Sunday, November 14, 2010

အမေ့ကိုကြိုဆိုကြရအောင်



ဒီနေ့ညနေခင်းအတွက် အထူးခြားဆုံး ထိပ်တန်းရောက်သတင်းကတော့
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းပါ။
လွတ်မြောက်လာပြီးပြီးချင်း အခု နောက်ဆုံးအခြေအနေမှာတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို မိနစ်ပိုင်း သူမခြံရှေ့မှာ
ထွက်စကားပြောခဲ့ပြီး အခု နေအိမ်အတွင်းမှာ အခြား အဲန်အယ်လ်ဒီ
ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့
ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အားလုံးမျှော်လင့်နေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဒီကနေ မြန်မာစံတော်ချိန် ၅ နာရီ စွန်းစွန်းမှာ နေအိမ်အကျယ်ချုပ်ကနေ
ပြန်လွတ်ပါတယ်။ မလွတ်ခင်မှာ ကားသုံးစင်းဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ
ဝင်သွားပါတယ်။ အဲဒီကားတွေ ပြန်ထွက်ပြီး သိပ်မကြာခင်မှာပဲ
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့လမ်းမှာရှိတဲ့ အတားအဆီးတွေကို အာဏာပိုင်တွေက
ဖယ်ရှားပေးလိုက်ပါတယ်။ ဖယ်ရှားပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်
ခြံလမ်းထိပ်မှာစောင့်နေကြတဲ့ ထောင်နဲ့ချီတဲ့ လူထုဟာ
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို အပြေးအလွှား သွားရောက်စုဝေးလိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပ်မကြာခင်မှာ သူ့ခြံရှေ့ကိုထွက်ပြီး လူထုကို
မိန့်ခွန်းတိုလေး ပြောပါတယ်။

(လူထုအသံ)

အသံချဲ့စက်တွေ တပ်ဆင်ထားတာ မရှိခြင်းကြောင့် စောင့်နေတဲ့လူထုဟာ ဒေါ်အောင်ဆန်းစုကြည်အသံကို ကောင်းကောင်း မကြားနိုင်ခဲ့ပါဘူး။ မနက်ဖြန် ၁၂
နာရီမှာ လူထုကို မိန့်ခွန်းပြောစရာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောသွားပါတယ်။ ဒီနောက် နေအိမ်တွင်း ၀င်ရောက်ပြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စည်းဝေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
မလွတ်ခင်က ဒေါ်စု ခြံရှေ့က အခြေအနေတွေနဲ့ပတ်သက်လို့ ခြံရှေ့ရောက်နေသူတဦးကို
မေးမြန်းထားပါတယ်။

“တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမီးပွိုင့်ကနေ ဒီဖက်တကျောလုံး လူတွေက အပြည့်ပဲဗျ။ ကားတွေလည်း အများကြီးပဲ ရောက်နေတယ်။ လူတွေအားလုံးက
ဒေါ်အောင်ဆန်းစုကြည် အိမ်ဖက်ကို ကြည့်နေတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်လွတ်မယ်ဆိုတဲ့ သတင်းကြောင့် ဌာနချုပ်ရုံးရှေ့မှာဆိုလည်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး အော်တဲ့သူတွေလည်း ရှိနေတယ်။
ကားအ၀င်အထွက်ရှိတော့ ဒေါ်စုလွှတ်မယ့် ကားဝင်တယ်ဆိုပြီးတော့လည်း
ဒေါ်စုလွတ်တယ်ဆိုပြီး သတင်းဖြစ်နေတယ်။ နောက်ဆုံးကြားရတဲ့ သတင်းအရတော့
ဒီနေ့လွတ်မယ်ဆိုတဲ့ သတင်းကြားရတာပဲဗျ။”

လုံခြုံရေးအခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။ -

“ဒီအခြေအနေမှာတော့ ယူနီဖောင်းဝတ် လုံခြုံရေးတော့မတွေ့ဘူးဗျ။ ယူနီဖောင်းဝတ်ထားတဲ့သူတွေက သံဆူးကြိုးရဲ့ ဟိုးဖက်မှာပဲရှိတယ်။
ဒီဖက်အပြင်မှာတော့ လွတ်လွတ်လပ်လပ်ပဲ။”

ထောက်ခံသူအင်အား ပတ်ဝန်းကျင်ကို လာရောက်တဲ့ ဘယ်လောက်ရှိသလဲ။ -

“ဒီမှာ လောလောဆယ် သုံးထောင် လေးထောင်လောက် ရှိမယ်ထင်တယ်။”

လုံခြုံရေးအရ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ အနေအထားရှိလား။ အားလုံး အေးအေးချမ်းချမ်းပဲလား။ -

“အခြေအနေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေက ၀မ်းသာကြိုဆိုနိုင်ဖို့ တခုခုဖြစ်လာမှာကို သူတို့စိုးရိမ်တကြီးနဲ့
ထိန်းထိန်းသိမ်းသိမ်း လုပ်နေပါတယ်။ အဖွဲ့ချုပ်ကလည်း ကြေညာနေပါတယ်။
သူတို့မူဝါဒအရ လမ်းမပေါ် ထွက်မှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်မှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုဖို့ဆိုတဲ့ အခြေအနေ
ကြိုးစားနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ကစလို့ ထောင်နဲ့ချီတဲ လူအုပ်က အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာရော ဒေါ်စုခြံနားမှာပါ စောင့်ကြိုနေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို အကန့်အသတ်နဲ့ လွှတ်မယ်ဆိုရင်တော့
လက်ခံမှာမဟုတ်ဘူးဆိုပြီး အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေကတော့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသတင်းကိုတော့ အသံလွှင့်ချိန်အတွင်း
ထူးခြားရင် ထူးခြားသလို တင်ဆက်သွားပါမယ်။


မူရင်း

http://www.voanews.com/burmese/news/11-13-10-suu-release-107706288....

4 comments:

...အလင်းစက်များ said...

ကျနော်တော့ စိုးရိမ်မိတာ အမှန်ပဲ....

အခုဆို လူတွေ ရန်ကုန်ထဲမှာ စုကုန်ကြတယ်....

အန်တီစုကို ပြန်ဖမ်းဖို့  လူ ၂၀ လောက်ပဲ လိုတယ်....

အရက် အ၀တိုက်လိုက်၊ လူအုပ်ထဲ ၀င်ပြီး ရန်ဖြစ်ခိုင်းလိုက်ရင် ကိစ္စပြတ်ပြီပဲ

ဒါတွေကို တားဆီးဖို့  နည်းလမ်းတွေ ရှာထားသင့်တယ်... ဟူးးးးးးးးးးးးး

Anonymous said...

အင်းးးးးးးးး အန်တီစု ရဲ့လွတ်မြောက်ခြင်းအတွက်
ငိုသူတွေငို ရယ်သူတွေရယ်ကြရနဲ့  နားထောင်ရမဝ
သတင်းဖြစ်ခဲ့ရပါတယ်။ ကောင်းသော လွတ်မြောက်
ခြင်းဖြစ်ပါစေ အမေစု။
ဘာတွေဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေ
ဘယ်လို လုပ်လေအုန်းမလဲ.........??
ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကို မျှော်လင့်ရင်း
အစွမ်းကုန်ကြိုးစားရန်သာ တတ်နိုင်ပါလိမ့်မည်။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

SHWE ZIN U said...

အားလုံးအတွက် သတင်းကောင်းပါ

ခင်တဲ့
ရွှေစင်ဦး

သုခုမလေဒီ said...

ပျော်ရွှင်စရာ သတင်းတစ်ပုဒ်ပေါ့..
ရောက်ပါတယ် မိုးယံရေ.. စီဗုံးမပေါ်ဘူးနော်..။