
ယခုလလယ်က Apple၏ မိုဘိုင်းလ်ဖုန်း မျိုးဆက်သစ် iPhone 4G Prototypeအား ဖော်ပြခဲ့သော Gizmodo နည်းပညာဝက်ဘ်ဆိုက် အယ်ဒီတာနေအိမ်အား ရဲများက ၀င်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သိရသည်။ အယ်ဒီတာ ဂျေဆန်ချန်းသည် ဧပြီလ (၂၆)ရက်နေ့က နေအိမ်သို့ ညစာစားပွဲ တစ်ခုမှ ပြန်လာစဉ် အိမ်ရှေ့တံခါးကို ဖျက်ဆီးကာ ရဲများက အိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက်တွင်တော့ ရဲများသည် ကွန်ပျူတာ(၄)လုံး၊ Serverနှစ်လုံးနှင့် Appleထုတ် Tabletကွန်ပျူတာ iPad(၁)လုံးတို့ကို သိမ်းဆည်းသွားသည်။
Gawkerမီဒီယာမှ ပိုင်ဆိုင်သော Gizmodoသည် ဘီယာဘားတစ်ခုအတွင်း Apple၏ အင်ဂျင်နီယာတစ်ဦး ကျန်ခဲ့သည့် တရားဝင် ထုတ်လုပ်ရောင်းချခြင်း မရှိသေးသော မျိုးဆက်သစ် iPhoneအား ကောက်ရသူ တစ်ဦးထံမှ ဒေါ်လာ(၅၀၀၀)ပေး ၀ယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင်တော့ ယင်းဖုန်းကို Appleထံ ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။ Apple၏ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ အသက်(၂၇)နှစ်ရှိ ဂရေးပိုဝဲလ်က ဖုန်းသည် ၎င်း၏ဖုန်းဖြစ်ကြောင်း ၀န်ခံအတည်ပြုခဲ့သည်။ ယင်းဖုန်းမှာ ကျပျောက်ခြင်း (သို့မဟုတ်) အခိုးခံရခြင်းကိုမူ အတည်မပြုနိုင်သေးပေ။ လူကြိုက်များလှသော iPhone၏ အမှန်တကယ် မရောင်းချသေးသော သတင်းကို Gizmodoက ဖော်ပြလိုက်ပြီးနောက် (၁၂)နာရီအတွင်း လူဦးရေ (၃)သန်းက ၀င်ရောက်ကြည့်ရှုခဲ့ကြသည်။ Gizmodoသည် iPhone 4G၏ စွမ်းဆောင်ရည်များနှင့် ဓာတ်ပုံများကို အသေးစိတ် တိကျစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ Apple၏ iPhoneပရောဂျက်ကို တာဝန်ယူရသည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သော ပိုဝဲလ်ကိုယ်တိုင်က ၎င်း၏ဖုန်းသည် အထားမှားကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၀န်ခံထားသည့်တိုင် ကယ်လီဖိုးနီးယား ဥပဒေအရ ပျောက်ဆုံးသွားသော ပစ္စည်းအား ငွေကြေးဖြင့် ၀ယ်ယူခြင်းအား ခွင့်မပြုပေ။ ထို့အပြင် ဖုန်းအားကောက်ရသည်ဟုဆိုကာ Gizmodoထံ ဒေါ်လာ(၅၀၀၀)ဖြင့် ရောင်းစားခဲ့သူကိုလည်း ရဲတပ်ဖွဲ့က သိရှိထားသော်လည်း ယင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
Source: DailyMail
0 comments:
Post a Comment