Saturday, March 20, 2010

ကိတ်ဝင်းဆလက်တို့ ဇနီးမောင်နှံ ကွာရှင်းတော့မည်



ယမန်နှစ် အော်စကာဆုရှင် မင်းသမီး ကိတ်ဝင်းဆလက်နှင့် ခင်ပွန်းသည်ဖြစ်သူ နာမည်ကျော် ဒါရိုက်တာ ဆမ်မန်းဒက်စ်တို့မှာ ကွာရှင်းရန် ပြင်ဆင်နေပြီဟု သိရသည်။ ဗြိတိသျှ ဥပဒေရေးရာ အကျိုးဆောင်ဌာန တစ်ခုက အသက်(၃၄)နှစ်အရွယ် မင်းသမီးသည် ယခုအခါ ခင်ပွန်းသည်နှင့် တသီးတခြား နေထိုင်လျက်ရှိပြီး ကွာရှင်းရန် ပြင်ဆင်နေကြောင်း အတည်ပြုခဲ့သည်။ Shillings ဥပဒေ အကျိုးဆောင်ဌာနက ယခုနှစ် အစောပိုင်းကတည်းက ကိတ်သည် ခင်ပွန်းသည်နှင့် ကွာရှင်းရန် အစီအစဉ်များ စတင်ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကိတ်နှင့်ဆမ်တို့သည် အိမ်ထောင်ရေး ပြဿနာများကို ပုံဖော်ရိုက်ကူးထားသော ရုပ်ရှင်တစ်ခုအတွက် အတူတကွ လက်တွဲခဲ့သေးပြီး ယခုအခါ ၎င်းတို့၏ (၂)နှစ်တာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မည်ဟု သတင်းထွက်လာခြင်းဖြစ်သည်။ (၂၀၀၉)ခုနှစ်အတွင်းက The Readerဖြင့် အော်စကာဆုအား ဆွတ်ခူးနိုင်ခဲ့သည့် မင်းသမီး၏ ကွာရှင်းရန် စီစဉ်မှု အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ဆမ်သည် (၂၀၀၈)ခုနှစ်က ကိတ်အား သူမ၏ Titanicဇာတ်ကား တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနှင့် တွဲဖက်စေကာ Revolutionary Road ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ အိမ်တွင်းပုန်း ဘ၀ကို ပျင်းရိငြီးငွေ့နေသည့် အိမ်ရှင်မတစ်ဦး၏ ထွက်ပေါက်ရှာပုံကို ရိုက်ကူးထားသည့် ထိုဇာတ်ကားအတွက် ကိတ်သည် ရွှေကမ္ဘာလုံးဆု၏ အကောင်းဆုံး Drama မင်းသမီးဆုအတွက် ရွေးချယ်ခံခဲ့ရသေးသည်။ ထိုစဉ်က ဆုလက်ခံယူရင်း အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ရန် တိုက်တွန်းခဲ့သော ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်း ကိတ်က ပြောကြားခဲ့သေးသည်။ ယင်းတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ကိတ်နှင့်ဆမ်တို့ကမူ တစုံတရာ မှတ်ချက်မပေးသေးကြောင်းလည်း သိရှိရသည်။

0 comments: