Wednesday, December 15, 2010

3D ခေတ်အလွန် 4D လာပါပြီခင်ဗျာ..

မြန်မာနိုင်ငံသို့ 3D ခြေချသည်မှာ မကြာသေး။ 3D ပြီးတော့ 4D လာပြီ။ 4D ဆိုသည်မှာ 3D နည်းပညာဖြင့် ပြသ သည့် ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ကြည့်သူများ ကိုယ်တိုင်ခံစားနိုင်မည့် Physical Effect များကို ထည့်သွင်းပေါင်းစပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး 4D အဆင့်မြင့်ရုပ်ရှင်ရုံကို ၂၀၁၁ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း G- Four Group တွင် အပါအ၀င်ဖြစ်သည့် Original Co.,Ltd. မှ မန်နေဂျာ ဦးဇော်လင်းအောင်က ပြောကြားသည်။
အဆိုပါရုပ်ရှင်ရုံပါရှိမည့် သုံးထပ်ဈေးဝယ်စင်တာကို နေပြည်တော် ဇမ္ဗူသီရိလမ်းမပေါ်တွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၁ နှစ်လယ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း၊ 4D အဆင့်မြင့်ရုပ်ရှင်ရုံကို ယင်းဈေးဝယ်စင်တာ၏ ပထမထပ်တွင် ထားရှိမည်ဖြစ်ပြီး ခုံ ၁၀၀ ပါဝင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်ယူတည်ဆောက်လျက်ရှိသူ ၄င်းကဆက်လက်ပြော ကြားသည်။
4D နည်းပညာသုံး ရုပ်ရှင်ရုံဆိုသည်မှာ 3D ရုပ်ရှင်ကြည့်ရှုမည့်သူကို အပြည့်အ၀ဖျော်ဖြေမှုပေးစွမ်းနိုင်မည့် နည်း လမ်းများကို အသုံးပြု၍ ဈေးကွက်မြှင့်တင်ထားသည့် ရုပ်ရှင်ရုံဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်လမ်းပါ လုပ်ဆောင်ချက်များကို အပြည့်အ၀ နီးပါးခံစားရစေနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း http://wiki.answers.com တွင် ဖော်ပြထားသည်။
တွေ့ထိခံစားနိုင်မည့် ယင်းရုပ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များမှာ တပ်ဆင်ရန် ဈေးကြီးသဖြင့် နိုင်ငံတကာ၌ပင် အဓိ ကကျသည့် ပန်းခြံကြီးများ၊ ဖျော်ဖြေရေးရုံကြီးများတွင်သာ ပြသနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ယင်းရုပ်ပိုင်းဆိုင်ရာ ပြုလုပ်ချက်များတွင် မိုးရွာခြင်း၊ လေတိုက်ခြင်း၊ တုန်ခါခြင်း၊ အလင်းလွှတ်ခြင်းနှင့် ရနံ့တို့ ပါဝင် ကြောင်း http://wiki.answers.com တွင် ဆက်လက်ဖော်ပြထားသည်။
တကယ်ဖြစ်သလို ခံစားရအောင် လုပ်ထားတာ။ ဥပမာ- သင်္ဘောဝင်တိုက်တဲ့ အခန်းမှာ ကိုယ့်ခုံပါ နောက်ကိုတကယ် ရွေ့ သွားတာမျိုးတွေ ထည့်ထားတာဟု စက်တင်ဘာလတွင် ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုခဲ့ရသူ ပြည်တွင်းမီဒီယာတစ်ခုမှ အကြီးအကဲတစ်ဦးကဆိုသည်။
3D နည်းပညာအစကို ၁၉၈၀ ကပင် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်ရောက်မှပင် 3D ရုပ်ရှင်ဟု အမည်တပ်ခေါ်ဝေါ်လာ နိုင်ခြင်းလည်း ဖြစ်သည်။ ယင်းခေတ်ကို ဦးဆောင်သူမှာ The Walt Disney Studio ဖြစ်သည်။ Polaroid filter အသုံးပြု ရုပ် ပုံရိုက်ကူးသည့် နည်းပညာစတင်ပေါ်ထွက်လာသည့် ခုနှစ်ဖြစ်သည့် ၁၉၇၀ ခုနှစ်သည် 3D နည်းပညာအတွက် အလှည့်အ ပြောင်းကာလဖြစ်ခဲ့သည်။
၁၉၈၅ ခုနှစ်မှ ၂၀၀၃ ခုနှစ်သည် နှစ်အတော်ကြာငုပ်နေခဲ့သော 3D နည်းပညာပြန်လည် အရှိန်ယူလာသည့် ကာလ ဖြစ်သည်။ ၁၉၈၀ ခုနှစ် နှစ်လယ်ခန့်မှ စ၍ IMAX ကော်ပိုရေးရှင်းမှ 3D နယ်ပယ်သို့ ခြေစုံပစ်ဝင်လာသည့် ကာလလည်းဖြစ် သည်။
The Walt Disney Studio သည် ၂၀၀၀ ပြည့်နှစ်မတိုင်မီ ကာလများကပင် 4D ကို စတင်ဝန်ဆောင်မှုပေးခဲ့သည်။
သို့သော် ကိုရီးယားနိုင်ငံတွင်ပင် ၂၀၀၉ ခုနှစ်က ရုံတင်သည့် Avatar မှ စတင်၍ 4D ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရန်အတွက် ကမ္ဘာ့အကြီးဆုံး 4D ရုပ်ရှင်ရုံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တွင် ပေါင် ၁၇ ဒသမ ၅သန်း အကုန်အကျခံတည်ဆောက်လျက်ရှိကြောင်း http://www.techradar.com တွင် ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသို့ 4D ခြေချမည့် ကာလသည် နောက်မကျလှပေ။ မြန်မာနိုင်ငံကို 3D နှင့် မိတ်ဆက်ပေးခဲ့ သည်မှာလည်း Avatar ဇာတ်ကားပင်ဖြစ်သည်။

ဟင်းလေးအိုး website မှကူးယူတင်ပြခြင်းဖြစ်ပါသည်...

4 comments:

ကိုဇော် said...

အားကျယုံပဲ တတ်နိုင်ပါတော့တယ်။

Anonymous said...

နေပြည်တော်က၀န်ထမ်းတွေကိုပျော်အောင်ထားရမယ်လေ...အားအားရှိရန်ကုန်ဆင်းကြလို့ 

...အလင်းစက်များ said...

ဒီမယ်ကိုမှိုယံ.... ၁၉၈၀ နဲ့  ၁၉၅၂ ဘလိုဖစ်ရဒါဒုန်း.... သုံးဒီနဲ့  လေးဒီကို စိတ်ဝင်စားလို့  လာဖတ်တာ ဒီလို မလုပ်ပါနဲ့  ....ဟင်းဟင်း

မိုးယံ said...

ဟုတ်သား ကိုကို အလင်းဆက်ရေ... ဟီဟိ

အနော်လဲ သတင်းထူးဆိုပြီး ကော်ပီတာ လွန်သွားဒယ်

ဟီးဟီး.. ဆောတီးပါ.. ဒါပေမယ့် အမှန်ကိုလဲ အနော်မသိဘူး.. ဒါကြောင့်အောက်မှာ မူရင်းထည့်ထားတာ ...

ဒါပေမယ့် အနော့်တာဝန်လဲ မကင်းပါဘူး.. နောက်ဆို ဂုစိုက်ပါ့မယ်.. မှားတဲ့အတွက် တောင်းပန်ပါတယ်.. ထောက်ပြပေးတာ် ကျေးကျေးပါ ကိုလတ်ရေ...