Saturday, April 24, 2010

ဝထ္ထုရေးတဲ့ ဆရာမင်းလူရဲ့ ရင်တွင်းစကား


စာရေးဆရာ မင်းလူ ရေးခဲ့တဲ့ ၀တ္ထုများကို ရုပ်ရှင်ရိုက်ရာမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားများ အဖြစ် ထူးချွန်ဆုများ ရရှိခဲ့ပါတယ်။ ခုနစ်စဉ်အလွမ်း၊ ရင်ထဲက ဆောင်းရာသီ၊ အများနှင့် မသက်ဆိုင်သောသူတို့ ဖြစ်ပါတယ်။ ခုနစ်စဉ် အလွမ်းနဲ့ ရင်ထဲက ဆောင်းရာသီ တို့က အိမ်ထောင်ရေး၊ မိသားစုရေး ဇာတ်များဖြစ်ပြီး ဒရာမာလို့ ဆိုရပါမယ်။ အများနှင့် မသက်ဆိုင်သောသူ အပါအ၀င် အခု နောက်ပိုင်းမှာ ဆရာမင်းလူ ရေးဖွဲ့လာတဲ့ ၀တ္ထုများက ဟာသ၀တ္ထုတွေ များလာတဲ့ အတွက် မေလ ၁၈ ရက်ဖွား ဖြစ်တဲ့ ဆရာမင်းလူကို မေလထုတ် ရွှေအမြုတေ အတွက် အမှတ်တရ မေးမြန်းဖြစ်ခဲ့ ပါတယ်။

ဆရာ အခုနောက်ပိုင်း ရေးတဲ့ ၀တ္ထုတွေက ဟာသ၀တ္ထုတွေ များလာတယ်။ အရင်တုန်းက ရေးခဲ့တဲ့ “ရင်ထဲက ဆောင်းရာသီ” “ခုနစ်စဉ် အလွမ်း” လို ဒရာမာ ဇာတ်တွေ ဘာကြောင့် မရေး ဖြစ်တော့တာလဲ။

တကယ်တော့ ဒရာမာဆိုတာ ပြဇာတ်ကို ပြောတာပါ။ မူလအဓိပ္ပာယ်ကတော့ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်လို့ ဆိုပါတယ်။ ရှေးတုန်းက ပြဇာတ်တွေဟာ အလွမ်းအဆွေး တွေပဲ များပါတယ်။ ဒါကြောင့် နောက်ပိုင်းကျတော့ အလွမ်းအဆွေးဇာတ်လမ်းမျိုးဆိုရင် ဒရာမာလို့ပဲ ခေါ်လိုက်ကြတဲ့ သဘောပါပဲ။ ဟာသ ဆိုတာလည်း ဒရာမာ ခေါင်းစဉ်အောက်မှာ ရှိတယ်လို့ ထင်တယ်။ အသုံးတွင်နေပြီဖြစ်တဲ့အတိုင်း ဟာသနဲ့ ဒရာမာ မတူဘူးပဲ ထားပါတော့။ ကျွန်တော်က ဒရာမာ ရေးတဲ့လူလည်း မဟုတ်ဘူး။ ဟာသရေးတဲ့ လူလည်း မဟုတ်ဘူး။ ၀တ္ထုရေးတဲ့ လူသာ ဖြစ်ပါတယ်။ တချို့ဝတ္ထု တွေမှာ ဒရာမာဘက် အလေး သာသွားမယ်။ တချို့ဝတ္ထု တွေကျတော့ ဟာသဘက်ကဲ သွားမယ်။ ဒါပဲ ကွာခြားမှု ရှိမှာပါ။ ဟိုတုန်းကလည်း ဟာသဘက် လုတဲ့ ၀တ္ထုတွေ ရေးခဲ့ဖူးတာပါပဲ။ ရယ်စရာ မောစရာလို စာအုပ်မျိုးပေါ့။ အခု နောက်ပိုင်းမှာလည်း ကံ့ကော်နီ တို့၊ အလွမ်းသစ် တို့ လို ဒရာမာဆန်တဲ့ဝတ္ထုမျိုး တွေ ရေးဖြစ်ပါတယ်။ ဒရာမာထဲမှာ ဟာသလေးတွေ ဖောက်ထားသလို ဟာသထဲမှာလည်း ရင်နင့် စရာလေး တွေ ရှာတွေ့နိုင်တာပါပဲ။

ခုနစ်စဉ်အလွမ်း ၀တ္ထုထဲမှာ ဇာတ်ဆောင်အမျိုး သမီးက ကိုယ်ဝန် ရှိလာတော့ “ယောက်ျားလေး လိုချင် သလား၊ မိန်းကလေး လိုချင် သလား” လို့မေးတော့ သူ့ ယောက်ျားက “လူလေးလို ချင်တယ်”လို့ ပြန်ဖြေတယ်။ ရုတ်တရက် ဆိုရင်တော့ ရယ်စရာပဲ။ အမှန်တော့ လူဟာ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်မှာပေါ့။ ဘာလေး လိုချင် တယ်လို့ ပြောတာကတော့ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးကို မမွေးခင်ကတည်းက ကြိုတင် ကန့်သတ်ချင်သလို မျိုးဖြစ်နေတယ်လို့ ဆိုလိုတာ။

ခိုးခိုးခစ်ခစ် ကျတော့ ဟာသဘက်နွယ်တဲ့ ၀တ္ထုပဲ။ ဒီထဲမှာ ဓာတ်ခဲရဲ့အကြောင် ရိုက်မှုကြောင့် ရွှေကြည်က သူ့ရည်းစား မောင်ဝဟာ သိပ္ပံ မောင်ဝပဲ လို့ ယုံကြည်သွားတယ်။ စာရေးဆရာဆိုတော့ ၀င်ငွေကောင်းလို့ မြန်မြန် လက်ထပ်နိုင်တော့မယ် ဆိုပြီး စိတ်ကူးယဉ်နေမိတယ်။ ရယ် စရာပဲပေါ့။ တစ်ဖက်ကတွေး ကြည့်တော့ အခုလို ဗဟုသုတ ခေါင်းပါးပြီး နုံချာတဲ့ ဘ၀ဟာ ကရုဏာ သက်စရာ မကောင်းဘူးလား။ အဲဒီလို ရှုထောင့်ပြောင်းပြီးကြည့်သင့် ပါတယ်။

ကျွန်တော်တို့ ငယ်ငယ်က ဗဟိုရုပ်ရှင် သတင်းကား တစ်ကား ကြည့်ဖူးတယ်။ မီးဘေးအန္တရာယ် ပညာပေး ကားပါ။ အဲဒီထဲမှာ တကယ့် မီးလောင်ပြင်မြင်ကွင်းအစစ် ကိုပါ ထည့်ရိုက်ပြထား တယ်။ မီးဘေးဒုက္ခသည်တွေဟာ ရရာပစ္စည်းလေး တွေသယ်ပြီး မီးလွတ်ရာကို ရှောင်ပြေးနေကြတယ်။ အ၀တ်ထုပ်ဆွဲလာတဲ့လူ၊ သေတ္တာကြီးထမ်းလာတဲ့လူ၊ အိုးတွေ ခွက်တွေ သယ်လာတဲ့ လူ စသဖြင့်ပေါ့။ ဒီထဲမှာ မိန်းမကြီး တစ်ယောက်ကတော့ လက်တစ်ဖက်က တံမြက် စည်းကိုဆွဲ၊ ခေါင်းပေါ်မှာတော့ ကျောက်ပျဉ်ကြီးရွက် လို့။ ဒါကိုမြင်တော့ ရုပ်ရှင်ရုံ ထဲက ပရိသတ်တွေ ဝေါခနဲ ရယ်ကြတာပဲ။ ဒါပေမယ့် အဲဒီမိန်းမကြီးရဲ့ ရင်ထဲကို ၀င်ပြီး ခံစားကြည့်လိုက်စမ်းပါ။ တံမြက်စည်း မီးလောင် သွားလို့ ဘာအရေးလဲ။ ကျောက်ပျဉ်ဆိုတာ မီးလောင် နိုင်တာမို့လား။ ဘယ်လောက် များကော တန်ဖိုးရှိလို့လဲ ဆိုတာ စဉ်းစား ဆင်ခြင်နိုင်စွမ်း မရှိတော့လောက်အောင် ကြောက်လန့်ပြီး သွေးပျက် နေတာ ရင်နင့်စရာကောင်း လှပါတယ်။
ဒီလိုပါပဲ ကျွန်တော်တို့ ရဲ့ဝတ္ထုတွေဖတ်၊ ရုပ်ရှင်တွေ ကြည့်ပြီး သဘောတွေကျ၊ တ၀ါးဝါး တဟားဟားရယ် မောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာတော့ ကျောက်ပျဉ်ကြီးကို ခေါင်းပေါ်မှာ ရွက်ထားရတယ် ဆိုတာ သူတို့ သတိမပြုမိကြပါဘူး။

ကျေးဇူးပါပဲ ဆရာ။ ဒီတွေ့ဆုံခြင်းကို ဖတ်ပြီးရင်တော့ စာဖတ် ပရိသတ်ကလည်း ဆရာမင်းလူရဲ့ခေါင်းပေါ်က ကျောက်ပျဉ်ကြီးကို မြင်ယောင်ကြမယ် ထင်ပါတယ်။ မေလ ၁၈ ရက်နေ့ မှာကျရောက်မယ့် မွေးနေ့မှ သည် နှစ်ပေါင်းများစွာ တိုင်အောင် အောင်မြင်ထင်ရှားတဲ့ အနုပညာသည် တစ်ယောက် ဖြစ်ပါစေလို့ မွေးနေ့အကြို ဆုတောင်းလိုက်ပါတယ်။

0 comments: