Friday, April 15, 2011

မြင်ချင်တာ နဲ့ ကြားနေရတာ







ဒီလိုသီချင်းလေးတွေနဲ့ သင်္ကြန်အေးအေးတွေ မြင်ရ ကြားရတာ စိတ်ချမ်းသာတယ်။ ဘယ်နှယ့်ဗျာ၊ ပြောတော့ ကြီးကြီးကျယ်ကျယ် မြန်မာ့နှစ်ကူး သင်္ကြန်တဲ့၊ ရိုးရာ သင်္ကြန်တဲ့၊ မြန်မာတို့ ယဉ်ကျေးမှုတဲ့၊ အတာကူးတဲ့လ၊ ထန်းကူးတဲ့လ၊ တန်ခူးလ၊ ဘာတွေမှန်းကို မသိဘူး။ ကိုယ်လဲ အဘိုးအိုမဟုတ်သေးပါ၊ (အဘိုးအို အဖြစ်နဲ့ ကဲနေသူတွေလဲ ရှိပါတယ်)။ သင်္ကြန်ဆိုတာကို ပျော်ပါတယ်၊ ဘာမှ ကြီးကြီးကျယ်ကျယ် မသိပါဘူး၊ သိစရာလဲမလို သင်္ကြန်ဆို ရေပက်ပေါ့၊ဆိုပေသိ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမလာအောင်၊ သင်္ကြန်ရေနဲ့ ဆေးတာတဲ့၊ ကောင်းတယ် သဘောကျတယ်။ မကောင်းတာ မဟုတ်တာ မလုပ်နဲ့တဲ့ သိကြားမင်းက ခွေးသားရေမှာ မှတ်သတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြောက်ကြောက်လန့်လန့်နဲ့ မလုပ်နဲ့ပေါ့။ မောင်ရင်းနှမတွေလို ခင်ခင်မင်မင် ရေလောင်း၊ အိုး ပျော်စရာ အလွန်ကောင်း၊ မုန့်လုံးရေပေါ်တွေ ကျွေးကြ၊ ငရုတ်သီးတွေ ထည့်ပေးကြ ၊ စားသူမှာ ရေစိုလို့ ချမ်းနေတုန်း ဗြုန်းဆို ငရုတ်သီးကို ၀ါးမိ၊ အချမ်းပဲ ပြေသွားသလို၊ရွှေရင်အေးတွေသောက် ၊ အိုးမဲတွေ လိုက်သုတ်၊ အဘိုးကြီး အဘွားကြီးတွေကို လက်သည်းခြေသည်းညှပ်ပေး၊ ခေါင်းလျှော်ပေး၊ အဲဒါ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်။

နောက်တော့ ရေကို ရိုးရိုးမပက်၊ ရာဘာ ဘော်လုံးထဲ ထည့်ပြီးပေါက်၊ အေးချမ်းစေချင်လို့မဟုတ်ဘူး၊ အသားနာစေချင်တာ၊့ဆီခွက်ထဲထည့်ရိုးရိုးမပက်၊ခွက်စောင်းခုတ်၊ အသားနာစေချင်တာ ကောင်မလေး တွေကို ရေလောင်းတယ်၊ ပိုပြီးစိုစေချင်လို့တဲ့ ၊ ဂုတ်ပေါ်ကနေ အင်္ကျီစလေး အသာဟ၊ ရေလောင်းချ အောက်လဲ ငုံ့ကြည့်လေး၊ ကျောလဲ လက်နဲ့သပ်သေး၊ အဲဒါ နှမချင်းမစာနာတဲ့ သင်္ကြန်၊ဖိနပ်ကလေး ခါးထိုး ၊ မဏ္ဌပ်ရှေ့ ရေပိုက်တွေအောက်မှာ ကွေးနေအောင်က၊ အဲဒါ အရူးသင်္ကြန် ၊ ကိုကြီးကျော်အရှုံးပေး ရအောင် သောက်၊ မူးပြီဆို အမျိုးသမီးတွေ တင်ပါးတွေ လိုက်ကိုင်၊ ထိကပါး ရိကပါးတွေ လုပ်၊ ဒါဟာ ယဉ်ကျေးမှုကိုပြတဲ့သင်္ကြန်၊ စတိတ်ရှိုးဆိုတဲ့ အဆိုတော်တွေကို အောက်ကနေ ဆဲ၊ ပြောင်းဖုးရိုးနဲ့ပစ်၊ အဲဒါ မြန်မာသင်္ကြန်၊

အံမယ် ခေတ်ဆိုတာကလဲ ပြောင်းသကိုး၊ ခက်တာက အဲဒီခေတ်ဆိုတာကို လူကလုပ်ပြီးပြောင်းတာ၊ အဲဒါကို ခေတ်ကပြောင်းနေလို့ လူက ပြောင်းတယ်ဆိုပြီး ကျွန်ုပ်တို့ မဟာမနုဿများက ဆင်ခြေ အမျိုးမျိုးပြကြ သဗျာ။ ဒါနဲ့ပဲ ခေတ်မှီတဲ့ သင်္ကြန်ကြီးကို ဆင်နွဲကြသပေါ့လေ။ လာပါပြီ ကောင်မလေးတွေ အရိုကို အရှိ အတိုင်းသာ မြင်စေချင်တာဆိုပြီး သီချင်းကလေး ငြီးပြီးထွက်လာကြတယ်၊ အံမယ် လူမိုက်ရုပ်နဲ့ ကောင်တွေ ရံပြီးတော့ပေါ့လေ။ ဒါနဲ့ပဲ ချမ်းလို့ဆိုပြီး အပူအခါးရည်သောက်၊ အဲဒီ အပူရည်တွေ သောက်ပြီး ပူလာကြတယ်၊ အံ့တယ် ကိုယ်တွေများ အပူရည်တွေကို တစ်ခါတစ်ခါ သောက်မိပါတယ်။ မပူလာပါဘူး၊ သူတို့က သင်္ကြန်ရက်လေး သောက်ပြီး ပူလာတာ၊ အံ့သဗျာ၊


သင်္ကြန် မြန်မာတို့ရဲ့ ယဉ်ကျေးမှု ရိုးရာသင်္ကြန်၊ စဉ်းစားမရတာက ဆေးရုံတွေမှာ ကုတင်တွေ မလောက်လို့တဲ့။ ရဲသားကြီးတွေခဗျာ.. သင်္ကြန်လဲ မကဲရဘူးတဲ့လေ၊ နှစ်ဆန်းတစ်ရက်နေ့တုန်းကတောင် ကိုကျော်သူ ကားလိုက်မောင်းရသေးတယ်။ မြန်မာ သင်္ကြန်ဆိုပဲ။

နံမည်ကြီးတယ် ဗိုလ်ချုပ်ဈေးသင်္ကြန်၊အော် ဗိုလ်ချုပ်ဆိုလို့ ဗိုလ်ချုပ်တွေ အများကြီးဆိုတော့ နားရှုပ်သွားမလားပဲ။ ကျွန်တော်ရည်ရွယ်တဲ့ ဗိုလ်ချုပ်က တိုင်းပြည်ကချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပြောတာ ၊ အဲဒီ အမျိုးသားခေါင်းဆောင်ကြီးရဲ့ အမှတ်တရ ဈေးထဲမှာ ၊ လူကလုပ်တဲ့ ခေတ်ကို အမှီလိုက်နေရတဲ့ အမျိုးကောင်းသမီးများကြတော့ သင်္ကြန်ရေကစားတာ အင်္ကျီမပါဘူးဗျာ၊ ကြိုးလေး နှစ်ချောင်းရယ်.. အလုံးကာရယ်ပဲ မြင်တယ်။ ကျွန်တော်တော့ အင်္ကျီမဟုတ်ဘူးမှတ်တာပဲ။ အဲဒါက မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတဲ့လေ။

သေချာ စဉ်းစားကြည့်တော့ သင်္ကြန်ဆိုတာလဲ ဘာမှ မဟုတ်ပါဘူးဗျာ။ ကမြင်းကြောထချင်တာကို နံမည် တစ်ခုပေး ကောင်းတာလေး နည်းနည်းနဲ့ ကာကွယ်ထားတယ်လို့ပဲမြင်မိတယ်။ ရေမလောင်းလဲ ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူး၊ လောင်းတော့ ဘာဖြစ်လဲ။ အဲဒီပွဲရှိတော့ ပြင်ရဆင်ရ၊ ပိုက်ဆံကုန် လူပင်ပန်း နေမကောင်း ရန်ဖြစ် ဆေးရုံရောက် အပျိုရည်ပျက် ထောင်ကျ ဗိုက်ပူ သိက္ခာကျ ငရဲကြီး ။ အဲဒါ မြန်မာသင်္ကြန်။


ကမ္ဘာမှာ ဒီလောက်ရေချို ရှားပါးနေတဲ့ကမ္ဘာမှာ ဧရာဝတီ၊ စစ်တောင်း ၊ ချင်းတွင်းနဲ့ သံလွင် တစ်သွင်သွင်းစီးသမျှ မြန်မာပြည်ရေမရှား။ သင်္ကြန် ငါးရက်မှာ ဖြုန်းတဲ့ ရေချိုတွေကို တစ်ပြည်လုံး တွက်ချက်ကြည့်ပြီး၊ သင်္ကြန်ဆိုတာကို နည်းနည်းလျော့၊ အဲဒီ ရေချိုတွေများ ရေငတ်လို့ သေလုနီးပါး ဖြစ်နေတဲ့ ကလေးငယ်လေးတွေကို တင်ပို့လိုက်ရင် .......


မိုးယံ

6 comments:

မိုးခါး said...

ပုံတွေမြင်ရတာ စိတ်မသက်သာပါ
ဟင်းးးးး
စိတ်ဓါတ်တွေ နော် စိတ်ဓါတ်တွေး(((

Angelhlaing(May everybody be happy and healthy! said...

စာဖတ်ပြိး ဘာမှမပြောတော့ပဲ ပြန်ပြီ အကို:D
မင်္ဂလာရှီသော နှစ်သစ်လေးဖြစ်ပါစေ။
ဗွမ်းးးးးးး:):):) ရေလောင်းခဲ့တယ် ဖလားကြိးနဲ့..:D

Nge Naing said...

သင်္ကြန်မှာ ရေလောင်းတာကိုတော့ အပြစ်မတင်ပါဘူး။ သရုပ်ဖျက် အကျင့်ပျက်တဲ့အထိ သင်္ကြန်ကို ဖျက်ဆီးတာကိုတော့ ဘယ်လိုမှ သဘောမကျနိုင်ဘူး။

မြူမှောင်ဝေကင်းနဲ့ မူယာကျော့နှစ်ခုစလုံး ကောင်းပါတယ်။ မြူမှောင်ဝေကင်း ဇော်ဝမ်းဆိုထားတာ ဒီမှာ http://www.youtube.com/watch?v=YVikV6oeB8g&feature=player_embedded ရှိပါတယ်။

ရွှေဘုန်း(စေတနာပန်းခင်း) said...

မိုးယံရေ၊ မြန်မာ့ယဉ်ကျေးမှုကို အရုပ်ဆိုးအကျဉ်းတန်အောင် လုပ်နေသူတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ပြသွားတာတွေကို လေးစားမိပါတယ်၊ ဒါပေမယ့် နောက်ပိုင်း စိတ်ပေါက်ပေါက်နဲ့ မြန်မာ့ ယဉ်ကျေးမှုကို ဘာမှ တန်ဘိုးမရှိလောက်အောင် ပြောသွားတာတော့ ရင်ထဲမကောင်းဘူးကွယ်၊ အဲဒါ ဖျက်ဆီးသူတွေရဲ့ တာဝန်ပါ၊ လူမျိုးတိုင်းဟာ ကိုယ်ပိုင်ယဉ်ကျေးမှုလေးတော့ တန်ဘိုးထားရမှာပေါ့နော်၊ ဘာမှ မဆိုင်တဲ့ New year လို့တောင် မအိပ်မစားနဲ့ ထိုင်စောင့်ပြီး အဓိပ္ပါယ်မဲ့ကြသေးတာပဲ၊ တစ်ကယ်တော့ ဖျက်ဆီးသူတွေရဲ့ အပြစ်ပါကွယ်၊ အဲဒိလောက်ထိ စိတ်မပျက်နဲ့နော်။

မိုးယံ (လူသားအားလုံးအတွက်) said...

တင်ပါ့ဘုရား၊ တပည့်တော် ဆင်ခြင်ပါ့မယ်။

SHWE ZIN U said...

မိုးယံရေ

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး