Saturday, April 24, 2010

ရေထဲတွင် ကလေးမွေးဖွားပေးသည့် ထိုင်းဆေးရုံ



ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားချိန်တွင် နာကျင်မှုသက်သာစေရန် ရေထဲ၌ ကလေးမွေးဖွားပေးခြင်း ဝန်ဆောင်မှုအား ထိုင်းနိုင်ငံရှိ ဆင်ပီတာဝေ့ ဆေးရုံကြီးတွင် ဆောင်ရွက်လျက်ရှိသည်။ ရေထဲတွင် ကလေးမွေးဖွားခြင်းသည် မွေးဖွားမည့်မိခင်အား အနည်းငယ်အနွေးဓာတ်ရှိသည့် ရေနွေးကန်ထဲတွင် မွေးဖွားရန် စတင်ဗိုက်နာချိန်မှစ၍ မွေးဖွားချိန်အထိ စိမ်ထားရပြီး ဆရာဝန်များ၊ သူနာပြုများက အဆင့်သင့်စောင့်ဆိုင်းနေကြမည် ဖြစ်သည်။ အမျိုးသားမှလည်း အနီးကပ်ခြေဆုပ်လက်နယ် ပြုလုပ်ပေးနေရမည်ဖြစ်ကြောင်း ဆင်မီတာဝေ့ ဆေးရုံကြီးမှ သားဖွားမီးယပ်ပါရဂူ ဆရာဝန်ကြီးက ရှင်းပြသည်။ ရေထဲတွင် ကလေးမွေးဖွားသည့်အတွက် မွေးကင်းစရင်သွေးငယ်အား ရေမွန်းမည်ကိုလည်း စိုးရိမ်စရာမလိုကြောင်း မွေးဖွားပြီး စက္ကန့်ပိုင်းအကြာတွင်ပင် ကလေးငယ်အား ဆယ်ယူ၍ ချက်ကြိုးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေထဲတွင်မွေးဖွားခြင်းမှာ တခြားအနောက်နိုင်ငံများတွင် ပေါ်ထွန်းခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာ မကြာသေးကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဆေးရုံ၌ ရေထဲတွင် မွေးဖွားခြင်းအား ဂျပန်လူမျိုးများ အများဆုံးပြုလုပ်ကြကြောင်း သိရသည်။ ထိုသို့ ရေထဲတွင် မွေးဖွားခြင်းသည် ပုံမှန်မွေးဖွားခြင်းထက် ကုန်ကျစရိတ် အနည်းငယ်ပိုမည် ဖြစ်သည်။ အလားတူ ဆင်မီတာဝေ့ဆေးရုံတွင် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းလိုသူများအတွက် ရေထဲတွက် လေ့ကျင့်ခန်းလုပ်ကုထုံး(Hydro Therapy)ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဆင်မီတာဝေ့ဆေးရုံသည် မြန်မာနိုင်ငံတွင်လည်း ကိုယ်စားလှယ်ထား၍ ဆေးဝါးကုသမှု ခံယူလိုသူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည်။

Credit: သီဟ (7Day News Journal)

0 comments: