Wednesday, July 27, 2011

အရေးပေါ် လူနာများကို အိမ်နီးချင်းနိုင်ငံများ သာမက အရှေ့အလယ်ပိုင်း ဒေသအထိ ဂျက်လေယာဉ်ဖြင့် နာရီပိုင်းအတွင်း ဆေးကုသမှု ခံယူနိုင်ပြီ

မြန်မာနိုင်ငံမှ လူနာများ အရေးပေါ် ကျန်းမာရေး ပြဿနာရပ်များ ဖြစ်ပေါ်လာပါက အိမ်နီးချင်းနိုင်ငံများ သာမက အရှေ့အလယ်ပိုင်း ဒေသအထိ ဂျက်လေယာဉ်ဖြင့် အရေးပေါ် ပျံသန်း ပို့ဆောင်ပေးနိုင်မည့် ၀န်ဆောင်မှုကို စင်ကာပူနိုင်ငံရှိ Parkway Shenton နှင့် မြန်မာနိုင်ငံမှ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ခုမှ ၀န်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အရေးပေါ်ကျန်းမာရေး ပြဿနာရပ်များ ရုတ်တရက်ဖြစ်ပေါ်လာပါ က ပြည်ပနိုင်ငံရှိ ဆေးရုံများသို့ သွားရောက်ကာ ဆေးကုသမှုခံယူလိုသည့် လူနာများနှင့် လေယာဉ်အား သီးသန့် စင်းလုံးငှားရမ်းကာ ဆေးကုသမှုခံယူလိုသည့် လူနာများအတွက် ရည်ရွယ်ကာ ၀န်ဆောင်မှုပေးခြင်းဖြစ်ပြီး လူနာ ဘက်မှ သွားရောက်မည့်နိုင်ငံနှင့် ဆေးရုံကို ရွေးချယ်နိုင်ကြောင်း သိရသည်။

“တချို့လူနာက သာမန်နေမကောင်းဖြစ်တယ်။ ပြည်ပမှာ ဆေးကု သမှု ခံယူလိုရင် ပုံမှန်ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေနဲ့ သွားလို့ရပေမယ့် တချို့လူနာကျတော့ အတော်လေးကို အခြေအနေဆိုးနေတယ်။ ပုံမှန်လေကြောင်းလိုင်းနဲ့ သွားလို့မရတဲ့ အခြေအနေတွေအတွက် ဒီဝန်ဆောင်မှု စီစဉ်ဖြစ်တာပါ။ အရေးပေါ်လူနာ ကိုစနစ်တကျဂရုစိုက်မှုမရှိရင် လမ်းမှာတင် အသက်သေဆုံးနိုင်တဲ့အထိ အခြေအနေရှိတော့ ဂရုစိုက်မှု ကောင်းကောင်း မပေးလို့မရဘူး။ ဆက်တိုက် စောင့်ရှောက်မှုယူရမယ်။ ဒီလိုအချိန် မှာ ပုံမှန်လေကြောင်းနဲ့ မသွားနိုင်တဲ့ သူတွေအတွက် စင်းလုံးငှား အရေးပေါ်လေယာဉ်နဲ့ နာရီပိုင်းအတွင်း ပို့ဆောင်ပေးတာပါ” ဟု Keen Cie Health Care Service မှ ဒေါက်တာကျော်မင်းက ရှင်းပြခဲ့ပါသည်။

အဆိုပါလေယာဉ်သည် ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်၌ လူနာဖြစ်ပေါ်နေသည့် ဝေဒနာရပ်ပေါ်မူတည်ကာ လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ၊ ဆရာဝန်၊ သူနာပြုများ ပါဝင်ကာ စင်ကာပူနိုင်ငံ Parkway Shenton မှ လိုအပ်သည့်ပစ္စည်း ကိရိယာများ ပြင်ဆင်မှုကို အချိန်သုံးနာရီနှင့် လေးနာရီကြား ရယူကြောင်း သိရသည်။

“လူနာက အရေးပေါ် အခြေအနေဖြစ်နေပြီဆိုရင် အရင်ဆုံး ကိုယ့် နိုင်ငံတွင်းမှာပဲ ကျန်းမာရေးစောင့် ရှောက်မှုကိုတော့ခံယူရမှာပါပဲ။ လေယာဉ်ခေါ်ပြီး ပြည်ပမှာဆေးကုမယ် ဆိုရင်တော့ လူနာဆန္ဒအရ သွားရောက် ဆေးကုသမှုခံယူမယ့် နိုင်ငံ၊ ဆေးရုံ ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် လူနာပြသနေတဲ့ ဆရာဝန် ညွှန်ကြားချက်အရလည်း ဆေးရုံ ရွေးနိုင်တာပါပဲ။ စင်ကာပူဘက်ကတော့ ဒီကအကြောင်းကြား လိုက်ပြီ ဆိုရင် သုံးနာရီကနေ လေးနာရီ အတွင်း ပစ္စည်းတွေ ပြင်ဆင်တယ်။ ဥပမာ စင်ကာပူကို သွားမယ်ဆိုရင် တော့ ပစ္စည်းပြင်ဆင်ချိန်နဲ့ ပျံသန်းချိန် စုစုပေါင်း ခြောက်နာရီနဲ့ ခုနစ်နာရီကြား ကြာနိုင်မယ်။ လူနာနဲ့ အတူလူနာရှင် လိုက်ပါလို့ရမယ်”ဟု တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ထိုသို့ ဂျက်လေယာဉ်ဖြင့် နိုင်ငံတကာရှိ ဆေးရုံများသို့ နာရီပိုင်းအတွင်း ပို့ဆောင်ပေးနိုင်သည့် ၀န်ဆောင်မှုမှာ သွားရောက်ကုသမည့် နိုင်ငံပေါ် မူတည်ကာ ကုန်ကျစရိတ် ကွဲပြားနိုင် ပြီး စင်ကာပူနိုင်ငံရှိ ဆေးရုံများသို့ သွားရောက်မည်ဆိုပါက ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သုံးသောင်းနီးပါး ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ အရေးပေါ် လေယာဉ် ခေါ်ဆောင်လိုသည့် မြန်မာနိုင်ငံမှ လူနာများမှာ စင်ကာပူ နိုင်ငံရှိ အရေးပေါ်လေယာဉ်ကို ခေါ်ဆောင်ကာ အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ဆေးရုံများသို့ သွားရောက်နိုင်သည့် အပြင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများရှိ ဆေးရုံများ သို့ တိုက်ရိုက် ပို့ဆောင်ပေးသည့် အရေးပေါ် လေယာဉ်များဖြစ်ပါက ကုန်ကျစရိတ်ပိုမို သက်သာဖွယ်ရှိကြောင်း သိရသည်။ လက်ရှိ၌ ပြည်တွင်း ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဝင်ခွင့်၊ ထွက်ခွင့်ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


http://www.weeklyeleven.com/

1 comments:

မြစ်ကျိုးအင်း said...

ဒေါ်လာ ၃ သောင်း။ အင်း... သူဌေးတွေအတွက် သတင်းနဲ့တူပါရဲ့။