Saturday, July 16, 2011

မောင်ထိပ်ကွက်အား ညှဉ်းပန်းနှိပ်စက်သူ ထောင် ၇ နှစ်ကျ

အသက် ၉ နှစ်အရွယ် မိဘမဲ့ ကလေးအလုပ်သမား မောင်ထိပ်ကွက် (ခ) မောင်စိုးအောင်အား ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခဲ့သည့် You & Me လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုစနိုး (ခ) ကိုဆက်မှူးဌေးဝင်းကို ယမန်နေ့က ဟင်္သာတမြို့နယ် တရားရုံးက ထောင် ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။

Mg-H-Kwat

Justify Fullညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် မောင်ထိပ်ကွက် (ခ) မောင်စိုးအောင် (ဓာတ်ပုံ - pyustate.com)

ကိုဆက်မှူးဌေးဝင်းသည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ၎င်း၏ ဆိုင်မှ စားပွဲထိုး မောင်ထိပ်ကွက် ထွက်ပြေးသည်ကို လိုက်လံ ဖမ်းဆီးကာ ထုတ်တန်း၌ လျှပ်စစ်ဝါယာကြိုးဖြင့် စောက်ထိုးဆွဲပြီး တညလုံး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ၀မ်းဗိုက်ကို လျှပ်စစ် မီးပူဖြင့် ကပ်ခြင်း၊ အအေးသောက်သည့် ပိုက်ကို မီးရှို့ကာ ခန္ဓာကိုယ်ပေါ်သို့ အစက်ချခြင်း၊ ကျင်ငယ်ရေတိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကိုဆက်မှူးဌေးဝင်းအား ဟင်္သာတ အမှတ် ၁ ရဲစခန်းက နာကျင်စေမှု ပုဒ်မ ၃၂၄ တခုတည်းနှင့် အမှုဖွင့် အရေးယူခဲ့သော်လည်း မြို့နယ် ဥပဒေအရာရှိ ဦးမောင်မောင်ကြည်ဝင်းက မသေမချင်း ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မ ၃၂၆ နှင့် မတရားဖမ်းဆီး ချုပ်နှောင်မှု ပုဒ်မ ၃၄၂ တို့ဖြင့် ပြောင်းလဲ တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် ဟင်္သာတမြို့နယ် တရားရုံးက ကိုဆက်မှူးဌေးဝင်းအား ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇နှစ်၊ ပုဒ်မ ၃၄၂ အရ ထောင် ဒဏ် ၂ နှစ် ယမန်နေ့က အမိန့် ချမှတ်ခဲ့သည်။ သို့သော် ပြစ်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် ဆုံးဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့ကာ ထောင်ဒဏ် ၇ နှစ်ကျခံစေခဲ့ခြင်းဖြစ်သည်။

“ဒီလိုအမှုမျိုးက ထောင်ဒဏ်တသက် ဒါမဟုတ် ၁၀ နှစ်အထိ စီရင်လို့ရတယ်။ ဒါပေမယ့် အခုစီရင်ချက်က တရားဥပဒေ မျက်နှာစာက ကြည့်ရင် မျှတတဲ့ စီရင်ချက်ပါ” ဟု ဥပဒေအရာရှိ ဦးမောင်မောင်ကြည်ဝင်းက ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်တွင် နိုင်ငံတော်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင်ဆင့်၌ တရားသူကြီးများ၏ တရားစီရင်ရေး အခွင့်အာဏာကို ခွဲထားကြောင်း၊ မြို့နယ် တရားရုံး တရားသူကြီးတဦး၏ အမြင့်ဆုံး စီရင်ခွင့်အာဏာမှာ ၇ နှစ်ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ယခု အခင်းဖြစ်ပွားရာဒေသသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ အတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၏ ဇာတိ မြို့ဖြစ်ပြီး ၎င်းကိုယ်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယင်းမြို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးဌေးဦးကလည်း ဤအမှု နှင့် ပတ်သက်၍ ကူညီမည်ဖြစ်ကြောင်း၊ အာဏာရပါတီ အနေဖြင့် ပြည်သူလူထု အတွင်း ဖြစ်ပွား နေသည့် ဖြစ်စဉ်အတိုင်း အမှန်တရားအပေါ် အခြေခံ၍ တရားဥပဒေနှင့် အညီ အဆုံးအဖြတ်ခံယူစေမည် ဖြစ်ကြောင်း ပြောဆို သည်ဟု ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်တွင် ပြောဆိုခဲ့သည်။

“ကလေးသူငယ် ဥပဒေက ရှိပြီးသားပါ။ လိုအပ်မယ် အကျိုးရှိမယ်ဆိုရင် ထပ်ဖြည့်သင့်ရင်လည်း ထပ်ဖြည့်မယ်” ဟု ဦးဌေးဦးက ပြောဆိုကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။

၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ကာကွယ်ရေး ဥပဒေ တရပ် ပြဌာန်းခဲ့သော်လည်း ကလေးသူငယ်များအား နှိပ်စက် ညှဉ်းပန်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၆၆ အရ ထောင်ဒဏ် ၂ နှစ်သာ အပြစ်ပေးနိုင်ကြောင်း မြို့နယ် ဥပဒေအရာရှိ ဦးမောင်မောင် ကြည်ဝင်းက ထောက်ပြပြောဆိုသည်။

ထိုသို့ ကလေးသူငယ်များ ကာကွယ်ရေး ဥပဒေတရပ် ပြဌာန်းထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံရှိ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လောင်းကစားဝိုင်းများတွင် ကလေးသူငယ်များအား အသုံးချမှု အများအပြား ရှိနေကြောင်း သိရသည်။

မောင်ထိပ်ကွက်၏ အမှုသည် အင်တာနက် ၀က်ဘ်ဆိုက်များ၊ facebook လူမှုရေး ကွန်ယက်များမှ တဆင့် တစတစ ပျံ့နှံ့သွားကာ ပြည်တွင်းပြည်ပ မီဒီယာများ၏ စာမျက်နှာများသို့ ရောက်ရှိသွားပြီး လူအများစိတ်ဝင်စားခံရသည့် သတင်းတပုဒ် ဖြစ်ခဲ့သည်။

ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) နှင့် ရေဒီယို အသံလွှင့်ဌာနများ အပြင် ပြည်တွင်းမီဒီယာများ ဖြစ်သည့် The Voice Weekly၊ ပေါ်ပြူလာဂျာနယ်၊ Weekly Eleven ဂျာနယ်များတွင်လည်း အကျယ်တဝင့် ဖော်ပြခဲ့သည်။

ဟင်္သာတမြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက “ပြည်တွင်းပြည်ပ မီဒီယာတွေက ရေးလာလို့သာ ဒေသအာဏာပိုင်တွေက ဒီလောက် အရေးယူတာ။ မသိဘဲနဲ့ ပျောက်ပျက်သွားတဲ့ မတရားမှုတွေ အများကြီးပဲ” ဟု ဆိုသည်။

ယခု အစိုးရသစ်လက်ထက်တွင် ပြည်ပ မီဒီယာများ၌ ပါဝင်သည့် အမှုများအပေါ် အရေးယူမှုများ ဧရာဝတီတိုင်းအတွင်းတွင် ရှိလာ ကြောင်း၊ ပြည်သူများ အနေဖြင့် အာဏာပိုင်များထံ တိုင်ကြားရာတွင် အမည်၊ မှတ်ပုံတင်နံပါတ် စသည်များကို ပေးရပြီး အရေး ယူမှုလည်း မရှိသည်ကို တွေ့ရကြောင်း၊ ပြည်ပ မီဒီယာများထံ ပြောကြားပါက မြန်ဆန်သည့်အပြင် ချက်ခြင်းအရေးယူမှုများ ရှိသည့် အတွက် အဆိုပါ မီဒီယာများကို ပိုမိုအားကိုးလာကြကြောင်း ၎င်းက ဆက်ပြောသည်။

ယခုဖြစ်ပျက်ခဲ့သည့် အမှုတွင် မီဒီယာကဏ္ဍ၏ အရေးပါမှုမှာ လက်တွေ့ပြသနေသော်လည်း ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြခွင့်မရဘဲ ပျောက်ပျက်သွားသည့် မတရားမှု အများအပြား ကျန်ရှိနေသေးကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

http://www.irrawaddy.org/

1 comments:

SHWE ZIN U said...

မီဒီယာ တွေ ရဲ့ အစွမ်းတွေ ကြောင့် နို့မိုစို ပြီးပြီးရော နေမှာ ကျေးဇူး