကောင်း ညဥ့်လမ်းပေါ်က ဘ၀များစွာ၏ ရှင်သန်မှုမှာ.... ။

REF: 7Day News Journal
Posted by Admin-HWH

0 comments: